Friday, October 1, 2010

ဒုတိယတန်းစား အတိုက်အခံဘဝမှ ဘယ်လိုရုန်းကြမလဲ

နေသွင်

အစစ်အမှန် အတိုက်အခံပါတီ (genuine opposition) သည် အစိုးရကို ထိန်းကြောင်းရန်ဖြစ်သည်။ ဒီမိုကရေ စီနှင့် အသားကျနေသော နိုင်ငံများတွင် အတိုက်အခံပါတီသည် အစိုးရလောင်းလျာ (government-in-wait- ing) သို့မဟုတ် ယှဉ်ပြိုင်အစိုးရ (alternative government) ဖြစ်သည်။ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု အားနည်းသေးသော တဝက်တပျက်အာဏာရှင် (hybrid regime) အုပ်စိုးသည့် တိုင်းပြည်များတွင် ဒီမိုကရေ စီ အုတ်မြစ်ချနိုင်ရန် အရေးအကြီးဆုံးမှာလည်း အတိုက်အခံတို့ အားကောင်းရေးပင်ဖြစ်သည်။

အာဏာရှင်ကြီးစိုးသော နိုင်ငံများတွင်မူ (strong opposition) အားကောင်းသော အတိုက်အခံမရှိဘဲ ဒုတိယ တန်းစား အတိုက်အခံ (second class opposition) နှင့် အလံရှူးအတိုက်အခံ (phony opposition) ဟူ၍ နှစ်မျိုးသာရှိသည်။ အလံရှူးအတိုက်အခံမှာ အာဏာရှင် ခါးပိုက်ထဲမှ အတိုက်အခံဖြစ်ပြီး ဒုတိယတန်းစား အ တိုက်အခံသည် အာဏာရှင် လက်ခုပ်ထဲက အတိုက်အခံအမျိုးအစား ဖြစ်သည်။ ဒုတိယတန်းစားဘဝက မ တက်နိုင်အောင်လည်း နိုင်ငံရေးလုပ်ကြံသတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ မတရားဖမ်းဆီး အကျဉ်းချခြင်းများ ဖြင့် နှိပ်ကွပ်ထားသည် (ဥပမာ - ဇမ်ဘီယာ၊ ဇင်ဘာဘွေ၊ ကင်ညာ၊ အီသီယိုးပီးယားနိုင်ငံများမှ အတိုက်အခံပါ တီများ၏ဘဝ ဖြစ်သည်)။ မြန်မာနိုင်ငံတွင် ယနေ့အထိရှိနေသော အတိုက်အခံများနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲ (ဖြစ်ခဲ့လျှင်) အလွန် နောင်ထပ်လာမည့် အတိုက်အခံဆိုသူများသည် အမျိုးအစားနှစ်မျိုးတွင် အကျုံးဝင်သည်။

ဒုတိယတန်းစား အတိုက်အခံတို့ အာဏာရှင် လက်ခုပ်ထဲကရေဘဝမှ ရုန်းမထွက်နိုင်သော အကြောင်းရင်းများ တွင် အာဏာရအစိုးရ၏ ဖန်တီးချက်များအပြင် အတိုက်အခံတို့ကိုယ်တိုင်တွင်လည်း အောက်ပါ အားနည်းချက် များ ရှိနေသည်ဟုဆိုသည်။

(၁) မညီညွတ်ခြင်းကျိန်စာ

အပြောလွယ်သလောက် အလုပ်ခက်သည့် ညီညွတ်ရေးသည် နံပတ်တစ် ပြဿနာ ဖြစ်သည်။ အာဏာရှင်၏ သွေးခွဲအုပ်ချုပ်မှု၊ သပ်လျှိုဖြိုခွဲမှုအပြင် အတိုက်အခံအချင်းချင်း ညီညွတ်မှုမရှိခြင်းလည်း ပါသည်။ တချို့နိုင်ငံ များတွင် အတိုက်အခံပါတီများသည် အချင်းချင်း ချရင်း အချိန်ကုန်ကြသည်ဟု ဆိုသည်။ စိတ်ဝင်စားစရာ ကောင်းသည့် အချက်မှာ အတိုက်အခံပါတီအချင်းချင်း မညီညွတ်ခြင်းသည် အတိုက်အခံပါတီတို့ ဥပဓိရုပ်ပျက် ပြီး လူထုထောက်ခံမှု ကျဆင်းသည်ဆိုသော အချက်ဖြစ်သည်။ ညီလျှင်လည်း ညီသလောက် အကျိုးရှိသည်။

အကောင်းဆုံး ဥပမာတခုမှာ ကင်ညာရွေးကောက်ပွဲ (၂ဝဝ၂) တွင် အတိုက်အခံညွန့်ပေါင်းက အာဏာရပါတီ ကို အလဲထိုးနိုင်ခဲ့ခြင်းဖြစ်သည်။ ၂ဝဝ၅ ခုနှစ် အီသီယိုးပီးယား ရွေးကောက်ပွဲတွင်လည်း အတိုက်အခံ ညွန့် ပေါင်းတခုက အာဏာရပါတီကို အနိုင်ရလုနီးနီး အခြေအနေ ဖြစ်ခဲ့ဖူးသည့် ဥပမာရှိသည်။ အတိုက်အခံတို့ ညီ ညွတ်ပြသည့် နည်းလမ်းများစွာအနက် နမူနာတချို့မှာ ပူးတွဲကြေညာချက်ထုတ်ပြန်ခြင်း၊ မဲစာရင်း စုပေါင်း ထုတ်ပြန်ခြင်း၊ ပါတီများ ညွန့်ပေါင်းဖွဲ့ပြီး သမ္မတလောင်းတယောက်နောက်က ဝိုင်းထောက်ခံခြင်းမျိုးတို့ဖြစ် သည်။

(၂) ပုဂ္ဂိုလ်မစွဲ

လူတယောက်တည်းကို ဗဟိုပြုမှုသည် ဒီမိုကရေစီစနစ်နှင့် သဘာဝချင်းဆန့်ကျင်ဘက်ဖြစ်သည်။ နောက်တ ချက်မှာ လူပုဂ္ဂိုလ်တယောက်အပေါ် ဗဟိုပြုပြီး ဆုံးဖြတ်ချက်ကအစ ဗဟိုဦးစီးစနစ် ဖြစ်လွန်းလျှင် ပါတီတွင်းမှ နောက်ခေါင်းဆောင်သစ်များ ပေါ်ထွက်လာပြီး ပါတီအစိတ်စိတ်အမြွှာမြွှာ ကွဲတတ်သည့် အန္တရာယ်ရှိသည်။ ပါ တီတွေ မှိုလိုပေါက်ပြီး မညီညွတ်ခြင်းကျိန်စာဆီ တပတ်လည်သွားတတ်သည်။

(၃) ပေါ်လစီအသစ်

ဒီမိုကရေစီအသွင်ကူးပြောင်းသော နိုင်ငံများတွင် အတိုက်အခံပါတီတို့၏ နောက်ပြဿနာမှာ မဲဆန္ဒရှင်တွေကို မူဝါဒသစ်တွေ ချမပြနိုင်ခြင်းဖြစ်သည်။ သူတို့ပါတီခေါင်းဆောင်ဟာ တိုင်းပြည်ကို လက်ရှိအနေအထားထက် ကောင်းအောင် လုပ်နိုင်ပါသည်ဆိုရုံလောက်နှင့် ဂိတ်ဆုံးနေလျှင် အချိန်ကြာလာလေ ကျဆုံးလေ ဖြစ်တတ် သည်။

(၄) သမိုင်းကြောင်းပေါ် တည်ဆောက်

ရွေးကောက်ပွဲရာသီလောက် ခဏပေါ်လာ၊ ရွေးကောက်ပွဲပြီးလျှင် အစအနပျောက်သွား၊ နောက်တကြိမ် ရွေး ကောက်ပွဲမှ ပြန်ပေါ်လာသော ပါတီမျိုးကို မဲဆန္ဒရှင်များက အထင်မကြီးတတ်ပေ။ အာဖရိက ဥပမာတွင် လက် နက်ကိုင်တော်လှန်ရေးမှ နိုင်ငံရေးပါတီပြောင်းလာသော လူမှုအရေးတော်ပုံ နောက်ကြောင်းရှိသော ပါတီများ ပိုအောင်မြင်တတ်သည်။ အရေးတော်ပုံမှ မွေးဖွားပေးလိုက်သော ပါတီများသည် သမိုင်းဖြတ်သန်းမှုနှင့် ကျယ် ပြန့်သော လူထုထောက်ခံမှုရှိသဖြင့် မညီညွတ်ခြင်းကျိန်စာကိုလည်း ကျော်လွှားနိုင်သည်။

(၅) လူထုနှင့် မကင်းမကွာ

ပါတီတခုသည် အလုပ်သမားသမဂ္ဂ၊ လယ်သမားသမဂ္ဂ စသော အခြေခံလူထုကြီးနှင့် ကင်းကွာလျှင် မအောင် မြင်နိုင်ပေ။ ၁၉၉၁ ခုနှစ် ဇမ်ဘီယာ ရွေးကောက်ပွဲနှင့် ၂ဝဝ၈ ဇင်ဘာဘွေ ရွေးကောက်ပွဲတို့တွင် အတိုက်အခံ ပါတီတို့ အနိုင်ရသည့် အဓိကအကြောင်းမှာ ပါတီခေါင်းဆောင်များကိုယ်တိုင်က သမဂ္ဂခေါင်ဆောင်များဖြစ်နေ သည်။ အလုပ်သမားသမဂ္ဂများကြောင့် အထိနာသွားသော ဇင်ဘာဘွေ အာဏာရပါတီ ခေါင်းဆောင်တ ယောက်က သမဂ္ဂကို ဖွဲ့ပေးခဲ့တာက ငါတို့အစိုးရ၊ အလုပ်သမားအရေးကို အလေးထားတာလည်း ငါတို့အစိုးရ၊ အခုတော့ သရဲမွေးမိရက်သားဖြစ်ခဲ့ရပြီဟု မချိတင်ကဲ ထုတ်ပြောခဲ့ဖူးသည်။

(၆) အမျိုးသမီးမဲကို ထည့်တွက်

လူဦးရေတဝက်ရှိသော အမျိုးသမီးထုကို လျစ်လျူရှုထားလျှင် မည်သည့်ပါတီမှ မအောင်မြင်နိုင်ပေ။ ပါတီတွင် အမျိုးသမီးများလေ အမျိုးသမီးမဲဆန္ဒရှင်တို့၏ မဲပြားပိုရရန် အထောက်အပံ့ရလေဖြစ်သည်။

(၇) ဒိုနာ သတိထား

ဆင်းရဲသော တိုင်းပြည်တွင် အတိုက်အခံပါတီတခုအတွက် ငွေကိစ္စသည် ပြဿနာအတက်ဆုံးနှင့် အငြင်းအ ပွားရဆုံးဖြစ်သည်၊ အာဏာရပါတီက တိုင်းပြည်အရင်းအမြစ်ကို ရောင်းစား၍ ငွေရှာနိုင်သော်လည်း အတိုက်အ ခံတို့က ပါတီဝင်ကြေး၊ ပါတီစီးပွားရေးလုပ်ငန်း၊ ပါတီပုံနှိပ်ဖြန့်ချိရေး၊ သမဂ္ဂများ၊ တသီးပုဂ္ဂလ အလှူရှင်တို့ထံမှ ရသော ရန်ပုံငွေနှင့် လည်ပတ်ရသည်။ နိုင်ငံခြားအလှူရှင်တို့ထံမှ ငွေကလည်း အကောင်းနှင့် အဆိုး တွဲနေ သည်။ နိုင်ငံခြားမှ ထောက်ပံ့ငွေသည် ပြင်ပတနိုင်ငံမှ လွှမ်းမိုးမှု၊ နှောင်ကြိုးဟူသော ရှုထောင့်မှကြည့်လျှင် ဒီမို ကရေစီအခြေခံမူနှင့် ဝိရောဓိဖြစ်နေသည်။

နောက်တချက်မှာ နိုင်ငံခြားမှ ငွေကို မှီခိုလွန်းအားကြီးလျှင် မိမိမဲဆန္ဒရှင်များနှင့် ကင်းကွာသွားတတ်သည်။ ဒို နာထံက ငွေကို လက်ခံသူမှာ ပါတီခေါင်းဆောင်ဆိုလျှင် မကြာခင် ထိုခေါင်းဆောင်သည် အဝေဖန်မခံသည့် အာဏာရှင် ဖြစ်လာဖွယ်ရှိသည်။ နောက်တချက်မှာ ပါတီထောင်လျှင် ငွေရသည်ဆိုပြီး ကိုယ်ကျိုးရှာလိုသူများ လည်း နဂိုပါတီမှ ပါတီခွဲထောင်သဖြင့် ဝါးအစည်းပြေသလိုဖြစ်မည်။ ချုပ်လိုက်လျှင် နဂိုဆင်းရဲသော အတိုက် အခံပါတီအနေဖြင့် စိတ်ကူးစံအရ ကိုယ့်အားကိုယ်ကိုးပါ၊ သို့သော် နိုင်ငံခြားဒိုနာ၏ အကူအညီကိုလည်း လုံးဝ မယူမဖြစ်လျှင် ဆိုးကျိုးမဖြစ်အောင် ယူပါဟု အဖြေထွက်သည်။

အထက်ပါ (၇) ချက်သည် အာဖရိကမှ သင်ခန်းစာတချို့ဖြစ်သည်။ အာဖရိကအတိုက်အခံနှင့် မြန်မာအတိုက် အခံတို့ကြားတွင် အလုံးစုံ မတူနိုင်သည့်တိုင် အနည်းဆုံး စဉ်းစားစရာ ရနိုင်သည်ဟု ယူဆပါသည်။

နေသွင်
၂၆၊ စက်တင်ဘာ၊ ၂ဝ၁ဝ

2 comments:

မန်းကိုကို said...

ဆောင်းပါးက အတိုချုပ်သလို ဖြစ်နေတာကလွဲရင် မမှားဖူးဗျ၊ ပြဿနာက ခေါင်းစဉ်တွေ့တော့ အကြံဥာဏ်ကောင်းများ ပေးမလားလို့ဖတ်လိုက်တာ အားနည်းချက်တွေထောက်ပြရင်း ပြီးသွားလို့ပဲ။ အဲ .. အဲဒီလိုပြောပြန်တော့ နောက်တစ်ပြဿနာက ကိုယ်ကိုယ်တိုင်လည်း အချိန်ယူအကြံမပေးနိုင်တာပဲ :-)

ရှေ့ကနေ ဘယ်သူများ ကွန်မန်ဒိုလုပ်ပြီး ကွန်မန့်ပေးမလဲ ကြည့်နေတာ၊ မရှိတော့လည်း ဆောင်းပါးရှင်အားရှိအောင် ဝင်ပြီးယေဘုယျသဘော ထောက်ခံပေးလိုက်ပါတယ်။

Unknown said...

ခေါင်းစဉ်(၇) ချက်ကို အနည်းဆုံး စဉ်းစားစရာရနိုင်သည်ဟုံဆိုထားတော့အကြံဥာဏ်ကောင်းပေး ထားတဲ့ ဆောင်းပါးကောင်းပါ။