Saturday, September 18, 2010

နအဖ နေဝင်ချိန်

မောင်ဂဒိုး

ဒုတိယကမ္ဘာစစ်မပြီးခင်ကတည်းက ဗြိတိသျှအစိုးရဟာ မြန်မာနိုင်ငံကို ပြန်လည်အုပ်စိုးဖို့အတွက် အနာဂတ် အစီအစဉ် ရေးဆွဲထားပြီးဖြစ်ပါတယ်။ ကမ္ဘာစစ်ပြီးတော့ အိန္ဒိယနိုင်ငံ၊ ဆင်းမလားမြို့မှာ စစ်ပြေးနေတဲ့ ဘုရင်ခံ ဆာဒေါ်မန်စမစ် မြန်မာပြည်ကို ပြန်ရောက်လာတယ်။ သူနဲ့အတူ မြန်မာပြည်ရဲ့ အနာဂတ်အတွက် ရေးဆွဲထား တဲ့ စက္ကူဖြူစီမံကိန်းဆိုတာ ပါလာပါတယ်။ ဒီစီမံကိန်းအလိုအရ တိုင်းပြည်အုပ်ချုပ်မှု အာဏာတခုလုံးဟာ ဘု ရင်ခံရဲ့ လက်ထဲမှာပဲရှိပါတယ်။ စစ်အတွင်းက ပျက်စီးသွားတဲ့ ကိုလိုနီယန္တရားရဲ့ အခြေခံအဆောက်အအုံတွေ ပြန်လည်ပြင်ဆင်ပြီး သူတို့အကျိုးစီးပွား ပြန်လည်ဖော်ဆောင်ဖို့ပဲဖြစ်ပါတယ်။

သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ စက်မှုလက်မှုလုပ်ငန်း၊ ဗြိတိသျှကုန်ထုတ်လုပ်ရေးလုပ်ငန်း ... စတာတွေ ပြန် လည်ထူထောင်ပါတယ်။ စစ်အတွင်းက ပျက်စီးသွားတဲ့ ဗြိတိသျှကုန်သည်ကြီးများရဲ့ လုပ်ငန်းအားလုံး ပြန် လည်ထူထောင်ဖို့၊ ဗြိတိသျှအစိုးရက ငွေလိုသလောက် ထုတ်ချေးပေးပါတယ်။ ဒါ့ကြောင့် ဆန်နှင့် ဝါစီမံကိန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ လူသုံးကုန်ပစ္စည်း ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများကို ဗြိတိသျှချေးငွေများနဲ့ အင်တိုက်အားတိုက် ပြန်လည်ထူထောင်ကြပါတယ်။ ရေနံတူးဖော်ထုတ်လုပ်ရေးလုပ်ငန်း၊ ဓာတ်သတ္တုလုပ် ငန်း၊ ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ သစ်လုပ်ငန်း ... စတဲ့လုပ်ငန်းများကို လုပ်ဆောင်ခဲ့ တဲ့ ကုမ္ပဏီများကလည်း အပျက်အစီးများကို ၎င်းတို့ဘာသာ ကုန်ကျစရိတ် စိုက်ထုတ်ပြင်ဆင်ပြီး လုပ်ငန်းများ ပြန်လည်စတင်ခဲ့ကြပါတယ်။

မြန်မာပြည်သူလူထုအကျိုးအတွက်တော့ ငဲ့ကွက်စဉ်းစားလုပ်ဆောင်ပေးခြင်းမျိုး မရှိတဲ့အပြင် ချစ်တီးများနဲ့ မြေရှင်ကြီးငယ်တို့က လယ်သမားများထံမှ လယ်ထောက်ခနဲ့ မြေယာများကို အတင်းအကျပ်သိမ်းယူရန် ကြိုး စားလာကြပါတယ်။ ကမ္ဘာတဝှမ်း ဆန်ဈေးကြီးမြင့်တာကို အကြောင်းပြပြီး ဆန်စီမံကိန်းများကို အသုံးချကာ ဘုရင်ခံရဲ့အစိုးရက တောင်သူလယ်သမားများအပေါ် ဆန်ဈေး မတန်တဆ ချပြီး အတင်းအကျပ်ဝယ်ယူမှု ပြု လုပ်ခဲ့ပါတယ်။ တောင်သူလယ်သမားများမှာ စားဖို့ပင် မကျန်တော့တဲ့အခြေ ဆိုက်ရောက်သွားပါတော့တယ်။ ဒါ့ကြောင့် ပြည်သူလူထုအကြားမှာ အငတ်ပြဿနာ ပေါ်ပေါက်လာပါတယ်။ ဒါ့အပြင် မြို့နေလူများမှာလည်း အစိုးရရဲ့ အခွန်အခ တိုးမြှင့်ကောက်ယူမှုကြောင့် မကျေနပ်မှုများတိုးပွားလာပါတယ်။ ငတ်ပြတ်လာတဲ့ တောင် သူလယ်သမားများ၊ အခက်အခဲပေါင်းစုံ ရင်ဆိုင်ကြုံတွေ့လာရတဲ့ မြို့နေလူတန်းစားများဟာ ခေါင်းငုံ့ခံမနေ တော့ဘဲ ဆူပူအုံကြွလာပါတော့တယ်။

မြို့နဲ့ကျေးရွာများရဲ့ ဆူပူအုံကြွမှုသာမကတော့ဘဲ တောတွင်းလက်နက်ကိုင် ပုန်ကန်မှုများပါ ဖြစ်ပေါ်လာပါ တယ်။ ဘုရင်ခံအစိုးရဟာ ဆူပူအုံကြွမှု၊ ပုန်ကန်တော်လှန်မှု ... စတာတွေကို ရက်ရက်စက်စက် ခြေမှုန်းတိုက် ခိုက်ရုံသာမက လူထုအပေါ် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးများကိုပါ ချိုးဖောက်လာပါတယ်။ ဒီအခါ ပြည်သူလူ ထုရဲ့ ညီညွတ်ရေးတပ်ပေါင်းစုကြီးဖြစ်တဲ့ ဖဆပလအဖွဲ့ကြီးက လူထုရှေ့က မားမားမတ်မတ် ဦးဆောင်ပြီး တိုက်ပွဲဝင်ပါတော့တယ်။ စက္ကူဖြူစီမံကိန်း ဆန့်ကျင်ရေးဆန္ဒပြပွဲကို တခဲနက် ဆင်နွှဲကျင်းပရာ လူထုအင်အား တသိန်းကျော် တက်ရောက်တာမို့ မြန်မာပြည်ရှိ ဘုရင်ခံကိုသာမက ဗြိတိန်နိုင်ငံမှာရှိတဲ့ အစိုးရကိုတောင် ခြိမ်း ခြောက်နိုင်ခဲ့ပါတယ်။

ဒါကြောင့် ဆာဒေါ်မန်စမစ်ကို ပြန်ခေါ်ပြီး ဘုရင်ခံသစ် ဟူးဘတ်ရန့်စ်ရဲ့လက်အောက်မှာ ဗိုလ်ချုပ်အောင်ဆန်း နဲ့ သူ့ရဲ့ဖဆပလအဖွဲ့ချုပ် ကိုယ်စားလှယ်အများစုကြီးမှူးတဲ့ မြန်မာအမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ကို ဖွဲ့ဖို့ ခွင့် ပြုခဲ့ရပါတော့တယ်။ (ကိုးကား - ဗန်းမော်တင်အောင်၊ ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်း၊ စာ ၃၂၁-၃၃၁)

မြန်မာပြည်မှာ ဒီမိုကရေစီ ဆိတ်သုဉ်းပြီး အစိုးရက ပြည်သူလူထုကို ဖိနှိပ်ချုပ်ချယ်နေတာဟာ ဦးနေဝင်း လက် ထက်ကစလို့ စစ်အစိုးရအဆက်ဆက် အခုတရားဝင် အုပ်ချုပ်ခွင့်မရှိတဲ့ နအဖလက်ထက်အထိပါပဲ။ အစိုးရတ ရပ်မှာ ရှိသင့်တဲ့ အရည်အချင်းနဲ့ ပြည်သူအပေါ်ထားသင့်တဲ့ စေတနာ ကင်းမဲ့တာမို့ တိုင်းပြည်ကတော့ ကုန်း ကောက်စရာမရှိလောက်အောင်ကို ချွတ်ခြုံကျလာတယ်။ ထိပ်ပိုင်းစစ်ဗိုလ်ချုပ်ကြီးများနဲ့ သူတို့နဲ့ အကျိုးစီးပွား တူ ခေတ်ပျက်သူဌေးများသာ ကျိကျိတက်ချမ်းသာလာပါတယ်။

တိုင်းပြည်စီးပွားရေးကျဆင်းလာရုံမက ခေါင်ကလည်း မိုးမလုံတာမို့ ပြည်သူလူထုရဲ့အကျင့်စာရိတ္တပါ ယိုယွင်း ပျက်စီးလာပါတယ်။ စကြာဝဠာအမှန်တရားကို ဖော်ဆောင်တဲ့ ထေရဝါဒဗုဒ္ဓဘာသာ ထွန်းကားတဲ့ နိုင်ငံရဲ့ ပြည်သူကြားမှာ အမှန်တရားပျောက်ပြီး စည်းကမ်းပျက်မှုနဲ့ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စိတ် ဓာတ်မျိုးသာ လွှမ်းမိုးနေကြတော့တယ်။

လူသားအရင်းအမြစ်ဖြစ်တဲ့ အရည်အချင်းရှိတဲ့သူနဲ့ ငယ်ရွယ်ကျန်းမာသန်စွမ်းသူများဟာ ကိုယ့်နိုင်ငံအတွင်းမှာ အနာဂတ်ကင်းမဲ့နေတာမို့ ရေခြားမြေခြားမှာသွားပြီး အလုပ်လုပ်ကြရတယ်။ ဦးနှောက်ယိုစီးမှုတွင်မက လုပ် အားပါဆုံးရှုံးရပါတယ်။ တိုင်းပြည်အတွက် များစွာနစ်နာတယ်။ ဒါဟာ အရည်အချင်းမရှိသူများ အုပ်ချုပ်နေမှုရဲ့ ဒဏ်ကို ပြည်သူလူထု ခါးစည်းခံစားနေရမှုများဖြစ်ပါတယ်။ အုပ်ချုပ်သူညံ့ဖျင်းရုံမက၊ လူသားအရင်းအမြစ်တွေ ပါ ဆုံးရှုံးနေတဲ့ ဒီနိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဖြစ်အောင် တည်ဆောက်မယ်လို့ နအဖ ကြုံးဝါးနေတာဟာ အရှက်မရှိသူ အိပ်မှုန်စုံမွှား ထအော်နေတာနဲ့သာ တူတော့တယ်။

မြေပေါ်မြေအောက် သယံဇာတတွေလည်း ကုန်ခမ်းတော့မယ့် အခြေအနေ ရောက်လာတဲ့အပြင် မိုးလေဝသ ပါ မမှန်ကန်၊ ဆိုးဆိုးရွားရွား ဖောက်ပြန်လာနေပြီ။ တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့သူ မင်းကျင့်တရားနဲ့ မညီတဲ့ အခါ ရာသီဥတု ဖောက်လွဲဖောက်ပြန် ဖြစ်ရစမြဲပါ။ ပြီးခဲ့တဲ့ နွေမှာ မကြုံဘူးလောက်အောင် အပူရှိန်ပြင်းခဲ့တယ်။ အပူဒဏ်ကြောင့် သေဆုံးရသူဦးရေလည်း များခဲ့တယ်။ နယ်ဒေသတွေမှာ သောက်သုံးရေ ပြတ်လပ်မှုနဲ့လည်း ကြုံရတယ်။

ရှေးပဝေသဏီ နှစ်ပေါင်း (၁.၅) သန်းခန့် ပလိုင်စတိုဆင်းခေတ် (Pleistocene Epoch) ကတည်းက တောင် ကုန်းတောင်တန်းများအကြား မြေနိမ့်ချိုင့်ဝှမ်းအဖြစ် တည်ရှိခဲ့တဲ့ အင်းလေးကန်ကြီး (Ref. F. Bender, Geology of Burma, P117) ဟာ နအဖလက်ထက်မှာ ဆိုးဆိုးဝါးဝါး ရေခန်းခြောက်မှုနဲ့ ကြုံလာရပြီ်။ (မပြုပြင် မထိန်းသိမ်းပါက နဂိုကအင်းလေးကန်လိုပဲ ချိုင့်ဝှမ်းကြီးဖြစ်ခဲ့ပြီး အခုချိန်မှာ အနည်အနှစ် ပို့ချစာများနဲ့ ပြည့်ပြီး တိမ်ကောကာ မြေပြန့်လွင်ပြင်ဖြစ်နေတဲ့ ဟဲဟိုးလွင်ပြင်၊ ကလောလွင်ပြင်၊ လာရှိုးလွင်ပြင်တို့လို ဖြစ်လာမှာကို စိုးရိမ်ရပါတယ်။)

ဒီလိုကိစ္စမျိုးတွေအတွက် စစ်အစိုးရက ပြည်သူလူထုသက်သာအောင်ဆိုပြီး ဘာမှတာဝန်ယူဆောင်ရွက် ပေး တာမရှိပါဘူး။ ပြည်သူလူထုအချင်းချင်း၊ လူမှုရေးအသင်းများနဲ့ အန်အယ်ဒီအဖွဲ့တို့ကသာ ကူညီဆောင်ရွက် ပေးကြတယ်။ ပြည်သူလူထုကို စေတနာသာမထားတယ်၊ မတရားသဖြင့် ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ပြည် သူလူထုဆီက မဲကိုတော့ ညစ်နည်းမျိုးစုံ သုံးပြီး ရယူဖို့ကြိုးစားနေတယ်။ ဒါ့အပြင် ဘုရားမရှိ တရားမရှိ မိုက် မိုက်ရိုင်းရိုင်း ပြုကျင့်နေတာလည်း နေရာအနှံ့အပြားမှာ တရက်မခြားဆိုသလို တွေ့နေကြရတယ်။ ပြည်သူလူ ထုဟာ ရွံရှာမုန်းတီးပေမယ့် အန္တရာယ်ပေးမှာ စိုးတဲ့အတွက် ကာမပြန်ရဲဘဲ ငြိမ်ခံနေရတယ်။ တိုင်းပြည်ကို ကာ ကွယ်နေပါတယ်ဆိုတဲ့ တပ်မတော်မှ ဗိုလ်မှူးရဲ့အမိန့်နဲ့ အပစ်မဲ့တဲ့ ပြည်သူကို မြို့ပြကြီးမှာတင် စစ်သားက သေနတ်နဲ့ ပစ်သတ်တယ်။

အကြောက်တရား လွှမ်းမိုးခြင်းပါ ခံလာရပါတယ်ဆိုပေမယ့် ဒီလိုအစိုးရမျိုးကို ညီညီညာညာ ဆန့်ကျင်အာခံ ကြဖို့အချိန်တန်ပြီ။ မကြာခင်ကျင်းပတော့မယ့် နအဖရဲ့ရွေးကောက်ပွဲ မဖြစ်မြောက်အောင် တိုက်ပွဲဖော်ဆောင် နိုင်မယ်ဆိုရင် နအဖရဲ့ Road map ရှေ့ဆက်လို့မရနိုင်တာမို့ ဒီနည်းဟာ အထိရောက်ဆုံး၊ လက်ငင်းအခြေအ နေနဲ့ အကိုက်ညီဆုံးဖြစ်ပါတယ်။ ပြည်တင်းရင် မင်းမခံနိုင်တဲ့။ ပြည်သူညီညွတ်ရင် အမြစ်ပုပ်ပြီး အရွက်တွေ သွေ့ခြောက်လာနေပြီဖြစ်တဲ့ နအဖ ဘာကြာတော့မလဲ။ အထက်မှာတင်ပြခဲ့တဲ့ ကိုလိုနီလက်ထက်ကဖြစ်စဉ်န မူနာလည်း ရှိခဲ့တယ်မဟုတ်ပါလား။

အခုပဲ နအဖဟာ သူတို့ရဲ့ကလိန်ခြုံ ရွေးကောက်ပွဲဆိုတာကြီးကို ဒရွတ်ဆွဲပြီးခေါ်လာရတာပါ။ ကျောင်းသား များသမဂ္ဂ၊ သံဃာ့အဖွဲ့အစည်းနဲ့ နိုင်ငံတကာရောက် ဒီမိုကရေစီအင်အားစုများက ဆန့်ကျင်ကန့်ကွက်တဲ့ လှုပ် ရှားမှုများ ပြုလုပ်နေကြပါတယ်။ အန်အယ်ဒီခေါင်းဆောင်များကလည်း လုထုထဲဆင်းပြီး ရွေးကောက်ပွဲဆန့် ကျင်ရေး စည်းရုံးလှုပ်ရှားနေတာအပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်ဖြစ်တဲ့ မဲဆန္ဒရှင်တိုင်းရဲ့ ဥပ ဒေပါ ရပိုင်ခွင့်ဖြစ်တဲ့ မိမိကြိုက်နှစ်သက်တဲ့ ကိုယ်စားလှယ်မရှိက မဲမပေးပဲလည်း နေနိုင်တယ်ဆိုတဲ့ သဘော တရားနဲ့ အခြားမှာကြားချက်၊ လူထုထံတင်ပြချက်များကို လိုက်လံရှင်းလင်းပြသနေရာ ပါတီဝင်ထုအားလုံးက သဘောတူကြပါတယ်။ အခုဆို မြို့နယ်ပေါင်း (၃၁) မြို့နယ်ရောက်ခဲ့ပြီးပါပြီ။

ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကင်တားနားကလည်း စစ်အစိုးရရဲ့လူ့အခွင့်အရေး ချိုး ဖောက်မှုတွေကို စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး စစ်ဆေးဖို့ အဆိုပြုထားပါတယ်။ ဒါကို အမေရိကား၊ ဗြိတိန်၊ သြစတြေးလျ၊ ချက်ပြည်သူ့သမ္မတနိုင်ငံ၊ စလိုဗက်ကီးယား၊ ဟန်ဂေရီနဲ့ ကနေဒါ ... စတဲ့ နိုင်ငံတွေက ထောက် ခံထားပြီး (၁၅) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးညီလာခံမှာ ဆွေးနွေးဖို့ မျှော်လင့်ရပါတယ်။

ဒါ့အပြင် နိုင်ငံတကာနဲ့ ကုလသမဂ္ဂတို့က ရွေးကောက်ပွဲကို တရားမျှတဖို့နဲ့ ပွင့်လင်းမြင်သာရှိဖို့လည်း တိုက် တွန်းထားခဲ့ကြပြီးဖြစ်ပါတယ်။ (၁၅) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးညီလာခံကို စက်တဘာလ (၁၃) ရက်နေ့ ကဂျီနီဗာမြို့မှာ စတင်ကျင်းပပါပြီ။ ညီလာခံ စဖွင့်တဲ့နေ့မှာကိုပဲ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Navi Pillay က မိန့်ခွန်းပြောကြားရာမှာ ရွေးကောက်ပွဲတွေ လွတ်လပ်ပြီး တရားမျှတနိုင်ဖို့ဆိုရင် လွတ်လပ်စွာ အမြင်ချင်းဖလှယ်နိုင်တဲ့ အခြေအနေတွေ ရှိရမဲ့အပြင်၊ သက်ဆိုင်သူတွေအားလုံး ပြည့်ပြည့်ဝဝ ပါဝင်နိုင်ရမယ် ဆိုတာ လုံးဝငြင်းလို့ ရပါဘူးလို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် နအဖလူညစ်တွေကတော့ နိုင်ငံတကာက ကမ်းလှမ်းတဲ့ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ကို ပေါ် ပေါ်တင်တင် ငြင်းပယ်ခဲ့ပါတယ်။ ပါဝင်သင့်သူတွေ မပါရအောင် လုပ်ထားတယ်။ မနေ့ညနေကပဲ နိုင်ငံရေးဦး တည်ချက်ပါတဲ့ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေတဲ့ အန်အယ်လ်ဒီ အပါအဝင် ၉၀ ခုနှစ် ရွေးကောက်ပွဲအ နိုင်ရ နိုင်ငံရေးပါတီ (၁၀) ခုကို တရားမဝင်ပါတီအဖြစ် ကြေညာတယ်။ ရွှေဝါရောင်တော်လှန်ရေးကာလ နီး လာချိန် ရွေးကောက်ပွဲကာလ တဖြည်းဖြည်းနီးလာချိန်မှာ လူထုကို နှိပ်ကွပ်ဖို့အတွက် လုံထိန်းများ၊ စွမ်းအား ရှင်များနဲ့ ကြံ့ဖွံ့များကို လေ့ကျင့်ပေးနေပါပြီ။

လူတွေ လုံခြုံမှုမရှိဘဲ ကြောက်ရွံ့မှုပိုအောင် ပြည်သူထည့်တဲ့မဲ သူတို့မြင်နိုင်အောင်၊ မဲပုံးအကြည်တွေကို သုံးဖို့ သက်ဆိုင်ရာကို ပို့နေပြီ။ ဒါတွေဟာ ပြည်သူတွေအတွက် စိန်ခေါ်ချက်တွေဖြစ်ပေမယ့် နိုင်ငံတကာနဲ့ ဒီမိုကရေ စီအင်အားစုများအတွက် နအဖကို ထိုးနှက်စရာ အကွက်တွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲဖြစ် ခဲ့ရင်တောင် ဒီပွဲရဲ့ရလဒ်ကို ဘယ်သူကမှ အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။

တပ်တွင်းမှာလည်း ဖရိုဖရဲ၊ နှုတ်ထွက်သူထွက်၊ ပြေးသူပြေး၊ အာခံသူခံ၊ တော်လှန်ဖို့ ကြိုးစားသူကြိုးစားနဲ့ အ ခြေအနေပေးလာရင် ပြည်သူ့ရင်ခွင် ခိုဝင်လာမယ့်သူတွေချည်းပါပဲ။ နအဖကို ဝိုင်းညှပ်နေပါပြီ။ နေဝင်ချိန်ကို လက်ချိုးရေတွက်ရမယ့် ရက်တွေ ရောက်လာတော့မှာလို့ဆိုရင် လွန်အံ့မထင်ပါ။ တချို့ကတော့ လက်ထဲမှာ သေနတ်ရှိတဲ့အပြင် လောလောဆယ် တပ်တွင်းအပြောင်းအလဲလုပ်နိုင်မှု၊ မှူးကြီးဆိုသူ နိုင်ငံခြားခရီးစဉ် နှစ်ခါ သွားတာတောင် အာဏာမသိမ်းနိုင်မှုနဲ့ ဥပဒေမဲ့ စိတ်ရှိတိုင်း ထင်သလို ရိုင်းနေတာတွေကို ကြည့်ပြီး စစ်တပ် အင်အားပိုကြီးမားလာတယ်လို့ ထင်ကြမယ်။ နေဝင်ချိန် တိမ်တောက်တယ်ဆိုတဲ့စကား ရှိပါတယ်။ ဒါ နေဝင်ခါ နီးမှာ တောက်တဲ့ “တိမ်” တွေပါ။

ဒီလိုအချိန်မှာ နအဖအဖို့ ရွေးချယ်စရာ လမ်းနှစ်သွယ်ပဲရှိပါတယ်။ လူပီပီသသ၊ လူနဲ့သူနဲ့တူတဲ့ အမြင်မှန်ရပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီဘက်တော်သားတွေ အမြဲတောင်းဆိုနေတဲ့ အမျိုးသားပြန်လည်သင့်မြတ် ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုလုပ်မလား၊ ဒါမှမဟုတ် မရဏစခန်းမြန်းရခါနားနီးအထိ အသိတရားမရသေးဘဲ အားလုံးပျက်သုဉ်းရေးကိုပဲ ရွေးမလား။ ဒုတိယလမ်းကို ရွေးမယ်ဆိုရင်တော့ ဒီတခါ အားလုံးပျက်သုဉ်းရမှာက နအဖသာလျှင်ဖြစ်တယ်။

နက္ခတ္တဗေဒသုတေသီ ဦးထွန်းကျော်ကလည်း သူ့ရဲ့ “ဂြိုလ်ပူးဂြိုလ်မြင် နိုင်ငံရေးဗေဒင်” ဟောစာတမ်းမှာ “စစ် သားများ သူတို့၏ အထက်အရာရှိနှင့် အကြီးအကဲများကို စည်းလုံးတက်ကြွစွာ အာခံတော်လှန်လိမ့်မည်၊ ၂၀၁၁ ခုနှစ် နှစ်သစ်တွင် မြန်မာပြည်သူများ အပြောင်းလဲကောင်းနှင့် အခွင့်အလမ်းကောင်းများကြုံတွေ့ရမည်” လို့ ဟောထားတယ်မဟုတ်ပါလား။ ကျနော်တို့ ယုံကြည်ချက်နဲ့ အားစိုက်ကြပါစို့ ...။

မောင်ဂဒိုး
(၁၅) စက်တင်ဘာ၊ ၂၀၁၀

No comments: