Tuesday, September 21, 2010

စစ်သင်္ချိုင်း၊ သခင်အုန်းမြင့်နှင့် ဆောက်လက်စအတွေးများ

စစ်သင်္ချိုင်း၊ သခင်အုန်းမြင့်နှင့် ဆောက်လက်စအတွေးများ
မျိုးမြင့်ချို
ပုံတူ - ပန်းချီမင်းကျော်ခိုင်

“လူထုကနေ ရွေးချယ်တင်မြှောက်လိုက်တဲ့ အစိုးရတရပ်ရပ် ပေါ်လာပြီဆိုပါတော့ဗျာ။ အဲဒီအစိုးရကနေ ခင် ဗျားတို့မြို့ကလေးအတွက် အရင်ဆုံး လုပ်ပေးစေချင်တာက ဘာများလဲဗျ” တဲ့။

အခွံချွတ်ပြီးသား မြေပဲဆံလှော်များအား ပလပ်စတစ်အိတ်များတွင် ထည့်ကာ ကျောက်တုံးငယ်တတုံးဖြင့် တ ဒိုင်းဒိုင်း ထုချေနေရင်းက အခန်းတွင်းမှ လှမ်းမေးလိုက်သည့် သူ့အမေးကို ရုတ်တရက် ကျနော် ပြန်မဖြေနိုင်ခဲ့။ အပြင်ဘက်ကနေ သံတိုင်များကို ခပ်လျော့လျော့ကိုင် မတ်တပ်ရပ်ရင်း သူလုပ်နေပုံကိုသာ ကြည့်နေမိသည်။

“အဘ မြေပဲဆံတွေက များလှချည်လား၊ ဘာလုပ်ဖို့လဲ” ဟုသာ မေးလိုက်ဖြစ်သည်။

သူ့အခန်းဖော်က “ထောင်ဝင်စာ အားနည်းတဲ့ အခန်းတွေကို ဝေဖို့လေ” လို့ ပြန်ဖြေပြီး ထောင်ဝင်စာအိတ်ထဲက ပုဇွန်ခြောက်ထောင်းကြော်နှင့် ငါးခြောက်ထောင်းကြော်ထုပ်များ ချပေးလိုက်သည်ကို မြင်၏။ သူက အထုပ် သေးသေးထဲက အကြော်များကို အထုတ်ကြီးကြီးတထုပ်ထဲ ပေါင်းလိုက်သည်။ ဒီ့နောက် အခုန ထောင်းထား ပြီးသား မြေပဲဆံရှစ်စိတ်ကွဲများနှင့် သမအောင် အထုပ်ကို ဟိုလှည့်သည်လှည့် မွှေနေတော့သည်။

“ဒီအတိုင်းဆိုရင် မဝေလောက်ဘူးလေဗျာ။ နောက်ပြီး ကျနော်က အငံအစပ်ကိုလည်း ရှောင်တော့ သူများတွေ ကြိုက်မှာ မဟုတ်ဘူးဗျ။ ဆိုတော့ ကိုအေးငွေပါတဲ့ ငါးပိကျော်လေးက အငံလည်းလေးတယ်၊ အစပ်လည်းပြင်း တယ်ဗျ။ သူ့ငါးပိကျော်လေးရယ်၊ ကျနော်ပါတဲ့ အကြော်တွေရယ်အပြင် မြေပဲဆံရယ်ပါ ရောသမလိုက်တော့ ပွားလည်းပွား၊ အရသာလည်းရှိ၊ များများလည်း ဝေနိုင်တာပေါ့ဗျာ။”

“အခန်း သုံး တက်ထားမယ်” အစောင့်ဝါဒါ၏ သတိပေးသံကြောင့် အခန်းပြန်တက်ခဲ့ရသည်။ ထိုနေ့က သူ့အ မေးကို မဖြေဖြစ်ခဲ့။

ကိုထင်အောင်က ဗာဒံရွက်ပေါ် တံမြက်စည်းတံချောင်းဖြင့် တခုခု ရေးခြစ်နေသည်။ အဘ ဦးမောင်ကြီးက ရင် ကျပ်ပန်းနာထသဖြင့် သူ့ရှူဆေးဗူးကလေး ထုတ်ပြီး ရှူနေ၏။ ကျနော်နှင့် ကိုမိုးဝင်းက ခြေရင်းဘက်နားမှာ ထိုင်ရင်း စကားပြောနေချိန်။ အခန်းပေါက်ဝတွင် ထိုင်ကာ လက်ဖဝါးနှင့် လက်ချောင်းကြွက်သားများ သန်မာ စေရန်ဆိုပြီး သံပုရာသီးခန့် သစ်သားလုံးလေး (၂) လုံးကို လက်ထဲတွင် ဟိုပြောင်းသည်ရွှေ့ လှုပ်ကာလှုပ်ကာ လေ့ ကျင့်ခန်းလုပ်နေသည့် အဘ ဦးစိုးဝင်း (ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျ၏ ညီအငယ်ဆုံး) က “ပြောပါဦး ကို မျိုးမြင့်ရဲ့” ဟု ကျနော် ပြောလက်စ စကားဆက်ကို ပြန်ကောက်ရင်း ထောက်ပေးလိုက်သည်။

“ရေချိုးချတုန်းက အဘ ဦးအုန်းမြင့်တောင် ကျနော့်ကို မေးနေသေးတယ် အဘရဲ့”

“ခင်ဗျားက ဘာပြန်ဖြေလိုက်လဲ”

“ဘာမှတောင် မဖြေလိုက်ရပါဘူး အဘရာ”

“ခင်ဗျားကရော ဘာလုပ်ပေးစေချင်တုန်းဗျ၊ ခင်ဗျားတို့မြို့ကလေးမှာ”

“ကျနော်လား အဘ၊ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးနဲ့ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတွေ မှာ ကျဆုံးသွားကြတဲ့ တပ်မတော်သားတွေအတွက် စစ်သင်္ချိုင်းတခုလောက်တော့ သတ်သတ်ဆောက်ပေး စေချင်တယ်”

အဘ ဦးမောင်ကြီးက မသိမသာတချက်လှမ်းကြည့်သည်။ ဘာမှဝင်မပြောသေး။ ကိုထင်အောင်နှင့် ကိုမိုးဝင်း က ငြိမ်နေသည်။ နောက်တော့ အဘ ဦးမောင်ကြီးက “တပ်မတော်သားတွေအတွက်ပဲလား၊ ကျန်တဲ့ တပ်မ တော်သားမဟုတ်တဲ့ အသက်ပေးခဲ့ကြသူတွေအတွက်ရော ...” တဲ့။

“အဲဒါကတော့ အဘရာ လုပ်ပေးနိုင်ရင် ပိုကောင်းသလို လုပ်လည်းလုပ်ပေးသင့်ပါတယ်။ ကျနော် အခုပြော တာက ကျနော်ကိုယ်တိုင်လည်း စစ်သားဖြစ်ခဲ့ဖူးတာရယ်၊ နောက်ပြီး ကျနော့်စိတ်အခံက ပေါ်လာတဲ့ အတွေး ရယ်ကြောင့် တပ်မတော်သားတွေအတွက် သတ်သတ်လို့ ပြောမိတာပါ။ တကယ်တမ်းကျတော့ အားလုံးအ တွက် လုပ်ပေးရမှာပါ။ ဒါပေမယ့် ကျနော်ကတော့ တပ်မတော်သားတွေအတွက် သတ်သတ်ကို လုပ်ပေးစေ ချင်ပါတယ်”

အခန်းတွင်းမှာ တိတ်ဆိတ်နေသည်။ ဘယ်သူမှ ဘာမှဆက်မပြောကြတော့။ ကျနော့်အတွေးများကသာ ကျ နော့်ဇာတိမြို့ကလေးသို့ ရွက်လွှင့်နေတော့သည်။

ဘယ်သူက စ,ခေါ်လို့ သည်နေရာ စစ်သင်္ချိုင်းလို့ တွင်ခဲ့သ လဲတော့မသိပါ။ ကျနော် လူလားမြောက်ချိန်မှစပြီး အများနည်းတူသာခေါ်၏။ တကယ်က ဗြိတိသျှဓနသဟာ ယ စစ်သည်များ၏ အောက်မေ့ဖွယ် ဂူဗိမာန်။ သည် မြေကို မြန်မာပြည်ကမပိုင်၊ သည်မြေအတွက်အလုပ်လုပ်နေကြသည့် မြန်မာအလုပ်သမားကို ဗြိတိသျှဓနသ ဟာယအဖွဲ့က လစာငွေ အထောက်အပံ့ ပေးထား၏။ ကျနော်တို့ပြည်က သူတို့မြေဖြစ်၏။ စုစုပေါင်း မြေဧက အ ကျယ်က (၂၀) လောက်ရှိမည်ထင်သည်။ တဝင်းလုံးကို အနက်ရောင် ပလပ်စတစ်အုပ် သံဇကာအပျော့ အ ကွက်စိတ်ကလေးများဖြင့် စည်းရိုးကာထား၏။ စည်းရိုးအတွင်းမှ စည်းရိုးနှင့်အညီ ပုဏ္ဏရိတ်ပန်းရောင်စုံတို့ စိုက်ပေးထားပြီး ပန်းများကလည်း အမြဲလိုလို ပွင့်နေတတ်သည်။ အသီးသီးချိန်ကျတော့ ကျနော်တို့က ပန်းသီး ဟုခေါ်သည့် ပုဏ္ဏရိတ်သီးလေးများ နီနီဝါဝါ။ ကျနော်တို့ကလေးများက ထိုအသီးလေးများ ခူးစားရသည်ကို ကြိုက်၏။

ဝင်ဝင်ချင်း အရင်ဆုံးတွေ့ရမည်ကတော့ လူနှစ်ရပ်ခန့် မြင့်သည့် ကျောက်သားဂူကြီး၊ အပေါ်ဘက်တွင် အရာရှိ ချပ်ဝတ်တန်ဆာများနှင့် ဓားရှည်ကြီးမြှောက်ကာ စစ်ချီရန် အမိန့်ပေးနေဟန် ကြေးဝါမြင်းစီးရုပ်တု၊ အောက်မှာ ထိုသူ၏အမည်နှင့် ရာထူးအဆင့်အပါအဝင် အချက်အလက်တချို့ ထွင်းထားသည့် ကြေးဝါပြားကြီးကပ်လျက်။ ထိုနေရာလွန်သည်နှင့် ဝင်းကြီးတဝင်းလုံး အမြဲတမ်းလိုလို အလိုအလျောက် ပန်းပေးသည့် ရေပန်းများ၊ တယု တယမွေးကာ မြက်ရိတ်စက်ဖြင့် တိတိကျကျ သပ်သပ်ရပ်ရပ် ဖြတ်ထားရိတ်ထားသည့် အမြဲစိမ်းမြက်ခင်း၊ မြက် ခင်းများအကြားမှ ကျောက်ပြားခင်း လူသွားလမ်းကလေးများ။ လမ်းဘေးဝဲယာတွင် ရောင်စုံပန်းပင်ငယ်က လေးများ။ မြန်မာပြည်တွင် ရှိသမျှ ရွက်လှပန်းနှင့် ပန်းပေါင်းစုံ သည်နေရာမှာ ရှိသည်ဟု ထင်ရလောက်အောင် ပန်းမျိုးစုံသည်။ ထိုလူသွားလမ်းလေးများ၊ ထိုရောင်စုံပန်းခင်းများ၊ ထိုမြက်ခင်းစိမ်းများကြားတွင် တထွာခန့် မြင့်ပြီး တပေ တပေခွဲပတ်လည် ကျောက်တုံးကလေးများ အစီအရီ။ ဘယ်ထောင့်ကနေ ကြည့်ကြည့် အတန်း တန်းလိုက် အတန်းလိုက်၊ ဒေါင်လိုက် အလျားလိုက် အားလုံးကွက်တိ။

စုစုပေါင်း ဘယ်လောက်ရှိသလဲတော့ မမှတ်မိတော့ပါ၊ များတော့တော်တော်များသည်ဟုပဲ ပြောနိုင်တော့ သည်။ ထိုကျောက်တုံးလေး တတုံးချင်းစီ၏ အပေါ်ဘက်မျက်နှာတွင် လက်မဝက်ခန့်ထူသည့် ကြေးဝါပြား များကို မူလီနှင့် စုပ်ထား၏။ ကျောက်တုံးတတုံးသည် လူတယောက်ချင်းစီ၏ အထိမ်းအမှတ် ဂူငယ်လေးများ ဖြစ်သည်။ ကြေးဝါပြားများအပေါ်မှာ အမည်၊ အသက်၊ ရာထူးအဆင့်၊ တပ်အမှတ်၊ တပ်ဆံဆိပ်၊ ကျဆုံးသည့် နေ့ (တချို့ကျောက်တုံးလေးများဆိုလျှင် ကျဆုံးသည့် တိုက်ပွဲနှင့် နေရာကိုပါ ရေးထွင်းထားသည်)။ ထိုအရာ များကို ကြည့်ကာ သူက ဘာလူမျိုး၊ ဘယ်တိုင်းပြည်က ... စသဖြင့် သိခွင့်ရသည်။

ကျနော် မှတ်မိသလောက်ကတော့ တပ်သားအများစုမှာ အိန္ဒိယတိုက်သားများ၊ (ပန်ချာပီဟု ကျနော်တို့ခေါ် သည့် ပန်ဂျပ်ဘ်နယ်သားများ) နီပေါလူမျိုးများနှင့် အာဖရိကတိုက်သားများဖြစ်သည်။ အရာရှိနှင့် အကြပ်များ မှာ ဗြိတိသျှများဖြစ်သည်ကို တွေ့ရမည်။ အဆောက်အဦး ဗိသုကာပုံစံများကလည်း မြန်မာမဆန်၊ အမိုးမရှိ အ ကာမရှိ၊ ပကတိဟင်းလင်းပြင်ထဲတွင် ကျောက်သားကျောက်တိုင်ချည်းသက်သက်။ ရောမခေတ်ကလိုလို။ ဝိ တိုရိယခေတ်က လက်ရာတွေလိုလို ဘာမှန်းတော့ သေသေချာချာမသိ။ ကြည့်ရသည်မှာ အမြင်ဆန်းနေ သည်။ လှသည်။ စနေ၊ တနင်္ဂနွေရက်များတွင် နိုင်ငံခြားသားများ တော်တော်လေး လာတတ်သည်။ သူတို့နှင့် သက်ဆိုင်ရာ အုတ်ဂူများကို ကက်တလောက်တွင် ရှာပြီး ပန်းခြင်း၊ ပန်းခွေတွေ ချမည်။ ဖယောင်းတိုင် တုတ် တုတ်ကြီးတွေကို ဂူလေးတွေပေါ်တွင် ထွန်းမည်။ ပြီးတော့ ဂူလေးတွေရှေ့တွင် ဒူးတုပ်ထိုင်ပြီး ငြိမ်သက်တိတ် ဆိတ်စွာ ဆုတောင်းပတ္ထနာပြုမည်။

ကျနော်တို့က ယင်းသို့အချိန်မျိုးများတွင် ထိုနေရာသို့ ရောက်အောင်သွားသည်။ ဘေးကနေ ပြုံးပြနှုတ်ဆက် ရင်း အင်္ဂလိပ်ကြီးတွေက ချောကလက်တို့ သကြားလုံးတို့ ပေးတတ်သည်။ ကံကောင်းလျှင် စာအုပ်လှလှ၊ ပို့စ ကတ်လှလှ၊ ရောင်စုံခဲတန်များ ပေးပေးသွားတတ်သည်ကိုး။ ကျနော်တို့က မြို့ကလေးသို့ တခါတလေ ရောက် လာတတ်သည့် ဧည့်သည်ဆောင်သည်များကို ထိုနေရာသို့ ခေါ်ခေါ်ပြီး ပြရသည်မှာအမော။ လှလည်းလှသည် ကိုး။ ထိုအချိန်က မြန်မာပြည်တွင် အလှဆုံးဆိုသည့် ပန်းခြံတွေထက် လှသည့်နေရာဖြစ်မည်ဟု ကျနော်တို့က ထင်သည်။ တချို့ကဆို ကျနော်တို့မြို့သားတွေက “ဧည့်သည်လာရင် သင်္ချိုင်းကုန်းကို လိုက်ပို့တတ်သူတွေ” ဟု ရယ်စရာအဖြစ်တောင် ပြောစမှတ်တွင်သည်။

ခဏတဖြုတ်ထိုင်ရန် လုပ်ပေးထားသည့် နေရာလေးတချို့မှာသာ ကျောက်မျက်နှာကြက်အမိုးကို တွေ့ရမည်။ ထိုင်ခုံကလေးတွေရော အမိုးကို ထောက်ထားသည့် တိုင်လုံးကြီးတွေရောက ကျောက်သားအစစ်၊ အင်္ဂတေ လောင်းထားသည်မဟုတ်။ ထိုအတိုင်းဆက်သွားလျှင် တဝင်းလုံး၏ အလည်တည့်တည့်နေရာ ရောက်မည်။ ပင်မအဆောက်အဦးကြီးကို ရောက်မည်။ လူ့ရင်စို့သာသာခန့်မြင့်ပြီး အလျားပေ (၉၀၀) ခန့်ရှိမည့် ကျောက် သားကြမ်းခင်းခုံကြီးပေါ်တွင် လူ (၂) ဖက်စာခန့် လုံးပတ်ရှိပြီး ပေ (၈၀-၉၀) ခန့် မြင့်သည့် ကျောက်သားအစစ် ကျောက်တိုင်လုံးကြီးများ ထူထားသည်။ အလယ်ဗဟိုက ကျောက်သားတိုင်လုံးကြီးများက ပိုလည်းကြီးပြီး ပို လည်းမြင့်သည်။ ဝင်းတခုလုံး ရှိသမျှ ကျောက်သားကျောက်ဆိုင်တို့၏ မူလအရောင်ကို အခြားဘာမှ မစွန်း ထင်းရအောင်လည်း ချွတ်ဆေးများဖြင့် မပြတ်တိုက်ချွတ်ထားပုံရသည်။ အလယ်ဗဟိုချက်နေရာက ကျောက် သားတိုင်လုံးကြီးများရှိရာ ပင်မအဆောက်အဦး၏ အလယ်တည့်တည့်ရောက်လျှင် လူတိုင်း အလိုလိုရပ်မိ လျက်သားဖြစ်ဖြစ်သွားပြီး ဘာကြောင့် အပေါ်တည့်တည့်ကို မော့ကြည့်ဖြစ်သွားတာလဲ မပြောတတ်ပါ။ တစုံ တခုကညှို့လိုက်ဖမ်းစားလိုက်သလိုလို။ ဘာ့ကြောင့်လဲ။ လူတိုင်းရပ်မိသည်။ ကျောက်တိုင်ကြီးများ၏ အောက် ခြေမှစပြီး တဖြည်းဖြည်းချင်း မော့မော့ပြီးကြည့်သွားလိုက်သည်မှာ ဇက်လန်သွားသည်အထိပင်ဖြစ်သည်။

ကျောက်တိုင်လုံးကြီးများအဆုံး တိုင်တွေထိပ်မှာ တင်ထားသည်ကတော့ ကျောက်လက်ကောက်ကြီးလို့ပဲ ပြောရမည်ထင်သည်။ ကျောက်သားကွင်းကြီး။ အလယ်မှာ ဘာမှမရှိ ကောင်းကင်ကြီးတခုလုံး ဟာလာဟင်း လင်း။ လူက လေထဲရောက်သွား လွင့်ပါသွားတာလိုလို။ ကောင်းကင်ကြီးတခုလုံးက ကိုယ့်အပေါ် ပြိုကျလာ တာလိုလို ထူးထူးဆန်းဆန်း ခံစားမှုကို လူတိုင်းရတတ်သည်။ ထိုကျောက်သားလက်ကောက်ကွင်းကြီး၏ အ တွင်းဘက်တွင် ကျောက်သားကို ထွင်းပြီး ဘာသာစကား (၆) မျိုးဖြင့် (အင်္ဂလိပ်လို၊ အာရဗီလို၊ ဟိန္ဒီလို၊ ဟီဘ ရူးလို၊ တမီလ်လို၊ မြန်မာလို) သုံးကြောင်းပါ စာပိုဒ်တပိုဒ်ကို တွေ့ရမည်။ လူတိုင်းဖတ်ဖြစ်အောင် ဖတ်ခိုင်းခံထား ရသလို ဖတ်ကြည့်ကြ၏။ မြန်မာလိုတော့ “သူတို့သည် တိုင်းပြည်နှင့်လူမျိုးအတွက် အသက်စွန့်လှူသွားကြ သော သူရဲကောင်းများဖြစ်၏” တဲ့။

ထိုစာသားများကို ဖတ်ရတိုင်း ကျနော် အလွန်သဘောကျ၏။ သေသွားသည့်တိုင်အောင် တန်ဖိုးထား ဂုဏ်ပြု ထိုက်သူအား တန်ဖိုးထား ဂုဏ်ပြုတတ်သည့် အလေ့ကိုလည်း ထောမနာပြု၏။ သို့ရာတွင် ထိုနေရာ၌ ယခု သူ တို့၏ သူရဲကောင်းများအဖြစ် တန်ဖိုးထားဂုဏ်ပြုခံများမှာ ကျနော်တို့၏ သူရဲကောင်းများ မဟုတ်ကြ။ အတိတ် က ကျနော်တို့မြေကိုလု၊ ကျနော်တို့အား ဗိုလ်ကျအနိုင်ကျင့် ကျွန်ဇာတ်သွင်းခဲ့သည့် နယ်ချဲ့သမားတို့၏ လက် ပါးစေများ။ ကျနော်တို့တိုင်းပြည်၏ မျိုးချစ်ခေါင်းဆောင်များ၊ တော်လှန်ရေးသမားများ၊ အညတရ သူရဲကောင်း များကို သတ်ခဲ့သည့် လူသတ်သမားများ။ ယခုတော့ သူတို့က ကျနော်တို့မြေပေါ်တွင် သူတို့ပြည်အတွက် သူ ရဲကောင်းများအဖြစ် ထည်ထည်ဝါဝါ၊ ခံ့ခံ့ညားညား။ ကျနော်တို့သူရဲကောင်းတွေအတွက် ကျနော်တို့ပြည်က ကျနော်တို့မြေမှာ ဘာမှမရှိ။

သူက ကျနော့်စကားဆုံအောင် စိတ်ရှည်လက်ရှည် နားထောင်ပေး၏။ စကားဆုံးတော့မှ “တချို့ကတော့ အစိုး ရကို ဆေးရုံတွေ၊ ကျောင်းတွေ၊ လမ်းတံတားတွေ၊ ဒေသဖွံ့ဖြိုးရေးတွေ လုပ်ပေးဖို့ အရင်တောင်းမယ်ထင် တယ်။ အဲဒါတွေကလည်း တကယ့်လက်ငင်း လိုအပ်ချက်တွေလေ။ တောင်းလည်းတောင်းရမှာပါပဲ။ ခင်ဗျား က စစ်သားတွေအတွက် စစ်သင်္ချိုင်းဆောက်ပေးဖို့ အရင်ဆုံးတောင်းမယ်ဆိုတော့ “ကျနော်က ရုတ်တရက် ခင်ဗျားကို လူထူးလူဆန်းလို့ ထင်လိုက်တာ” ဟုဆိုပြီး ...

“လွတ်လပ်ရေးရပြီး သိပ်မကြာပါဘူး။ အခု ခင်ဗျားရတဲ့ စိတ်ကူးမျိုးရှိခဲ့ကြတဲ့ လူပုဂ္ဂိုလ်တွေကနေပြီး အဲဒီတုန်း က အာဏာရ ဖဆပလအစိုးရကို တဦးချင်းအနေနဲ့ရော စုပေါင်းပြီးတော့ရော ဗမာပြည်မှာ ဖက်ဆစ်တော်လှန် ရေးနဲ့ နယ်ချဲ့ဆန့်ကျင်ရေးမှာ အသက်ပေးလှူသွားခဲ့ကြရသူ မျိုးချစ်ပုဂ္ဂိုလ်တွေအတွက် အထိမ်းအမှတ်အဖြစ် ဂူဗိမာန်တခု ဆောက်ချင်ကြောင်း တင်ပြအသိပေးခဲ့ကြတယ်။ အစိုးရက ဘယ်လိုအကြောင်းနောက်ခံရှိလို့လဲ တော့ မသိဘူးပေါ့လေ။ အင်းမလုပ် အဲမလုပ် လုပ်နေတယ်။ ဒါနဲ့ပဲ ဒီအတိုင်းတော့ မဖြစ်ချေဘူး။ တခုခုတော့ လုပ်ကြမှဖြစ်မယ်ဆိုပြီး တိုင်ပင်ကြတာပေါ့ဗျာ။ အကြံရတာက လူထုကို တိုင်းပြည်အဝှမ်း ချပြမယ်။ လူထုက လက်ခံလို့ ငွေကြေးလုပ်အား ဝိုင်းဝန်းထည့်ဝင်လာရင် အဲဒါနဲ့ ဖြစ်အောင်လုပ်ကြမယ်ပေါ့လေ။ တိုင်းပြည်အခြေ အနေကလည်း သိတဲ့အတိုင်းဗျာ။ အမျိုးသားညီညွတ်ရေး အစည်းပြေစအချိန်။ နေရာတိုင်းမှာ သေနတ်သံတွေ က တညံညံနဲ့။ ကျနော်တို့ရည်မှန်းချက်ကို ပေါက်အောင်ဆောင်ဖို့ တော်တော်လေး အခက်အခဲတွေ ရှိနေ တယ်။ နောက်ပိုင်းကျတော့ အခုဘောင်ဒရီလမ်းက စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းဆိုပြီး စစ်ထောက်လှမ်း ရေးစခန်း လုပ်ထားတဲ့နေရာမှာ မြေပေးမယ်ဆိုပြီး ဖြစ်လာတယ်။ အဲဒီမှာ ဆက်လုပ်သူတွေတော့ ဆက်လုပ် ကြတယ်ဗျ။ ကျနော်က နည်းနည်းဝေးသွားတယ်။ အခု ခင်ဗျားနဲ့ တခန်းတည်းနေတဲ့ ကိုစိုးဝင်းတို့က အဲဒီကိစ္စ မှာ ကျနော့်ထက်ပိုပြီး ထဲထဲဝင်ဝင် လုပ်ခဲ့ကိုင်ခဲ့တာဗျ။ သူ ပိုသိတယ်။ ခင်ဗျား သူ့ကို မေးကြည့်ရင် တော်တော် လေး ပြည့်ပြည့်စုံစုံ သိရနိုင်တယ်”

နောက်နေ့ကျမှ အဘ ဦးစိုးဝင်းကို မေးမည်ဟု အားခဲပြီး အခန်းပြန်တက်ခဲ့သည်။ ထောင်တွင်းအခြေအနေများ ကလည်း မငြိမ်မသက်။ ပြင်ပနိုင်ငံရေးကလည်း ရွေးကောက်ပွဲအသံကြောင့် လှုပ်လှုပ်ရွရွ။ သတင်းတွေက လည်း တနေ့တမျိုးဆိုသလို ဖြစ်နေ၏။ ထောင်အုပ်ချုပ်ရေးအား စစ်ထောက်လှမ်းရေးက အတိအလင်း ဝင်စွက် ဖက်မှုတွေကလည်း လက်ရဲဇက်ရဲနိုင်လွန်းလာသည်။ အဘ ဦးစိုးဝင်း ကျန်းမာရေးကလည်း သိပ်တော့ဟန်မ ကျလှ။ အဘ ဦးစိုးဝင်း ထောင်ဆေးရုံတင်လိုက်ရသည်။ ကျနော် မေးမယ် မေးမယ်နဲ့ မမေးဖြစ်တော့။

နောက် တော့ သိပ်မကြာလိုက် ၁၉၉၀ ခု စက်တင်ဘာ (၂၅) ကြီး ဖြစ်လာသည်။ ကျနော်လည်း ကြိုးတိုက် ရောက်သွားသည်။ ထောင်တွင်းပြစ်ဒဏ်စေ့တော့ (၄) တိုက် ပြန်ပို့သည်။ နောက်တော့ တောင်ငူထောင် အပို့ခံ ရသည်။ အဘ ဦးစိုးဝင်း ဆုံးသွားသည်ကို ကြားသည်။ အဘ ဦးအုန်းမြင့် ဘယ်ထောင်ရောက်သွားလဲ ကျနော် ပြန်မမှတ်မိတော့။ အပြင်ရောက်မှ တွေ့ပြီး မေးတာပေါ့လေ ဆိုသည့်စိတ်နှင့် နေခဲ့သည်။ အပြင်ပြန်ရောက် သည်။ (၂၉) ရက်ပဲခံသည်။ အထဲပြန်ရောက်ပြန်သည်။ အင်းစိန်-သာယာဝတီ-အင်းစိန် သံသရာလည်နေချိန် များ။

စူနီရမ်ပါ့ခ် သရီး ဘီ သို့ အကြိမ်များစွာ ရောက်ခဲ့သော်လည်း လက်ငင်းအရေးကိစ္စများကသာ စကားဝိုင်းတွင် နေရာယူထားသည်။ အဘ ဦးအုန်းမြင့်နှင့် အပြင်မှာ ခဏဆုံချိန်တွေကျပြန်တော့လည်း ထိုအကြောင်း စကား ကမရောက်။ လက်ရှိနိုင်ငံရေးအခြေအနေများ၊ အကျဉ်းသားများနှင့် အကျဉ်းသားမိသားစုများ ထောက်ပံ့ရေး။ ထောင်တွင်းအခြေအနေနှင့် သတင်းအချက်အလက်များ စုဆောင်းရေး။

ကျနော် ထိုင်းဘက်မထွက်ခင် (၁၀) ရက်ခန့်က အဘအိမ်သို့ တခေါက်ရောက်သည်။ ထိုတခေါက်သည် နောက်ဆုံးအခေါက်ဖြစ်မည်ဟုမထင်။ “လာခေါ်ရင် အဆင်သင့်ဖြစ်အောင်လို့ပေါ့ဗျာ” ဟု သူဆိုမှ မြွေအရေခွံ အိတ်ဟောင်းတလုံးနှင့် အသင့်ထုတ်ထားသည့် နေ့စဉ်သုံးပစ္စည်းလေးများ၊ အမြဲသုံးနေရသည့် ဆေးဝါးများ၊ သွားတိုက်ဆေး၊ သွားပွတ်တံ၊ သဘက်၊ စောင်ပါးလေးတထည် အပါအဝင် ပစ္စည်းလေးများကို ကြည့်မိသည်။ “အသက်ကြီးပါပြီ အဘရယ် နားပါဦး” ဟု ပြောမည့် နှုတ်သည် အလိုလို ဆွံ့သွား၏။ စိတ်ထိခိုက်ရသည်။ ယခု ကား ထိခိုက်စရာစိတ်မကျန်အောင်ပင် ထိခိုက်မိပြီထင်၏။

မျိုးမြင့်ချို

9 comments:

Unknown said...

အန်တီစု ကလည်းဘာမှလုပ်ဘဲနဲ့ဆုကြီဘဲရနေတယ်ဗျာ....
တကယ်လုပ်တဲ့သူတွေကဘာဆုမှလည်းမရကြပါလား?????
အဲ......ရတော့ရပါတယ် နအဖ ကပေးတဲ့ထောင်နန်းစံ ရတာပေါ့.....တကယ်လက်တွေ့လုပ်နေတဲ့လူတွေကိုလည်းဆု ပေးကြပါအုံးဗျို့......(မြန်မာ ပြည်အတွင်း၌ လှုပ်ရှားသူများကိုရည်ရွယ်ပါသည်)

htwe said...

beautiful ...သို.
ပြည်တွင်းက နိုင်ငံရေး လှုပ်ရှားသူတွေအားလုံး ထဲမှာ အန်တီစု ထိပ်ဆုံးကပါတာပေါ့ ။ သူတို.အားလုံးကိုယ်စါး အန်တီစုကို ခေါင်းဆောင် အဖြစ် အသိအမှတ်ထား စုစည်းပြီး ပေးတဲ့ သဘောပေါ့။ ဘာမှမလုပ်ဘဲ နဲ့ ဆုကြီးဘဲရနေတယ် ဆိုတာ နအဖ ပြောတဲ့ စကားပါ။ အန်တီစု ရဲ့ ခေါင်းဆောင်မှုနဲ့ အလုပ်လုပ်ကြတဲ့ လူငယ်တွေ ပြောတဲ့စကား မဟုတ်ပါဘူး ။ နအဖ ရဲ့ နှစ်ရှည် ထောင်နန်းစံရတဲ့ အထဲမှာလဲ အန်တီစုက အမြဲတန်း ထိပ်ဆုံးက ပါတာပါပဲလေ ။ လှုပ်ရှားမူတွေ အားလုံးမှာ ပြည်သူတွေ နဲ့ အေးအတူပူအမျှ သူကိုယ်တိုင် ပါဝင်ခဲ့တာချည်းပါပဲ ။ တကယ်အလုပ်လုပ်တဲ့ လူတွေထဲမှာ အန်တီစုက မပါဝင်ပဲ နောက်ကွယ်ကနေ လူမသိသူမသိ အမိန့်. ပေးလေ့ပေးထ ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ ဖူးပါဘူး တစ်ခါလောက်များ ရှိရင် သက်သေပြစမ်းပါ။ သူ ဒီကနေ. အချုပ်ကလွတ်ရင် ဒီကနေ.ဘဲ ပြည်သူတွေရှေ. ထွက်ပီး နအဖကို မတရားတာမလုပ်ဖို. ပြည်သူတေါဖက် မျက်နှာမူဖို. ထောက်ပြ ပြောနေကျ သာဓကတွေ မမေ့ပါနဲ့။ ဒါကြောင့်လဲ အန်တီစု ကို နအဖက လူထုနဲ့ ထိတွေ.မှာ အကြောက်ကြီး ကြောက်ပြီး မလွှတ်ရဲတာပေါ့ ..။

Unknown said...

ဟုတ်ကဲ့ပါ.......ကျွန်တော်မှားသွားရင်လည်းတောင်းပန်ပါတယ်......ကျွန်တော်ဘဲ ဗဟုသုတ နည်းလို့လား စားဖတ်အားဘဲနည်း လို့လား အန်တီစု ကဆုတွေရတိုင်း ထောင်ထဲမှာရှိတဲ့သူတွေကို ကျေးဇူးတင်ကြောင်း ပြောတာမကြားမိသလိုဘဲ ပြီးတော့ ပြည်တွင်းမှာ လှုပ်ရှားတဲ့သူတွေကလည်းထောင်ကနေလွတ်လာရင်ပြန်ပြီတော့ပြည်သူ့အကျိုး အတွက် သူတို့ကိုယ့်ကျိုးကိုစွန့်ပြီး တော့ ပြန်လှုပ်ရှားကြတဲ့သူတွေပါဘဲ.......အကျယ်ချုပ် ကနေမဟုတ်ပါဘူး...သူတို့ခုပြစ်ဒဏ်ခံနေရတာလဲ နေအိမ်အကျယ်ချုပ်မဟုတ်ပါဘူး...တကယ့်ကြမ်းတမ်းတဲ့ နအဖ ရဲ့ထောင် ထဲမှာပါ....ဆေးဝါးကုသခွင့်မရ, ထောင်ဝင်စာတွေ့ခွင့်မရ, ထမင်းတောင်နပ်မှန်အောင် မစားရတဲ့ထောင်ထဲမှာပါ.....ကြားထဲက နှိပ်စက်တာကခံရသေးတယ်......ပြီတော့ဟိုလောကလည်း ကိုဇာက နာရဲ့သမီးတို့သားတို့ ကလည်း state show ကြည့်လို့ဆိုပြီ အပြောခံရသေးတယ်....သူတို့လည်းဝါသနာပါလို့သွားကြည့်တာနေမှပေါ့....အော်ဒါနဲ့ကျွန်တော်ကတော့်ကိုဗဟုသုတ နည်းပါတယ် သိရင်လည်းကျေးဇူးပြု၍ပြောပြပေးပါ website တွေရှိရင်လည်း ညွန်းပေးပါ....အန်တီစု ရဲ့သားသမီးတွေကရောဘာလုပ်နေကြလဲမသိဘူးနော်.....ကျွန်တော့အထင်တော့ နအဖ က ဘယ်သူ့ကိုမှမကြောက်ပါဘူး...မကြောက်လို့လဲတိုင်းပြည်ကို သူတို့လုပ်ချင်သလိုလုပ်နေကြတာပေါ့ဗျာ.....

htwe said...

beautiful... အကျယ်ချုပ်ကျလို. အနစ်နာခံရမှုဟာ နည်းတယ် နအဖရဲ့ ကြမ်းတမ်းတဲ့ ထောင်ထဲကျတာမို.လို. ပိုပြီးဒုက္ခရောက်တယ် ဆိုတာ မှန်ပါတယ် ဒါပေမယ့် ဒါဟာ အန်တီစုရဲ့ ရွေးချယ်မှု ကြောင့်မဟုတ်ပဲ နအဖ ရဲ့ ဆုံးဖြတ်ချက် ဖြစ်ပြီး ( ထောင်တွေထဲမှာ ဆေးဝါးကုသခွင့်မရ, ထောင်ဝင်စာတွေ့ခွင့်မရ, ထမင်းတောင်နပ်မှန်အောင် မစားရတဲ့ ထောင်ထဲမှာပါ. ကြားထဲက နှိပ်စက်တာက ခံရသေးတယ်..) ဒါတွေဟာ ကမ္ဘာကုလသမဂ္ဂက စံသတ်မှတ် ထားတဲ့ အကျဉ်းသားတွေ ရဲ.လူ. အခွင့်အရေးကို လူမဆန်စွာ ချိုးဖေါက်နေတဲ့ နအဖကြောင့်သာ ဖြစ်ပါတယ်။ ICRC ကိုဝင်ခွင့်မပေး တော့ တာလဲ ဒါတွေကြောင့်ပါ အန်တီစုရဲ့ ပရောဂ မပါပါ။
အန်တီစု ရဲ.သားတွေက မိခင်အား လာရောက် တွေ. ဆုံခွင့်ကို နအဖက တစ်ကြိမ် ခွင့်ပြုခဲ့ပေမယ့် အန်တီစုက သူဟာ အခြားနိုင်ငံရေး အကျဉ်းသား တွေနည်းတူ ပြည်ပရောက်နေတဲ့ သားသမီးတွေနဲ့ တွေ.ခွင့်မရသလို သူလဲ ဒီအခွင့်အရေးကို ထူးကဲပြီး မယူဘူးလို.ဆုံးဖြတ်ခဲ့ပါတယ်။
(နအဖ က ကြောက်နေတယ် ဆိုတာ) အန်တီစုကို ကြောက်တာ မဟုတ်သလို ပြည်သူကိုလဲ မကြောက်ပါဘူး၊ သူတို.ကြောက်တာ လက်ရှိ အခွင့်ထူးခံ ဘ၀က လျောကျပီး အာဏာစွန်.ရမှာ ကြောက်တာ- သူတို. ကျူးလွန်ထားတဲ့ အပစ်တွေအတွက် ပြန်လည် ပေးဆပ်ရမှာ ကြောက်ကြတာ ကို ပြောတာပါ။
ဒေါ်အောင်ဆန်းစုကြည် နဲ့ ပါတ်သက်တဲ့ Website အချို.ပါ။...
http://www.justgiving.com/prospectburma
http://www.newworldencyclopedia.org/entry/Aung_San_Suu_Kyi

Unknown said...

ကျွန်တော်လည်းအရင်တုန်းက အန်တီစု ကိုတော်တော် လေးအားကျဂုဏ်ယူမိပါတယ်...အောင်ဆန်းစုကြည် ဆိုတဲ့နာမည်ကြားရရင် တောင် တော်တော် လေး ကြက်သီး ထမိပါတယ်.....ခုတော့ကျွန်တော် လည်းဦးနှောက်ရှိလာတော့လည်း.....................အော်ဒါနဲ့စာကားမစပ် အန်တီစု ကိုပြောလိုက်ပါအုံးဗျာ....Prospect Burma scholarship ပေးတဲ့အဖွဲ့ကအလကားပါလို့...တကယ်တော်တဲ့သူတွေ...ပြီးတော့တကယ်ပညာရေးကိုမက်မောတဲ့သူတွေချို့တဲ့သည့်သူများကို scholarship မပေးပါဘူးလို့...ဗမာပြည်မှာနိုင်ငံရေး ကို ၁ ခါ ၂ ခါလောက်သာ လုပ်ပြီ နယ်စပ် ဘက်ကိုပြေးလာတဲ့သူတွေရဲ့သားသမီးတွေကိုဘဲပေးတာဗျ......သူတို့အချင်းချင်းဘဲပေးနေကြတာ...ကျွန်တော်ကိုယ် တွေ့ပါ.....ပြီတော့သူတို့ scholarship ပေးနေတဲ့ကျောင်းသား/သူ တွေကလည်း လူ့ဘော်ကျော့တွေ....ကျောင်းကိုလည်းသွားချင်မှသွားတယ်...စာမေးပွဲလည်းဖြေချင်မှသွားဖြေတယ်..GPA ကျလည်း အံမယ်သူတို့က scholarship ရတုန်းဗျ....

Unknown said...

အန်တီစု ကိုပြောလိုက်ပါအုံးဗျာ....Prospect Burma scholarship ပေးတဲ့အဖွဲ့ကအလကားပါလို့...တကယ်တော် တဲ့သူတွေ...ပြီးတော့တကယ်ပညာရေးကို မက်မောတဲ့သူတွေချို့တဲ့သည့်သူများကို scholarship မပေးပါဘူးလို့...ဗမာပြည်မှာ နိုင်ငံရေး ကို ၁ ခါ ၂ ခါလောက်သာ လုပ်ပြီ နယ်စပ် ဘက်ကိုပြေးလာတဲ့သူတွေရဲ့သားသမီး တွေ ကိုဘဲပေးတာဗျ......သူတို့အချင်းချင်းဘဲပေး နေကြတာ... ကျွန်တော်ကိုယ် တွေ့ပါ..... ပြီတော့သူတို့ scholarship ပေးနေတဲ့ကျောင်းသား/သူ တွေကလည်း လူ့ဘော်ကျော့တွေ....ကျောင်းကိုလည်းသွား ချင်မှသွားတယ်...စာမေးပွဲလည်းဖြေချင်မှ သွားဖြေတယ်.. GPA ကျလည်း အံမယ်သူတို့က scholarship ရတုန်းဗျ....

T-Aung said...

Comment တွေကို စီတ်ဝင်စားလို့ ကြည့်မီပါတယ် အကြောင်းအရာနဲ့ ရေးနေကြာတာ တခြားစီပဲ

Unknown said...

To htwe
You said
"ပြည်တွင်းက နိုင်ငံရေး လှုပ်ရှားသူတွေအားလုံး ထဲမှာ အန်တီစု ထိပ်ဆုံးကပါတာပေါ့ ။"
Are you sure?
Do you know student's leaders, student and people of 1988.
Do not accept the word "ထိပ်ဆုံး".
NLD couldn't accept "နိုင်ငံရေး လှုပ်ရှားသူတွေအားလုံး ထဲမှာ ထိပ်ဆုံး" by themself.

Unknown said...

Hi
In 1989,One guy(age-85years old)(already passed away) told me that there are the very clever two persons in our country.
They are Daw Aung San Su Kyi and Kyaw Thu.
Why?