မြင့်သိန်း
ဒီအကြောင်းတွေ ပြန်တွေးချင် ရေးချင်တဲ့ ဆန္ဒသိပ်မရှိပေမယ့် အခုလတ်တလော ဖြစ်ပျက်နေတဲ့ အခြေအနေ တွေကြောင့် သိသလောက်တော့ နောက်လူငယ်တွေ န၀တမှိုင်းမမိရအောင် ဖြစ်ရပ်မှန်တွေကို မိမိအသိဉာဏ် နဲ့ ဝေဖန်သုံးသပ်နိုင်စေချင်လို့ ရေးလိုက်ရပါတယ်။ ကျနော်တို့ငယ်စဉ်ကာလ ၁၉၆၂ ခုနှစ် ရှေ့ပိုင်းကာလများ က မြန်မာပြည်ကို ‘ရွှေနိုင်ငံ’ လို့ သိခဲ့ကြပါတယ်။ အင်္ဂလိပ်စာပေတွေမှာတောင် Golden Land, Golden Burma လို့ တင်စားရေးတတ်ကြပါတယ်။ ထိုအချိန်က တကယ်လည်း အရှေ့တောင်အာရှမှာ လျှမ်းလျှမ်း တောက် ထိပ်တန်းရောက်နေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်နေခဲ့ပါတယ်။ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အစစ အရာရာ ခုလက်ရှိအခြေနေနဲ့ ဘယ်လိုမှ နှိုင်းယှဉ်လို့မရအောင် ထိပ်တန်းမှာ ရှိခဲ့ပါတယ်။
ဒါပေမယ့် မြန်မာပြည်အတွက် ကံဆိုမိုးမှောင်ကျခဲ့ရတာကတော့ ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့က ဦးနေ ၀င်း (ဗိုလ်ချုပ်နေ၀င်း) က အာဏာသိမ်းယူပြီး မြန်မာနိုင်ငံကို ဆိုရှယ်လစ်နိုင်ငံအဖြစ် သွတ်သွင်းခံလိုက်ရတာ ပါပဲ။ အဲဒီအချိန်မတိုင်မီက မြန်မာနိုင်ငံဟာ အခုမြန်မာလူမျိုးတွေ အခုလခစားအဖြစ် သွားပြီး အလုပ်လုပ်နေ ကြတဲ့ နိုင်ငံများလိုပဲ အလွန်စည်ပင်ဖွံ့ဖြိုးပြီး အခြားနိုင်ငံများကနေ အရင်းအနှီးများမြှုပ်နှံပြီး Company တွေ ထောင်၊ စီးပွားရေးတွေလုပ်နဲ့။ အဲဒီလို စီးပွားရေးတွေကောင်း၊ တိုင်းပြည်က သာယာဝပြောနေတော့ နိုင်ငံခြား သားအလုပ်သမားအများလည်း ဒီနိုင်ငံမှာ လာအလုပ်လုပ်ကြနဲ့၊ အခု စင်္ကာပူတို့ မလေးရှားတို့အတိုင်းပဲပေါ့။ ပညာရေးဆိုရင်လည်း မြန်မာနိုင်ငံက တက္ကသိုလ်များရဲ့ ဂုဏ်သတင်းကျော်ကြားမှုတို့ကြောင့် အခြားနိုင်ငံတွေ ကနေ လာရောက်ပညာသင်ယူသူတွေ ရှိခဲ့သလို ဆရာအဖြစ် လာရောက်လုပ်ကိုင်သူတွေလည်း ရှိခဲ့ပါတယ်။
အရင်ရှိခဲ့တဲ့ တိုင်းပြည်ရဲ့ ဥစ္စာပစ္စည်းများကြောင့် ဦးနေ၀င်း (မဆလ) လက်ထက်အစပိုင်းမှာ သိသိသာသာ ကြီး မထိခိုက်သေးပေမယ့် တဖြေးဖြေးနဲ့ နိုင်ငံတော်က ချိနဲ့လိုက်လာပါတယ်။ မဆလလက်ထက် တက်ခါစမှာ ပြည်သူတွေကို တိုင်းပြည် ထူးထူးခြားခြား ပြောင်းလဲတိုးတက်တာတွေကို ထင်ထင်ရှားရှား လုပ်မပြနိုင်တော့ ယာဉ်မောင်းစနစ်ကို လက်ဝဲကပ်မောင်းစနစ်ကနေ လက်ျာကပ်မောင်းစနစ်အဖြစ် တနိုင်ငံလုံးပြောင်းလဲပစ် လိုက်ပါတယ်။ ဒီနေရာမှာလည်း နိုင်ငံတော်ဘဏ္ဍာကို အလဟဿ ဖြုန်းတီးပြီး အကြီးအကျယ် ပွဲလမ်းသဘင် တွေ၊ အနုပညာသည်တွေနဲ့ ပြုလုပ်ခဲ့ပါတယ်။ ဒီနေရာမှာ စဉ်းစားကြည့်ပါ။ လက်ျာကပ်မောင်းစနစ်ပြောင်းလဲ တာနဲ့ တိုင်းပြည်ကြီး တိုးတက်ခေတ်မီတာနဲ့ ဘာမှမဆိုင်ပါဘူး။ ဒီနေ့ တိုးတက်တဲ့ နိုင်ငံတော်တော်များများမှာ လက်ဝဲကပ်မောင်းစနစ်ပဲ သုံးစွဲနေတာပါပဲ။
ဒီနေရာမှာ န၀တနဲ့ မဆလ တူတာကို တွေ့နိုင်ပါတယ်။ န၀တ တက်ခါစမှာလည်း ပြည်သူတွေကို ထူးထူးခြား ခြား ပြောင်းလဲတိုးတက်တာတွေ လုပ်မပြနိုင်တာနဲ့ ဘာမဆိုင် ညာမဆိုင် တနိုင်ငံလုံး နိုင်ငံနာမည်ကစပြီး မြို့ နာမည်တွေ ပြောင်းပစ်လိုက်လို့ ဆိုင်းဘုတ်တွေ ပြင်ရေးရတာ နိုင်ငံတော်ကြီး တိုးတက်အောင်လုပ်တာလား။ ဆိုရှယ်လစ်ခေတ်မတိုင်မီက မြန်မာနိုင်ငံရဲ့ စီးပွားရေးက ခိုင်မာသလို လူတွေရဲ့ စာရိတ္တမဏ္ဍိုင်ကလည်း ခိုင်မာ ကြပါတယ်။ ဆိုရှယ်လစ်ခေတ်ရောက်တဲ့အချိန်မှာ အခြေခံစားသောက်ကုန်များဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား ... စတဲ့ ပစ္စည်းများကအစ ခွဲတမ်းနဲ့ဝယ်ကြရပါတယ်။ စခါစက ပြည်သူတွေမှာ စီးပွားရေးက သိပ်မယိုင်သေးတော့ စာ ရိတ္တပိုင်းမှာလည်း မဆိုးလှသေးဘူးပေါ့။ ခွဲတမ်းနဲ့ ၀ယ်ရတာတောင် ကိုယ်အသုံးမလိုအပ်ရင် မယူကြဘူး။
ဒါပေမယ့် ဒီစာရိတ္တကို မပျက်ပျက်အောင် စနစ်က သင်ပေးလာတော့ တစတစနဲ့ စာရိတ္တမဏ္ဍိုင်လည်း ပျက်စီး ရတော့တယ်။ မပျက်ခံနိုင်မလား၊ ဥပမာ - စီးကရက်ကို ကုန်သည်တွေ သူ့ဘာသာ ဖြန့်ဖြူးနေတာကို အလုပ် သမားသက်သာဆိုပြီး စက်ရုံအလုပ်ရုံ၊ ရုံးတွေမှာ ခွဲတမ်းပေးတယ်။ ဒီနေရာမှာလည်း ဒီရုံးတွေ အလုပ်ဌာနတွေ မှာ တကယ်ဆေးလိပ်သောက်သုံးသူက ဘက်လောက်ရှိလို့လဲ။ ဒါကြောင့် ဒီစနစ်စခါစမှာ စီးကရက်ပေးရင် ယူမယ့်သူ သိပ်မရှိလှဘူး။ ဒါလည်း ဘယ်လိုဖြစ်လာလဲဆိုတော့ ဆေးလိပ်ရောင်းဝယ်ပြီး လုပ်ကိုင်စားသောက် ရသူတွေမှာ ဆေးလိပ်ရောင်းစရာမရှိဖြစ်လာတော့ သူတို့က ခွဲတမ်းရတဲ့သူတွေဆီကနေ ပြန်ဝယ်လာတယ်။ နောက်တော့ အမြတ်ပေးဝယ်တယ်။ ဒီလိုနဲ့ တဖြေးဖြေးနဲ့ လူတွေက အမြတ်ရမှန်းသိလာတော့ ဆေးလိပ် သောက်သူရော မသောက်သူကပါ ခွဲတမ်းကို အကုန်ယူကြတော့တယ်။ အဲဒီကနေ မှောင်ခိုစီးပွားရေးစနစ်ကြီး ကြီးထွားလာပြီး လူတွေရဲ့ စာရိတ္တတွေလည်း ပျက်စီးလာကြတော့တယ်။
ဒီအချိန်မှာ သာမန်ပြည်သူတွေကိုတော့ ခွဲတမ်းစနစ်နဲ့ ရှားပါးချို့တဲ့အောင် လုပ်ထားပြီး ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူး ချုပ် စတဲ့ စစ်ဘက်အရာရှိကြီးများ၊ (အဲဒီအချိန်က ဗိုလ်ချုပ်မှူးကြီးရာထူး မရှိသေးသလို အခုလောက်လည်း ဗိုလ်ချုပ်တွေ မဖောင်းပွသေးဘူး) အရပ်ဘက် အရာရှိကြီးများအတွက်တော့ အထူးအခွင့်အရေးအနေနဲ့ ပဒုမ္မာ ကုန်တိုက်လို အခွင့်ထူးခံ လူတန်းစားတွေအတွက် ဖွင့်ပေးထားတဲ့ ကုန်တိုက်တွေမှာ အဆင်သင့် ရှားပါးပစ္စည်း တွေ၊ ပစ္စည်းကောင်းတွေ ရောင်းချပေးပါတယ် (အဲဒီဆိုင်မှာ ရောင်းတဲ့ ဘီစကွတ်က အပြင်မှာရနိုင်တဲ့ ကြည် ကြည်ဘီစကွတ်နဲ့ လုံးဝမတူတဲ့ အကောင်းစားတွေပါ။ ၈၈ အရေးအခင်းဖြစ်လို့ အဲဒီဆိုင် အဖောက်ခံရတော့မှ သာမန်ပြည်သူတွေ မြင်ဖူးကြရတာပါ)။ အဲဒီအချိန်ကစပြီး မြန်မာပြည်မှာ တန်းစီတိုးစား မှောင်ခိုလူတန်းစားတ ရပ် ပေါ်ပေါက်လာခဲ့ရတာပါ။
စာရေးသူငယ်ငယ်က ကြုံခဲ့ရတဲ့ မှတ်မိနေတဲ့ အဖြစ်အပျက်ကလေးတခုက နေပြည်တော်ရုပ်ရှင်ရုံမှာ ရုပ်ရှင် ကြည့်ဖို့် လက်မှတ်ပိုနေလို့ ရုပ်ရှင်ကလည်း လူကြိုက်များတဲ့ ရုပ်ရှင်မို့ လက်မှတ်မှောင်ခိုဈေးကလည်း ကောင်း နေတော့ ပိုနေတဲ့ လက်မှတ်ကလေးကို မုန့်ဖိုးလေးဘာလေးများ ရလိုရငြား ပြန်ရောင်းမိခဲ့တယ်။ အဲဒီအချိန်မှာ ပဲ လူတယောက်က အရောင်းအ၀ယ်လုပ်နေတာကို ၀င်ဖမ်းပြီး ရဲလက်အပ်မယ်လုပ်လို့ မနည်းတောင်းပန်ယူရ တယ်။ နောက်တော့မှ ဖမ်းတဲ့သူက ရုပ်ရှင်ရုံမန်နေဂျာကိုယ်တိုင် ဖြစ်နေတာ သိရတယ်။ သူက မှောင်ခိုလက် မှတ်ရောင်းတာကို နှိမ်နင်းရေးလုပ်ရာမှာ ဦးဆောင်နေပြီးတော့ မှောင်ခိုလက်မှတ်ရောင်းဝယ်တာကို သတင်း ပေးတဲ့သူ၊ ဖော်ထုတ်ပေးတဲ့သူတွေကိုလည်း ဆုချီးမြှင့်တဲ့အနေနဲ့ ရုပ်ရှင်မေတ္တာလက်မှတ် ပေးမယ့်အကြောင်း ရှင်းပြလိုက်ပါတယ်။
အဲဒီအဖြစ်အပျက်ကလေးက အခုဖြစ်ပျက်နေတဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်နိုင်အောင်ပါ။ အဲဒီအချိန်နဲ့ ခု ခေတ်အုပ်ချုပ်တဲ့ တာဝန်ယူသူတွေရဲ့ အခြေခံစိတ်ဓာတ်နဲ့ အတွေးအခေါ် ကွာဟနေတာတွေ့ ရှိနိုင်ပါတယ်။ ဟိုခေတ်က လူတွေက စည်းကမ်းစနစ်ကျအောင် ခေါင်းပုံဖြတ်အမြတ်ကြီးစားတဲ့ စနစ်ပျောက်ပျက်အောင်လုပ် ဖို့ တာဝန်တရပ်အနေနဲ့ ကြိုးစားလုပ်တာတွေ့နိုင်ပြီး ခုခေတ်လူတွေကတော့ မိမိအတွက် အကျိုးအမြတ်ရရေး ကို အဓိကထားတာ ထင်ထင်ရှားရှား တွေ့ မြင်နိုင်ပါတယ်။
အဲဒီအချိန်က ပညာရေးအခြေအနေကလည်း ထိပ်တန်းမှာ ရှိနေပါတယ်။ ကျောင်းတွေကို ပြည်သူပိုင်မသိမ်းခင် အချိန်က စိန်ပေါလ်၊ မက်သဒစ်၊ စိန်ဂျွန်း ... စတဲ့ နာမည်ကြီး ခရစ်ယန်သာသနာပြုကျောင်းတွေ အများကြီး ရှိခဲ့ သလို ၀ှါကြုံး၊ နန်ယန်း ... စတဲ့ နိုင်ငံခြားက လာဖွင့်တဲ့ ကျောင်းတွေလည်း အများအပြား ရှိခဲ့ပါတယ်။ ဒီလို ကျောင်းတွေရှိလို့ အစိုးရကျောင်းတွေက ပညာသင်တာ ညံ့ဖျင်းတယ်လို့လည်း မရှိခဲ့ပါဘူး။ လသာ၊ တောင် ဥက္ကလာ၊ ရေကျော် စတဲ့ အစိုးရကျောင်းတွေဟာလည်း ထိပ်တန်းကျောင်းစာရင်းထဲမှာရှိသလို မြို့မကျောင်း ကလည်း ထိပ်တန်းအမျိုးသားကျောင်းတကျောင်းအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ဆယ်တန်းစာမေးပွဲတွေမှာ အမှတ် အများဆုံးရတဲ့ ကျောင်းတွေထဲမှာ စာရင်းဝင်ခဲ့ပါတယ်။
အားကစားနဲ့ ပတ်သက်ပြီးပြောရရင်လည်း ထိပ်တန်းပါပဲ။ အဲဒီအချိန်က အရှေ့တောင်အာရှသာမက အာရှတ လွှားမှာ မြန်မာက တော်တော်များများ ထိပ်တန်းက နေရာယူထားခဲ့ပြီး တချို့အားကစားတွေမှာ ကမ္ဘာ့အဆင့် ထိ ၀င်နိုင်ခဲ့ကြပါတယ်။ ဒါလည်း သိပ်တော့မထူးဆန်းလှဘူး။ အဲဒီအချိန်က ကျောင်းသားအားကစားပြိုင်ပွဲ တွေ၊ တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲတွေ၊ တိုင်းနဲ့ ပြည်နယ်အားကစားပြိုင်ပွဲတွေ အဆက်မပြတ် ကျင်းပ ပေးခဲ့တယ်။ ပြည်သူတွေအနေနဲ့လည်း စားဝတ်နေရေးကို ခုလိုမကြောင့်ကြကြရတော့ အားကစားကို ကောင်း ကောင်း အားပေးလိုက်စားနိုင်တဲ့ အခြေအနေရှိကြတယ် (အခုလည်း အားကစားလိုက်စားကြတာပါပဲ။ ဘယ် သူနိုင်မယ်၊ ဘက်နှစ်လုံးကြော ... စသည်ဖြင့်လေ)။
မဆလလက်ထက်မှာ အရေးအခင်းတွေလည်း အများကြီး ဖြစ်ခဲ့ဖူးတယ်။ ၆၂ ခုနှစ် ဆဲဗင်းဂျူလိုင်ကျောင်းသား အရေးအခင်း၊ ကျွန်းဆွယ်ကျောင်းသားအရေးအခင်း၊ အလုပ်သမားအရေးအခင်း၊ ဦးသန့်အရေးအခင်း၊ ၈၈ အ ရေးအခင်း စသည်တို့နဲ့  တရုတ်အရေးအခင်းလို ဆန်ပြဿနာကနေ လူထုဆူပူမှုတွေ ဖြစ်လာမှာစိုးလို့ လမ်း လွှဲတဲ့အနေနဲ့ ဖန်တီးလုပ်ကြံတဲ့ အရေးအခင်းတွေလည်း ဖြစ်ခဲ့ပါတယ်။ ကျောင်းသားအရေးအခင်း၊ အလုပ်သ မားအရေးအခင်းတွေ အားလုံးဟာ မဆလစနစ်ဆိုးရဲ့ ညံ့ဖျဉ်းတဲ့စီမံအုပ်ချုပ်မှုကြောင့် ကျောင်းသား၊ အလုပ်သ မားတို့ကနေ ပညာရေး၊ စီးပွားရေးအခြေအနေတွေ ပိုမိုတိုးတက်ကောင်းမွန်လာအောင် တောင်းဆိုတိုက်ပွဲဝင်ခဲ့ ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီတိုက်ပွဲတွေကို မဆလကနေ ရက်ရက်စက်စက် ဖြိုခွင်းပစ်ခဲ့ပါတယ်။ အဲဒီ လို ဖြိုခွင်းပစ်ခဲ့ပေမယ့် အဲဒီအချိန်က ကျောင်းသား အလုပ်သမား မပေါင်းစည်းမိကြသေးသလို ဖြစ်ပျက်ခဲ့တာ တွေကလည်း ကျောင်းထဲ၊ အလုပ်ခွင်ထဲမှာ ဖြစ်ပျက်ခဲ့တာမို့ ပတ်သက်တဲ့သူတွေနဲ့ တချို့တလေကလွဲလို့ တိ တိကျကျ သေသေချာချာ သိသူနည်းပါးခဲ့ပါတယ်။
မီဒီယာတွေ ခုခေတ်လို မတိုးတက်သေးတာကလည်း အစိုးရအနေနဲ့ သတင်းမှောင်ချတာတို့ ၀ါဒဖြန့်တာတို့ လုပ်ဖို့ ပိုမိုလွယ်ကူစေတဲ့ အကြောင်းတရပ်ဖြစ်ခဲ့ပါတယ်။ အချို့နယ်ဘက်က လူတွေဆို အဲဒီလိုဖြစ်ပျက်ခဲ့ တယ်ဆိုတာ တကယ်ကို မသိကြဘူး။ ၈၈ ခုနှစ် အရေးအခင်းကတော့ အလုပ်သမား၊ ကျောင်းသား၊ သံဃာ (ဘုရားသား)၊ သားသုံးသားပေါင်းမိပြီးတော့ ဖြစ်ပျက်တဲ့ ကိစ္စတွေကလည်း အရင်အဖြစ်တွေလို ကျောင်းထဲ၊ စက်ရုံအလုပ်ရုံထဲမှာသာ ဖြစ်တာမဟုတ်တော့ဘဲ နေရာအနှံ့ ဖြစ်နေတာမို့ သတင်းတွေက တော်တော်မြန်မြန် ပျံ့နှံ့သွားနိုင်ခဲ့တယ်။ ပြည်သူတွေအနေနဲ့ကလည်း မဆလရဲ့ ခါးသီးတဲ့ဒဏ်တွေကို ဘယ်လိုမှသည်းခံနိုင်စွမ်း မရှိတော့တာမို့ လူတန်းစားအဆင့်အတန်းတိုင်း ပါဝင်လာခဲ့ကြလို့ နောက်ဆုံး မဆလ ပြုတ်ကျရတဲ့ အဆင့်ထိ ရောက်ခဲ့ရတယ်။ ကျနော်ကိုယ်တိုင်လည်း အားရ၀မ်းသာနဲ့ ချီတက်လာကြတဲ့ ဆန္ဒပြသူတွေကို လက်ခုပ် လက်ဝါးတီးပြီး ရန်ကုန်မြို့ရဲ့ လမ်းဆုံတနေရာကနေ အားပေးနေတုန်း၊ ဆန္ဒပြပွဲမှာ ချီတက်လာတဲ့ တပ်မတော် သားတွေကို အကာအကွယ်ယူပြီး လိုက်လာကြတဲ့ သူငယ်ချင်းတွေနဲ့တွေ့ပြီး သူတို့နဲ့အတူ ချီတက်တဲ့အထဲ လိုက်ပါခဲ့ပါတယ်။
အဲဒီတုန်းက တိုင်းပြည်မှာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် ကာကွယ်ပေးမယ့် ယန္တရားလည်း ပျက်ပြယ်ခဲ့လို့ ပြည်သူတွေကိုယ်တိုင် ကိုယ့်ရပ်ရွာလုံခြုံရေးကိုယ်တာဝန်ယူခဲ့ကြရတယ်။ ည ဘက်ဆို ရပ်ကွက်ထဲမှာ ကင်းစောင့်ကြရတယ်။ ဒီဖြစ်ရပ်တွေက တကယ့်သမိုင်း ၀င်ဖြစ်ရပ်တွေပါ။ ဒါတွေကို သေးသိမ်အောင် ပျောက်ပျက်အောင် လုပ်လို့မရနိုင်ပါဘူး။
မြန်မာ့တပ်မတော်
ယခင်က မြန်မာ့တပ်မတော်ဟာ ခုလက်ရှိတပ်မတော်နဲ့ နှိုင်းယှဉ်စရာကို မမြင်ပါဘူး။ အဲဒီအချိန်က ပြည်သူ တွေကလည်း တပ်မတော်သားတွေကို ချစ်ကြည်လေးစားကြသလို တပ်မတော်သားတွေကလည်း ပြည်သူ တွေအတွက်ဆို အသက်ပေးရဲတဲ့ စိတ်ဓာတ်အပြည့်ရှိကြတယ်။ နောက်ပိုင်းစစ်တပ်ကတော့ စစ်ဝတ်စုံကို အ ခွင့်ကောင်းယူပြီး ရသမျှ ကိုယ်ကျိုးရှာဖို့ကလွဲပြီး ခံယူချက်က မရှိသလောက်ဖြစ်နေပါပြီ။ ဒီထဲမှာ တကယ်စိတ် ဓာတ်ပြည့်ဝတဲ့ စစ်သားကောင်းတွေမရှိဘူးလို့ မဆိုလိုပေမယ့် မရှိတော့သလောက် အလွန်နည်းနေပါပြီ။ ကိုယ် ကျိုးရှာရုံသက်သက်ဆို တော်သေးတယ်။ တချို့က အာဏာပါ အလွဲသုံးစားလုပ်တတ်ကြတယ်။
တလောလေးကမှ ဖြစ်ပျက်ခဲ့တဲ့ ပဲခူးက သေနတ်နဲ့ ပစ်သတ်မှုကတော့ ထင်ထင်ရှားရှား မြင်သာတဲ့ ဥပမာပါပဲ။ ယခင်ကတော့ တပ်မတော်သားတွေကို ပြည်သူတွေက ချစ်ကြတော့ တော်လှန်ရေးနေ့ချီတက်ပွဲတွေမှာ ဘယ် သူကမှ နှိုးဆော်နေစရာမလိုဘဲ ကိုယ့်အသိစိတ်နဲ့ကိုယ်သွားပြီး ပန်းကုန်းဆက်ကြ သောက်ရေနဲ့ အအေးတွေ သွားကမ်းကြနဲ့ အင်မတန်ကြည်နူးစရာအတိဖြစ်ခဲ့တယ်။ ကိုယ်တိုင်ငယ်စဉ်ကလည်း တပ်မတော်သားတွေကို အားကျပြီး ကြီးရင် စစ်ဗိုလ်လုပ်မယ်၊ တိုင်းပြည်ရန်သူတွေကို တိုက်မယ်ဆိုပြီး စစ်သီချင်းတွေ အလွတ်ကျက် ပြီး ဆိုရင်း အရူးထမိသေးတယ်။
အဲဒီအချိန်က တရုတ်ဖြူတပ်တွေက ကျူးကျော်ဝင်ရောက်လာတာကို နှိမ်နင်းရင်း ကျဆုံးသွားတဲ့ သူရဲကောင်း စစ်သည်တွေ ရှိခဲ့တယ်လေ။ လေသူရဲ ဗိုလ်ပီတာဆို ခုထိမှတ်မိနေသေးတယ်။ လူတိုင်းရဲ့နှုတ်ဖျားမှာ တသသ နဲ့။ တရုတ်ဖြူတွေကို သွားတိုက်ရင်း လေယာဉ်ပျက်ကျပြီး ကျဆုံးသွားတာလေ။ ဒီဘက်ခေတ်မှာတော့ စစ် ဗိုလ်စစ်သားဆို သာမန်ပြည်သူတွေက မေတ္တာ စေတနာမရှိကြတော့ဘူး။ ကိုယ်ကျိုးရှာ အမြတ်ထုတ်တဲ့သူ တွေကသာ သူတို့စီးပွားရေးလုပ်စားဖို့ ကပ်ဖားရပ်ဖားလုပ်ပြီး ပေါင်းနေကြတာ။
မြန်မာလူမျိုးတွေရဲ့ မကောင်းတဲ့အလေ့တခု ပြောရဦးမယ်။ အဲဒါက တခြားမဟုတ်ဘူး၊ အကြောင်းကြောင်း ကြောင့် တပ်က ထွက်လာသူ၊ အငြိမ်းစားယူထားသူ ... စတဲ့ တပ်ထွက်တွေကို တပ်မှာတုန်းကရှိခဲ့တဲ့ ရာထူး အတိုင်း ဗိုလ်ကြီး၊ ဗိုလ်မှူးကြီး ... စသဖြင့် တပ်က ရာထူးအခေါ်အဝေါ်အတိုင်း ဆက်ပြီးခေါ်နေကြတာပဲ။ ကျ နော်ငယ်ငယ် စစ်တပ်က အာဏာသိမ်းပြီး အရပ်ဘက်ကိုရောက်လာတဲ့ တပ်ထွက်တွေကို လူတွေ အဲဒီလို ခေါ် တာတွေ ကြားရတော့ ဘာဖြစ်လို့ သူတို့ကို မရှိတော့တဲ့ ရာထူးကြီးကို ဆက်ခေါ်နေကြတာပါလိမ့်လို့ လူကြီး တွေကို မေးမိတယ်။ သူတို့က အဲဒီလိုခေါ်မှ ကြိုက်တာလို့ပဲ အဖြေရတယ်။
ကျနော်ကတော့ အဲဒီအချိန်ထဲက ဒီလိုခေါ်ပြောနေတာကို ဘ၀င်မကျ ခဲ့ဘူး။ ဒါကိုထောက်ခြင်းအားဖြင့် စစ် တပ်ကသူတွေဟာ သူတို့ရာထူးကို အရမ်းမက်မောပြီး သေတဲ့အထိ မစွန့်လွှတ်နိုင်ဘူးဆိုတာ ထင်ရှားနေတာ ပဲ။ စစ်တပ်ကလူတွေ ပြောလေ့ရှိတဲ့ စကားတခုရှိတယ်။ ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင် တယ်ဆိုတာလေ။ ဒါကြောင့်လည်း တိုင်းပြည်မှာ ရေပါဖို့ အဓိကထားလုပ်ကြရင်းက ပါတဲ့ရေက သောက်လို့ သုံးလို့မရဘဲ တိုင်းပြည်သာ ဆင်းရဲသထက်ဆင်းရဲပြီး အာရှရဲ့ထိပ်တန်း နိုင်ငံတနိုင်ငံကနေ ကမ္ဘာအဆင်းရဲဆုံး နိုင်ငံအဖြစ် ရောက်ခဲ့ရတော့တယ်။
စက်မှုလက်မှုလုပ်ငန်းများ
ပြည်သူပိုင်မသိမ်းခင်ကာလက မြန်မာပြည်မှာ စက်မှုလုပ်ငန်းတွေ အတော်လေးထွန်းကားပြီး အရှိန်ရနေတဲ့ အ ချိန်ပါ။ အဲဒီထဲမှာမှ ကလေးကစားစရာကအစ အ၀တ်အထည်၊ စားသောက်ကုန်နဲ့ အခြားစက်မှုလုပ်ငန်း အ တော်များများဟာ မြန်မာလူမျိုးစစ်စစ်များ ပိုင်ဆိုင်ဦးစီးခဲ့တဲ့ လုပ်ငန်းတွေပါ။ ကစားစရာဆို ဘေဘီစတိုး၊ အ ထည်အလိပ်ဆိုရင်လည်း ခေတ်အကြိုက်၊ ရွှေကျီး ... စတဲ့ နိုင်လွန်စက်ရုံတွေ၊ စားသောက်ကုန်လုပ်ငန်းတွေ ဆိုလည်း ဗာကင်စည်သွပ်စက်ရုံ၊ ပွင့်ကောင်းငါးပိငန်ပြာရည်စက်ရုံ ... စတဲ့ နာမည်ကြီးစက်ရုံတွေ ဒုနဲ့ဒေးရှိခဲ့ တာပါ။ အဲဒီအချိန်က အရှိန်အတိုင်းသာ မြန်မာနိုင်ငံကြီး ဆက်သွားခဲ့မယ်ဆိုရင် ခုချိန်ဆို ကမ္ဘာ့အလယ်မှာ ထိပ်တန်းနိုင်ငံတခု ဖြစ်နေမှာမလွဲပါဘူး။
မဆလခေတ်စကာစမှာလည်း စောစောကရေးခဲ့သလို တက်နေတုန်း အရှိန်ကောင်းနေတုန်းဆိုတော့ သိသိ သာသာကြီး ချက်ချင်းထိုးမကျသွားခဲ့ဘူး။ ဒါပေမယ့် ရေရှည်မှာတော့ ဘာမှမယ်မယ်ရရ ထွန်းကားတိုးတက် အောင် မလုပ်ဆောင်ပေးနိုင်တဲ့အပြင် ကိုယ်ကျိုးစီးပွားကိုသာ ဦးစားပေးခဲ့တဲ့အတွက် တိုင်းပြည်ကြီးမှာ ချုံးချုံး ကျပြီး ပြည်သူအများကတော့ ဆင်းရဲတွင်းနက်ခဲ့ကြရပါတော့တယ်။
ဘာနဲ့တူလဲဆိုတော့ ဘာမှလဲဟုတ်တိ ပတ်တိ မလုပ်တတ်၊ လက်ကြောတင်းအောင်လည်း မလုပ်ချင်တဲ့ လူ ပေါ်ကြော့တယောက်က လင်ယောက်ျား ဖြစ်တဲ့ သူဌေးကြီးသေပြီး အမွေတွေရထားတဲ့ သူဌေးကတော်မုဆိုး မကို မိန်းမအဖြစ်ရလိုက်သလိုပေါ့။ ဘာမှလည်း မလုပ်တတ်တော့ အရင်ယောက်ျား ရှာထားခဲ့တဲ့ ပစ္စည်းတွေ ကို ထိုင်ဖြုန်းရင်း တဖြည်းဖြည်းနဲ့ ဘာမှမကျန်တော့တဲ့အခါကျတော့ ခြံစည်းရိုးတိုင်ချွတ်ရောင်း၊ အိမ်ခေါင်မိုး ခွာရောင်းနဲ့ ရှိသမျှ ရောင်းစားလို့ရတာမှန်သမျှ ရောင်းစားနေတော့ တအိမ်လုံး ဘာမှမယ်မယ်ရရ မကျန်တော့ တဲ့ အဖြစ်မျိုးနဲ့ ကြုံကြရပါတော့တယ်။
မဆလ တက်စအချိန်က ဂျပန်က စစ်လျော်ကြေးအနေနဲ့ ပေးခဲ့တဲ့ အကြီးစားစက်ရုံလုပ်ငန်းဖြစ်တဲ့ မော်တော် ယာဉ်လုပ်ငန်း၊ အိမ်သုံးပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းတွေဆိုရင် လူကြိုက်များပြီး အရောင်းသွက်တဲ့ ပစ္စည်း တွေဖြစ်ခဲ့တယ်။ အဲဒီအချိန်က နာမည်ကြီးခဲ့တဲ့ မာဇဒါကားတွေ (လေးဘီး၊ ဖယ်မလီယာ၊ သရီးတူးသရီး ... စ တာ)၊ ဟီးနိုးကား (ဘတ်စကား၊ တီအီးအလဲဗင်း ... စတာ) တွေ ထုတ်လုပ်ပေးခဲ့သလို အိမ်သုံးပစ္စည်းတွေအ နေနဲ့ National တံဆိပ်နဲ့ ရေခဲသေတ္တာ၊ မီးသီးမီးချောင်း၊ လျှပ်စစ်ထမင်းအိုး ... စသည်တို့ကို ထုတ်လုပ်ခဲ့တာ လူကြိုက်များလို့ ရောင်းမလောက်ခဲ့ဘူး။ အခုတော့ အဲဒါတွေအားလုံး တိမ်မြုပ်ပျောက်ကွယ်သွားပြီလေ။
အဲဒီအချိန်က အာရှမှာ မော်တော်ကားကို အောင်အောင်မြင်မြင် ထုတ်နိုင်တာ ဂျပန်နဲ့ ကိုးရီးယားပဲရှိသေး တယ်။ တရုတ်တောင် ဒီလောက်မအောင်မြင်သေးဘူး။ ယိုးဒယားတို့ မလေးရှားတို့ဆိုတာ အဝေးကြီး။ အခု တော့ အဲဒီနိုင်ငံတွေက နောက်ဆုံးပေါ်ကားတွေကို ကမ္ဘာ့နာမည်ကြီး ကားကုမ္ပဏီတွေနဲ့ ပူးပေါင်းထုတ်လုပ် နေကြပြီလေ။ မြန်မာက ရှေ့က စခဲ့ပေမယ့် စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် ခုတော့ လုံးဝဇာတ်သိမ်းသွားရတယ်။
ဒီလိုဖြစ်ရတာတွေဟာ မြန်မာပြည်မှာ တကယ်တော်တဲ့ ထူးချွန်တဲ့သူတွေကို နေရာမပေးတဲ့အပြင် အထက် ပိုင်းရာထူး အားလုံးနီးပါးကို မိုးပေါ်ကကျလာတဲ့ တပ်ထွက်တွေနဲ့အစားထိုးပြီး တက်လမ်းတွေကို ပိတ်ထားခံ လိုက်ရတာလည်း မြန်မာပြည်ကြီး တိုးတက်ဖို့ လမ်းကြောင်းကနေ သွေဖီသွားခဲ့ရတဲ့ အကြောင်းတခုပါပဲ။ လုပ် ငန်းခွင်ထဲရောက်လာတဲ့ တပ်က ပုဂ္ဂိုလ်ကလည်း ကိုယ်ကျိုးကို ဦးစားပေးပြီး တပ်ထဲက အကျင့်အတိုင်း ဟောက်စားပြီး လုပ်ငန်းကို နားမလည်ဘဲ တွေ့ကရာလုပ်လို့ တချို့လူကြီးတွေက မခံနိုင်လို့ ပင်စင်ယူ အလုပ် ထွက်ကြနဲ့ တကယ်တော် တကယ်တတ်ကြတဲ့သူ တော်တော်များများက အလုပ်ခွင်ကနေ စွန့်ခွာသွားကြ တယ်။
ဒါကြောင့် ၈၈ အရေးအခင်းနောက်ပိုင်းမှာ ၀န်ထမ်းတော်တော်များများ ထွက်ကုန်ကြပြီး နိုင်ငံခြားရောက်သွား ကြတဲ့သူတွေနဲ့ တချို့လည်း အပြင်လုပ်ငန်းထွက်လုပ်ကြသူနဲ့ ၀န်ထမ်းဦးရေ တော်တော်များများ လျော့သွား တယ်။ ဒီကြားထဲမှာ ၈၈ အရေးအခင်းမှာ ပါဝင်ခဲ့လို့ အလုပ်ထုတ်ပစ်ခံရသူ၊ အရေးအခင်းအပြီး (၃၃) ချက် သ ဘောထားစစ်တမ်း ကောက်ယူတဲ့အခါမှာ ဘုမသိဘမသိ အလုပ်ဖြုတ်ခံလိုက်ရသူတွေကလည်း ရှိသေးတယ်။ အဲဒီလို အလုပ်ဖြုတ်ပစ်တာလည်း အလုပ်သမားတွေကို ဘာအကြောင်းမှ ခိုင်ခိုင်လုံလုံမပြဘဲ ဘာခံစားခွင့်မှ လည်းမပေးဘဲနဲ့ ဒီအတိုင်း ဥပဒေမဲ့ ထုတ်ပစ်ခံခဲ့ကြရတာ။ အဲဒီအချိန်ထဲက ဥပဒေမဲ့ လုပ်ချင်ရာလုပ်ခဲ့ကြတာ၊ အချိန်ကြာလာတဲ့အမျှ ပိုပြီး အတင့်ရဲ၊ လက်ရဲဇက်ရဲ ဖြစ်လာတော့တာပေါ့။
ခုနောက်ဆုံး နယ်စပ်ဒေသတွေနဲ့ တခြားနေရာတွေမှာ လူမသိသူမသိ ရမ်းကားရာကနေ နောက်ဆုံး ပဲခူးမြို့လို မြို့ကြီးပေါ်မှာတောင် ဘယ်သူ့မှ ဂရုမစိုက်ဘဲ ပစ်သတ်ရဲတဲ့အထိ ကျူးလွန်လာတော့တာပါပဲ။ ဒါတွေကြောင့် အခုအမည်ခံရွေးကောက်ပွဲကြီးမှာ မနိုင်နိုင်အောင်လုပ်ပြီး အာဏာကို တရားဝင်ဖြစ်အောင် လုပ်ယူပြီးရင် တိုင်း ပြည်ကြီးနဲ့ ပြည်သူတွေရဲ့အခြေအနေက မတွေးရဲလောက်အောင် ရင်လေးစရာပါပဲဆိုတာ ဆင်ခြင်တွေးတော နိုင်ကြပါစေ။ ။
မြင့်သိန်း
Thursday, September 30, 2010
ကျနော် ပြောပြချင်သည် ‘ဗမာပြည်’
Subscribe to:
Post Comments (Atom)
2 comments:
အိုင်ဆေး ကိုမြင့်သိန်း
မှန်တယ်ဗျာ သိပ်မှန်တယ်။ ထောက်ခံတယ်။ သဘောတူတယ်။ ရင်လေးတယ်။
အိုင်ဆေး ဆောင်းပါးကလေး ကို သဘောကျတယ်ဗျာ။ ကြိုက်တယ်ဗျာ။
အင်း ဒီမိုး ဒီရေ ဒီလူတွေ နဲ့ကတော့ အင်း … ခက်တယ် သိပ်ခက်တယ်။
အပ္ပမာဒေန
မစ္စတာသာဂိ
မစ္စတာသာဂိ
အမှန်ရေးထားတာတွေကို
"မှန်တယ်ဗျာ သိပ်မှန်တယ်။ ထောက်ခံတယ်။ သဘောတူတယ်။ ရင်လေးတယ်။"လုပ်နေပြန်ပြီ
ဆရာလည်းရေးပါ့။
Post a Comment