“သမ္မတသက်တမ်းတလျှောက်မှာ အကြီးမားဆုံး အမှားက ဘာပါလဲ”
အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ်ကို သတင်းထောက်တွေ အကြိမ်ပေါင်းများစွာ ဒီမေးခွန်း မေးခဲ့ဖူးပါတယ်။ သမ္မတကြီး တခါမှ တိတိပပ မဖြေခဲ့ပါဘူး။ အင်တာနက်ပေါ်မှာ လိုက်ဖွရင်း သမ္မတဘုရှ် တိတိပပ မဖြေခဲ့တဲ့ ကြီးမားတဲ့ အမှားတွေကို ၀က်ဆိုက်တခုမှာ သွားတွေ့ပါတယ်။ (၁၀၀) တိတိ စာရင်းလုပ်ထားပါတယ်။ ကပ်သိ ကပ်သပ် စာရင်းပြုစုထားသူတွေကလည်း ခေသူတွေ မဟုတ်ကြပါဘူး။ အဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ်က သမ္မတကလင်တန်လက်ထက်က အစိုးရအဖွဲ့ထဲမှာ အမှုထမ်းဖူးတဲ့လူ၊ သမ္မတနဲ့ ဒု-သမ္မတရဲ့အကြံပေး၊ အဖွဲ့ ၀င်တွေကလည်း ပင်တဂွန်မှာ အမှုထမ်းဖူးတဲ့လူတွေ၊ တခြားနယ်ပယ်က အတွေ့အကြုံ၊ အကြားအမြင်များတဲ့ လူတွေချည်းပါ။ အမှား (၁၀၀) ထဲက တ၀က်ကျော်ကတော့ သိတော်မူကြတဲ့အတိုင်း အီရတ်စစ်ပွဲနဲ့ သက်ဆိုင် တာချည်းပါပဲ။
ဒီဆောင်းပါးမှာ အဓိကပြောချင်တာက သမ္မတဘုရှ်ရဲ့ (၁၀၁) ခုမြောက် အမှားကိစ္စဖြစ်ပါတယ်။ ဘယ်သူက ပြောသလဲဆိုရင် အမေရိကန်လက်ရှိသမ္မတ ဘာရတ်အိုဘားမားက ပြောပါတယ်။ ၀ါရှင်တန်ပို့စ်နဲ့ အင်တာဗျူး - ၀ါရှင်တန်ပို့စ်နဲ့ ၁၅ ကြိမ်မြောက် စကားစမြည် (ဇန်န၀ါရီ ၁၉။ ၂၀၀၉) ရက်စွဲနဲ့ပါ။ အရသာပျက်သွားမှာစိုးလို့ အမေးအဖြေကို မူရင်းအတိုင်းပဲ တင်ပြပါရစေ။
ဝါရှင်တန်ပို့စ် ။ ။ လွတ်လပ်မှုနဲ့ ဒီမိုကရေစီမြှင့်တင်ရေးဆိုတာကို အမေရိကန်နိုင်ငံခြားရေးပေါ်လစီမှာ ဘယ်တိုင်းအတာထိ ပါဝင်သင့်ပါသလဲ။ တကယ်လို့ အတိုင်းအတာတခုထိ ထည့်ထားသင့်တယ်လို့ ယူဆရင် လွန်ခဲ့တဲ့ ရှစ်နှစ် (သမ္မတဘုရှ်သက်တမ်း) က လုပ်ဆောင်ခဲ့တာတွေနဲ့ မတူအောင် ဘယ်လိုများ လုပ်ဆောင် မယ်ဆိုတာကို တဆိတ်ပြောပြပါ။
အိုဘားမား ။ ။ လွတ်လပ်မှုနဲ့ ဒီမိုကရေစီမြှင့်တင်ရေးဆိုတာ အမေရိကန်နိုင်ငံခြားရေးပေါ်လစီရဲ့ အဓိက အ စိတ်အပိုင်းဖြစ်ရမှာပေါ့ဗျာ။ အမေရိကန်ကိုယ်နှိုက်က လွတ်လပ်မှုနဲ့ ဒီမိုကရေစီဖြစ်နေတာကိုး။ ... ဒါနဲ့ စကား မစပ်ပြောရရင် သမ္မတဘုရှ်ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးနဲ့ သက်ဆိုင်တဲ့ တည်ကြည်တဲ့ ပြောဆိုချက်တွေက တန်ဖိုးရှိပါတယ်။ အင်အားဖြစ်စေပါတယ်။ ဒီအပေါ် ကျနော့်အနေနဲ့ဘာမှ သဘောမတူစရာမရှိပါဘူး။ ဒါပေ မယ့် ပြီးခဲ့တဲ့ (၈) နှစ်အတွင်း အမှားတွေအကြောင်းပြောရင်တော့ ဒီမိုကရေစီဆိုတာကို ရွေးကောက်ပွဲနဲ့ ထပ် တူပြုလိုက်တာကတော့ မှားတယ်လို့ ပြောရမှာပဲ။
“ကမ္ဘာပေါ်က ဘယ်နေရာမှာပဲဖြစ်ဖြစ် ပြည်သူတွေ တင်မြှောက်တဲ့ အာဏာပိုင် ပြည်သူ့အစိုးရဆိုတာကို တိုင်းတာဖို့ စံနှုန်းက တမျိုးတည်းပါ။ အဲဒါကတော့ အာဏာကို အကျပ်ကိုင်တဲ့နည်းနဲ့ မဟုတ်ဘဲ အများသဘောဆန္ဒနဲ့အညီ ရယူထားတာဖြစ်ရမယ်။ လူနည်းစုအခွင့်အရေးကို လေးစားရမယ်။ ပြည်သူရဲ့ အကျိုးစီးပွားကို ကိုယ့်ပါတီရဲ့ အကျိုးစီးပွားထက် ဦးစားပေးပြီး တရားနည်းလမ်းကျတဲ့ နိုင်ငံရေးဖြစ်စဉ်ထဲမှာ သည်းခံခြင်းတရား၊ အပေးအယူ အလျှော့အတင်းနဲ့ ပါဝင်ဆောင်ရွက်ရမယ်။ ဒါတွေမရှိဘဲ ရွေးကောက်ပွဲ တခုတည်းရှိရုံနဲ့ ဒီမိုကရေစီဆိုတာ ဖန်တီးလို့ရကောင်းတဲ့ အရာမဟုတ်ပါဘူး”
တကယ်တော့ ရွေးကောက်ပွဲတွေက ဒီမိုကရေစီမဟုတ်ဘူးဗျ။ ခင်ဗျားတို့ ကျနော်တို့ အားလုံးသိတဲ့အတိုင်း ရွေးကောက်ပွဲတွေဟာ လစ်ဘရယ်အော်ဒါ (လစ်ဘရယ်အစီအစဉ်) ထဲက အစိတ်အပိုင်းတခုပဲဖြစ်ပါတယ်။ သမ္မတကြီး ရုစဘဲ့ရဲ့ ၀ိမုတ္တိတရား (၄) ပါးကို ပြန်ကောက်ရရင် လိုအပ်တောင့်တမှုကနေ လွတ်မြောက်ခြင်းနဲ့ အကြောက်တရားက လွတ်မြောက်ခြင်းဆိုတာကို တွေ့လိမ့်မယ်။ နိုင်ငံတော်တော်များများအတွက် ဒီနှစ်ချက် က ထိပ်ဆုံးက မေးရမယ့် မေးခွန်းပဲ။ လူတွေက မလုံခြုံဘူး။ ငတ်ပြတ်နေမယ်ဆိုရင် ရွေးကောက်ပွဲလုပ်ခြင်း၊ မလုပ်ခြင်းက ပြဿနာရဲ့အဖြေ မဟုတ်ဘူးဗျ။
ဥပမာ - မတရားဖမ်းဆီးမှု၊ အဂတိလိုက်စားမှုတွေက ရွေးကောက်ပွဲကိစ္စနဲ့ ဆိုင်ချင်ဆိုင်မယ်။ ဆိုင်ချင်မှလည်း ဆိုင်မယ်။ ဒါကြောင့် နိုင်ငံတော်တော်များများအတွက် ကျနော်တို့ စဉ်းစားရမှာက ဥပမာ - ကျနော့်အဖေရဲ့ ဇာ တိဖြစ်တဲ့ ကင်ညာလိုနိုင်ငံမျိုးအတွက် ကျနော်တို့ အချိန်ပေး စဉ်းစားသင့်တဲ့ကိစ္စက လူတယောက်လမ်းပေါ် မှာ သွားနေတုန်း ရဲက သူ့ကိုတားပြီး အိနြေ္ဒပျက်အောင် မဟားတရားလုပ်တာကို မခံရအောင် ဘယ်လိုလုပ်မ လဲ။ ဒါမှမဟုတ် အလုပ်တခုရဖို့၊ ကိုယ့်အိမ်မှာ ဖုန်းတပ်ဆင်ဖို့ ငွေအများကြီး လာဘ်ထိုးရတဲ့ စနစ်မျိုးမရှိအောင် ဘယ်လိုလုပ်ကြမလဲ။ ဒါမျိုးးကို အဓိကထား စဉ်းစားဖို့ လိုပါတယ်။ ဒါတွေကို လျစ်လျူရှုထားရင် ရွေးကောက်ပွဲ ဟာ ဆိုးကျိုးဖြစ်ရင်ဖြစ်၊ လူတွေမျှော်လင့်တာတွေကို ယူဆောင်ပေးမယ့်အရာ ဖြစ်မှာတော့မဟုတ်ဘူးဗျ။ ခုတ် ရာတခြား၊ ရှရာတခြား ဖြစ်မှာပဲ။
ဒါကတော့ ဒီမိုကရေစီထိတ်ထိတ်ကြဲနိုင်ငံက ရွေးကောက်ပွဲနဲ့တက်လာတဲ့ သမ္မတတယောက်ရဲ့ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲအပေါ် အမြင်ဖြစ်ပါတယ်။ အိုဘားမားက သူ့အရင် သမ္မတ သူ့လောက်မတော်ပါဘူးဆိုတာကို ပြချင်လို့ သက်သက်ညစ်ပြီး အပြစ်ရှာပြောတာလို့ စောဒကတက်မယ်ဆိုရင် အိုဘားမား ကမ္ဘာ့နိုဗယ်ငြိမ်းချမ်း ရေး ဆုရသွားစေတဲ့ အကြောင်းရင်းထဲက တခုဖြစ်တဲ့ ကမ္ဘာကျော် ကိုင်ရိုမိန့်ခွန်းထဲက ရွေးကောက်ပွဲ၊ ဒီမိုက ရေစီနဲ့ဆိုင်တဲ့ မိန့်ခွန်းတပိုဒ်လောက် ကောက်နုတ်ပြပါရစေ။
“ကမ္ဘာပေါ်က ဘယ်နေရာမှာပဲဖြစ်ဖြစ် ပြည်သူတွေ တင်မြှောက်တဲ့ အာဏာပိုင် ပြည်သူ့အစိုးရဆိုတာကို တိုင်း တာဖို့ စံနှုန်းက တမျိုးတည်းပါ။ အဲဒါကတော့ အာဏာကို အကျပ်ကိုင်တဲ့နည်းနဲ့ မဟုတ်ဘဲ အများသဘော ဆန္ဒနဲ့အညီ ရယူထားတာဖြစ်ရမယ်။ လူနည်းစုအခွင့်အရေးကို လေးစားရမယ်။ ပြည်သူရဲ့အကျိုးစီးပွားကို ကိုယ့်ပါတီရဲ့အကျိုးစီးပွားထက် ဦးစားပေးပြီး တရားနည်းလမ်းကျတဲ့ နိုင်ငံရေးဖြစ်စဉ်ထဲမှာ သည်းခံခြင်းတ ရား၊ အပေးအယူ အလျှော့အတင်းနဲ့ ပါဝင်ဆောင်ရွက်ရမယ်။ ဒါတွေမရှိဘဲနဲ့ ရွေးကောက်ပွဲတခုတည်းရှိရုံနဲ့ ဒီမို ကရေစီဆိုတာ ဖန်တီးလို့ရကောင်းတဲ့ အရာမဟုတ်ပါဘူး။ (ဇွန် ၄ - ၂၀၀၉)
အိုဘားမားရဲ့ ဒီမိုကရေစီအဓိပ္ပာယ်ဖွင့်ဆိုချက်ပါခင်ဗျာ။ မြန်မာပြည်က အခြေအနေနဲ့ တချက်ချင်း နှိုင်းယှဉ် စဉ်းစား ချိန်ဆနိုင်ပါတယ်။ ပညာရှင်တွေ ထောက်ပြတဲ့ အချက် (၃) ချက်နဲ့ အတွေးနယ်ချဲ့မယ်ဆိုရင် “စစ်မှန် သော ဒီမိုကရေစီစနစ်မှာ ရွေးကောက်မတိုင်ခင်နဲ့ ရွေးကောက်ပွဲရဲ့ ဟိုမှာဘက်မှာ (၁) လူတိုင်းတန်းတူ ရည် တူရှိသော တရားဥပဒေစိုးမိုးမှု၊ အစိုးရကို ထိန်းကျောင်းနိုင်သော (၂) နိုင်ငံရေးအဖွဲ့အစည်းမျာ (၃) လူထုအ ခြေပြု အဖွဲ့အစည်းများ အားကောင်းမှု၊ (၄) လွတ်လပ်သော မီဒီယာတို့ လိုအပ်ပါသတဲ့။ အခုရွေးကောက်ပွဲအ ကြို ကျနော်တို့နိုင်ငံမှာ ဘယ်တချက်နဲ့ သွားငြိနေသလဲ အချိန်ရရင် ခဏလေး စဉ်းစားကြည့်ဖို့ တိုက်တွန်းပါ တယ်။
နေသွင်
(စက်တင်ဘာ ၁၊ ၂၀၁၀)
No comments:
Post a Comment