နေသွင်
ပဋိပက္ခအလွန် ရွေးကောက်ပွဲများကိစ္စသည် ရှုပ်ထွေးသည်။ ပဋိပက္ခဖြေရှင်းရေးတွင် ရွေးကောက်ပွဲ၏ အသုံး ကျမှုကို မှတ်ကျောက်တင်ကြည့်သောအခါ အဖြေနှစ်မျိုး ထွက်လာသည်။ ဥပမာအနေဖြင့် ၂၀၀၅ ခုနှစ် လိုက် ဘေးရီးယား ရွေးကောက်ပွဲသည် (၄၆) နှစ်အတွင်း ပထမဆုံးကျင်းပသော ရွေးကောက်ပွဲဖြစ်ပြီး လွတ်လပ်မျှ တခြင်းနှင့်အတူ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းခဲ့သည်။ သို့သော် ၁၉၉၂ ခုနှစ် အန်ဂိုလာရွေးကောက်ပွဲသည် ပြည်တွင်းစစ်ရပ်စဲဖို့ ရည်ရွယ်ခဲ့သော်လည်း ရွေးကောက်ပွဲကြောင့်ပဲ ပြည်တွင်းစစ်သည် နောက်ထပ် (၁၀) နှစ် သက်တမ်းပိုကြာခဲ့သည်ဟုဆိုသည်။
၂၀၀၇ ခုနှစ် ကင်ညာရွေးကောက်ပွဲတွင် အာဏာရသမ္မတက မဲလိမ်သဖြင့် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို သည့် နာရီပိုင်းအတွင်း အဓိကရုဏ်းဖြစ်ပြီး လူပေါင်း (၁,၅၀၀) သေဆုံး၊ (၃) သိန်းကျော် အိုးပစ်အိမ်ပစ်ဖြစ်ခဲ့ရ သည်။ အလားတူ ၂၀၀၈ ခုနှစ် ဇင်ဘာဘွေ သမ္မတရွေးကောက်ပွဲတွင် အာဏာရသမ္မတ မူဂါဘီက ပထမအ ကျော့တွင် အတိုက်အခံ မော်ဂန်ရှန်ဂရိုင်းကို ရှုံးသွားရာ ဒုတိအကျော့တွင် သေချာပေါက်နိုင်အောင် အတိုက် အခံတွေကို နှိပ်ကွပ်သဖြင့် လူ (၁၀၀) ခန့်သေပြီး ထောင်ချီ အိုးပစ်အိမ်ပစ် ထွက်ပြေးခဲ့ရသည်။
ဆေးကြောင့်လေး
ပဋိပက္ခအလွန် ရွေးကောက်ပွဲများကိစ္စကို ၂၀၀၄ ခုနှစ် ကုလသမဂ္ဂတက္ကသိုလ်ရဲ့ စာတမ်းတခုတွင် သီးသန့်အ ခန်းတခန်းအနေဖြင့် ဖော်ပြထားသည်။ အချုပ်မှာ ဤသို့ဖြစ်သည်။
“ရွေးကောက်တခုတည်းနှင့် နက်ရှိုင်းသော ပဋိပက္ခတွေ အထူးသဖြင့် ပဋိပက္ခကြောင့် အနာတရဖြစ်နေသော လူ့အဖွဲ့အစည်းတခု၏ ပြဿနာကို မဖြေရှင်းနိုင်ပါ။ နိုင်ငံများ၏ အတွေ့အကြုံတွေအရ မတည်ငြိမ်သော နိုင်ငံ ရေးအခြေအနေထဲ ရွေးကောက်ပွဲဆိုတာကို နောက်ထပ်ပေါင်းထည့်လိုက်လျှင် ပြဿနာပြေလည်မသွားဘဲ အကြမ်းဖက်မှုများနှင့် ထိန်းမရ သိမ်းမရဖြစ်မှုတွေ အရှိန်ရဖို့ လမ်းစဖြစ်သွားနိုင်ပါသည်”
၂၀၀၉ ဆောင်းဦးပေါက် အာဖဂန်နစ္စတန်ရွေးကောက်ပွဲသည် အနီးစပ်ဆုံး နမူနာတခုဖြစ်သည်။ အကြမ်းဖက်မှု များစွာဖြစ်ခဲ့ပြီး တတိုင်းပြည်လုံး စစ်တွင်းကျလုနီးပါး အခြေအနေရောက်ခဲ့သည်။
ပုံသွန်းလောင်းသော အချက်သုံးချက်
ပဋိပက္ခအလွန် ရွေးကောက်ပွဲသည် အဆိုးဖြစ်မလား၊ အကောင်းဖြစ်မလားဆိုသည်ကို အချက် (၃) ချက်က အ ဆုံးအဖြတ်ပေးသည်ဟု ဆိုသည်။
(၁) အချိန်ကိစ္စ - ရွေးကောက်ပွဲကို စောနိုင်သမျှ စောစောလုပ်သလား သို့မဟုတ် နိုင်ငံရေးပြဿနာတွေ တည် တည်ငြိမ်ငြိမ်ဖြစ်သည်အထိ ရွှေ့ထားသလား။
(၂) ရွေးကောက်ပွဲကိုယ်ထည် - ဘယ်သူတွေ ရွေးကောက်ပွဲဝင်သလဲ။ ဘယ်သူတွေက မဲပေးသလဲ။ ရွေး ကောက်ပွဲမှာ ဘယ်ဖော်မြူလာ (နည်း) ကို သုံးသလဲ။
(၃) နိုင်ငံရေးပါတီများ - ပဋိပက္ခအလွန် ရွေးကောက်ပွဲတွင် အရပ်ဘက်အဖွဲ့အစည်းများ အားမကောင်းသေးသ ဖြင့် လူထုကို ဦးဆောင်ဖို့ နိုင်ငံရေးပါတီများသည် ရေရှည်ဒီမိုကရက်တစ်နိုင်ငံရေးဖြစ်စဉ်အတွက် အခရာဟုဆို သည်။
အခြေခံလိုအပ်ချက် သုံးချက်
အချိန်ကိစ္စနှင့်ပတ်သက်၍ ဘယ်အချိန်ဖြစ်သင့်သည်ဟု သံမဏိစည်းမျဉ်းမရှိသော်လည်း ရွေးကောက်ပွဲစနစ် ကို လေ့လာသော (International Foundation for Election) က နိုင်ငံရေးအခြေအနေ တည်တည်ငြိမ်ငြိမ် ဖြစ်ပြီးနောက် အနည်းဆုံး (၂) နှစ်လောက် အချိန်ယူပြီးမှ ရွေးကောက်ပွဲလုပ်သင့်သည်ဟူ၍ အကြံပြုသည်။ အ မှန်မှာ အချိန်သည် ဒုတိယကိစ္စဖြစ်ပြီး ရွေးကောက်ပွဲမတိုင်ခင် အနည်းဆုံး လိုအပ်ချက် (၃) ချက်ကို ထောက် ပြသော စာတမ်းတခု သြဂုတ်လအတွင်းကပင် ထွက်ခဲ့သေးသည်။
(၁) လုံခြုံသော အခြေအနေတွင် အဓိက သူပုန်အင်အားစုအများစု လက်နက်စွန့်ပြီးဖြစ်ရမည်။ စစ်တပ်နှင့် ရဲ တပ်ဖွဲ့အသစ်ဖွဲ့စည်းမှု လုံလောက်သော တိုးတက်မှုရှိရမည်။
(၂) ရွေးကောက်ပွဲ ကျင်းပရုံမျှမဟုတ်၊ ရွေးကောက်ပွဲဆိုင်ရာ စီမံခန့်ခွဲရေးနှင့် ဆက်သွယ်ရေးကိစ္စအ၀၀ (ဥပမာ - မဲစာရင်းပြုစုခြင်း၊ ရွေးကောက်ပွဲပညာပေးမှုများ) စနစ်တကျဖြစ်ရမည်။
(၃) တရားရေးစနစ်နှင့် ရဲအဖွဲ့သည် မဲမသမာမှုများ၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို ကိုင်တွယ်ဖြေ ရှင်းနိုင်သော အခြေအနေရှိရမည်။ မဟုတ်လျှင် အတိုက်အခံပါတီများနှင့် မဲဆန္ဒရှင်များသည် ရွေးကောက်ပွဲကို မယုံကြည်လျှင် အဓိကရုဏ်းကို ဦးတည်စေနိုင်သည်။
၇/၁၁ ရွေးကောက်ပွဲ
မကြာခင် ကျင်းပတော့မည့် ရွေးကောက်ပွဲသည် ပြည်တွင်းစစ်နှင့် လူမျိုးရေးပဋိပက္ခ နိဂုံးချုပ်ရန် စေတနာ ကောင်းနှင့်လုပ်သည့် ရွေးကောက်ပွဲမဟုတ်ပေ။
အဆိုးဆုံးမှာ ၂၀၀၈ ဖွဲ့စည်းပုံဖြစ်သည်။ ထိုထက်ပိုဆိုးသည်မှာ ဖွဲ့စည်းပုံအရ ဥပဒေပြုလွှတ်တော်အသီးသီး တွင် စစ်သားက (၄) ပုံ (၁) ပုံဟု ဆိုသော်လည်း ကြံ့ဖွံ့ပါတီပေါ်လာသောအခါ အရပ်သား (၄) ပုံ (၁) ပုံ လွှတ် တော်သို့ ပြောင်းသွားသည်။ ထိုသို့ဖြစ်အောင် ရွေးကောက်ပွဲကော်မရှင်နှင့် စစ်ကောင်စီ၏ ဥပဒေ၊ နည်းဥပဒေ များသုံး၍ ဖန်တီးလိုက်သည်။ ထို့ကြောင့် ၇/၁၁ ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်ကို နေသားတကျဖြစ် အောင် (Status Quo) လုပ်မည့် ရွေးကောက်ပွဲသာဖြစ်သည်။
ရွေးကောက်ပွဲနီးလာလေ နိုင်ငံရေးပြဿနာများ၊ တိုင်းရင်းသားပြဿနာများ၊ လက်နက်ကိုင်ပဋိပက္ခများ ပြင်း ထန်လာလေဖြစ်သည်။ ရွေးကောက်ပွဲကို ပုံဖော်ကြမည့်သူများတွင် နိုင်ငံရေးအဓိကဇာတ်ကောင်းများ မပါဝင် ပေ။ ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်း၊ ရခိုင်၊ မွန် စသော ပါတီတို့ မပါဝင် ပေ။
တိုင်းရင်းသားနယ်မြေများတွင် ဆယ်စုနှစ်ပေါင်းများစွာ တိုင်းရင်းသားအခွင့်အရေးရဖို့ တစိုက်မတ်မတ်ကြိုးပမ်း လာကြသော ကရင်၊ ရှမ်း၊ ရခိုင်၊ ချင်း၊ စသော လက်နက်ကိုင်အင်အားစု တဒါဇင်သည် နယ်စပ်ဒေသများတွင် ဆက်ရှိနေသည်။ အပစ်အရပ်အဖွဲ့များတွင် ရှမ်းပြည်နယ်တွင် ယူဒဗလျူအက်စ်အေ (၀အဖွဲ့)၊ မိုင်းလားအဖွဲ့၊ အက်စ်အက်စ်အေ တပ်မဟာ (၁)၊ ကချင်ပြည်နယ်တွင် (ကေအိုင်အို)၊ မွန်ပြည်နယ်တွင် မွန်ပြည်သစ်ပါတီ၊ က ရင်ပြည်နယ်တွင် ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ၊ ဒီကေဘီအေအဖွဲ့ခွဲ၊ စုစုပေါင်း (၇) ဖွဲ့ နယ်စောင့်တပ်ဖွဲ့စည်းရေးကို လက်မခံသေးသဖြင့် အသစ်ဖွဲ့သော စစ်တပ်နှင့် ရဲကိစ္စ အခြေတကျ မဖြစ်သေး ပေ။
မဲရှာပုံတော်
ရွေးကောက်ပွဲရလဒ်ကို လူထုက ပုံမသွင်းနိုင်ချေ။ ရွေးကောက်ပွဲအလွန် အစိုးရအဖွဲ့နှင့် လွှတ်တော်သည် အ သင့်ထုပ်ပိုးပြီးသားဖြစ်သည်။ သို့သော် မဖြစ်ဖြစ်အောင် အကောင်အထည်ဖော်ပေးရသော ရွေးကောက်ပွဲအာ ဏာပိုင် အဆင့်ဆင့်သည် ရွေးကောက်ပွဲကလိန်ကျမှုများကို ရှောင်လွဲနိုင်မည်မဟုတ်။ ထိုသို့ဖြစ်လာလျှင် ရွေး ကောက်ပွဲအငြင်းပွားမှုများနှင့်ပတ်သက်၍ အာဏာကုန်လွှဲထားသော ရွေးကောက်ပွဲကော်မရှင်ကို ပြည်သူက အားမကိုးနိုင်သလို သမာသမတ်ကျသော ခုံရုံးတို့လည်း ရှိမည်မဟုတ်ပေ။
ထို့ကြောင့် ရွေးကောက်ပွဲပြီးလျှင် မဲဆန္ဒရှင်တို့သည် ကိုယ်ပေးထားသော မဲ ပျောက်သွားသည်ကို ပြန်ရှာရ မည်။ သေချာသည်က ၂၀၁၀ ရွေးကောက်ပွဲသည် ၁၉၉၀ ရွေးကောက်ပွဲလိုမျိုးမဟုတ်ပေ။ ဆောင်းပါးအစက ဥပမာဖြစ်သော ၂၀၀၅ လိုက်ဘေးရီးယား ရွေးကောက်ပွဲလိုလည်း မဖြစ်နိုင်ပေ။ ထို့ကြောင့် ၁၉၉၂ အန်ဂိုလာ ရွေးကောက်ပွဲလိုလား၊ ၂၀၀၇ ခုနှစ် ကင်ညာရွေးကောက်ပွဲလိုလား သို့မဟုတ် ၂၀၀၉ အီရန် ရွေးကောက်ပွဲလို လား သို့မဟုတ် ၂၀၀၈ ခုနှစ် ဇင်ဘာဘွေ ရွေးကောက်ပွဲလို အာဏာခွဲဝေရေးအထိ ဦးတည်မလား ဆိုသည်မှာ မဲဆန္ဒရှင်တို့ကိုယ်တိုင်၏ စိတ်လှုပ်ရှားမှုအပေါ်လည်း မူတည်သည်။ ရွေးကောက်ပွဲကို ပုံသွန်းလောင်းသော အ ချက် (၃) ချက်ထဲက ရွေးကောက်ပွဲဇာတ်ကောင်များနှင့် တရားမျှတသော ရွေးကောက်ပွဲတခုဖြစ်မြောက်ရေး စောင့်ကြည့်နေသော ပြည်တွင်း၊ ပြည်ပမှ အခြားဇာတ်ကောင်တို့အပေါ်လည်း မူတည်သည်။
နေသွင်
၁၁၊ ၁၀၊ ၂၀၁၀
No comments:
Post a Comment