Wednesday, September 22, 2010

ထိုင်းနိုင်ငံ အကျပ်အတည်းကို ကျော်လွန်၍ ...

နေသွင်

ထိုင်းနိုင်ငံတွင် လက်ရှိအာဏာရ ဒီမိုကရက်ပါတီသည် ၂ဝဝ၆ ဧပြီ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲကို တရား မျှတမှုရှိမည်မဟုတ်၊ လူထုကို လမ်းလွှဲသည့်ကိစ္စဟုဆိုကာ သပိတ်မှောက်ခဲ့သည် (ရွေးကောက်ပွဲကော်မရှင် က တရားမဝင် ပါတီအဖြစ် မကြေညာခဲ့ပါ - စကားချပ်)။ ထိုစဉ်က ဝန်ကြီးချုပ် သက်ဆင်မိသားစုသည် ဆင်း ကော်ပိုရေးရှင်းကို ထိုင်းဘတ်ငွေ (၇၃) ဘီလီယံနှင့် ရောင်းပြီး အခွန်ရှောင်ခဲ့သဖြင့် လမ်းပေါ်ဆန္ဒပြမှု၊ လွှတ် တော်တွင်း အယုံအကြည်မရှိ အဆိုတို့နှင့် ရင်ဆိုင်ခဲ့ရသဖြင့် ရွေးကောက်ပွဲအပြီး တနှစ်အကြာတွင် နောက် ထပ် ကြားဖြတ်ရွေးကောက်ပွဲလုပ်ရန် စီစဉ်ခဲ့ရခြင်းဖြစ်သည်။

သို့သော် အတိုက်အခံ ဒီမိုကရက်ပါတီနှင့် တခြားအတိုက်အခံပါတီကြီးနှစ်ပါတီက ရွေးကောက်ပွဲကို သပိတ် မှောက်သဖြင့် ရွေးကောက်ပွဲတွင် တခဲနက် အနိုင်ရခဲ့သည့်တိုင်အောင် လွှတ်တော်မခေါ်နိုင်၊ အစိုးရမဖွဲ့နိုင်ဘဲ နောက်ထပ်ရွေးကောက်ပွဲသစ်လုပ်ရန် စီစဉ်ရပြန်သည်။ (ထိုင်းဖွဲ့စည်းပုံအရ မဲဆန္ဒနယ်တနယ်တွင် ယှဉ်ပြိုင် ဘက် ရှိသည်ဖြစ်စေ မရှိလျှင်ဖြစ်စေ လွှတ်တော်ကိုယ်စားလှယ်လောင်းတယောက်သည် အနည်းဆုံး ခိုင်လုံမဲ (၂ဝ) ရာခိုင်နှုန်းရမှ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ မြန်မာစစ်အစိုးရ ရွေးကောက်ပွဲဥပဒေတွင် မဲဆန္ဒနယ် တနယ်တွင် ပြိုင်ဘက်မရှိလျှင် ရွေးကောက်ပွဲ လုပ်စရာပင် မလိုတော့ဘဲ အလိုအလျောက် လွှတ်တော်ကိုယ် စားလှယ်အဖြစ် ကော်မရှင်က ကြေညာရမည်ဟု ပါရှိသည်။ ထိုင်းရတ်ထိုင်းပါတီက လွှတ်တော်နေရာ (၄၆ဝ) တွင် တခဲနက်နိုင်ခဲ့သော်လည်း အတိုက်အခံပါတီတို့ အပိုင်မဲဆန္ဒနယ်တွင် အတိုက်အခံတို့ ဝင်မပြိုင်သဖြင့် ဘယ်သူမှ အရွေးမခံရပေ။ ထို့ကြောင့် ထိုင်းနိုင်ငံ ပြည်သူ့လွှတ်တော်တွင် ထိုင်ခုံနေရာ (၅ဝဝ) ရှိရာ (၄ဝ) မှာ ဟာလာဟင်းလင်းဖြစ်နေသဖြင့် လွှတ်တော်မခေါ်နိုင် အစိုးရမဖွဲ့နိုင်ခြင်းဖြစ်သည် - စကားချပ်)

စီစဉ်ထားသည့် ၂ဝဝ၆ အောက်တိုဘာ ရွေးကောက်ပွဲသည် စက်တင်ဘာ စစ်တပ် အာဏာသိမ်းမှုနှင့် ကြုံလိုက် ရသဖြင့် ၂ဝဝ၇ ဒီဇင်ဘာကျမှ ရွေးကောက်ပွဲအသစ် ကျင်းပနိုင်ခဲ့သည်။ သို့သော် ရွေးကောက်ပွဲအပြီး တက် လာသော သက်ဆင်ရုပ်သေးအစိုးရသည် အကျပ်အတည်းပေါင်းစုံ၊ ဖိအားပေါင်းစုံနှင့် ရင်ဆိုင်ခဲ့ရပြီး ပြုတ်ကျ သွားသလို ပါလီမန်နည်းဖြင့် အစိုးရဖွဲ့နိုင်ခဲ့သော အတိုက်အခံ ဒီမိုကရက်ပါတီကလည်း တိုင်းပြည်တွင် ဆန္ဒပြမှု များ၊ အကြမ်းဖက်မှုများကို အဆုံးမသတ်နိုင်ပြန်ပေ။ နောက်နှစ်အတွင်း ရွေးကောက်ပွဲသစ် လုပ်ဖြစ်လျှင် ထို ရွေးကောက်ပွဲသည် ထိုင်းနိုင်ငံတွင် (၆) နှစ်အတွင်း (၄) ကြိမ်မြောက်လုပ်သည့် ရွေးကောက်ပွဲဖြစ်မည်။ ပြီးခဲ့ သည့် (၅) နှစ်အတွင်း ဖိအားမျိုးစုံကြောင့် ဝန်ကြီးချုပ် (၆) ယောက်၊ အစိုးရ (၆) ဖွဲ့ ပြောင်းခဲ့သလို နောင်ရွေး ကောက်ပွဲနှင့် တက်လာမည့် အစိုးရသည်လည်း အရင်အစိုးရအဆက်ဆက် ရင်ဆိုင်ခဲ့ရသော ဆန္ဒပြမှုမျိုးက နေ ချမ်းသာခွင့်ရမည်ဟု အာမ,မခံနိုင်ပေ။

အစွန်းနှစ်ပါး

ထိုင်းနိုင်ငံရေးအကြောင်းပြောလျှင် အစွန်းနှစ်ပါးလွတ်ရန် ခဲယဉ်းသည်။ မည်သို့ဆိုစေ လူပြိန်းကြိုက် (ပေါ်ပြူ လစ်) နိုင်ငံရေးသမားနှင့် ဘုရင့်သစ္စာခံတို့ကြားမှ စလိုက်သော အမျိုးသားရေးသွေးကွဲမှုသည် မျက်မှောက် ထိုင်းသမိုင်းတွင် အဆိုးဆုံးအနေအထားဆိုသည်ကို ဘယ်သူမှ မငြင်းပေ။ လူရာချီ သေဆုံးပြီး ထောင်ချီ ဒဏ် ရာရကြပြီဖြစ်သလို အမျိုးသားသွေးကွဲမှုအခြေအနေ နက်ရှိုင်းသထက် နက်ရှိုင်းနေသည်။

ဟစ်တလာလက်သစ်

သက်ဆင် ပြည်ပြေးဘဝရောက်သွားသောအခါ ဘုရင့်အတိုင်ပင်ခံကောင်စီဥက္ကဌက သက်ဆင်ကို ဟစ်တလာ လက်သစ်ဟု ဝေဖန်သည်၊ ဒီမိုကရေစီရွေးကောက်ပွဲမှတဆင့် တက်လာသော အာဏာရှင်ဟု ဆိုလိုရင်းဖြစ် သည်။ ၂ဝဝ၁-၂ဝဝ၅ ခုနှစ် အစိုးရသက်တမ်းတခုအတွင်း သက်ဆင် လုပ်ဆောင်ချက်များတွင်လည်း ဒီမိုကရေ စီ အင်စတီကျူးရှင်းများကို ဖျက်ဆီးခဲ့သည့် လက်ရာများရှိခဲ့သည်။ လူပြိန်းကြိုက်ပေါ်လစီများဖြင့် တောနေလူ ထုနှင့် ဆင်ရဲသားများကို စည်းရုံးခဲ့ပြီး တခြားတဘက်တွင် သူ့ပါတီ အင်အားကြီးထွားအောင်လုပ် အတိုက်အ ခံပါတီတချို့ကို ငွေ၊ အာဏာနှင့် မြားပြီး ခါးပိုက်ထဲ ထည့်ခဲ့သည်။

အတိုက်အခံတို့ သပိတ်မှောက်ထားသော ၂ဝဝ၆ ရွေးကောက်ပွဲအပြီးတွင် ထိုင်းဘုရင်ကိုယ်တိုင်က အတိုက်အ ခံ မရှိသော လွှတ်တော်သည် အာဏာရှင်အစိုးရသာ ဖြစ်မည်ဟုဆိုကာ ဖွဲ့စည်းပုံဆိုင်ရာ တရားရုံးကတဆင့် ရွေးကောက်ပွဲရလဒ်ကို တရားမဝင် ကြေညာရန် အကြံပြုခဲ့သည်။ သက်ဆင်လက်ထက်တွင် သီးခြားလွတ် လပ်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ နိုင်ငံတော် စာရင်းစစ်ချုပ်ရုံးတို့ကို သူ့ပါတီနှင့် နီးစပ် သော ပုဂ္ဂိုလ်များဖြင့် အစားထိုးခဲ့သည်။ သူ့မိသားစုအကျိုးစီးပွားအတွက် အာဏာအလွဲသုံးစားမှုများစွာ လုပ် ခဲ့သဖြင့် နောက်ပိုင်းတွင် အဂတိလိုက်စားမှု အာဏာအလွဲသုံးစားမှုပုဒ်မတို့ဖြင့် တရားစွဲ အပြစ်ပေးခံရသည်။ မီဒီယာကိုလည်း ဖိနှိပ်ခဲ့ပြီး အစိုးရကို ဝေဖန်သော မီဒီယာသမားများ၊ ဘဏ်စာရင်းများကို သူကိုယ်တိုင် ဥက္ကဌ အဖြစ် ဆောင်ရွက်သော ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံးက စစ်ဆေးရေးဝင်ခဲ့သည်။ ၂ဝဝ၆ ခုနှစ် အာဏာ သိမ်းမခံရမီတွင် အသရေဖျက်မှုနှင့် တရားစွဲသော အမှုတန်ဖိုး (ထိုင်းဘတ် သန်း ၈ဝဝ) ရှိခဲ့သည်။ စစ်ဦးစီးချုပ် ကို သူ့ယောက်ဖကို ခန့်ခဲ့သည်။ စစ်တပ်ရာထူးကြီးတွေကိုလည်း သူ့လူများကို နေရာပေးသည့် အစီအစဉ် ပြီး ဆုံးအောင် မလုပ်နိုင်ခင် စစ်တပ်အာဏာသိမ်းမှုနှင့် ရင်ဆိုင်ခဲ့ရသည်။

စစ်တပ်အာဏာသိမ်းတာ ကောင်းသလား

အာဏာသိမ်းသောအခါ ထိုင်းစစ်တပ်က ဒီမိုကရေစီကို ကာကွယ်သောအားဖြင့် ဘုရင့်ကို ကာကွယ်သော အားဖြင့် သိမ်းသည်ဟု ဆိုသည်။ အာဏာရှင်ဆန်သော ဒီမိုကရေစီစနစ်နှင့် အင်စတီကျူးရှင်းများကို ဖျက်ဆီး သော အစိုးရကို အာဏာသိမ်းတာ တရားသည်ဟု ဝါဒဖြန့်သည်။ သေနတ်တချက် မဖောက်။ သွေးတစက် မ ထွက်သော အာဏာသိမ်းမှုကို တချို့က ပန်းစည်းကမ်းကြသည်။ စစ်သားများ၊ တင့်ကားများနှင့် အမှတ်တရ ဓာတ်ပုံတွဲရိုက်ကြသည်။ သို့သော် ယခုနှစ် ဇူလိုင်လထုတ် နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့က စစ်တပ် အာဏာသိမ်းလိုက်ခြင်းသည် ထိုင်းနိုင်ငံကို စိတ်ဝမ်းကွဲမှုတွေ နက်ရှိုင်းသထက် ပိုနက်ရှိုင်းအောင် အဆိုးကျော့ သံသရာ (vicious cycle) ထဲ ရောက်သွားအောင် တွန်းပို့လိုက်ခြင်းမျှသာဖြစ်သည်ဟု မှတ်ချက်ပေးသည်။ ရွေးကောက်ပွဲနည်းနှင့် တက်လာသော အစိုးရတရပ် အာဏာရှင်ဆန်လာသည် ထားဦး၊ အဂတိ လိုက်စား သည်ဆိုလျှင် ဒီမိုကရေစီဘောင်တွင်းကပဲ ဖြေရှင်းသင့်သည်ဟုဆိုသည်။

ထိုင်းတရားစီရင်ရေး

သက်ဆင်၏ ထိုင်းရတ်ထိုင်းပါတီကို ဖျက်သိမ်းပြီး ပါတီခေါင်းဆောင် တရာကျော်ကို နိုင်ငံရေးလုပ်ခွင့် (၅) နှစ် ကန့်သတ်လိုက်သော စီရင်ချက်ကို အာဏာသိမ်းစစ်ကောင်စီက ခန့်သော တရားသူကြီးများက ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ရွေးကောက်ပွဲနှင့် တက်လာသော သက်ဆင် ရုပ်သေးဝန်ကြီးချုပ်ကို ရာထူးချပြီး ညွန့် ပေါင်းအစိုးရ ပျက်သွားရလောက်အောင် ညွန့်ပေါင်းပါတီတချို့ကို ရွေးကောက်ပွဲမသမာမှုဖြင့် ဖျက်သိမ်းလိုက် သည်မှာလည်း ထိုင်းတရားရုံးများပင်ဖြစ်သည်။

ထို့ကြောင့် ထိုင်းရတ်ထိုင်းပါတီရဲ့ ကိုယ်ပွားပါတီ (ပီပီပီ) က ထိုင်းနိုင်ငံတွင် တရားရုံးနှင့် အာဏာသိမ်းမှု (Judicial coup) ဖြစ်နေပြီဟု ကြေညာချက်ထုတ်ပြီး ဝေဖန်ခဲ့သည်။ ဖေဖော်ဝါရီက ထိုင်းနိုင်ငံတော် ဗဟိုတ ရားရုံးချုပ်က ချိတ်ပိတ်ထားသော သက်ဆင်ပိုင်ဆိုင်မှု (ထိုင်းဘတ်ငွေ ၇၆.၆ ဘီလီယံထဲမှ ၄၆ ဘီလီယံကို နိုင်ငံပိုင်သိမ်းသည့် အမိန့်ထုတ်ခဲ့သည်။ သက်ဆင်ကို ထောက်ခံသော ရှပ်နီဝတ်များကို အကြမ်းဖက်သမား များဟု တံဆိပ်တပ် စွဲချက်တင်နေသော တချိန်တည်းတွင် ရှပ်ဝါဝတ်များကို သက်သက်ညှာညှာ ကိုင်တွယ် နေသည်ဟုဆိုကာ တရားစီရင်ရေးတွင် စံနှုန်းနှစ်မျိုး (double standard) ထားသည်ဟု ရှပ်နီတွေဘက်က ဝေဖန်မှုများလည်းရှိသည်။

ဖရဲသီးစစ်တပ်နှင့် ခရမ်းချဉ်သီးရဲအဖွဲ့

လက်ရှိ ထိုင်းလူ့အဖွဲ့အစည်းတွင် တောနှင့် မြို့ အရပ်သားတွင်သာမက အစိုးရအမှုထမ်းများတွင်ပင် သွေးကွဲ နေသည်ဟု ယုံကြည်နေကြသည်။ သက်ဆင်ကို ဖြုတ်ချအပြီးတွင် တပ်တွင်းက သက်ဆင့်လူတွေဟု ယုံကြည် ရသူများကို အရေးမပါသော နေရာများသို့ ပြန်ပြောင်းခဲ့ရသလို တပ်တွင်းမှာ ယူနီဖောင်းအစိမ်းဝတ်ထားပြီး စိတ်ထဲက ရှပ်နီတွေကို ကြိတ်ထောက်ခံနေသော အင်အားစုများရှိသည်ဆိုသည်။ သူတို့ကို အပြင်စိမ်း အတွင်း နီသော ဖရဲသီးတွေဟု ရှပ်ဝါတွေက ကင်ပွန်းတပ်သည်။ ရဲတပ်ဖွဲ့ကလည်း လက်ရှိဝန်ကြီးချုပ်အမိန့်ကို အလိမ္မာ သုံးပြီး ရူးချင်ယောင်ဆောင်လေ့ရှိသဖြင့် ခရမ်းချဉ်သီး (အနီရောင်) တပ်ဖွဲ့ဟု နာမည်ပြောင်ရထားပြီးဖြစ်သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေး

ထိုင်းနိုင်ငံတွင် လက်ရှိအလိုအပ်ဆုံးအရာသည် အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်သည်ကို ဘရက်ဇဲ အခြေ စိုက် နိုင်ငံတကာပဋိပက္ခ အဖြေရှာရေးဉာဏ်ကြီးရှင်အဖွဲ့ (အိုင်စီဂျီ) က ထောက်ပြသည်။ လွတ်လပ်ပြီး တရား မျှတသော ရွေးကောက်ပွဲများကို အမြန်ဆုံး ကျင်းပရန်ဖြစ်သော်လည်း ရွေးကောက်ပွဲအလွန်တွင် ပေါ်ပေါက် လာမည့် အစိုးရကို ဘက်အားလုံးက အသိအမှတ်ပြုလက်ခံနိုင်သော အခြေအနေဖြစ်အောင် ရွေးကောက်ပွဲအ ကြိုကာလမှာကတည်းက ညှိနှိုင်းထားကြရန် လိုသည်ဟုဆိုသည်။ ရွေးကောက်ပွဲအလွန် ပေါ်လာသော အစိုးရ ကလည်း အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီစနစ် ပြန်လည်ဖော်ဆောင်ရေးအတွက် အင်အားစုအား လုံးနှင့် ညှိနှိုင်းပြီး ဆောင်ရွက်ရန် အရေးကြီးသည်ဟု အကြံပြုသည်။

လက်ငင်းလိုအပ်ချက်တချို့ကတော့ နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်ခံထားသူ (၂၂ဝ) ကို အပြစ်မှ လွှတ်ခွင့်ပေးပြီး ဧပြီနှင့် မေလတို့တွင် ဖြစ်ခဲ့သော သွေးထွက်သံယိုမှုအပေါ် နိုင်ငံတကာအကူအညီ ယူပြီး လွတ်လပ်ပွင့်လင်း သော ကော်မရှင်ဖွဲ့ စုံစမ်းဖော်ထုတ်ရန်၊ ထိုင်းနိုင်ငံ ရေရှည်နိုင်ငံရေး ပြုပြင်ပြောင်းလဲရာတွင် ဘုရင်၊ စစ်တပ်၊ အစိုးရတို့ မည်သို့စခန်းသွားမလဲဆိုသည်ကို ကျယ်ကျယ်ပြန့်ပြန့်၊ နက်နက်ရှိုင်းရှိုင်း စဉ်းစာရန် လိုသလို ဘက် အားလုံးပါဝင်နိုင်သော၊ ပွင့်လင်းသော ဒီမိုကရေစီနည်းကျ အသွင်ပြောင်းခြင်းကသာ ထိုင်းနိုင်ငံပြဿနာ၏ သော့ချက်ဖြစ်သဖြင့် လက်ရှိအစိုးရအနေဖြင့် အာဏာရှင်ဆန်သော အပြုအမူများကို စွန့်ပစ်ရန် လိုအပ်သည် ဟု နိုင်ငံတကာပဋိပက္ခအဖွဲ့ (အိုင်စီဂျီ) က အကြံပြုသည်။

နေသွင်
(၁၆) စက်တင်ဘာ၊ ၂ဝ၁၀ ခုနှစ်

No comments: