Sunday, August 8, 2010

အရင်းအနှီး ကြီးမားလွန်းတဲ့ ရှစ်လေးလုံး သင်ခန်းစာများ

(၂၀၀၉ ခုနှစ်၊ သြဂုတ်လ၊ ခေတ်ပြိုင်အင်တာနက်စာမျက်နှာမှ ...)

ရှစ်လေးလုံးအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တာ (၂၁) နှစ်ကြာခဲ့ပြီဆိုပေမယ့် သြဂုတ်လ (၈) ရက်နေ့နား နီးလာ ပြန်တော့ အရေးတော်ပုံ နဂ္ဂတစ်တွေက အာရုံပိတ်ကားပေါ်မှာ အော်တိုမစ်တစ် ပြန်လည်ဆန်းသစ်လာပြန်ပါ တယ်။ ပေါ်လာတဲ့ပုံရိပ်တွေကို ကြည့်ငေးရင်း မနေ့တနေ့က တိုက်ပွဲဝင်ခဲ့ရသလို ရဲရင့်တက်ကြွနေဆဲ၊ အသက် သွေး ချွေး ပေးဆပ်သွားခဲ့ကြတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေအတွက် မနေ့တနေ့က ငိုကြွေးပူဆွေး ခဲ့ရသလို ၀မ်းနည်းကြေကွဲနေရဆဲ၊ လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ ဒီမိုကရေစီအောင်ပွဲကြီးအတွက် မနေ့တနေ့က ခံ စားခဲ့ရသလို ယူကျုံးမရ နှမြောတသ ဖြစ်နေရဆဲ …။

တကယ်တော့ မိခင်မြန်မာပြည်ကြီးဟာ (၂၆) နှစ်တိုင်တိုင် ပေးဆပ်မှုများစွာနဲ့ လွယ်ထားခဲ့ရတဲ့ ဒီမိုကရေစီ သန္ဓေသားကို ရှစ်လေးလုံးအရေးတော်ပုံဆိုတဲ့ ဧရာမညှစ်အားကြီးနဲ့ မွေးဖွားနိုင်အံ့ဆဲဆဲမှာ သားလျှောခဲ့ရတဲ့ အဖြစ်နဲ့ ကြုံခဲ့ရတာပါ။ လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ ထုထည်ပမာဏက ဘာနဲ့မှ မနှိုင်းသာလောက်အောင်ကို ကြီး မားလွန်းတော့ ကြေကွဲလို့မဆုံး၊ ရင်ထုမနာဖြစ်လို့မဆုံးနိုင်အောင်ပါပဲ။

ယူကျုံးမရဖြစ်ရတာတွေ များလွန်းအားကြီးတော့ (၂၁) နှစ်လုံးလုံး ဆို့ဆို့နင့်နင့်နဲ့ တနုံ့နုံ့ ခံစားနေရတဲ့ ရင်ဘတ် ကြီး ခေတ္တခဏ သက်သာရာရပါစေတော့ ဆိုတဲ့သဘောနဲ့ အကောင်းဘက် လှည့်တွေးပြီး စိတ်ကူးယဉ်ကြည့်မိ တယ်။ စိတ်ကူးယဉ်မိတော့ တော်တော့်ကို အားတက်သွားမိသလို အရမ်းကိုလည်း ကြည်နူးပီတိ ဖြစ်လိုက်ရ လေရဲ့။ ဒါပေမယ့် “အိပ်မက်က လန့်ကာနိုးသလို … အနှောက်အယှက်က ဦးနှောက်ထဲမှာ” ဆိုတဲ့ စိုင်းထီးဆိုင် သီချင်းစာသားအတိုင်း ကြည်နူးအားတက်ရတဲ့ အဖြစ်အပျက်က တကယ်မဟုတ်လေတော့ ဗြုန်းကနဲ ၀မ်းသာ၊ ဗျာကနဲ ၀မ်းနည်းဆိုသလို ဖြစ်ရတာပေါ့လေ။ အရသာ တယ်မရှိလှဘူးပေါ့။

ဘယ်လိုမျိုး စိတ်ကူးယဉ်မိတာလဲဆိုတော့ “အော် … ရှစ်လေးလုံးအရေးတော်ပုံကတည်းကသာ ဒီမိုကရေစီ အောင်ပွဲ ရခဲ့တယ်ဆိုရင် …” ဆိုတဲ့ အတွေးနဲ့ စိတ်ကူးယဉ်မိတာမျိုးပါ။ အမှန်တကယ်ကို အောင်ပွဲခံရမယ့် အ ခြေအနေအထိဆိုက်ရောက်ခဲ့လို့လည်း အဲသလို စိတ်ကူးယဉ်ကြည့်မိတာပါ။ ကိုယ့်နောက်မှ အရေးတော်ပုံဖြစ် ခဲ့တဲ့ တိုင်းပြည်တွေတောင် အောင်ပွဲအလီလီ ခံကုန်ကြပြီဆိုတော့ ကိုယ်လည်းပဲ ရှစ်လေးလုံးမှာ ပါဝင်ဆင်နွှဲခဲ့ တဲ့ ပြည်သူတဦးအနေနဲ့ သူတို့ကိုကြည့်ပြီး ခေတ္တခဏ စိတ်ကူးယဉ်ကြည့်မိတာမျိုးပေါ့။

ဒုက္ခနွံတောထဲက ပြည်သူတွေကို မျက်ကွယ်ပြုလျစ်လျူရှုတဲ့ သဘောနဲ့ စိတ်ကူးယဉ်ကြည့်ခြင်းမျိုး မဟုတ်ရပါ။ ဖြစ်သင့်ဖြစ်ထိုက်၊ စံစားသင့် စံစားထိုက်ပါလျက်နဲ့ မဖြစ်ခဲ့၊ မစံစားခဲ့ရတဲ့အပေါ် မြန်မာပြည်သူတွေကိုယ်စား နှ မြောတသခြင်းကြီးစွာနဲ့ အခိုက်အတန့်မျှ စိတ်ကူးယဉ်ကြည့်ခြင်းရယ်ပါ။ တနည်းပြောရရင် တနေကုန် ဒုက္ခ ဆင်းရဲတွေနဲ့ နပန်းလုံးနေရတဲ့ မြန်မာပြည်သူတွေ ညဆိုရင် ဗွီဒီယိုဇာတ်လမ်းတွေကြည့်ပြီး ဇာတ်လမ်းထဲမှာ ဇိမ်ကျပြနေတဲ့ မင်းသားမင်းသမီးတွေဆီက ကူးစက်လာတဲ့ အပျော်နဲ့ တဒင်္ဂ ဘ၀အမောဖြေကြပုံမျိုးပေါ့။

အော် … “ရှစ်လေးလုံးအရေးတော်ပုံကြီးမှာသာ ဒီမိုကရေစီဘက်တော်သားတွေ အောင်ပွဲခံခဲ့ရင်ဖြင့် …” ဆိုတဲ့ အတွေးနဲ့ စိတ်ကူးယဉ်လိုက်တော့ ဘာတွေပေါ်လာသလဲဆိုရင် …

ဒီမိုကရေစီသက် (၂၁) နှစ်သား စာရေးသူတို့ မြန်မာပြည်သူပြည်သားတွေ အရှေ့တောင်အာရှတလွှားမှာရော ကမ္ဘာ့အလယ်မှာပါ ၀င့်ထည်နေလိုက်ပုံများ … ထိုင်းကိုရောက်တာနဲ့ ရွှေမြန်မာဆို ‘ဆ၀ါဒီခပ်’ ‘ဆ၀ါဒီခါ့’ နဲ့ တ ခပ်တည်း ခပ်၊ တခါ့တည်း ခါ့နေတော့တာကလား။ ဘယ်အာဆီယံနိုင်ငံကိုပဲ ရှော့ပင်းထွက်ထွက် ‘ကြွပါ ကြွပါ ကိုရွှေမြန်မာ’ နဲ့ ယပ်မခတ် ခြေမသုတ်ပေးရုံတမယ်ပါပဲ (ကြည်နူးစရာကောင်းလိုက်ပုံများ) …။

ဟော … ဥရောပရောက်တော့လည်း ဥရောပမို့လို့၊ အမေရိကရောက်တော့လည်း အမေရိကမို့လို့၊ အာဖရိက ရောက်တော့လည်း အာဖရိကမို့လို့၊ တရုတ်ရောက်တော့လည်း တရုတ်မို့လို့၊ ရုရှားရောက်တော့လည်း ရုရှားမို့ လို့ “အော် … ယူသန့် (ဦးသန့် - မြန်မာနိုင်ငံသား တတိယမြောက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်) ရဲ့ တိုင်းပြည်ကလား။ တွေ့ရတာ ၀မ်းမြောက်ဂုဏ်ယူပါတယ်ခင်ဗျာ။ တကယ်တော်တဲ့ အတွင်းရေးမှူးချုပ်ကြီး ပါ။ သူကယ်လို့ တတိယကမ္ဘာစစ်ကြီးကို ရှောင်လွှဲနိုင်ခဲ့တာပေါ့။ ကျေးဇူးကြီးလှပါပေတယ်” ဆိုပြီး ကိုယ်တွေကို ကျေးဇူးရှင်အမှတ် (ဦးသန့်မျက်နှာ) နဲ့ ဖက်လှဲတကင်း ဆက်ဆံနေပုံများလေ … တွေးရင်းနဲ့တောင် ကြက်သီး မွေးညင်းထနေမိရဲ့ (ပီတိဖြစ်ရပုံများ) …။

အဲသလိုပီတိဖြစ်နေချိန်မှာပဲ အာရုံက ပစ္စုပ္ပန်ကို တည့်တည့်ရှုမိပြန်ပြီး နာဂစ်ပြည်သူတွေဆီရောက်သွားတယ်။ အို … နာဂစ်အကြောင်း ပြန်တွေးရင် ရင်နင့်ကြေကွဲစရာတွေချည်းပဲလေဆိုပြီး ‘ရှစ်လေးလုံးထဲကသာ အောင် ပွဲရခဲ့ရင် …’ ဆိုတဲ့ အတွေးထဲ ပြန်လည်ကူးခတ်လိုက်ပြန်တယ်။ အဲဒီတော့ ပြန်ပြီးစိတ်သက်သာရာ ရသွားပြန် ရော။

ဘယ်လိုတွေးမိလို့ စိတ်သက်သာရာ ရသွားတာလဲဆိုတော့ နာဂစ်ဖြစ်တာက ၂၀၀၈ ခုနှစ်မှာလေ၊ အော် … ဒီ မိုကရေစီသက် (၂၀) အရွယ်မှာသာ နာဂစ်နဲ့ကြုံရလို့ကတော့ ဘယ်ပြောကောင်းမလဲ မြန်မာပြည်သူတွေကိုယ် တိုင် စိတ်တိုင်းကျရွေးချယ်ထားတဲ့ ပြည်သူ့ဒီမိုကရေစီအစိုးရစစ်စစ်က နာဂစ်တိုက်တော့မယ့်အကြောင်း ပြည် သူလူထုကို အစွမ်းကုန်သတိပေးပြီး အင်အားအလုံးအရင်းနဲ့ အမြန်ကယ်ထုတ်မှာပေါ့။ အလွန်ဆုံး ကံဆိုးလှ ရာ ဂဏန်း၊ ထောင်ဂဏန်းပေါ့။ နာဂစ်ဒဏ်ခံရတဲ့ ပြည်သူတွေအတွက်လည်း မျက်နှာကြီးရာ ဟင်းဖတ်ပါဆိုသလို (ကမ္ဘာ့အလယ်မှာ ၀င့်ထည်နေတဲ့ မြန်မာနိုင်ငံသားတွေ မျက်နှာနဲ့) လာလိုက်ကြမယ့် အကူအညီတွေ ဗုံးပေါ လအောပေါ့။ အခု စစ်ဘီလူးတွေ လက်အောက်မှာ ပိုးစိုးပက်စက် ဖြစ်ခဲ့ရသလို သိန်းချီသေပြီး သန်းချီဒုက္ခ ရောက်မှာ မဟုတ်ဘူးလို့ တွေးမိပြီး စိတ်သက်သာရာ ရမိတာပါ။

အဲဒီလို ဗြုန်းကနဲ ၀မ်းသာ၊ ဗျာကနဲ ၀မ်းနည်းဆိုတဲ့ အဖြစ်အပျက်တွေက အတွေးထဲ တသီတတန်းကြီးကို ၀င် နေတော့တာ။ ဟုတ်တယ်လေ … ရှစ်လေးလုံးတုန်းကသာ တခါတည်း ပွဲပြီးသွားခဲ့ရင် …

- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း အခုလို ယက်တောအမှုနဲ့ ရင်ဆိုင်နေရမှာမဟုတ်ဘူး။ နှစ် ပေါင်း (၂၀) မှာ အကျယ်ချုပ်ဘ၀နဲ့ (၁၄) နှစ်နီးပါး နေခဲ့ရမှာမဟုတ်ဘူး။
- ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလည်း အခုလို နှစ်ရှည် ထောင်ဒဏ်တွေနဲ့ ဝေးလံသီခေါင်တဲ့ ထောင်တွေမှာ အနှိပ်စက် အညှင်းပန်းခံနေမှာမဟုတ်ဘူး။
- ကျောင်းသားလူငယ်အများအပြားလည်း ပညာရေးကို စွန့်ခွာပြီး နယ်စပ်ကို တောခိုကြရမှာမဟုတ်ဘူး။
- မြန်မာပြည်သူတွေ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး .. စတဲ့ အရေးပေါင်းစုံ နိမ့်ကျကုန်ပြီး လူစဉ်မမီတဲ့ အခု လိုအခြေအနေကို ဆိုက်ရောက်ကြရမှာမဟုတ်ဘူး။
- မြန်မာအမျိုးကောင်းသားသမီးတွေ အိမ်နီးချင်းနိုင်ငံတွေမှာ ရွှေ့ပြောင်းအလုပ်သမားဘ၀နဲ့ ဒုက္ခမျိုးစုံကြုံတွေ့ ကြရမှာမဟုတ်ဘူး။ မျက်နှာငယ်ကြရမှာ မဟုတ်ဘူး။
- ဒုက္ခသည်တွေအနေနဲ့လည်း ကမ္ဘာအရပ်ရပ်ကို ပြန့်ကြဲရောက်ကုန်စရာ အကြောင်းမရှိဘူး။ “မြန်မာဆိုတာ ချေးထုပ်တွေပါကွာ” ဆိုတဲ့ အထင်အမြင်သေးတဲ့ အကြည့်အမျိုးတွေနဲ့လည်း အကြည့်ခံကြရမှာမဟုတ်ဘူး။
- စစ်သားတွေဆိုလည်း အခုအာဏာရူးနေတဲ့ နအဖအုပ်စုလက်အောက်မှာလို ပြည်သူ့ချဉ်ဖတ်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ အမှုထမ်းကြရတော့မှာ မဟုတ်ဘူး (ပြည်သူ့တပ်မတော်သားတွေအဖြစ်ကို ပြန်ရောက်နေလောက်ပြီ)။
- တိုင်းရင်းသားလူမျိုးစုအသီးသီးလည်း ပြည်တွင်းစစ်ရဲ့ သားကောင်တွေ ဖြစ်ကြရမှာမဟုတ်ဘူး။ ရွာပုန်းရွာ ရှောင်တွေဘ၀နဲ့ အခြေအနေမဲ့ ဖြစ်ကြရမှာမဟုတ်ဘူး။
- ရွှေဝါရောင်သံဃာ့အရေးတော်ပုံမှာလည်း ရဟန်းသံဃာတွေ၊ ကျောင်းသားပြည်သူတွေ အဖမ်းဆီးခံ၊ အရိုက် နှက်ခံ၊ အပစ်ခတ်ခံပြီး သေကြေဒဏ်ရာရကြမှာမဟုတ်ဘူး။
- ………………………… မဟုတ်ဘူး။
- ………………………………….. မဟုတ်ဘူး။

တွေးကြည့်လိုက်တော့ … ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ ဒီမိုကရေစီတိုက်ပွဲကို အဆုံးမသတ်နိုင်ခဲ့ခြင်းရဲ့ အ ကျိုးဆက်တွေ၊ ဆုံးရှုံးမှုတွေက မတွေးရဲလောက်အောင်ကိုပဲ ထုထည်ကြီးမားလှတာ တွေ့ရတယ်။ ဒီလိုဖြစ်ရ တာဟာ ရှစ်လေးလုံးအရေးတော်ပုံမှာ ပြည်သူဘက်က မားမားမတ်မတ် မရပ်တည်ဘဲ လက်နက်အားကိုးနဲ့ အာဏာသိမ်းယူသွားခဲ့တဲ့ စစ်အာဏာရူး န၀တ/နအဖ တတွေ (မဆလသူခိုးလက်ကနေ န၀တ/နအဖသူဝှက် အာဏာလုသွားတာပေါ့) မှာ အဓိကတာဝန်ရှိသလို အောင်ပွဲရနိုင်တဲ့ အခွင့်အရေးတွေ ရှိပါလျက်နဲ့ တိုက်ပွဲကို အဆုံးမသတ်နိုင်ခဲ့တဲ့ အတိုက်အခံအင်အားစုအားလုံးမှာလည်း ၀ာာဝန်ရှိတယ်လို့ ရိုးရိုးသားသား မြင်မိပါတယ်။

အဲလိုမြင်မိတယ်ဆိုရင် ဘယ်လိုအမှားမျိုးတွေကြောင့် တိုက်ပွဲကို အဆုံးမသတ်နိုင်ခဲ့တာလဲဆိုတဲ့ မေးခွန်းတွေ ဒီမိုကရေစီအင်အားစုတွေရဲ့ ခေါင်းထဲမှာ အလျှိုလျှို ထွက်ပေါ်လာမယ်ထင်ပါတယ်။ ဥပမာအနေနဲ့ …

- (၂၆) နှစ်ကျော် မဆလတပါတီအာဏာရှင်စနစ်အောက်မှာ နိုင်ငံရေးသမားမျိုးဆက်ပြတ်သွားခဲ့လို့ ဦးဆောင် မှုအခန်းအဏ္ဍမှာ အားနည်းခဲ့တာလား။
- တိုက်ပွဲအတွေ့အကြုံ နုနယ်လို့ ဘယ်လိုအဆုံးသတ်ရမှန်း မသိခဲ့ကြတာလား။
- ပန်းတိုင်မရောက်ခင် အောင်ပွဲရပြီအထင်နဲ့ စိတ်ကြီးဝင်ခဲ့ကြလို့လား။
- အရေးတော်ပုံမအောင်ခင် ၀ါဒရေးရာ အစွယ်တွေထွက်လာပြီး သူ့အုပ်စု ငါ့အုပ်စု အာဏာလက်ဦးမှု ယူသွား မှာကို စိုးရိမ်ကြောင့်ကြကာ အပြန်အလှန် ခြေထိုးခဲ့ကြလို့လား (၀ါ) ညီညွတ်ရေး ပြိုကွဲခဲ့လို့လား။
- တိုက်ပွဲထဲကထွက်ပေါ်လာတဲ့ ခေါင်းဆောင်အချင်းချင်း ညှိနှိုင်းတိုင်ပင်ပြီး ကြားဖြတ်အစိုးရမဖွဲ့ဘဲ (တိုက်မယူ ဘဲ) ဘုံးဘုံးလဲနေတဲ့ မဆလအစိုးရဆီမှာ တောင်းနေရင်း အချိန်ကုန်ခဲ့ကြလို့လား … စသဖြင့် မေးခွန်းပေါင်း များစွာ ထွက်ပေါ်လာမယ်ထင်ပါတယ်။

အဲဒီလို မေးခွန်းထုတ်ကြည့်ခြင်းဟာ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့် အောင်ပွဲမရခဲ့တာလို့ အပြစ်ပုံချဖို့မဟုတ် ဘဲ မကြာမတင်မှာ ဖြစ်လာနိုင်တဲ့ လူထုတိုက်ပွဲကျရင် မှန်ကန်တဲ့ ဦးဆောင်မှုနဲ့ အဆုံးသတ်နိုင်အောင်လို့ နမူ နာသဘော မေးခွန်းထုတ်ကြည့်ခြင်းပါ။ ထပ်ပြီးထွက်လာမယ့် မေးခွန်းတွေလည်း အမြောက်အမြား ရှိနိုင်မှာပါ။ မေးခွန်းရှိရင် မေးခွန်းနဲ့ ဆက်စပ်ဆီလျော်တဲ့ အဖြေဆိုတာကိုလည်း ရှာတွေ့မယ်လို့ထင်ပါတယ်။

ဒီကနေ့ မြန်မာပြည်ရဲ့ အခြေအနေကလည်း ဘယ်နေရာက မီးပွား စပြီး ကျကျ ဟုန်းကနဲ ထတောက်ပေါက် ကွဲနိုင်တဲ့ ယမ်းပုံကြီးနဲ့ တူနေတာမို့ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ ရှိနေကြသူတွေရော တိုက်ပွဲထဲကနေ ပေါ်ထွက်လာကြမယ့် ခေါင်းဆောင်တွေပါ ရှစ်လေးလုံးအရေးတော်ပုံတုန်းက ကြုံတွေ့ခဲ့တဲ့ အမှားတွေကို သင် ခန်းစာယူ အဖြေရှာပြီး အကောင်းဆုံး စုစည်းပြင်ဆင်ထားကြရမယ်ဆိုတာ မိကျောင်းမင်း ရေခင်းပြစရာ မလို တဲ့ကိစ္စလို့ ထင်ပါတယ်။ အဲဒီလိုအနေအထားမျိုးနဲ့မှသာ မကြာမတင်သောကာလမှာ လူထုတိုက်ပွဲဖြစ်ပေါ်လာ ရင် မှန်ကန်တဲ့ ဦးဆောင်မှုနဲ့ အောင်အောင်မြင်မြင် အဆုံးသတ်နိုင်မယ်လို့ ယုံကြည်မိကြောင်း ရှစ်လေးလုံးအ မှတ်တရ ရေးသားတင်ပြလိုက်ရပါတယ်။

ဒေါက်တာလွဏ်းဆွေ

3 comments:

Unknown said...

ဦးသန့်က တတိယကမ္ဘာစစ်ကို ရှောင်လွှဲနိုင်အောင် လုပ်ခဲ့နိုင်ပေမယ့် ကိုယ့်တိုင်းပြည်တွင်းက ပြည်တွင်းစစ်ကိုတော့ မငြိမ်းသတ်နိုင်ခဲ့ဘူးနော်...လုပ်ရော လုပ်ခဲ့ဖူးလားမသိဘူး...ကုလ ဆိုတဲ့ရာထူးကြီးယူပြီး တိုင်းပြည်တွက် အထင်ကရ ဘာတွေလုပ်ဆောင်သွားခဲ့သလဲဗျ...မသိလို့ ရိုးသားစွာနဲ့ မေးတာပါ...

ei ko said...

လွှဏ်းဆွှေဆိုတဲ.အင်တာနက်မှာပွဲဆူအောင်ဆွနေတဲ.
ကောင်ကေ၇ာဘယ်သူ.အတွက်ဘယ်လောက်အနစ်နာခံ
လုပ်ပေးဘူးပြီလဲ။နိုင်ငံနဲ.ချီမေးဖို.တော.မတန်ဘူးထင်တာ
ဘဲ။

mg said...

ဒီမိုကရေစီ ဆိုတဲ့စကားလုံးလေး လက်ထဲရောက်ရင်ပဲ နေ့ချင်းညချင်း တိုင်းပြည်ကြီးပွားသွားမလိုလို ကမ္ဘာ့နိုင်ငံအားလုံးက ထိုင်ရှိခိုးရလောက်အောင် မြင့်မြတ်သွားသလိုလိုနဲ့ပါလား...