Sunday, August 8, 2010
လွယ်အိတ်တွင်းမှ ပွင့်ဖတ်လေးများ
“စိမ်းမြ သစ်ရွက်တို့ ကြွေနေဆဲ ...
ငါ့မျက်ရည် စိုနေတုန်းပေါ့ ... တချို့တွေ နေနိုင်လွန်းတယ်”
သက္ကရာဇ်တွေသာ သမိုင်းကြောင်းကို
ပြန်ပြောင်းပြောစတမ်းဆို
မငိုနိုင်တော့လို့ အံကို တင်းတင်းကြိတ်ထားရတဲ့
နှင်းဆီပွင့်ဖတ်လေးတွေအကြောင်း
ကျနော့်ကို ရှင်းပြကြလိမ့်မယ် အမေ။
ရွှေဘုန်းလူက ရေးခဲ့ဖူးတယ်
“အလောင်းတောင်မှ မမြင်ရမတွေ့ရ
ဘယ်နေရာမှာများ ကျဆုံးခဲ့သလဲ ညီလေးရယ် ...” တဲ့။
အညှီနံ့ ထောင်းထောင်းထနေတဲ့ ကျောင်းစိမ်းပုဆိုးလေးရယ်
ဖုတ်တလူးလူး သွေးတစိုစို
သူရို့ လွယ်အိတ်အိုလေးတွေက
ကျနော်တို့ကို လှောင်ရယ်ကြလိမ့်မယ် အမေ။
“ရဲရင့် ကျောက်ခက်တို့ ပြိုနေဆဲ ...
ငါ့အတွက် အဖြေရှာနေတုန်းပေါ့ ... တချို့တွေနေနိုင်လွန်းတယ်”
ကျနော့်ရင်ထဲမှာ စကားလုံးတလုံးရှိခဲ့ဖူးတယ်
“အစိမ့်ရင့်ရင့် လဲပြိုကျဆုံးမှုများ” တဲ့ ...။
ဘယ်တော့မှ မိုးပေါ်ထောင်မပစ်ဘူးဆိုတဲ့ သတ္တုမြားချက်တွေ
ပစ်မှတ်ဗဟိုချည်း ရွေးထိတာပါပဲ အမေရယ် ...။
ဒီလမ်းပေါ်ကနေ ဖဲ့ဆင်းသွားနေကြပြီ အမေ
ကျနော်တို့ ချဉ်းကပ်ပုံများ မှားနေရော့သလားဗျာ
လှိုင်းလုံးကြီးတွေ တလှိမ့်လှိမ့်ပြိုအဆင်း
တယောက်တလက် ပစ်ဖောက် နင်းချေလိုက်ကြတာလေ
မိုးလင်းတော့ ...
နာကြည်းခံခက်ရတုန်းပေါ့
အုတ်ချပ်တွေလည်း ထုံးသုတ် စိန်စီကြတုန်းပေါ့
ချိုးငှက်ကလေးတွေ အတောင်နှုတ်ခံနေရတုန်းပေါ့
ကြေးသတ္တုတွေလည်း ကြွေရည်သုတ်ခြင်း ခံနေရတုန်းပေါ့
အမေအိုတွေခမျာလည်း
ပြန်မလာကြတော့မယ့် သားသမီးတွေကို မျှော်နေတုန်းပေါ့။
ခိုင်ထူးရဲ့သီချင်းတစ်ပုဒ်မှာ ကျနော် စီးမျောရင်း
နံရံပေါ်က ဓာတ်ပုံကားချပ်ကို မော့ကြည့်မိတယ်
မျက်မှောင်ကုတ်ကုတ်နဲ့
ဗိုလ်ချုပ်ရဲ့ တက် တချက်ခေါက်သံ
ကျနော့်နားထဲ ကြားမိလိုက်သလိုပဲ အမေရေ ...။ ။
မားဆိုး
(၈-၈-၂၀၁၀)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment