ရဲဘော်ကျော်သန်း
ကျုပ်တို့မီဒီယာတွေအကြောင်း ပြောမလို့ပါ။ ပြောရေးရှိလို့သာ ပြောရတယ်။ ကြောက်တော့ ခပ်ကြောက် ကြောက်ပဲ။ မကြောက်လို့လည်း မဖြစ်ဘူးလေ။ သတင်းမီဒီယာဆိုတာက နတ်ဆိုးလိုပဲ။ နေ့စဉ်ပူဇော်ပသနေ လည်း မ ချင်မှ မ တာ။ သူစိတ်ဆိုးလို့ နှောက်ယှက်ရင်လည်း မလွယ်သလို စိတ်ပျော်လို့ ကျီစယ်ရင်လည်း မ ချောင်ဘူး။ တခါတလေ သူစိတ်ရူးပေါက်လို့ မ စ ရင်တော့ ကောင်းစားပေတော့ပေါ့။ မ တယ်ဆိုတာကလည်း ဆယ်ခါရံတခါပါ။ ဒါပေမယ့် ကြောက်နေ ပူဇော်နေကြရတာပဲလေ။ ဒီနေ့ခေတ်ကြီးမှာ သတင်းမီဒီယာတွေရဲ့ ထက်မြက်မှုကလည်း ငြင်းစရာမရှိတဲ့အချက်ပဲ။ အမေရိကန်သမ္မတကြီး မစ္စတာရစ်ချတ်နစ်ဆင် (Richard Nixon) တောင် ဝါးတားဂိတ်အရေးတော်ပုံနဲ့ သတင်းစာသမားတွေ ဝိုင်းကြိတ်လိုက်ကြတာ သမ္မတထိုင်ခုံက ဆင်းပြေးခဲ့ရဖူးတယ်။
“သုစိပုဘာ၊ ဝိလိသိဓာ
အက္ခရာ စွဲသုံး၊ ဤရှစ်လုံးကို
သီကုံးပန်းသွင်၊ နေ့တိုင်းဆင်လော့” ... လို့ ငယ်ငယ်က ကျက်မှတ်ခဲ့ရဖူးတယ်။ အဓိပ္ပာယ်က အသိပညာရရာရ ကြောင်း အခြေခံအကြောင်းတရား (၈) ပါးကို ဆိုလိုတာပါ။ အဲဒီထဲက “ဘာ” ဆိုတာ ဘာသေယျ ပြောဆိုဆွေး နွေးခြင်း၊ “သု” ဆိုတာ သုဏေယျ ကြားနာခြင်းလို့ အဓိပ္ပာယ်ရှိတယ်။ ကြားနာလေ့လာ ဆွေးနွေးဆည်းပူးခြင်း ပေါ့။ လူလိုသိ၊ လူလိုတွေး၊ လူလို ကျင့်ကြံနေထိုင်ဖို့ရာအတွက် အခြေခံလိုအပ်ချက် အသိပညာရရာရကြောင်း မြတ်ဗုဒ္ဓ ညွှန်ကြားခဲ့တဲ့ တရားတွေပဲ။
ကျုပ်တို့ဗမာလူမျိုးတွေ သုဏေယျကပ်၊ ဘာသေယျကပ် သင့်နေတာကြာခဲ့ပြီ။ ကြားချင်တာ မကြားရ၊ သိချင် တာ မသိရ၊ ပြောချင်တာ မပြောရ၊ မှန်တာ မကြားရ၊ မမှန်တာ ကြားရ၊ မသိချင်တာ သိရ၊ မပြောချင်တာ ပြော ရ။ မကြားချင်တာ ကြားနေရတာ ရာစုနှစ်ဝက်မက ကြာခဲ့ပြီ။ ပြည်ဖျက် ဗိုလ်နေဝင်း အာဏာသိမ်းခဲ့တဲ့ (၆၂) နှစ်ခုက စ ရေရမှာပေါ့။ ဒီ့အရင်ကလည်း ကြားနာခွင့်နဲ့ ပတ်သက်လို့ အနှောက်ယှက်မရှိဘူးလားဆိုတော့ ရှိ သင့်သလောက်ရှိခဲ့တယ်။
ပါလီမန်ဒီမိုကရေစီဆိုတဲ့ ဦးနု ဖဆပလအစိုးရက ပြည်သူတွေကို အသိပညာပေးနေတဲ့ သတင်းသမား ဆရာ လူထုဦးလှ၊ ဆရာကြီးရွှေဥဒေါင်း၊ ဆရာဗန်းမော်တင်အောင်တို့လို ပုဂ္ဂိုလ်တွေကိုတောင် စာပေရေးသားခြင်း ကြောင့် ဖမ်းဆီးထောင်ချခဲ့တာတွေ ရှိခဲ့တယ်။ ဦးကျော်ငြိမ်းရဲ့ တောင်သူ လယ်သမားသမဂ္ဂအမည်ခံ စစ်သား တွေက သူတို့ဝန်ကြီး မီးခွက်မှုတ်သတင်းကို ဖော်ပြလို့ ဂျာနယ်ကျော်မမလေးရဲ့ ဟစ်တိုင်သတင်းစာတိုက်ကို ရိုက်ချိုးဖျက်ဆီးခဲ့ဖူးတယ်။ သတင်းသမားတချို့ ခြိမ်းခြောက်ခံရတာလည်း ရှိခဲ့ဖူးတာပေါ့။ ပြည်ဖျက် ဗိုလ်နေ ဝင်းခေတ်ကတော့ ပြည်သူတွေ လုံးဝ မျက်စိကန်း နားပိတ်ဖြစ်တော့တာပဲ။
ရှစ်လေးလုံးအရေးတော်ပုံ နောက်ပိုင်းကာလတွင်းမှာ ဒီလိုမျက်ကန်း နားပိတ်ဘဝကနေ ဗမာပြည်သူတွေအ တွက် အသက်ရှုပေါက်ကလေးတခု ပွင့်လာခဲ့တယ်။ ဒါက ပြည်ပရေဒီယိုဖြစ်တဲ့ BBC, VOA တို့ကနေ ပြည်သူ တွေ ကြားချင်တာ၊ ကြားသင့်တာတွေကို ပိုပြီးအလေးပေး ထုတ်လွှင့်လာသလို DVB တို့၊ RFA တို့ဆိုတာတွေ လည်း ပေါ်လာတယ်။ အဲဒီရေဒီယိုတွေ ပေါ်စတုန်းကဆို မိတ်ဆွေတယောက်က ကျုပ်တို့တော်လှန်ရေး တ ဝက်အောင်ပြီလို့တောင် ကြွေးကြော်ခဲ့သေးတယ်။ ကိုယ်လည်းထောက်ခံမိတယ်။ လုပ်နေကြသူများကလည်း လူထုဘဝကို စာနာသူတွေ၊ နိုင်ငံလှုပ်ရှားမှုတွေထဲက သွားကြသူတွေဆိုတော့ ယုံကြည်အားတက်ဖြစ်မိတယ်။
သိပ်မကြာပါဘူး။ အနှီပုဂ္ဂိုလ်များ ရေဒီယိုများက သမ္ဗုဒ္ဓေတဂါထာနဲ့ အရိယာဂိုက်ဖမ်းပြီး ပီဘိသတင်းသမား ကြီးတွေလို၊ တရားသူကြီးနေရာ၊ ဒိုင်လူကြီးနေရာရောက်ကုန်ရော။ မီဒီယာဆိုတာ ဘာဖြစ်တယ် ညာဖြစ် တယ်၊ ဘက်မလိုက်ရဘူးတို့၊ ပြဿနာဖြစ်ရင် နှစ်ဘက်အသံ ပါရမယ် ဖြစ်ကုန်ရော။ ပြည်တွင်းမှာ တဖက် သတ် လုပ်ချင်ရာလုပ်၊ ပြောချင်ရာပြော၊ လိမ်ချင်သလို လိမ်နေသူတွေရဲ့ သဘောထားအသံကလည်း သူတို့ စံတွေထဲမှာ မဖြစ်မနေ ထည့်စဉ်းစားပေးစရာတွေ ဖြစ်လာပါရော။ ပီဘိသတင်းသမားကြီးတွေအတွက်တော့ တရွာလုံးက မုဒိမ်းသမား၊ လူသတ်သမားလို့ သိထားတဲ့ ရာဇဝတ်သားရဲ့ မုဒိမ်းကျင့်ရ၊ လူသတ်ရတဲ့အကြောင်း ရင်းတို့၊ ရည်ရွယ်ချက်တို့၊ ရည်မှန်းချက်တို့ ... စတဲ့ ရှင်းလင်းချက်ပါမှ သတင်းဖြစ်တယ် ဖြစ်ကုန်ရော။ ကျုပ်တို့ ဗမာပြည်သူတွေရဲ့အဖြစ်က စိတ်ချယုံကြည်လောက်တဲ့ ကိုယ့်ဇနီးမယားက သူခိုးကို ဓားရိုးကမ်းတာ ခံလိုက်ရ တဲ့ ပဒုမမင်းသားရဲ့ အဖြစ်များလိုပါပဲ။
နိုင်ငံတခု၊ လူ့အဖွဲ့အစည်းတခုမှာ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးဆိုတဲ့ မဏ္ဍိုင်သုံးရပ်ပြီးရင် သ တင်းမီဒီယာ ဒါမှမဟုတ် စာနယ်ဇင်းတွေဟာ အရေးအကြီးဆုံး အရေးအရာ စတုတ္ထမဏ္ဍိုင်လို့ သတ်မှတ်ကြ တယ်။ နိုင်ငံတော် (သို့) ခေါင်းဆောင်နဲ့ လူထုကြားက ဆက်သွယ်ရေး ပေါင်းကူးဖြစ်သလို လူထုချင်းအကြား ဆက်သွယ်ရေးနဲ့ ပညာပေးရေး ယန္တရားကြီးလည်းဖြစ်တယ်။ မူလအဓိက မဏ္ဍိုင်သုံးရပ်ကတော့ အုပ်ချုပ်သူ အာဏာပိုင်လက်ထဲမှာရှိတဲ့ အရာတွေသာဖြစ်တော့ စတ္ထုမဏ္ဍိုင်သာလျှင် လူထုရဲ့အားကိုးရာဖြစ်တော့တယ်။
ကိုလိုနီနိုင်ငံဟောင်းတွေရဲ့ သမိုင်းကြောင်းကို လေ့လာရင် သတင်းမီဒီယာတွေ၊ စာနယ်ဇင်းတွေဟာ အမျိုး သားလွတ်မြောက်ရေးတိုက်ပွဲတွေမှာ အဓိက အခန်းက ပါဝင်ခဲ့ကြတယ်။ ဗမာ့လွတ်မြောက်ရေး တိုက်ပွဲမှာ လည်း ထိုနည်းလည်းကောင်း စာနယ်ဇင်းတွေ လူထုကို အလုပ်အကျွေးပြုခဲ့ကြတယ်။ သမိုင်းတာဝန် ကျေပွန် ခဲ့ကြတယ်။ ဒီလို သမိုင်းတာဝန်ကျေခဲ့ကြတဲ့ စာနယ်ဇင်းနဲ့ သတင်းမီဒီယာသမားတွေ ရှိခဲ့သလို အာဏာပိုင် တွေရဲ့ လက်ကိုင်တုတ် အလိုတော်ရိ သတင်းမီဒီယာသမားတွေလည်း ရှိခဲ့တာပဲ။ ဥပမာ - ဗမာပြည်ကို ဝေလ မင်းသား အလည်လာစဉ်က ဆုတော်ငွေ ငါးထောင်ထုပ်ကို မမက်ဘဲ ဘုန်းတော်ဘွဲ့ရေးဖို့ ငြင်းဆန်ခဲ့တဲ့ ဆရာ ကြီး သခင်ကိုယ်တော်မှိုင်းလို သတင်းသမားရှိခဲ့သလို ကိုလိုနီအရှင်သခင်ရဲ့ ဘုန်းတော်ဘွဲ့ ရေးရတာကိုပဲ ဧရာ မဂုဏ်ကြီးလို ပျော်ပျော်ကြီးရေး ပေးခဲ့သူတွေလည်းရှိခဲ့တယ်။ အဆုံးသတ်မှာတာ့ စာနယ်ဇင်း၊ သတင်းသမား တွေ ကျေးဇူးကြောင့် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ အရှိန်အဟုန် မြင့်မားလာတဲ့အတွက်ကြောင့် အလို တော်ရိ သတင်းသမားတွေ၊ သတင်းစာတွေ ချုပ်ငြိမ်းပျောက်ကွယ်သွားရသလို လူထုအကျိုး လူထုဆန္ဒကို ဦး ထိပ်ထားတဲ့ စာနယ်ဇင်းတွေ အောင်လံထူပြီး လူထုမေတ္တာ ခံယူနိုင်ခဲ့ကြတယ်။
သတင်းမီဒီယာဆိုတာ လူထုအတွက် အားကိုးရာ စတုတ္ထမဏ္ဍိုင်ဖြစ်သလို သြဇာလည်း စူးရောက်တဲ့အတွက် အာဏာပိုင်တွေဘက်ကရော၊ အာဏာမဲ့တွေဘက်ကရော အပြိုင်အဆိုင် ထိန်းချုပ်ဖို့ ကြိုစားကြတယ်။ ပြည်သူ လူထုရဲ့ နားမျက်စိလို သတင်းမီဒီယာတွေကို အုပ်စိုးသူ အာဏာပိုင် အဆက်ဆက်ကလည်း သတင်းမီဒီယာ တွေကို နည်းမျိုးစုံနဲ့ ချုပ်ကိုင်ဖို့ ကြိုးစားခဲ့တယ်။ ဖောက်ပြန်တဲ့ သတင်းသမားတွေကို မက်လုံးပေးစည်းရုံးသလို တိတ်တဆိတ် ငွေထုတ်ပေးပြီး ခါးပိုက်ဆောင် သတင်းတိုက်တွေ ထောင်တာတွေလည်း လုပ်ခဲ့ကြတယ်။ ကိုယ်လိုရာကို ရေးသားဖြန့်ချီထုတ်လွှင့်ကြတယ်။ ဒါကြောင့် စာနယ်ဇင်း သတင်းစာတွေထဲမှာ တိုင်းပြည်နဲ့ လူ မျိုးအတွက် အကျိုးဖြစ်ထွန်းစေမယ့် အရာတွေ ပါသလို၊ အဆိုးအပျက်တွေ ဖြစ်စေမယ့် အဆိပ်အတောက်တွေ လည်းပါနိုင်တယ်။ ဥပမာ ဆောင်ရရင် သတင်းစာမီဒီယာဆိုတာ လူထုအတွက် ငသားလောက်ကို စားရသလို ပါပဲ။ အရသာ ထူးကဲ့တဲ့ အာဟာရဖြစ်ပေမယ့် အစားမတတ်ရင် အရိုးလည်း စူးမျက်နိုင်သလို အစာမကြေ၊ အ ကျောတက်ပြီးလည်း ဖျားနာနိုင်ပါတယ်။
ပြည်သူတွေရဲ့ နားမျက်စိတွေဖြစ်တဲ့ သတင်းစာမီဒီယာတွေ ဖောက်ပြန်ရင်၊ တာဝန်မဲ့လာရင်တော့ အဲဒီ့လူ့အဖွဲ့ အစည်း (ဝါ) နိုင်ငံပြည်သူတွေရဲ့ အနာဂတ်ဘဝဟာ အန္တရာယ်ကျရောက်တော့တာပဲ။ ဒါကြောင့် သတင်းစာ မီဒီယာတွေရဲ့ တာဝန်ဟာ လူ့ဘောင်လောကအတွင်းက အဖြစ်အပျက်တွေကို မှန်မှန်ကန်ကန် ဖော်ထုတ်ကြ ရုံနဲ့ မလုံလောက်ဘဲ လောကလူ့ရွာအတွက် ဆိုးကျိုးအန္တရာယ်ကို ဖြစ်စေမယ့် အတွေးအမြင်များကိုလည်း သုတ်သင်ဖယ်ရှားရမှာဖြစ်သလို လောကလူ့ရွာ အေးချမ်းသာယာရေး ဖွံ့ဖြိုးရေးကို ဖြစ်ထွန်းစေမယ့် အတွေးအ မြင်တွေ ပြန့်ပွားစေဖို့လည်း တာဝန်ရှိပါတယ်။
ဒီနေ့ သတင်းမီဒီယာတချို့ရဲ့ အမြင်နဲ့ လုပ်ဟန်တချို့ဟာ တာဝန်မဲ့လွန်းပါတယ်။ တချို့သတင်းသမားတွေ စည်းမစောင့်ဘဲ ကိုယ်သတင်းရဖို့ပဲ မညှာမတာ လုပ်တာတွေကြောင့် အထဲကလူတွေ အဖမ်းခံကြရ ဒုက္ခ ရောက်ကြတာတွေလည်းရှိသလို အချင်းချင်းအပေါ် စည်းမစောင့်တာတွေ တရားမဲ့တာတွေလည်း ကြားနေရ တယ်။ ဒါတွေက ထားပါတော့။ ဒီနေရာမှာ အဓိကပြောချင်တာက သတင်းသမားတွေရဲ့ အဓိကရပ်တည်ချက် ပြဿနာပါ။ သတင်းတွေကို အဖြစ်အပျက်တိုင်းပဲပြောရမယ်။ အမှားအမှန် ဝေဖန်သုံးသပ်ချက် မထည့်ရ။ မည် သည့် ရှုထောင့်အမြင်နဲ့မှ မတင်ပြရ။ ဘက်မလိုက် ကြားနေရမယ်လို့ ဆိုပါတယ်။ အမှန်တရားအပေါ် သို့မ ဟုတ် အကာကွယ်မဲ့ အဖိနှိပ်ခံ ဗမာပြည်သူတွေအပေါ် ကျောခိုင်းလိုက်တဲ့ အတွေးအမြင်ပဲဖြစ်တယ်။
ဒေါ်စု ပြောခဲ့တဲ့ မတရားတာတွေ့ရင် ဒါ မတရားဘူးလို့ ပြောရမယ်။ ဒီလိုမပြောရင် ဒီမတရားမှုဟာ တနေ့ကိုယ့် ဆီရောက်လာလိမ့်မယ်ဆိုတဲ့ စကားကို မေ့ထားကြပြီထင်တယ်။ ဒီအမြင် ဒီအယူအဆတွေဟာ အမြင်အားဖြင့် တော့ အလွန်လှ အလွန်ကောင်းပါတယ်။ အနောက်တိုင်းနဲ့ လူမှုနိုင်ငံရေး (Socio-Politic) ဘဝပုံမှန်စနစ်ထဲ မှာတော့ အဓိပ္ပါယ်ရှိနိုင်ပါတယ်။ အဲဒီ့မှာရှိတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ပါတီတိုင်းမှာ ကိုယ်ပိုင်အမြင် အယူအဆ တွေကို လွတ်လပ်စွာ ပုံနှိပ်ဖြန့်ချိ စည်းရုံးနိုင်ခွင့်ရှိပြီး စွပ်စွဲချက်တွေ ရှိခဲ့ရင်လည်း လွတ်လပ်စွာ ခုခံနိုင်ခွင့် ရှိနေ ပြီးသားဖြစ်ပါတယ်။ အဲဒီလို လူ့အဖွဲ့အစည်းမှာ ဘက်လိုက်စရာ မရှိပါဘူး။ လိုက်စရာ အမှန်တရားမျက်နှာတခု သာရှိတယ်။
သို့သော်လည်း ဗမာပြည်လို လူထုဆက်သွယ်ရေး ယန္တရားတခုလုံးကို ရေပက်မဝင်အောင် ထိန်းချုပ်ထားပြီး တဖက်သတ်ဝါဒဖြန့်၊ ဆန့်ကျင်ဘက်တွေကို အပုပ်ချနေတဲ့ စစ်အုပ်စုနဲ့ ရင်ဆိုင်နေရတဲ့ ဗမာပြည်သူတွေရဲ့ တိုက်ပွဲပဲဆိုဆို ပဋိပက္ခပဲဆိုဆို ပြဿနာအပေါ်မှာ ဘယ်ဘက်မှ မလိုက်ဘူးဆိုတာဟာ အမှန်တရားနဲ့ တရား မျှတခြင်းဆိုတဲ့ လောကပါလတရားကို ကျောခိုင်း လိုက်ခြင်းသာဖြစ်ပါတယ်။
အထက်မှာဆိုခဲ့သလို သတင်းလွတ်လပ်ခွင့် ဆိတ်သုဉ်းပြီး အမှောင်ခေတ်ထဲက ဗမာပြည်သူတွေအတွက် အ သက်ရှုပေါက်ကလေးတခုလို ဖြစ်နေတဲ့ ပြည်ပရေဒီယိုတွေနဲ့ နောက်ပေါ် အွန်လိုင်းသတင်းဋ္ဌာနတွေက ပီဘိ သတင်းသမားကြီးတွေ ဂိုက်ဖမ်းပြီး ဘယ်ဘက်မှ မလိုက်ရဘူးဆိုတဲ့မူအပေါ်မှာ ရပ်လိုက်ချိန်မှာတော့ ရှိတဲ့ ကောက်ရိုးတမျှင်လည်း ဆုံးရှုံးသွားရတော့တယ်။ တိုက်ဆိုင်ချင်တော့ ရန်သူစစ်အုပ်စုက လုပ်လာတဲ့ မီဒီယာ ကို မီဒီယာနဲ့တိုက် ဆိုတဲ့ ဗျူဟာကို အကောင်အထည်ဖော်တဲ့ အချိန်နဲ့ အချိန်ကိုက်ဖြစ်သွားတယ်။
ပြင်ပ မီဒီယာပေါင်းစုံတို့ မျက်ကန်းနားပိတ် ဗမာလူထုကို ကျောခိုင်းတဲ့ ထုတ်လွှင့်မှုတွေ ထင်သာမြင်သာဖြစ် လာတာဟာ လွန်ခဲ့တဲ့ နှစ်နှစ်ကျော် သုံးနှစ်က ရွေးကောက်ပွဲအသံတွေ ထွက်လာချိန်က စတယ်လို့ဆိုရမှာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် အဓိက ဦးဆောင်ပါတီတွေကို မသိမသာ ဝေဖန်ရင်း ကြွက်မဟုတ် ငှက်မဟုတ် ပညာရှင်ပြောလိုက်၊ တတိယအုပ်စုပြောလိုက် လင်းနို့လိုလို လူတွေကို ဇန်းတင်လာတယ်။ လက် တွေ့နိုင်ငံရေး ဆိုတဲ့ အသံတွေ ထုတ်လာတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ဆွေးနွေးခန်းတွေမှာ ထောက်ခံ သူတွေနဲ့ မယှဉ်နိုင်တဲ့ အားနည်းတဲ့ ဆန့်ကျင်သူတွေနဲ့ ပွဲတည်ပေးပြီး ရွေးကောက်ပွဲကို မသိမသာ ဇောင်းပေး တယ်။ မျက်ကန်းနားပိတ်ဘဝ လူထုကို ရွေးကောက်ပွဲမှတပါး အခြားရွေးချယ်စရာမရှိဆိုတဲ့ အမြင်တွေဖြစ်ပေါ် အောင် ဖန်တီးထုတ်လွှင့်ကြတယ်။
ပိုပြီး ထင်ရှား၊ ပိုပြီး ဖောက်ပြန်တဲ့ လုပ်ရပ်ကတော့ မြန်မာသတင်းသမားသမဂ္ဂနဲ့ VOA တို့ ပေါင်းရိုက်တဲ့ပွဲပဲ။ နအဖ စစ်အုပ်စုက ယုံကြည်စိတ်ချစွာ လွှတ်ပေးလိုက်တဲ့ ဦးသုဝေတို့ ခင်ဇော်ဝင်းတို့လို ပုဂ္ဂိုလ်တွေကို ချင်းမိုင် ဖိတ် စင်တင်ပြီး ရွေးကောက်ပွဲကြော်ငြာပွဲကြီး လုပ်ကြတယ်။ နောက်ထပ်ဖောက်ပြန်မှုကတော့ RFA ပဲ ဖြစ် တယ်။ RFA ရဲ့ လူငယ်အမြင်ကဏ္ဍကနေပြီး ရွေးကောက်ပွဲထောက်ခံရေး မဲပေးရေး အာဘော်တွေကို မျိုးရန် နောင်သိမ်းဆိုသူကို ရှစ်ဆယ့်ရှစ်မျိုးဆက်အနေနဲ့ အပတ်စဉ် ထုတ်လွှင့်ပေးနေတယ်။
ရှစ်ဆယ့်ရှစ်မျိုးဆက်ခေါင်းဆောင် မင်းကိုနိုင်၊ ကိုကိုကြီးတို့လို ပုဂ္ဂိုလ်တွေ အကျဉ်းထောင်တွေထဲမှာ ဆက်ပြီး ထိမ်းသိမ်းခံနေရစဉ် ထူးကဲစွာ လွတ်မြောက်လာတဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက် အမည်ခံ မျိုးရန်နောင်သိမ်းရဲ့ အမြင် တွေကို ယနေ့ဗမာလူငယ်တို့ရဲ့အမြင်တွေ ဖြစ်လေဟန် ထုတ်လွင့်ချက်ဟာ အလွန်ကို အော့နှလုံးနာစရာ ကောင်းပါတယ်။ ထောင်ပေါင်းများစွာသော အကျဉ်းကျလူငယ်တွေ၊ ကျောင်းသားတွေနဲ့ စစ်အုပ်စုရဲ့ ရက်စက် မှုအောက်မှာ လှုပ်ရှားတိုက်ပွဲဝင်နေကြတဲ့ ဗမာလူငယ်ထုကို စော်ကားလိုက်ခြင်းလည်းဖြစ်ပါတယ်။
ဒီအစီအစဉ် ထုတ်လွှင့်သူဟာ အဖိနှိပ်ခံလူထုအတွက် စေတနာထားစရာမလိုဘဲ တကယ်တမ်း ဘက်မလိုက် ဘူးဆိုရင်တောင် တခြားလူငယ်တွေရဲ့အမြင်တွေကိုပါ အလှည့်ကျ ထုတ်လွှင့်ပေးရမှာဖြစ်ပါတယ်။ အခုတော့ ဖောက်ပြန်တဲ့အမြင်ကိုပဲ ဆက်တိုက်လွှင့်ပေးနေ ရွေးကောက်ပွဲ ထောက်ခံရေးအမြင်ကိုပဲ ဖော်ထုတ်ပေးနေ ခြင်းဟာ ဗမာလူငယ်ထုအပေါ် RFA ရဲ့ မတရားတဲ့ အပြုအမူ၊ စော်ကားတဲ့ အပြုအမူပဲဖြစ်တယ်။ ဒီထုတ်လွှင့် ချက်တွေဟာ သွေးရိုးသားရိုး လုပ်ရပ်အဖြစ် ယူဆစရာအကြောင်းမရှိပါဘူး။ (ဒီစာကို သြဂုတ်လဆန်းက ရေးခဲ့ ပေမယ့် မအားလပ်တာကြောင့် အချောမသတ်ဘဲ အခုမှ နောက်ကျပြီး အစသတ်နိုင်ပါတယ်။ တချို့စာပါအ ချက်အလက်တွေက ပြောဖို့လိုအပ်တယ် ယူဆလို့ နောက်ကျမှ ဖြန့်ချိလိုက်တယ်။ အခုနောက်ဆုံးအခြေအနေ အရ RFA က လူငယ်ကဏ္ဍမှာ မဖြူဖြူသင်းရဲ့ အမြင်တွေကိုလည်း ကြားညှပ်ထုတ်လွင့်ပေးနေတယ်လို့ သိရ ပါတယ်။ မျိုးရန်နောင်သိမ်းရဲ့ ရွေးကောက်ပွဲ ထောက်ခံရေးအမြင်တွေကိုလည်း ဆက်လက်ထုတ်လွှင့်နေဆဲ လို့ သိရပါတယ်။)
လောကကြီးမှာ အကြီးဆုံးရန်သူ ဒုက္ခအပေးနိုင်ဆုံး အန္တရာယ်ဟာ မိတ်ဆွေယောင်ဆောင်ထားတဲ့ ရန်သူဖြစ် တယ်။ တည်ကြည်တဲ့ ရန်သူထက် မိတ်ဆွေယောင်ဆောင်ထားတဲ့ ကောက်ကျစ်သူက အန္တရာယ်ပိုကြီးတယ် ဆိုတဲ့ စကားလည်းရှိတယ်။ ယုံကြည်စိတ်ချမှုကြောင့် မကောင်းအကြံကိုလည်း လက်ခံမိသလို အဆိပ်ကို လည်း သုံးစားမိတတ်ပါတယ်။ ဆရာသမားအပေါ်မှာ လေးစားကြည်ညိုစိတ်နဲ့ ယုံကြည်မိတဲ့ အင်္ဂုလိမာလဟာ ဆရာသမားရဲ့ အကောက်ကြံမှုကြောင့် တောပုန်းလူဆိုးကြီးဖြစ်ရတယ်။ ရာဇဝတ်သားဖြစ်ရတယ်။ သံသရာ ဝန်လေးတဲ့ အလုပ်တွေကို မှားမှားယွင်းယွင်း လုပ်မိခဲ့ရရှာတယ်။
အခု ကျနော်တို့ မီဒီယာတွေဟာ မျက်ကန်းနားပိတ် ဗမာလူထုအတွက် နားမျက်စိ ဖြစ်ရမည့်အစား တရားသူ ကြီးလိုလို၊ ဒိုင်လူကြီးလိုလို ဂိုက်ဖမ်းလာတာဟာ စိတ်ချယုံကြည်ထားသူရဲ့ ဖောက်ပြန်မှုကို ခံရသလိုပါပဲ။ ကိုယ့်နားမျက်စိတွေရဲ့ ဖောက်ပြားလှည့်စားတာကို ခံရသလိုပါပဲ။ အားကြီးသူနဲ့ အားနည်းသူတို့ ကြားက ပဋိပက္ခ၊ လက်နက်ကိုင်နဲ့ လက်နက်မဲ့တွေရဲ့ကြားက တိုက်ပွဲမှာ ဘက်မလိုက်ဘဲ ကြားနေဖို့ ကြိုးစားတာဟာ ဘယ်လိုသဘောထား၊ ဘယ်လိုလူစားတွေလည်းဆိုတာ စဉ်းစားသာကြည့်ပေတော့။ ဒီလိုမမျှတတဲ့ တိုက်ပွဲ တွေကြားမှာ ကြားနေတယ်ဆိုတာ အကျိုးသက်ရောက်မှုအားဖြင့်တော့ အားကြီးသူကို ဗိုလ်ကျအနိုင်ယူခွင့် ပေးလိုက်တာ၊ သွယ်ဝိုက်သောအားဖြင့် မတရားမှုကို အားပေးထောက်ခံတာပဲဖြစ်တယ်။ ပိုပြီး ဝမ်းနည်းစရာ ကောင်းတာက ဒီနေ့ဗမာလူထုက အားကိုးယုံကြည်နေတဲ့ မီဒီယာတွေမှာ လုပ်ကိုင်နေသူအများစုဟာ တချိန် က အမှန်တရားဘက်က တိုက်ပွဲဝင်ခဲ့သူတွေ၊ ပြည်သူကို အလုပ်အကျွေးပြုဖို့ အားထုတ်ခဲ့ကြဖူးတဲ့ တော်လှန် ရေးသမားဟောင်း၊ နိုင်ငံရေးသမားဟောင်းတွေ ဖြစ်နေတာပဲ။ ဘယ်လိုဖြစ်သွားကြတာလဲ။ ပြည်သူလူထု မျက် နှာထက် ထမင်းထုပ်မျက်နှာက ပိုကြီးသွားတာလား။ အလုပ်ရှင်မျက်နှာက ပိုကြီးသွားတာလား။ ဒါမှမဟုတ် မိစ္ဆာစစ်အုပ်စုမျက်နှာက ပိုကြီးသွားတာလား။
ဗမာသတင်း ဂျာနယ်လောကရဲ့ စံပြုပုဂ္ဂိုလ် ဂျာနယ်ကျော်ချစ်မောင်ရဲ့ “မကြောက်မရွံ့၊ မဟုတ်မခံ၊ မျက်နှာမ ရွေး၊ မှန်တိုင်းရေးပိမ့်” ဆိုတဲ့ သတင်းသမားကျင့်ဝတ်နဲ့တော့ အတော်ဖီလာဖြစ်တာပဲ။ ပြောမည့်သာပြောရတာ ပါ။ ဒီနေ့သတင်းသမားဆိုသူ အတော်များများ ဂျာနယ်ကျော်ဦးချစ်မောင်ရဲ့ နာမည်ကို ကြားတောင်မှ ကြားဖူး ရဲ့လားမသိဘူး။ မကြားဖူး ကြသေးရင်လည်း ရှာဖွေလေ့လာကြပါဦး။ သတင်းသမားလုပ်မယ်ဆိုရင်တော့ လူ ထုဦးလှရဲ့ “ကျနော်သတင်းသမား” ဆိုတဲ့ စာအုပ်တို့ ဆရာကြီးရွှေဥဒေါင်းရဲ့ “တသက်တာမှတ်တမ်း” တို့ ဂျာ နယ်ကျော်ဦးချစ်မောင်အကြောင်း ဂျာနယ်ကျော်မမလေးရေး ထားတဲ့ “သူလိုလူ” ဆိုတဲ့ စာအုပ်တွေလောက် တော့ ဖတ်ဖူးထားသင့်ပါတယ်။ ဝရဇိန်လက်နက်ကြီး ကိုင်ထားပြီး အစွမ်းမသိ ဆေးလိပ်မီးညှိလိုက်၊ ရေနွေး ကျိုလိုက်လောက်ပဲ သုံးမိနေရင် ရင်နာစရာ။ ပြီးတော့ ကိုယ်စီးတဲ့မြင်း အထီမှန်း အမမှန်း မသိရင် ခက်မယ်။
ကာလသားပုံပြင်တခုပါ။ ကာလသားပုံပြင်ဆိုတော့ နည်းနည်းတော့ ညစ်ညမ်းတယ်။ သိသာအောင်တော့ ပြောဦးမယ်။ တခါက လူသေးလူ့ဗလံ ခရီးသည်တယောက် မြင်တစီးနဲ့ ညနေစောင်းမှာ တောအုပ်တခုထဲ ဖြတ် သွားတယ်။ တောအုပ်အလယ် ညောင်ပင်ကြီးရောက်တော့ ခဏနားမယ်လုပ်တုန်း ဘီးလူးတကောင်ပေါ်လာ ပြီး စားမယ်ဆိုဖမ်းရော။ ခရီးသွား လူဗလံလေးလည်း အသက်ဘေးဆိုတော့ ကြောက်အားလန့်အားနဲ့ ခုခံတာ ပေါ့။ အကြောင်းကောင်း ထောက်မလို့ လူ့ဗလံလေးနိုင်သွားတယ်။ ဒီတော့ ဘီလူးက အသက်ကို ချမ်းသာပေး ပါ။ လိုရာဆုပေးပါ့မယ်လို့ ကမ်းလှမ်းတယ်။ ဒီတော့ လူဗလံလေးလည်း တသက်လုံး သူတပါးပြက်ရယ်ပြုခံလာ ရတဲ့ သူ့ရဲ့သေးညှက်ညှက် ခန္ဓာကိုယ်ကို ဗလငါးတန်နဲ့ ပြည်စုံအောင် ဖန်ဆင်းပေးဖို့ပြောတယ်။ ဒီတော့ ပြည့် စေဆိုပြီး ပြည့်စုံသွားတယ်။ ပြီးတော့ သူ့ရဲ့ ဗလငါးတန်ခန္ဓာကိုယ်နဲ့ လိုက်ဖက်ဖို့ သူ့ဖွားဘက်တော်ကိုလည်း သူစီးလာတဲ့ မြင်းလောက်ရှိပါစေဆိုပြီး တောင်းဆိုပြန်တယ်။ ဒါလည်း ပြည့်စေပေါ့။ ဒီလိုနဲ့ ခရီးသွား အိမ်ပြန် ရောက်လာတယ်။ ဇနီးသည်က မမှတ်မိဘူး။ အကျိုးအကြောင်းရှင်းပြမှ သဘောပေါက်သွားတယ်။ မယားလုပ် သူလည်း ဝမ်းသာအားရ ယောက်ျားဖြစ်သူရဲ့ ဗလငါးတန် ခန္ဓာကိုယ်ကြီးကို အားရကျေနပ်စွာနဲ့ ကြည့်ပြီး လက် မောင်း၊ ရင်အုပ်၊ ကြွက်သားတွေကို စမ်းကြည့်တယ်၊ ညှစ်ကြည့်တယ်။ သဘောအကျကြီးကျနေတာပေါ့။ တ ဖြည်းဖြည်း အောက်ဆင်းစမ်းလာလိုက်တာ ဟိုနေရာလည်းရောက်ရော မိန်းမလုပ်သူက အလန့်တကြားနဲ့ အော်လိုက်တယ်။ “ ဟင့် အတူတူပဲဟာကို” တဲ့။ ဒီတော့မှ ပြေးကြည့်တော့ သူစီးခဲ့တဲ့ မြင်းက အမကြီးဖြစ်နေ သတဲ့။ ဒါကြောင့် ကိုယ်လုပ်တဲ့ အလုပ်အကြောင်းနဲ့ အဲ့ဒီ့အလုပ်တန်ဖိုးကိုသိဖို့ အလွန်ရေးကြီးပါတယ်။ ကိုယ် စီးတဲ့မြင်း အထီမှန်း အမမှန်း မသိရင် “အတူတူပဲဟာကို” ဖြစ်သွားမယ်။
ပြင်ပရေဒီယိုသတင်းဋ္ဌာနတွေ အသစ်တွေပေါ်၊ အားတွေကောင်းလာချိန်က အရေးတော်ပုံအတွက် တအား တက်ခဲ့သလို ကြုံတဲ့လူတိုင်းကိုလည်း ရေဒီယိုနားထောင်ဖို့နဲ့ ဒါဟာလည်း နိုင်ငံရေးအလုပ်တခုလို သဘော ထားဖို့ တိုက်တွန်းနှိုးဆော်ခဲ့မိတယ်။ အခုတော့ ဒီရေဒီယိုတွေ၊ သတင်းဋ္ဌာနတွေကိုလည်း မျက်စိမှိတ် နားမ ထောင်ဘဲ ငါးစားသလို သတိတရားနဲ့ အရိုးအသား ခွဲခြားစားကြဖို့ ဝေဖန်နားထောင်ကြဖို့ ပြောင်းပြီး နှိုးဆော် နေရတယ်။ အခုလို မျက်ကန်းနားပိတ် လူထုဘဝကို ကျောခိုင်းလာချိန်မှာတော့ ကျုပ်တို့မီဒီယာတွေကို ကာ တွန်းကံချွန်ရဲ့ မျက်လှည့်ဆရာပုံပြင်ထဲက မြွေဆေးရောင်းသမား အော်သလိုပဲ အော်ရတော့မယ်ထင်တယ်။
ပုံပြင်က။ တခါတုန်းက မြွေလမ္ပာယ်ပြပြီး ဆေးရောင်းတဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ်။ တယောက်က မြွေ လမ္ပာယ်ပြတယ်၊ တယောက်က အာဘောင်အာရင်းသန်သန်နဲ့ မြွေဆေးရောင်းတယ်။ တခါတော့ မြွေလမ္ပာယ် ပြတဲ့သူက ဖျားနာတယ်။ တရက်မကောင်း၊ နှစ်ရက်မကောင်းနဲ့ ရက်ကြာလာတော့ စားဝတ်နေရေး မပြေလည် တော့ဘူး။ ဒီတော့ မြွေဆေးရောင်းသမားက မထူးဘူးဆိုပြီး မြွေပခြုပ်ထမ်းပြီး ထွက်လာတယ်။ သိသလောက် တတ်သလောက်နဲ့ မြွေလမ္ပာယ်ပြပြီး ဆေးရောင်းမယ်ပေါ့။ လူစည်းကားရာမှာ ချပြီး အရင်ဆုံး သိထား သ လောက်နဲ့ မြွေလမ္ပာယ်ပြတယ်။ အတော်လေးကြာတော့ ဘိန်းကျွေးထားတဲ့မြွေက ဘိန်းငိုက်ပြေပြီး ရှူးရှူးရှား ရှား ဖြစ်လာတယ်။ ဆေးရောင်းသမားလည်း ကြောက်ကြောက်နဲ့ ထိန်းဖို့ကြိုးစားတယ်။ မရဘူး။ ဖမ်းလည်းမ ဖမ်းရဲတော့ဘူး။ ကြည့်နေတဲ့ ပရိတ်သက်ထဲက တယောက်ယောက်ကို ကိုက်လိုက်ရင် ဒုက္ခကြီးတော့မယ်။ ဒီတော့ မြွေဆေးသမားလည်း ကိုယ်ထမင်း ရှာစားနေရတဲ့ မြွေကြီးကို မညှာနိုင်တော့ဘဲ မချိတင်ကဲနဲ့ အော် လိုက်ရတယ်။ “ကျုပ်မြွေကြီးပါဗျာ ကြည့်ကျက်ပြီးသာ ရိုက်သတ်လိုက်ကြပါတော့” တဲ့။
မီဒီယာဆိုတာ ကျနော်တို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အစွမ်းထက် လက်နက်တခုပါ။ ကျနော်တို့ အဖိနှိပ်ခံ ဗ မာလူထုလွတ်မြောက်ရေးအတွက် အားတခုအဖြစ် ဆက်လက်ရပ်တည်ကြစေချင်ပါတယ်။ မြွေသမားရဲ့ ကျုပ် မြွေကြီးပါ မဖြစ်စေချင်ပါ။ ဒါကြောင့် မီဒီယာသမားတွေအတွက် လက်ဆောင်အောက်က ကဗျာလေးကို ရေးမိ ပါတယ်။
မိုးကြိုးလက်နက် ရှိန်စော်ထက်
မျောက်လက်ရောက်ရှာ ခွင့်မသာ
ရောင်ဝါမှေးလျက် အကြေးတက်။
သတင်းထက်မြက် လူထုတွက်
မျက်စိနားနှာ ပုံပမာ
သိက္ခာကွယ်ဝှက် တန်ခိုးပျက်။ ။
ရဲဘော်ကျော်သန်း
၂၂-၈-၂၀၁၀
7 comments:
I do not agree with you.
RFA,BBC တို့ကို iphone ကနေအချိန်မရွေးနားထောင်လို့ရလို့ နေ့တိုင်းအလုပ်လုပ်ရင်းနားထောင်ဖြစ်တယ်..ခင်ဗျားပြောသလို တဘတ်သတ်ပေါင်းပြီးလုပ်စားနေတယ်ဆိုရင် အန်ကယ်ဦးဝင်းတင်နဲ့ ဖုန်းပြောတဲ့ ကဏ္ဍထည့်စရာတောင်မလိုတော့ဘူး။
လက်ရှိသူတို့ဗိုက်ကို ဖြည့်တင်းပေးနေတာက ဦးဝင်းတင်တို့စသည် လူတော်လူကောင်းတွေပဲ။ နအဖ မုန်းတဲ့ နိုင်ငံရေးသမားတွေပဲ။ ဒါကို ငမိုက်သား မီဒီယာသမားတွေက အမေကျော်ပြီး ဒွေးတော်လွမ်းချင်တယ်။ ကိုယ့်ထမင်းရှင်ကိုတောင် ပြန်စော်ကားချင်ကြတယ်။ ဘက်မလိုက်ရေးဆိုတာ လူသားမပီသပေဘူး။ နအဖဘက်တော်သားပါလို့ ဝန်ခံလိုက်ပါ။ ထမင်းငတ်သွားစေရမယ်။ ဒါဆို ဘယ်သူက ကျေးဇူးရှင်ဆိုတာ သဘောပေါက်နားလည်နိုင်လိမ့်မယ်။ ဆက်ပြီး ကျေးစွပ်ချင်လည်း စွပ်နိုင်ပါတယ်။ ကိုယ့်သမိုင်းကိုယ်ရေးကြတာပဲ။ ဒေါ်စုပြောထားတာရှိတယ်။ မတရားတာကို ကြားနေတယ်ဆိုရင် ဒါဟာ လူမိုက်အားပေးပဲတဲ့...။ ကိုယ့်ကိုယ်ကို ဘာလဲ ဆိုတာ သိအောင်ကြိုးစားစမ်းပါ။
ဦးဝင်းတင်တို့ရယ် မဖြူဖြူသင်းတို့ရယ် မြန်မာ့ဒီမိုကရေစီသတင်းလေးရယ်လဲ ထည့်ပေးမှ ဘက်မလိုက်သလိုဖြစ်မှာကိုးဗျာ..ဒါမှလဲ ရွေးကောက်ပွဲထောက်ခံရေး အကြမ်းမဖက်ရေးဘာရေးညာရေး ငွေပေးသူတို့အလိုကျ ပြောရတာကောင်းမတော့ ဖြစ်ပေတော့မကိုး..နအဖရေဒီယိုတွေက စစ်အုပ်စုတဖက်ထဲအတွက် ၀ါဒဖြန့်နေတော့ လူအများစုကြီးက နားမထောင်ဖြစ်ကြပါဘူး သိနေပြီးသား ဟော..ကိုယ့်ဒီမိုကရေစီဘက်တော်သားဘ၀ကနေ ဘက်မလိုက်ဖက် ဘက်ပြောင်းသွားတဲ့ သတင်းသမားပညာရှင်ကြီးတွေကတော့ ပိုလည်လည်ဝယ်လဲရှိကြတော့ လူအများလဲ နားထောင် ငွေပေးသူတွေအလိုကျလဲ ထုတ်လွှင့် နအဖကလဲရန်သူလို့မမှတ်တော့ ပြည်တော်ပြန်ချင်ရင်လဲပြန် (ဒီထက်ပိုချင်လဲပို)လုပ်လဲ လုပ်စားတတ်ကြပါပေတယ်ဗျား..ရဲဘော်ကျော်သန်းတို့လို လူအများစုကြီးဘက်ကပြောပေးမဲ့သူတွေကိုတော့ မီဒီယာသမားကြီးတွေကလဲ မသိချင်မမြင်ချင်ယောင်ဆောင်နေလိုက်ရုံပါပဲ..မဟုတ်လား.
I didn't agree with you. Myo Yan Naung Thein was arrested around 1996 due to his involvement in YTU uprising. He wrote a letter to UN and as far as I knew, he was jailed more than 10 years for that. He was recently released and I saw him when I was in Yangon. He was teaching foreign language. Min Ko Naing was recently detained. There is a generation gap and two different political involvements. Both of them sacrificed into some extent anyway. I strongly recommend you to do some research.
အားလုံးသတိ
ကိုယ့်ဘာသာ ကိုယ့်လမ်းစဉ် မှန်လှပါပီဆိုတဲ့ လူတွေက ဟိုဘက်ကို လိုက်ရေးတာမျိုးတောင် မဟုတ်ပဲ အဖြစ်ကို အဖြစ်တိုင်း ရေးမယ်ဆိုတဲ့ မှတ်ကျောက်သေးသေး လေးကိုတောင် ကြောက်လန့် နေကြပါလားဗျို့.. ဟားဟား.. ဒါတောင် အမှန်တကယ် စာနယ်ဇင်း ကျင့်ဝတ်နဲ့ ယှဉ်ရင် ဒီပြောခဲ့တဲ့ မီဒီယာတွေဟာ အတိုက်အခံတွေဘက် အများကြီး ဘက်လိုက်ပါသေးတယ်လေ.. အဖြစ်ပျက်တစ်ခုမှာ ရှုထောင့်တိုင်းရဲ့အသံကို လူတွေနားထောင်ပီး အမှားအမှန်ဆိုတာကို သူတို့ဘာသာ ဆုံးဖြတ်နိုင်စွမ်း ရှိမယ်လို့ မထင်လောက်အောင် အထင်သေးနေတာလား ဆောင်းပါးရှင်ခင်ဗျား..
ဒါမှမဟုတ် ငါတို့ဘက်အသံကိုပဲ နားထောင်ပီး တဖက်သက်ယုံကြည်ချက်တွေ ရိုက်သွင်းတဲ့ လမ်းကြောင်းကိုများ မှန်ကန်တဲ့ စာနယ်ဇင်းများ လိုက်နာသင့်တဲ့ လုပ်ရပ်လို့ လက်ခံယုံကြည်နေသလား ဒီမိုကရေစီယုံကြည်သူ ကြီးခင်ဗျား.. ဟားဟား..
အားလုံးသက်သာ
မောင်သတိ
သနားတယ်ရဲဘော်ကျော်သန်းရယ်.
Post a Comment