Monday, August 30, 2010

အင်ဒိုနီးရှား၏ (၁၀) နှစ်ကျော် ဒီမိုကရေစီခရီးကို မြန်မာ့နိုင်ငံရေးပေါ် တင်ကြည့် ခြင်း

နေသွင်

မြန်မာပြည်သူတို့၏ ဒီမိုကရေစီဉာဏ်ရည်သည် အင်ဒိုနီးရှားပြည်သူတွေထက် (၁၀) နှစ်တိတိ စောသည်။ သို့ သော် မြန်မာစစ်တပ်၏ ဒီမိုကရေစီဉာဏ်ရည်သည် အင်ဒိုနီးရှားစစ်တပ်ထက် အနှစ် (၅၀) နီးပါး နောက်ကျနေ သည်။ မြန်မာစစ်တပ်သည် အင်ဒိုနီးရှားစစ်တပ်က အမှိုက်တောင်းထဲထည့်လိုက်ပြီးဖြစ်သော ဆူဟာတိုခေတ် (၁၉၆၇-၁၉၉၈) ဆီကို အခုမှ ပြန်သွားနေသောကြောင့်ဖြစ်သည်။

မကြာခင်ကပင် ဆူဟာတိုခေတ်က စစ်သားကြီးတယောက်၏ ၀န်ခံချက်ကို ဖတ်လိုက်ရသည်။ အင်ဒိုနီးရှား သမ္မတ ဆူစီလိုဘန်ဘမ်းယူဒိုယိုနို ကိုယ်တိုင်ဝန်ခံချက်ဖြစ်သည်။ ဆူဟာတိုခေတ်က တိုင်းပြည်မှာ တည်ငြိမ် ပြီး စီးပွားရေးလည်း တိုးတက်နေသည့်အတွက် စီးပွားရေးတိုးတက်မှုနှင့် ဒီမိုကရေစီ ဘယ်ဒင်းကို ရွေးမလဲဟု စဉ်းစားပြီး စီးပွားရေးတိုးတက်မှုကို ရွေးခဲ့သည်ဟု ၀န်ခံသည်။ ထိုအချိန်က ဒီမိုကရေစီသည် အင်ဒိုနီးရှားယဉ် ကျေးမှုနှင့် မသင့်တော်ဘူးဟု ယုံကြည်ခဲ့သည်ဟုဆိုသည်။

“နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေတွေ ဘယ်လောက်ဆိုးဆိုး၊ အသူတရာနက်တဲ့ ချောက်အောက်ရောက်ပြီး ကမ်းမမြင်လမ်းမမြင် ပြန်တက်နိုင်ဖို့ အကြောင်းမမြင်တော့ရင်လည်း မျှော်လင့်ချက်တခု အမြဲတမ်းရှိပါသေးတယ်။ အဲဒါ ဒီမိုကရေစီပါပဲ။ ဒီမိုကရေစီက ပြန်ဆွဲတင်နိုင်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီကို ဘယ်တော့မှ လက်လွှတ်မခံပါနဲ့”

တကယ်တမ်း ဆူဟာတိုခေတ်ကိုလည်း (၂) ပိုင်းခွဲပြီး လေ့လာကြသည်။ ၁၉၈၀ မတိုင်ခင်နှင့် ၁၉၈၀ နောက် ပိုင်းအခြေအနေမှာ ပြောင်းပြန်ဖြစ်သည်။ ကမ္ဘာတွင် ၁၉၉၀ မတိုင်ခင်က စစ်အေးကာလဖြစ်ပြီး စစ်အာဏာရှင် တွေခေတ်ဖြစ်သည်။ မြန်မာပြည်တွင် ဦးနေ၀င်း၏ မဆလခေတ်ပေါ်ခဲ့သည်။ သို့သော် ဆူဟာတိုခေတ်ပထမ ပိုင်း ၁၉၈၀ မတိုင်ခင်နှင့် မဆလခေတ်မှာ အသွင်သဏ္ဍာန်အရသာတူပြီး အနှစ်သာရအရ မတူပေ။ အင်ဒိုနီးရှား တွင် နိုင်ငံစီးပွားရေးမှာ အရင်းရှင်စီးပွားရေးစနစ်နှင့် အစိုးရ၀င်စွက်မှု ပေါင်းစပ်သည့်ပုံစံဖြင့် တိုင်းပြည်စီးပွား ရေး ကောင်းခဲ့သည်။ စစ်အေးခေတ်ဖြစ်သဖြင့် အမေရိကန် ကျောထောက်နောက်ခံလည်း ရှိနေသည်။ သို့သော် ၁၉၈၀ နောက်ပိုင်းတွင် ဆူဟာတိုအာဏာရှင်လည်း မြန်မာပြည်က ဦးနေ၀င်း အာဏာရှင်လို ဖြစ်လာပြီး စစ် အေးလွန်ခေတ် ဒီမိုကရေစီလှိုင်း၊ ၁၉၉၇ အာရှစီးပွားပျက်ကပ်ကြောင့် နိဂုံးချုပ်ခဲ့ရသည်။

မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားသမိုင်းတွင် တူသောအချက်များစွာရှိသည်။ ကိုလိုနီဘ၀ကနေ ၁၉၄၈ နှင့် ၁၉၅၀ တို့ တွင် လွှတ်လပ်ရေးရလာခြင်း၊ လွတ်လပ်ရေးအပြီး ပါလီမန်ဒီမိုကရေစီစနစ် ခဏသာခံပြီး တပါတီစနစ်ဆီကို ကူးပြောင်းသွားခြင်း၊ စစ်တပ်၏ ဖြတ်သန်းမှုသမိုင်းနောက်ခံနှင့် စိတ်နေစိတ်ထား ... စသဖြင့် တူသော အချက် များစွာရှိသည်။ သို့သော် အင်ဒိုနီးရှား၏ ဆူဟာတိုလွန်ခေတ်သည် (၁၀) နှစ်အတွင်း ဒီမိုကရေစီစနစ်ဆီကို ခုန် ပျံကျော်လွှားခဲ့သောခေတ်ဖြစ်ပြီး မြန်မာပြည်၏ ဦးနေ၀င်းလွန်ခေတ်သည် သန်းရွှေအာဏာရှင်စနစ်နှင့် ကြုံ လိုက်ရသည်။ ဆူဟာတိုကို ဆက်ခံသော ဟာဘီဘီသည်ပင် ပါရာဒိုင်းအသစ်ဟု ကြေညာပြီး အပြောင်းအလဲ များစွာလုပ်ခဲ့သည်။ ဒီအရှိန်ကို သူ့နောက်ပိုင်း သမ္မတတွေဖြစ်သော အက်ဗဒူရာမန်ဝါဟစ်၊ မေဂါဝါဒီဆူကာနိုပူ ထရီ၊ ဆူစီလိုဘမ်ဘန်းယူဒိုယိုနို တို့ ဆက်လက်သယ်ဆောင်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ခဲ့ခြင်းဖြစ် သည်။

အင်ဒိုနီးရှားအပြောင်းအလဲကာလ ၁၉၉၈-၂၀၀၁ အတွင်း အရေးကြီးသောအပြောင်းအလဲတချို့ကို ကြည့်လျှင် အောက်ပါအတိုင်း တွေ့ရသည်။

၁။ ၁၉၉၉ ရွေးကောက်ပွဲကစပြီး စစ်တပ်က ကြားနေပြီး ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ ပါဝင်မှုကို ဖွင့်ပေးခဲ့ တာ။

၂။ အစိုးရအမှုထမ်းတွေကို ဂိုဂါပါတီအပြင် ဘယ်ပါတီဖြစ်ဖြစ် ကြိုက်ရာ ရွေးခွင့်ပြုခဲ့တာ။

၃။ သမ္မတသက်တမ်းကို (၅) နှစ်သက်တမ်း (၂) ခု၊ စုစုပေါင်း (၁၀) နှစ်အဖြစ် သတ်မှတ်ခဲ့တာ။

၎။ ဖွဲ့စည်းပုံကို ပြင်ပြီး သမ္မတအာဏာကို ကန့်သတ်ခဲ့တာ (သမ္မတ၀ါဟစ်လက်ထက်မှာ သမ္မတက ပါတီတွေ က တက်လာတဲ့ ၀န်ကြီးတွေကို ဖြုတ်ဖို့ ကြိုးစားတဲ့အခါမှာ အယုံအကြည်မရှိ အဆိုတင်ပြီး ဖြုတ်ချတဲ့အထိ လုပ်နိုင်ခဲ့တယ်)။

၅။ စစ်ဦးစီးချုပ် ၀ရန်တိုကိုယ်တိုင်က ဖွဲ့စည်းပုံအရ မာရှယ်လော ပေးထားတာကို မသုံးခဲ့တာ (အရှေ့တီမော ကိစ္စနှင့် တခြားလူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ နာမည်ပျက်သဖြင့် သိက္ခာဆည်ဖို့ ကြိုးပမ်းတာလို့ တချို့က တွက်ဆသည်)။

၆။ မာရှယ်လောကာလကို ကန့်သတ်တဲ့ ဥပဒေကို လွှတ်တော်က ပြင်ဆင်ရေးဆွဲခဲ့တာ။

၇။ ပါလီမန်အတွင်းက စုစုပေါင်း (၅၀၀) တွင် နဂို စစ်သားအမတ် (၇၅) ယောက်ကနေ (၃၈) ယောက်သို့ လျှော့ချနိုင်ပြီး ဒေသန္တရအုပ်ချုပ်ရေးမှာလည်း နဂို (၅) ပုံတပုံကနေ (၁၀) ပုံတပုံအထိ လျှော့ချနိုင်ခဲ့တာ (ဆူ ဟာတိုခေတ် ၁၉၇၃ တွင် အစိုးရအဖွဲ့ ၃ ပုံ ၁ ပုံကို စစ်ဘက်က ခန့်ထားပြီး ဒေသန္တရအုပ်ချုပ်ရေးတွင် စစ်ဘက် က ၃ ပုံ ၂ ပုံ ရှိခဲ့သည်။ ၁၉၉၅ အရောက်တွင် ၄ ပုံ ၁ ပုံနှင့် ၄၀ ရာခိုင်နှုန်း ကျဆင်းသွားသည်။ ဆူဟာတိုတို့ လုပ်ဖော်ကိုင်ဖက် မျိုးဆက်တွေ အသက်ကြီးသွားသည်က အကြောင်းရင်းဟုဆိုသည်)။

၈။ ကာကွယ်ရေးဝန်ကြီးကို စစ်ဘက်ဝန်ကြီးအစား အရပ်ဘက်ဝန်ကြီးနဲ့ အစားထိုးနိုင်ခဲ့တာ။ အရပ်ဘက်အဖွဲ့ အစည်းတွေကို အစိုးရအဖွဲ့ဝန်ကြီးတွေအဖြစ် ခန့်အပ်ခဲ့တာ။

၉။ ၂၀၀၁၊ ၂၀၀၂ ဖွဲ့စည်းပုံအခြေခံဥပဒေအပြောင်းအလဲမှာ သမ္မတနဲ့ ဒု-သမ္မတကို လွှတ်တော်က မရွေးတော့ ဘဲ လူထုက တိုက်ရိုက်ရွေးချယ်တဲ့စနစ်ကို ပြောင်းလဲလိုက်ခြင်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးရဲ့ အာဏာအပ်နှင်းပြီး တရားဥပဒေစိုးမိုးမှုကို ထူထောင်လိုက်နိုင်တာ။

၁၀။ စစ်တပ်နဲ့ ရဲအဖွဲ့ကို တာဝန်ခွဲလိုက်နိုင်တာ။

၁၁။ စစ်တပ်အာဏာကို ကန့်သတ်လိုက်တာ (၁၉၉၉ တွင် စစ်ဦးစီးချုပ် ၀ရန်တိုက အရေးပေါ်အခြေအနေမှာ စစ်တပ်ကို အာဏာကုန်လွှဲပေးဖို့ လွှတ်တော်ကို မူကြမ်းတင်တဲ့အခါမှာ လွှတ်တော်က လက်မခံဘဲ အရပ်ဘက် အရေးပေါ်အခြေအနေကာလကို ၃ လနဲ့၊ စစ်ဘက်က အရေးပေါ်အခြေအနေကာလ ၆ လပဲ ခွင့်ပြုပြီး၊ အရေး ပေါ်အခြေအနေကာလ အရပ်သားအခွင့်အရေးတွေကိုလည်း အာမခံတဲ့ ဥပဒေနဲ့ အစားထိုးခဲ့ပါတယ်)။

အင်ဒိုနီးရှား အသွင်ကူးပြောင်းရေးကာလ စစ်ဘက်သဘောထားနှင့် ပတ်သက်၍ အမြင် (၂) မျိုးရှိသည်။ တ မျိုးမှာ ယူဒိုယိုနိုကဲ့သို့ စစ်ဘက်မှ ပုဂ္ဂိုလ်များ၏ အမြင်ဖြစ်သည်။ စစ်တပ်ခေါင်းဆောင်ပိုင်းက ၂၀၀၈ ခုနှစ်က တည်းက အပြောင်းအလဲလုပ်ဖို့ စိတ်ပိုင်းဖြတ်ခဲ့သည်ဆိုသော အမြင်ဖြစ်သည်။ ၀ရန်တို စစ်ဦးစီးချုပ်ဘ၀တွင် အာဏာသိမ်းရန် အခွင့်အလမ်းပေါ်သော်ငြား မသုံးခဲ့ဘူးဟုဆိုသည်။ သမ္မတ၀ါဟစ်လက်ထက်တွင်လည်း အ ရေးပေါ်အခြေအနေ ကြေညာရန် အမိန့်ပေးသော်ငြား အဓိကတာဝန်ရှိသည့် ယူဒိုယိုနိုက အမိန့်ကို ဖီဆန်ပြီး ရာထူးအပြုတ်ခံခဲ့သည်။ နောက်အမြင်တခုမှာ ၁၉၉၈ နိုဝင်ဘာအရေးအခင်းနောက်ပိုင်းတွင် စစ်တပ်ကိုယ်တိုင် က နာမည်ပျက်မှုတွေကို အဖတ်ဆယ်ဖို့ သူတို့ကိုယ်တိုင်က စနစ်၏သားကောင်ဘ၀ ရောက်ရပါသည်ဟု ဆင် ခြေပေးဖို့ ကြိုးစားချင်ပုံရသည်ဟူသော အမြင်ဖြစ်သည်။

အရေးကြီးသည်ဟု ထင်သောအချက်မှာ ၁၉၉၈ အရေးအခင်းအရှိန်ကြောင့် ပါလီမန်တွင်းမှာလည်း ပြုပြင် ပြောင်းလဲရေးအတွေးအခေါ် အားကောင်းခဲ့ပြီး ပါလီမန်ပြင်ပတွင် ကျောင်းသားဆန္ဒပြမှုတွေ မရပ်ဘဲ ပါလီမန် ထဲမှ စစ်သားအမတ်တွေ အားလုံးထွက်သွားဖို့အထိ မရပ်မနား ဆန္ဒပြတောင်းဆိုနေသော ဖိအားလည်း ရှိနေ သည်။ ထိုကြောင့် အင်ဒိုနီးရှားဒီမိုကရေစီအသွင်ပြောင်းမှုသည် စစ်တပ်၊ နိုင်ငံရေးပါတီနှင့် ပြည်သူတို့၏ သုံးပွင့် ဆိုင် ချိန်ခွင်လျှာညီမှုဖြစ်သည်။ အင်ဒိုနီးရှာစစ်တပ်၏ နာမည်ပျက်မှုသည် မြန်မာစစ်တပ်၏ နာမည်ပျက်မှုနှင့် သူမသာ ကိုယ်မသာရှိသည်။ သို့သော် အင်ဒိုနီးရှားစစ်တပ်သည် ပြည်သူတွေ လက်မခံနိုင်တော့သော လုပ်ပိုင် ခွင့်ကို စွန့်လွှတ်ပြီး အရှုံးသမားအဖြစ်နှင့် မဟုတ်ဘဲ အောင်မြင်စွာဆုတ်ခွာနိုင်သည်ဟု သုတေသီများက ဆို သည်။ တပ်လည်း သိက္ခာပြန်တက်ခဲ့သည်။

အသွင်ကူးပြောင်းရေးကာလ ပါတီအားလုံးသည် လူထုထောက်ခံမှုရဖို့ စစ်တပ်ခေါင်းဆောင်ဟောင်းတွေကို ပါတီခေါင်းဆောင်နေရာတွင် ပါတနာအဖြစ် ထားခဲ့သည်ချည်းဖြစ်သည်။ အသွင်ကူးပြောင်းရေးလုပ်ပြီး ဆူဟာ တိုအလွန် (၅) နှစ်အကြာ ၂၀၀၄ အရောက်တွင် အင်ဒိုနီးရှား လွတ်လပ်ရေးခေါင်းဆောင် ဆူကာနို၏ သမီးဖြစ် သူ မေဂါဝါဒီဆူကာနိုပူထရီကိုကျော်ပြီး ဆူဟာတိုလက်ထက်က ဗိုလ်ချုပ်ဟောင်းတယောက်ကို ပြည်သူလူထု က သမ္မတအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

အသွင်ကူးပြောင်းရေးကာလတွင် အင်ဒိုနီးရှားသည်လည်း နိုင်ငံရေးမတည်ငြိမ်မှုတွေနှင့် ရင်ဆိုင်ခဲ့ရသည်။ အင်ဒိုနီးရှား အသွင်ကူးပြောင်းရေးကာလ (၁၉၉၈-၂၀၀၄) အတွင်း သမ္မတ (၄) ယောက် ပြောင်းခဲ့သည်။ နိုင်ငံ စီးပွားရေးတိုးတက်မှုနှုန်း (၁၂) ရာခိုင်နှုန်းကျုံ့သွားသည်။ တိုင်းရင်းသားလူမျိုးစုပြဿနာများ ပေါ်သည်။ အင် ဒိုနီးရှားကနေ အရှေ့တီမောခွဲထွက်သွားသည်။ အားချေးခွဲထွက်ရေး၊ ပါပူဝါဒေသ လွတ်လပ်ရေး တောင်းဆိုမှု ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရသည်။ ဘာလီဗုံးကွဲမှုဖြစ်သည်။

သို့သော် အင်ဒိုနီးရှား၏ ဒီမိုကရေစီအသွင်ပြောင်းရေးနှင့် ဗဟိုချုပ်ကိုင်မှုလျှော့ချရေး အစီအစဉ်သည် အရှိန်မ ပျက်ခဲ့ပေ။ (၁၉၉၉၊ ၂၀၀၄၊ ၂၀၀၉) တို့တွင် ငြိမ်းချမ်းသော ရွေးကောက်ပွဲ (၃) ကြိမ် ကျင်းပနိုင်ခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို (၄) ခါ ပြင်ဆင်နိုင်ခဲ့သည်ကို တွေ့ရသည်။ စစ်တပ်သည် ဒီပြဿနာအားလုံးကို ငြိမ်းချမ်း သောနည်း၊ ဒီမိုကရေစိတ်ဓာတ်အခံနှင့်သာ အဖြေရှာခဲ့သည်ဟု ဆူစီလိုဘမ်ဘန်းယူဒိုယိုနိုက ဆိုသည်။

ယနေ့ အင်ဒိုနီးရှားသည် ကမ္ဘာ့စီးပွားရေးထိပ်သီး ၂၀ (ဂျီ-၂၀) တွင် တရုတ်နှင့် အိန္ဒိယပြီးလျှင် တတိယလိုက် သည်။ နိုင်ငံတကာငွေကြေးရန်ပုံငွေ (အိုင်အမ်အက်ဖ်) ၏ ခန့်မှန်းချက်တွင် အင်ဒိုနီးရှားနိုင်ငံသားတဦးချင်း၏ (ဂျီဒီပီ) သည် ၂၀၁၀ တနှစ်လုံးတွင် အမေရိကန်ဒေါ်လာ ၄၃၇၉.၆၈၅ ဖြစ်ပြီး မြန်မာနိုင်ငံသားတဦးချင်း၏ (ဂျီဒီပီ) သည် ၁၂၄၃.၉၉၆ ဖြစ်သည်။ (၃) ဆခွဲကျော် ကွာဟချက်ဖြစ်သည်။ နောက်ထပ် (၅) နှစ်အကြာ ၂၀၁၅ အရောက်တွင် ၆၁၉၈.၇၄၃ နှင့် ၁၅၇၃.၀၇၈ အသီးသီးရှိမည်ဖြစ်သည့်အတွက် (၄) ဆ ကွာဟသွားမည့် သဘောဖြစ်သည်။ ဒါတောင် အင်ဒိုနီးရှာသည် ၂၀၀၇ အာရှစီးပွားရေးပျက်ကပ်နောက်ပိုင်းမှ စီးပွားရေးရော၊ နိုင်ငံရေးကိုပါ သုညကနေ ပြန်စခဲ့ရခြင်းဖြစ်သည်။

ဒီမိုကရေစီ (၁၀) နှစ် ခရီးတွင် ရသော အင်ဒိုနီးရှား၏ လက်တွေ့သင်ခန်းစာကလည်း မှတ်သားလောက်သည်။

“နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေတွေ ဘယ်လောက်ဆိုးဆိုး၊ အသူတရာနက်တဲ့ ချောက်အောက် ရောက်ပြီး ကမ်းမမြင်လမ်းမမြင် ပြန်တက်နိုင်ဖို့ အကြောင်းမမြင်တော့ရင်လည်း မျှော်လင့်ချက်တခု အမြဲတမ်း ရှိပါသေးတယ်။ အဲဒါ ဒီမိုကရေစီပါပဲ။ ဒီမိုကရေစီက ပြန်ဆွဲတင်နိုင်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီကို ဘယ် တော့မှ လက်လွှတ်မခံပါနဲ့”

၂၀၀၀ ခုနှစ်ကျမှ စစ်တပ်မှ အနားယူလိုက်သော ဆူဟာတိုခေတ်က ဗိုလ်ချုပ်တယောက်၏ ဒီမိုကရေစီအပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်သည်။ အာဏာရှင်လက်အောက်က စစ်တပ်ကို ပြန်ကယ်တင်ဖို့ ဦးဆောင်ကြိုးပမ်းခဲ့ သော ဗိုလ်ချုပ်ဟောင်းတယောက်၏ နိုင်ငံရေးအမြော်အမြင်ဖြစ်သည်။ ထို့ကြောင့်ပင် ပြီးခဲ့သည့် ဂျူလိုင်လ သမ္မတရွေးကောက်ပွဲတွင် အင်ဒိုနီးရှားလူထုက သူ့ကိုပဲ သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခဲ့သည် မဟုတ်ပါ လား။

နေသွင်
သြဂုတ် ၃၀၊ ၂၀၁၀

ရည်ညွန်း
- The Democratic Instinct in the 21st Century by Susilobambang Yudhoyono
- Indonesia’s Civil-Military Relationship in the Post Suharto Era by Kolonel Inf Imam Edy Mulyono
- Democratizing Indonesai: Reformasi Period in Historical Perspective by Sato Yuri
- Civil-Military Relations in Indonesia: Reformasi and Beyond by Mary P. Callahan

No comments: