Sunday, August 22, 2010

ဒို့ရွာဘုရားပွဲနဲ့ ကွမ်းတောင်ကိုင်

ဒို့ရွာဘုရားပွဲနဲ့ ကွမ်းတောင်ကိုင်
ဇော်မင်း

ရွာဘုရားပွဲကား နီးကပ်လာချေပြီ။ သီတင်းကျွတ်လရောက်တိုင်း ရွာမှာ ဘုရားပွဲက ကျင်းပနေကျ။ ရွာသူရွာ သားတို့ အုံးအုံးကျွက်ကျွက် ဖြစ်သောကာလဟုဆိုလည်း မမှား။ ဘုရားပွဲ သုံးရက်နဲ့ သုံးညအတွင်း မြို့ပေါ်က ဇာတ်ပွဲတခုကို ငှား၍လည်း ထည့်လေ့ရှိသည်။ နယ်တကာက ဆယ့်နှစ်ပွဲဈေးသည်များ လာရောက်တည်ခင်း ရောင်းချကြသည်ကလည်း ၀ယ်စရာ ချမ်းစရာ အမျိုးစုံ။ ဘုရားပွဲရက်အတွင်း လာရောက်မည့် ဧည့်သည်များကို တည်ခင်းကျွေးမွေးဖို့ အိမ်တိုင်းလိုလို မုန့်မျိုးစုံကို လုပ်ကြသေးသည်။ ရွာသားတို့ အတွက် ပျော်ရွှင်စရာ အ ကောင်းဆုံးအချိန်ဟုလည်း ဆိုနိုင်သည်။

ဒီနှစ် ဘုရားပွဲတော်အတွက် သူကြီး ဦးတိုင်းအုပ် အပါအ၀င် ရွာသားများအားလုံး အတော်လေး အားခဲထားကြ သည်။ ရွာဦးကျောင်း ဆရာတော် ဦးနန္ဒိယပင် ဘုရားပွဲနှင့် ပတ်သက်၍ ဟန်မဆောင်နိုင်ဘဲ ဘယ်ဇာတ်ငှားမှာ တုန်း ဘယ်ဇာတ်ငှားမှာတုန်းဟု မေးရင်း ဖင်တကြွကြွ ဖြစ်နေသည်။ ဘုရားပွဲအတွက် တရွာလုံး အားခဲထား သည့်အကြောင်းကတော့ သူတို့ရွာတွင် ဘုရားပွဲမလုပ်ဖြစ်ခဲ့တာ သုံးနှစ်တိတိ ရှိခဲ့သောကြောင့်ပင်။

သုံးနှစ်ဆက်တိုက် ဘုရားပွဲမလုပ်ဖြစ်ခဲ့တဲ့ အကြောင်းရင်းက နှစ်ခုဖြစ်သည်။ ပထမတခုကတော့ လွန်ခဲ့သော သုံးနှစ်က စပါးဈေးများ ထိုးကျ၍ ရွာသားများအားလုံးနီးပါး စီးပွားပျက်သည်ကတကြောင်းဖြစ်သည်။ နောက် တကြောင်းကတော့၊ အဲသည့် နောက်တကြောင်းက ဘုရားပွဲမလုပ်ဖြစ်ဖို့ ဖန်တီးသည့် အဓိက အချက်လို့ တောင် ပြောနိုင်သည်။ တခြားတော့ မဟုတ်ပါ။ အဲသည့်တနှစ်ထဲမှာပဲ သူတို့နယ်တကြောတွင် ဂဠုန်သူပုန်ထ ခဲ့သောကြောင့်လည်းဖြစ်သည်။ ဂဠုန်သူပုန်ထတာက တနှစ်လောက်သာ ကြာခဲ့သည်။ သို့သော် ဂဠုန်သူပုန် အရှိန်ကြောင့် အင်္ဂလိပ်အစိုးရက သူတို့ရွာတွင်သာမက တခြားရွာနီးချုပ်စပ်များကိုပါ ဘုရားပွဲကျင်းပဖို့ သုံးနှစ် ဆက်တိုက် ပွဲမိန့်ပိတ်ခဲ့၍ ဖြစ်သည်။

ဂဠုန်သူပုန်ဆို၍ ကြုံတုန်းပြောရဦးမည်။ ဂဠုန်သူပုန်ဆိုသူများသည်လည်း သူတို့လို လယ်သမား တွေသာဖြစ် သည်။ ဆင်းရဲလွန်းသည့်အတွက် မခံနိုင်သည့်အဆုံး အင်္ဂလိပ်အစိုးရကို ရရာလက်နက်ဖြင့် ပုန်ကန်ခဲ့သူများ ဖြစ်သည်။ ဂဠုန်သူပုန် တန်ခိုးထွားစဉ် ကာလအတွင်းက သူကြီး ဦးတိုင်းအုပ်သည် ဂဠုန်သူပုန်များ လိုအပ် သည်ကို ထောက်ပံ့ရင်း သူပုန်တို့၏ အမာခံကြီး ဖြစ်ခဲ့ဖူးသည်။ သို့သော်လည်း အတင်းပြောတာတော့မဟုတ်၊ ဂဠုန်တို့ အခြေအနေမကောင်း၍ ဖရိုဖရဲဖြစ်သည့်အချိန်တွင် ဦးတိုင်းအုပ်သည် အင်္ဂလိပ် စစ်တပ်များအတွက် အရေးကြီးသော ဒေသခံသတင်းပေးလည်းဖြစ်ခဲ့ဖူးသည်။ ထို့ကြောင့်လည်း ဦးတိုင်းအုပ် ယခုထက်တိုင် သူကြီး ရာထူးတွင် မြဲနေခြင်းဖြစ်သည်။ ဖြစ်ပြီးသားတွေ ဖြစ်ခဲ့ပြီးပြီမို့ ဒါတွေကို ထားလိုက်ပါတော့။

ထုံးစံအတိုင်း ပွဲတော်ရက် ပထမနေ့အတွက် ရွာဦးကျောင်းသို့ ဆွမ်းကွမ်းနှင့် လှူဒါန်းဖွယ်ရာများကို စီတန်း လှည့်လည်၍ ပို့ဆောင်ရသည်။ ထိုအခမ်းအနားအတွက် ကွမ်းတောင်ကိုင်ရွေးဖို့နဲ့ ဘယ်ဇာတ်ကို ငှားကြမှာလဲ၊ ဘယ်သူက ဘယ်တာဝန်တွေယူကြမှာလဲဆိုတဲ့ ကိစ္စတွေအတွက် သူကြီးနှင့် ရွာလူကြီးတချို့ သူကြီးအိမ်တွင် အစည်းအဝေး ထိုင်နေကြသည်။ ကွမ်းတောင်ကိုင်ဆိုတာ ရွာဓလေ့အတိုင်း ရုပ်ရည်ချောမောပြီး အိမ်ထောင်မ ရှိသည့် အပျိုကိုသာ ရွေးချယ်လေ့ရှိသည်။ လွန်ခဲ့သော သုံးနှစ်က ကွမ်းတောင်ကိုင် အရွေးခံထားရသူ မိစန်း ကား အတော်လှသူဖြစ်သည်။

သို့သော် မိစန်းက အသက်ကြီးသွား၍ ဒီနှစ်ဘုရားပွဲအတွက် ကွမ်းတောင်မဖြစ်ထိုက်ဟု သူကြီးက အဆိုတင် လှာသည်။ လူကြီးတချို့က သူကြီး ဦးတိုင်းအုပ်၏အဆိုကို ထောက်ခံတာလည်းမဟုတ် ကန့်ကွက်တာလည်း မဟုတ်ဘဲ အင်းမလှုပ် အဲမလှုပ် လုပ်နေကြသည်။ တဦးစ နှစ်ဦးစက သူကြီး၏အဆိုကို ထောက်ခံသည်။ တချို့ ကတော့ ဘာပြန်ပြောရင် ကောင်းမည်နည်းဟု မေးကိုပွတ်ကာ စဉ်းစားနေကြသည်။ တချို့ကတော့ ရေနွေး ကြမ်းကိုသာ တခွက်ပြီးတခွက် တွင်တွင်ကြီး သောက်နေကြသလို တချို့ကတော့ ပြောင်းဖူးဖက်လိပ်များကို အဆက်မပြတ်ဖွာ၍ အိမ်ခေါင်မိုးကိုသာ မော့ကြည့်နေကြသည်။ ဘာမှဝင်မပြောကြ။ အင်္ဂလိပ် ခရိုင်ဝန်က မျက် နှာသာပေးထားသည့် အာဏာစက်ကြီးသော သူကြီးနှင့် အပြန်အလှန် ငြင်းခုန်ဖို့ ဆန္ဒမရှိကြသလို ကဏ္ဍကော စဖြစ်မှာကိုလည်း ရွာလူကြီးများအနေဖြင့် လိုလားဟန်မတူ။

ထိုအချိန်၌ ရွာထဲတွင် လူသူအလေးစားခံရဆုံးသူတဦးဖြစ်သည့် ဦးသာဗျော့က “သူကြီးမင်းခင်ဗျာ။ ဒီလိုတော့ ရှိပါတယ်။ မိစန်းက တခြားမိန်းကလေးတွေနဲ့စာရင် အသက်ကြီးသွားပြီဆိုပေမယ့် တကယ်က (၁၉) နှစ်ပဲ ရှိပါ သေးတယ်။ ပြောရရင် (၁၉) နှစ်တောင် မပြည့်တတ်သေးပါဖူး။ နောက်တချက်ကလည်း ဘာပဲပြောပြော သူ က ရွာကအပျိုတွေထဲမှာ အခုအထိ အချောဆုံး အလှဆုံးဆိုတော့ ကွမ်းတောင်ကိုင်လုပ်ဖို့ အသင့်တော်ဆုံးလို့ ကျုပ်ကတော့ ထင်ပါတယ်” ဟု သူကြီး ဦးတိုင်းအုပ်အား တင်ပြ၏။ ဤတွင်မှ စောစောက တောလိုလို တောင် လိုလိုဖြင့် ငြိမ်ချက်သားကောင်းနေသော ရွာလူကြီးများထံမှ တသောသော အသံများထွက်လာပြီး ဦးသာဗျော့ အဆိုအား ထောက်ခံကြသည်။ သို့သော် သူကြီးကား ဦးသာဗျော့၏ အဆိုကို သိပ်ပြီး သဘောတွေ့ပုံမရ။ ထို့ ကြောင့် “ကိုသာဗျော့ ပြောလာတာလည်း တနည်းတော့ သဘာဝကျပါတယ်။ သို့သော် တခြားသူများရဲ့ အ မြင်ကလေးတွေလည်း သိပါရစေ” ဆိုပြီး သူကြီးက အပျော့ဆွဲထိုးလိုက်သည်။

ထို့နောက် သူကြီး ဦးတိုင်းအုပ်က သူ့ကို ထောက်ခံသူ တဦးစ နှစ်ဦးစဘက်သို့ အဓိပ္ပာယ်ပါသော မျက်လုံးများ ဖြင့် လှမ်း၍ကြည့်လိုက်သည်။ သူကြီးကို အမြဲတမ်း ဖော်လံဖားနေသူတဦးဖြစ်သည့် ဦးဖိုးကိုင်းက နှာခေါင်းသံ ပါသော အသံငယ်လေးဖြင့် “မိစန်းက ချောသေးတယ် လှသေးတယ် ဆိုပေမယ့် သူကြီးမင်း ပြောသလို ကျုပ် တို့ရွာထုံးစံအတိုင်းဆို အသက်ကြီးနေပါတယ်။ သည်တော့ကာ မိစန်းထက် အသက်ငယ်တဲ့ မိန်းကလေးတဦး ဦးကိုသာ ကွမ်းတောင်ကိုင် ရွေးဖို့ အကြံပြုလိုပါတယ်” ဟု သူကြီးဘက်မှ ပြောင်ပြောင်တင်းတင်း ဘက်လိုက် ၍ ပြောလေသည်။

ဦးဖိုးကိုင်းအဆိုကြောင့် သူကြီးမင်းမျက်နှာ ၀င်းကနဲ ဖြစ်သွားသည်။ နောက် ကျန်သည့် ရွာလူကြီးများဘက်သို့ လှည့်၍ “ကိုင်း ကျုပ်ပြောတယ်မို့လား” ဟူသော မျက်နှာပေးဖြင့် မေးဆတ်၍ ပြလေသည်။ ဆက်တိုက်ဆိုသ လို ဦးမှောက်ဆိုသည့် ရွာလူကြီးတဦးကလည်း “ဟုတ်တယ်ဗျ။ ကျုပ်ကတော့ ဦးဖိုးကိုင်း ပြောတာကို ထောက် ခံတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ကျုပ်တို့ရွာထုံးစံမှာက ကွမ်းတောင်ကိုင်ဆိုတာ အသက် (၁၆) နှစ်လောက် ပဲရှိသင့်တယ်မို့လား။ (၁၇) နှစ်ဆိုရင်တောင် ကြီးသွားပြီ” ဟု ၀င်၍ ပြောလေသည်။ ဦးမှောက်သည်လည်း မ ထူး၊ သူကြီးတို့များ လေလည်ရင်တောင် သူများတွေလို ဘယ်တော့မှ မနံဘူးဟု ဦးဖိုးကိုင်းလို ဖားဖားယားယား လုပ်လေ့ရှိသူတဦးလည်း ဖြစ်သည်။

ဖော်လံဖားနှစ်ဦး၏ အဆိုကြောင့် ပထမတုန်းက ဦးသာဗျော့ကို ထောက်ခံထားသော ရွာလူကြီးများ ငြိမ်ကျ သွားသည်။ ငြိမ်ကျသွားတာ တခြားကြောင့်တော့မဟုတ်၊ သူကြီးမင်း ဘာအကွက်ဆင်နေသလဲဆိုတာကို ထင်းကနဲ ရှင်းကနဲ ရိပ်စားမိသောကြောင့်ဖြစ်သည်။ သိတာပေါ့ တရွာတည်းသားချင်းတွေဟာကိုး။ ဘယ်သူ့ဆီ ကမှ နောက်ထပ် အသံထွက်မလာသောကြောင့် နောက်ဆုံးတွင် ဦးသာဗျော့က “ဦးဖိုးကိုင်းနဲ့ ဦးမှောက်ကို ကျုပ်တခုပြောလိုပါတယ်။ တခြားတော့ မဟုတ်ပါဘူး။ ကွမ်းတောင်ကိုင်ဆိုတာ အသက် (၁၆) နှစ်ထက် မကျော်ရဖူးလို့ စာနဲ့ပေနဲ့ သတ်မှတ်ထားတာ မရှိပါဘူး။ ကျုပ်ပြောတာ မယုံရင် ရွာဦးကျောင်း ဆရာတော်ကို မေးကြည့်လို့ရပါတယ်။ အိမ်ထောင်မရှိ အပျိုဖြစ်ရမယ်၊ ချောမယ်လှမယ်ဆိုရင် အသက်နှစ်ဆယ်အစိတ်လည်း ကွမ်းတောင်ကိုင်ဖြစ်ခွင့်ရှိပါတယ်” ဟု လေသံအေးအေးဖြင့် တဆင့်တက်ကာ ရှင်းလေ၏။

သို့သော် အဖားအရှိန်ကို သတ်မရသော ဦးမှောက်က “ဆရာတော်ကို မေးဖို့ဆိုတာကလည်း ကွမ်းတောင်ကိုင် ရွေးတာက သံဃာတော်တွေနဲ့ မအပ်စပ်တဲ့ကိစ္စဆိုတော့၊ ကိုင်း ကိုင်း၊ သည်လိုဆိုရင် ကျုပ်ကြားချ ပြောမယ် ဗျာ။ ရွာအနောက်ပိုင်းက ကိုငြိမ်းနု သမီးလေး မိနောက်ဆိုရင် မကောင်းဘူးလား။ သူလည်း အချောသားပဲဟာ။ အသက်ကလည်း (၁၆) နှစ် ၀န်းကျင်လောက်ဆိုတော့ မဆိုးပါဖူး” ဟု အမောတကောဖြင့် သူ့အဆိုကို ထပ် တင်ပြန်သည်။ ရွာလူကြီးအားလုံးက “အင်း” ဟု လေသံရှည်ကြီးများ ဆွဲပြီး ဘာမှဆက်မပြောကြဘဲ ရေနွေးဖိ သောက်သူကသောက်၊ ဆေးလိပ်တွင်တွင်ဖွာသူကဖွာနှင့် ဖြစ်နေကြပြန်သည်။ ဦးသာဗျော့ကတော့ ကြားနေ နေသော ရွာလူကြီးများကိုရော၊ ကိုယ်လိုချင်ရာ ဇွတ်အတင်းဆွဲနေသော သူကြီးတို့ တအုပ်လုံးကိုပါ စိတ်ပျက် လာသောကြောင့် ဘာမှထပ်၍ အကြံမပေးတော့။

သူကြီးမင်းက “ဦးမှောက်ရဲ့၊ အဲသည့် မိန်းကလေးက ချောတယ်၊ အသက်လည်း ငယ်တယ်ဆိုတာတော့ ဟုတ် ပါတယ်။ ဒါပေမယ့် အရပ်က ပုလွန်းလှတယ်။ ကွမ်းတောင်ကိုင်ဆိုတာ အဲသလို ပုတက်တက် ဖြစ်နေရင်လည်း လူရယ်စရာဖြစ်လိမ့်မယ်” ဟုဆိုပြီး ဦးမှောက်၏အဆိုကို ယဉ်ယဉ်လေးဖြင့် ပယ်ချလိုက်သည်။ သည့်နောက် ရွာလူကြီးများထံမှ နောက်ထပ်ဘာအဆိုမှ တင်သွင်းလာခြင်းမရှိတော့သဖြင့် သူကြီး ဦးဖိုင်းကိုင်းနှင့် ဦးမှောက် တို့အသံများကသာ အစည်းအဝေးတခုလုံးကို ဖုံးလွှမ်းနေတော့သည်။

အတော်ကြာတွင် ဦးဖိုးကိုင်းက ဤသို့ အဆိုတင်ပြန်သည်။ “ကိုင်း ဒါဖြင့်ရင် ရွာအလယ်ပိုင်းက မိချုပ်ကလေး ဆိုရင်ကော မသင့်တော်ဖူးလား” ဟု ပြောလိုက်သည်နှင့် ဦးမှောက်က “ဟုတ်တယ်၊ ဟုတ်တယ်၊ အဲသည့် က လေးမက အသက်လည်း ငယ်၊ အရပ်လည်း ရှည်တယ်။ ရုပ်ကလေးကလည်း တယ်မဆိုးလှပါဘူး” ဟူ၍ တန်း ကနဲ ထောက်ခံလိုက်သည်။

သူကြီမင်း ဦးတိုင်းအုပ်က စက္ကန့်အနည်းငယ်မျှ စဉ်းစားဟန်ပြုနေပြီး “အဟမ်း အဟမ်း” ဟု ချောင်းဆိုးလိုက် ရင်း သူ့သဘောထားကို ရွာလူကြီးများအားပြောလေသည်။ “အင်းပေါ့လေ။ ကျုပ်အနေနဲ့လည်း သည်ကလေး မလေးဆိုရင်တော့ သင့်တော်တယ်လို့ထင်တာပဲ။ ကိုင်း အချိန်ကလည်းလင့် ကျန်တဲ့သူတွေကလည်း ဘယ် လိုမှ သဘောမထားဘူးဆိုရင်တော့ မိချုပ်ကိုပဲ ကွမ်းတောင်ကိုင်အဖြစ် ရွေးလိုက်ပါပြီ” လို့ဆိုရင်း အစည်းအ ဝေး ကို ရုပ်သိမ်းလိုက်တော့၏။

တကယ်ကတော့ ရွာလူကြီးတွေအနေနဲ့ သူကြီးအာဏာစက်ကို ကြောက်၍ ပါးစပ်ပိတ် ငြိမ်နေသည်ကို သူကြီး က သူ့ကို ထောက်ခံသည်ဟု သတ်မှတ်လိုက်ခြင်းဖြစ်သည်။ မိချုပ်သည် အရပ်မပုသော်လည်း ကိုယ်လုံးကိုယ် ပေါက်က မလှ၊ ပြားချပ်ချပ်ကြီးဖြစ်သည်။ ထို့အပြင် အသားအတန်မဲ၍ ရုပ်ရည်ကလည်း ရွက်ကြမ်းရေကျိုသာ ဖြစ်ရသည့်အထဲ မျက်နှာပေါ်တွင်လည်း ၀က်ခြံများနှင့်။ သို့သော် မေးစရာရှိတာက ဒါဖြင့်ရင် ဘာကြောင့် မိ ချုပ် ကွမ်းတောင်ကိုင် အရွေးခံရတာလဲဆိုသည့် မေးခွန်းပင်ဖြစ်သည်။ တခြားကြောင့်တော့မဟုတ် မိချုပ်က သူကြီးတူမဖြစ်သောကြောင့်ပင်။

အမှန်ကတော့ ဒီအစည်းအဝေး မစခင်ကတည်းက သူကြီးမင်းနှင့် သူ့လူနှစ်ယောက် ဇာတ်တိုက်၍ လက်ဝါး ရိုက်ထားသော အစီအမံသာဖြစ်သည်။ အစည်းအဝေး စစချင်း ကွမ်းတောင်ကိုင်အဖြစ် မိချုပ်ကို ရွေးမည်ဟု အ ဆိုတင်ပါက မကောင်းတတ်သောကြောင့် တခြားမိန်းကလေးအမည်များကို လေကုန်ခံ အချိန်ကုန်ခံ၍ အဆို တင်သွင်းနေကြခြင်းသာဖြစ်သည်။

ပွဲနေ့မတိုင်မီ တရက်အလိုတွင် ဦးဖိုးကိုင်းနှင့် ဦးမှောက်တို့ ဦးစီး၍ သူကြီးအိမ်မှ အခိုင်းအစေလက်သားများဖြင့် ရွာထဲလှည့်၍ ဘုရားပွဲရက်အတွင်း လိုက်နာရမည့် စည်းကမ်းများကို မောင်းတဒူဒူထု၍ ကြေငြာကြသည်။ ထို့ အပြင် တခြားရွာက လူတွေလည်း ဘုရားပွဲလာမှာဆိုတော့ စည်းကမ်းချက်များကို စာရွက်များပေါ်တွင် ရေး သား၍ ရွာထဲတွင် နေရာအနှံ့ကပ်ထားပြန်သည်။ ဤသို့မလုပ်၍မဖြစ်။ အဘယ်ကြောင့်ဆိုသော် မပြောကောင်း မဆိုကောင်း ဘုရားပွဲကို အကြောင်းပြု၍ ငုတ်နေသော လက်ကျန် ဂဠုန်တပ်သားတချို့တလေ ပေါ်လာပြီး ရုတ်ရုတ်သဲသဲလုပ်မှဖြင့် အင်္ဂလိပ်ခရိုင်ဝန် သူ့ကို ငြိုငြင်မှာ သူကြီး ဦးတိုင်းအုပ် စိုးရိမ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ရွှေပွဲလာများအနေဖြင့် ဘုရားပွဲသုံးရက်အတွင်း ပွဲကြည့်တာ ဈေးဝယ်တာကလွဲ၍ တခြားဟာတွေ မလုပ်နိုင်အောင်၊ မလုပ်ရဲအောင် ရှိသမျှ စည်းကမ်းတွေကို သူကြီး ဦးတိုင်းအုပ်က ကြိုထုတ်နေခြင်းဖြစ်သည်။

သို့သော် ထိုမျှနှင့် အားမရသေး၍ ဇာတ်ကမည့် ပထမညတွင် ဦးဖိုးကိုင်းနှင့် ဦးမှောက်တို့ တယောက်တလဲစီ လော်စပီကာမှတဆင့် လိုက်နာရမည့် စည်းကမ်းများကို မမောနိုင်မပန်းနိုင် ဆယ့်ငါးမိနစ်တခါ နာရီဝက်တခါ ဆိုသလို ကြေညာနေသေးသည်။ မိုက်ခွက်ကိုင်၍ လူတွေကို ဤသို့ပြောရသည်ကိုလည်း သူတို့အနေဖြင့် အ တော်လေး ကျေနပ်နေကြသည်။

ကြေငြာနေသည့် စည်းကမ်းချက်များကတော့ “တောက်၊ တောက်၊ တောက် (မိုက်ခွက် ကောင်း မကောင်း လက်ချောင်းဖြင့် ခေါက်၍ စမ်းသည့် အသံ) ဟဲလို၊ ဟဲလို၊ ဘုရားပွဲလာ ပရိသတ်အပေါင်းတို့ခင်ဗျား။ ဘုရားပွဲ လာ ပရိတ်သတ်အပေါင်းတို့ခင်ဗျား။ ခရိုင်ဝန်ညွှန်ကြားချက်အရ သူကြီးမင်း ဦးတိုင်းအုပ် ထုတ်ထားတဲ့ ဘုရား ပွဲစည်းကမ်းတွေကို ဖတ်ပြမှာဖြစ်ပါတယ်။ သေသေချာချာ နားထောင်ကြပါ။ ပွဲခင်းအတွင်း ဓားမြှောင်၊ ဓားရှည်၊ တုတ်တို၊ တုတ်ရှည်နှင့် မည်သည့်လက်နက်မှ ကိုင်ဆောင်ခြင်းမပြုရ။ ပုဆိန်များ၊ ရဲတင်းများ ပွဲခင်းအတွင်း ယူ ဆောင်မလာရ။ ကြံဆိုင်မှ ကြံချောင်းများကို ၀ယ်ပြီးလျှင်ပြီးချင်း စားသုံးရမည်။ ကြံချောင်းများကိုင်၍ ပွဲခင်းအ တွင်း သွားလာခြင်းမပြုရ။ ကောက်ညှင်းကျည်တောက်များကို (ခဲလံချောင်းများ) ဆိုင်မှာပဲ ထိုင်စားပါ။ ၎င်းတို့ ကို ကိုင်ဆောင်၍ ပွဲခင်းထဲ သွားလာခြင်းမပြုရ။ ဥသျှစ်သီး၊ သီးသီး၊ အုန်းသီးများကို လွယ်အိတ်ထဲမှာ ထည့်မ သယ်ရ။ အုတ်ခဲများ၊ ကျောက်ခဲများ ဖင်ခုထိုင်၍ ပွဲမကြည့်ရ။ ဖျာခင်း၍သာ ပွဲကြည့်ရမည်။ ပွဲခင်းအတွင်း မူး ယစ်သောက်စား ရမ်းကားခြင်း၊ ခိုက်ရန်ဖြစ်ပွားဖြင်း၊ အမျိုးသမီးများအား သားပြောမယားပြော ပြော၍ နောက် ပြောင်ခြင်းမပြုရ။ မူးယစ်စေသည့်အရာဆို၍ ထညက် (ထန်းလျက်) တောင် ရေဖျော်မသောက်ရ။ ပွဲခင်းအ တွင်း သကြားထုတ်များယူလာပြီး မလျက်ရ။ ကာလသားများအထူးမှတ်ရန်၊ အကြော်ဆိုင်မှာထိုင်ရင် ကောင်း ကောင်း ထိုင်ကြပါ။ ရေနွေးကြမ်းအိုးထဲ အရက်ခိုးထည့်ပြီးမသောက်ရ။ လူကြီးများ အထူးမှတ်ရန်၊ မိမိအိမ်တွင် အရက်သောက်ထားပါက မိမိအိမ်မှာပဲ နေရန်။ ပွဲခင်းထဲသို့ မလာရ။ အမျိုးသမီးများ အထူးမှတ်ရန်၊ ပွဲခင်းထဲ တွင် ဖျာလု၍ ရုန့်ရင်းကြမ်းတမ်းစွာ ဖေတော့မောင်တော့ အော်ဟစ်ဆဲဆို ရန်မဖြစ်ရ။ စည်းကမ်းမလိုက်နာဘဲ ဖောက်ဖျက်ပါက မည်သူမဆို ဘုရားပွဲပြီးသည့်အထိ ထိပ်တုံးခတ်ခံရမည်” ဟူသတည်း။

သူကြီးမင်းကိုယ်တိုင်လည်း ရွာထဲက ငမူးငရူး ကာလသားတချို့ကို “ဟေ့ကောင်တွေ၊ ငဖြိုးတို့ ငတိုးတို့၊ ကြွက် နီတို့၊ ဒီကိုလာစမ်း။ သေသေချာချာ နားထောင်။ ကိုယ့်ရွာက ကွမ်းတောင်ကိုင်ကို တခြားရွာက ကောင်တွေ ရိ သဲ့သဲ့လာလုပ်ရင် တွယ်သာတွယ်ထည့်လိုက်။ နောက်မှ ငါ ကြည့်ရှင်းမယ်။ ဟုတ်ပလား” ဆိုပြီး ကြိတ်၍ မြှောက်ပေးထားသေးသည်။

ထို့အပြင် သူကြီးမင်းက ဇာတ်ခုံတဲ့တဲ့နှင့် မျက်နှာချင်းဆိုင် ပေသုံးဆယ်လောက်အကွာတွင် အထူးပွဲကြည့်စင် တခုကို ဆောက်ထား၍ သူ့တူမ ကွမ်းတောင်ကိုင် မိချုပ်အပါအ၀င် ဆွေမျိုးများ၊ သူ့လက်သားများနှင့် ထိုစင် ပေါ်မှ ဇာတ်ပွဲကိုကြည့်၏။ တချိန်ထဲမှာလည်း ဇာတ်ပွဲကြည့်ရင်း ရေနွေးကြမ်းအိုးထဲတွင် အရက်ထည့်သောက် သေးသည်။ သူကိုယ်တိုင် စည်းကမ်းဖောက်သည်ကို မည်သူမှ မပြောရဲ။ သူကြီးမင်းပေကိုး။ တခါ အထူးပွဲ ကြည့်စင်က အလယ်မှာ ရောက်နေ၍ ပွဲကြည့်ပရိသတ်အများစုက စင်းဘေးဘယ်ညာတွင် ဖြန့်၍ ထိုင်ကြရ သည်။ သူကြီးအပြောကတော့ အထူးပွဲကြည့်စင်ကို ဆောက်ရခြင်းက ပွဲခင်းလုံခြုံရေးအတွက်ဖြစ်သည်ဟုဆို ၏။

ရွာဘုရားပွဲပြီး၍ ဇာတ်လမ်းကိုချုပ်သော် ဘယ်တရွာသားကမှ သူကြီးတူမ ကွမ်းတောင်ကိုင်ကို ရိသဲ့သဲ့ မလုပ် ကြပါ။ သူကြီးမင်း၏ ကာလသားလူမိုက်များကို ကြောက်၍မဟုတ်။ ကွမ်းတောင်ကိုင်က ပုံမလာ ပန်းမလာနှင့် အကျည်းတန်လွန်း၍ဖြစ်သည်။ ဦးသာဗျော့ကတော့ ဇာတ်ပွဲနှင့် ဈေးတန်းကို သပိတ်မှောက်သည့်အနေဖြင့် သုံးရက်လုံးလုံး ဦးနန္ဒိယ၏ ရွာဦးကျောင်း၌ သွား၍နေလေသည်။ အစည်းဝေးတုန်းက ဦးသာဗျော့၏ အဆိုကို ထောက်ခံခဲ့သည့် ရွာလူကြီးများထဲမှ သုံးယောက်လောက် ထိပ်တုံးခတ်ခံရသည်။ တဦး၏ အိမ်တွင် အရက် သောက်အပြီး နောက်တဦးအိမ်သို့ ပြောင်းသောက်ရန်အကူး လမ်းပေါ်တွင် မူးနေသော သူကြီး၏ ရွာလုံခြုံရေး ကင်းသမားများက တွေ့သွားပြီး ထိုလူကြီးများကို ဖမ်းလိုက်ခြင်းဖြစ်သည်။ အိမ်တွင် အရက်သောက်ထားပါက ပွဲခင်းထဲသို့ မလာရဆိုသည့် စည်းကမ်းကို ဖောက်ဖျက်၍ ပွဲခင်းဘက်သို့သွားရန် ကြံရွယ်သည်ဟု စွပ်စွဲကာ ဖမ်းလိုက်သောကြောင့်ဖြစ်တော့သည်။

ဦးဖိုးကိုင်းနှင့် ဦးမှောက်တို့ကတော့ လော်စပီကာမှတဆင့် စည်းကမ်းတွေကို သုံးညလုံးလုံး အော်ခဲ့ရသဖြင့် အ သံတွေဝင်၊ အအေးတွေပတ်ကာ ဖျား၍ အိပ်ရာထဲတွင် ဘုံးဘုံးလဲနေကြသည်။ သူကြီးမင်း ဦးတိုင်းအုပ်လည်း ဘုရားပွဲမလုပ်ခဲ့ရသည့် သုံးနှစ်စာအတိုးချ၍ သောက်သောကြောင့် အရက်နာကျပြီး တအင်းအင်းသာ အသံ ထွက်နိုင်၍ အိပ်ရာထဲမှ မထနိုင်။ ဘာခံနိုင်မလဲ သံမဏိနှင့် ထုထားတာမှ မဟုတ်ဘဲ။ ပြီးတော့ အသက်က လည်း ရပြီဟာကိုး။

ရွာထဲမှ အမျိုးသမီးပရိသတ်များကတော့ ဘုရားပွဲသုံးရက်အတွင်း ကွမ်းတောင်ကိုင် ဖြစ်သင့်ရဲ့သားနဲ့ မဖြစ် လိုက်ရရှာသည့် မိစန်းကို ဂရုဏာသက်ကာ မိစန်းအိမ်တွင် စုဝေးနေကြသည်။ မိစန်းကား ပိတုန်းရောင် ဆံထုံး ထက်တွင် စံပယ်ပန်းတို့ဖြင့် ဘုရားပွဲပြီးမှ ပို၍ပင် လှပနေသေးတော့သည်။

ဇော်မင်း
(၂၁) ရက်၊ သြဂုတ်လ၊ ၂၀၁၀ ခုနှစ်

2 comments:

Poe Tay said...

ကျေးဇူးတင်ပါတယ် အညာသား သူကြီးသားရယ်

Unknown said...

အပတ်စဉ်ထုတ်သတင်းဂျာနယ်တွေမှာ ” ပြန်လည်ဆန်းသစ်ခြင်း” ဆိုပြီး ထည့်လို့ရ ရင်ကောင်းမယ်၊
အစိုးရ
စာပေကင်ပေတိုင်က ပေးထည့် မယ်မထင်ဘူး၊