နေသွင်
ဒီမိုကရေစီသက်တံရောင်စဉ် (Democracy Spectrum) ဆိုသော အမြင်တမျိုးရှိသည်။ ဒီမိုကရေစီတွင် အ ရောင်မျိုးစုံ (အဆင့်မျိုးစုံ) ရှိသည်ကို ညွှန်းလိုပုံရသည်။ ရွေးကောက်ပွဲသည် ဒီမိုကရေစီဖြစ်စဉ်အတွက် မရှိမ ဖြစ်ဆိုသည်ကိုလည်း မည်သူမှမငြင်းပေ။ ထိုကြောင့် ရွေးကောက်ပွဲမှန်သမျှ အကောင်းဆိုသော အယူအဆ ပေါ်လာပုံရသည်။ ရွေးကောက်ပွဲဆိုလျှင် တပြားသားဖြစ်ဖြစ်၊ နှစ်ပြားသားဖြစ်ဖြစ် ကောင်းသည်ဟု မျက်စိမှိတ် ပြောလာကြသည်။ သို့သော် ကမ္ဘာပေါ်တွင် ယင်းအယူအဆကို အာခံနေသော အဖြစ်အပျက်များ မနည်းပေ။ ဂျိုးဇက်စတာလင် (Joseph Stalin) ၏ ကမ္ဘာကျော် စကားတခွန်းရှိသည်။
“ရွေးကောက်ပွဲမှာ မဲပေးတဲ့လူတွေထက် မဲရေတွက်တဲ့ လူတွေက အဆုံးအဖြတ် အခရာ” ဆိုသော စကားဖြစ် သည်။ ထို့ကြောင့် ရွေးကောက်ပွဲရှိရုံနှင့်မပြီး။ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတဖို့လိုသည်ဟု ပြော လာကြသည်။ လွတ်လပ်ပြီး တရားမျှတဖို့မှာ အခြေခံအချက်တချို့ရှိသည်။
(၁) အရွယ်ရောက်သူတိုင်း မဲပေးပိုင်ခွင့်၊ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်ခွင့်
(၂) လွတ်လပ်သော မီဒီယာများမှ သတင်းအချက်အလက်များ ရရှိခွင့်
(၃) လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊ စုရုံးခွင့်
(၄) လျှို့ဝှက်မဲပေးစနစ်တွင် မိမိသဘောဆန္ဒအတိုင်း လွတ်လပ်စွာ မဲထည့်နိုင်ခြင်း
(၅) ဖိအားပေး ခြိမ်းခြောက် အကျပ်ကိုင်၊ လှည့်ဖျားခံရခြင်း၊ မလျော်သြဇာသုံးခြင်း အလျဉ်းမရှိရ
(၆) မဲထည့်စဉ်၊ မဲရေတွက်စဉ် ရွေးကောက်ပွဲ အာဏာပိုင်များ၏ သမာသမတ်ကျမှု
(၇) မဲလိမ်၊ မဲခိုး၊ မဲဝယ်၊ မဲထပ်ခြင်းတို့ မဖြစ်အောင် ဥပဒေပြဌာန်းထားမှု
(၈) ဘက်မလိုက်သော ရွေးကောက်ပွဲကော်မရှင်နှင့် ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့များ ထားရှိခြင်း။
၂၁ ရာစု ဒီမိုကရေစီဖြစ်စဉ်တွင် ရွေးကောက်ပွဲရှိရုံ၊ လွတ်လပ်တရားမျှတရုံနှင့် မပြီးသေးပေ။ ရွေးကောက်ပွဲ အ ပြီးတွင် ဒီမိုကရေစီလက္ခဏာများ ပေါ်ပေါက်ရန်က အရေးကြီးလာသည်။ ရွေးကောက်ပွဲထက်ပင် အရေးကြီးပုံ ပေါ်သည်။
ဒီမိုကရေစီစနစ်၏ လက္ခဏာများတွင် ...
(၁) လွှတ်တော်တို့၏ အားကောင်းမှု
(၂) တရားသူကြီးတို့၏ လွတ်လပ်မှု
(၃) အဂတိလိုက်စားမှုမှကင်းသော အစိုးရ
(၄) လွတ်လပ်သော မီဒီယာ
(၅) ရဲအဖွဲ့၏ ဖြောင့်မတ်မှု
(၆) ပုဂ္ဂလိကကဏ္ဍ အားကောင်းခြင်း
(၇) လူနည်းစုအခွင့်အရေးကို လေးစားခြင်း
(၈) လူထုအခြေပြုအဖွဲ့အစည်းများ တည်ရှိမှု
ထိုကြောင့် ကောင်းမွန်သောအစိုးရ (good governance) ပေါ်ပေါက်ရေးသည် ရွေးကောက်ပွဲ၏ ရည်မှန်းချက် ဖြစ်ပြီး ယင်းအစိုးရသည် ဒီမိုကရေစီထွန်းကားရေးအတွက် တာဝန်ယူရသည်။ အပြန်အလှန်အနေဖြင့် ရွေး ကောက်ပွဲမှ အစိုးရကောင်းတရပ် မပေါ်ပေါက်လျှင် ဒီမိုကရေစီဖြစ်စဉ်အတွက် ရွေးကောက်ပွဲ၏ အနှစ်သာရ လည်း ပျက်လေသည်။ အထူးသဖြင့် မျက်မှောက်ခေတ်တွင် အာဏာရှင်များက ကမကထလုပ်ပေးသော ရွေး ကောက်ပွဲများသည် ဤအမျိုးအစားဖြစ်သည်။ အောက်ပါအတိုင်း နှစ်မျိုးတွေ့ရသည်။
(၁) နဂိုသက်ဆိုးရှည် အာဏာရှင်စနစ်ကပဲ နိုင်ငံတကာအမြင်တွင် တရားဝင်မှုရရန် ရွေးကောက်ပွဲ လုပ်ပေးခြင်း (Legitimizing Autocratic Regimes)
ဤနည်းတွင် ရွေးကောက်ပွဲ ပုံမှန်ရှိသော်လည်း နဂိုအခြေအနေက မပြောင်းပေ။ Legitimizing Status Quo ဟု သုံးသည်။ ဥပမာ- ဇင်ဘာဘွေ (အာဖရိကတိုက်) တွင် ပါတီစုံစနစ်အနှစ် ၂၀ ကြာကျင့်သုံးခဲ့သော်လည်း မူဂါဘီ၏ ZANU ပါတီသာ အမြဲနိုင်သည်။ အီကွေတိုရီယာဂီနီတွင်လည်း (၁၉၉၆၊ ၂၀၀၂၊ ၂၀၀၉) ရွေးကောက် ပွဲတို့တွင် ၁၉၇၉ ခုနှစ်ကတည်းက အာဏာရ သမ္မတ တီအိုဒိုရိုအိုဗျန်းသည် မဲ (၉၇) ရာခိုင်နှုန်းဝန်းကျင်ဖြင့် အ မြဲနိုင်သည်။
အတိုက်အခံက ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်း၊ အာဏာရှင်ဘက်က အတိုက်အခံကို ဖိနှိပ်ခြင်း၊ ရွေး ကောက်ပွဲတွင် မဲကလိန်ကျခြင်း၊ တိုင်းပြည်အရင်းအမြစ်၊ နိုင်ငံပိုင်မီဒီယာကို စိတ်ကြိုက်ခြယ်လှယ် ခြင်းများကို ပြုလုပ်သည်။
(၂) အာဏာသိမ်းပြီး တက်လာသော အစိုးရက ရွေးကောက်ပွဲလုပ်ပြပြီး သူတို့အုပ်ချုပ်မှုကို တ ရားဝင်အောင်လုပ်ခြင်း (Legitimizing Illegal Transitions of Power)
ဥပမာ - ၂၀၀၈ ခုနှစ် တနှစ်တည်းမှာပင် စစ်တပ်အာဏာသိမ်းမှုများဖြစ်ခဲ့သော အာဖရိကတိုက်မှ မာရူးတီနီး ယား၊ ဂီနီ၊ မာဒါဂတ်စကာ၊ နိုက်ဂျားနိုင်ငံများဖြစ်သည်။ မြောက်ပိုင်းအာဖရိကရှိ မာရူးတီနီးယားတွင် အာဏာ သိမ်းပြီး တနှစ်မပြည့်ခင် ရွေးကောက်ပွဲလုပ်ပြီး အာဏာသိမ်းခေါင်းဆောင်က ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ သည်။
အာဖရိက အနောက်အလယ်ပိုင်းက ဂက်ဘွန်းဆိုသော နိုင်ငံတွင် (၄၂) နှစ်ကြာ အာဏာရယူခဲ့သော အာဏာ ရှင် သမ္မတ အိုမာဘွန်ဂိုး သေဆုံးပြီးနောက် သူ့၏သားက ဦးဆောင်ပြီး မဲလိမ်မှုတွေ၊ အကြမ်းဖက်မှုများစွာဖြင့် ရွေးကောက်ပွဲ လုပ်ခဲ့သည်။ ယင်းသို့အခြေအနေမျိုးတွင် ရွေးကောက်ပွဲရှိသော်လည်း မဝေးသော အနာဂတ် တွင် ဒီမိုကရေစီရောင်ခြည်ကို မြင်ရမည်ဟု မမျှော်လင့်နိုင်ချေ။
ရွေးကောက်ပွဲနှင့် ပတ်သက်၍ “ကျည်ဆံတွေနေရာမှာ မဲပြားတွေကို အစားထိုးသည် (Taking the Ballot over the Bullet)” ဟု ကဗျာဆန်ဆန် တင်စားသည်။ ရွေးကောက်ပွဲကို ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေး သင်္ကေတအဖြစ် တင်စားလိုခြင်းဖြစ်သည်။
သို့သော် နိုင်ငံတကာအဖွဲ့အစည်းများကလည်း အာဏာရှင်တို့က ကမကထလုပ်သော ရွေးကောက်ပွဲကို ဒီမိုက ရေစီသက်တံရောင်စဉ် ဆိုသောအမြင်၊ ဒီမိုကရေစီအဆင့်ဆင့်ဖြစ်ပေါ်ခြင်း (Democratization) အမြင်တို့ဖြင့် အပြုသဘောချဉ်းကပ်ခြင်း၊ ရွေးကောက်ပွဲအတွက် ငွေကြေးနှင့် အခြားအရင်းအမြစ်များကို ထောက်ပံ့ခြင်းမျိုး မလုပ်ပေ။ အကယ်၍ အာဏာသိမ်းမှုဖြစ်သည့် နိုင်ငံသည် ဒေသတွင်းနိုင်ငံများအဖွဲ့တွင် အဖွဲ့ဝင်ဖြစ်လျှင် အဖွဲ့ ၀င်အဖြစ်ကနေ ဆိုင်းငံ့ထားခြင်း၊ နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့သည့် နည်းတို့ဖြင့် အရေးယူကြသည်။ အ ပြောင်းအလဲထက် လူမိုက်အားပေးဖြစ်မှာ သေချာသဖြင့် လက်ရှောင်ကြခြင်းဖြစ်သည်။
နေသွင်
Ref: Democracy and Election in Africa by Almami I. Cyllah (24 March 2010)
No comments:
Post a Comment