Tuesday, August 17, 2010

ဘာစန်းသီး၊ အောင်မေသုနှင့် အမှတ်ရစရာ အမှတ်မှားမှုများ

မျိုးမြင့်ချို

“နင့် နာမည်လေးက အတော်လှတာပဲ” ဟု ပြောလိုက်ချိန်တွင် မစန်းသီမျက်နှာ ဝင်းကနဲဖြစ်သွားသည်ကို သ တိထားလိုက်မိသည်။ “လူကော ဦးလေး” တဲ့ “အင်း...လူလား..လူလည်းချောပါတယ်ဟာ တကယ်က မစန်းသီ သည် ချောသည့် လှသည့် မိန်းမများထဲတွင် စာရင်းဝင်သည်ဟု မဆိုနိုင်သော်လည်း ဟိန္ဒူသွေးစစ်စစ်ဖြစ်သည့် အတိုင်း မျက်လုံးမျက်ခုံး နှာတံပေါ်ပေါ်နှင့် ကြည့်ကောင်းသည်။ မျက်နှာချို၏။ စိတ်ထားကောင်း၏။ ဗမာစကား ကို အိန္ဒိယတိုက်သားအသံထွက်နှင့် တတ်နိုင်သလောက် သိမ်သိမ်မွေ့မွေ့ ကြိုးစား ပြောတတ်၏။ အသားမဲ သည်ဆိုသော်လည်း ခြောက်ခြောက်သွေ့သွေ့တော့မဟုတ်။ စိုစိုပြေပြေရှိသည်။ စာမတတ်၊ ကျောင်းမနေဖူး သူ။ လမ်းထိပ်က ထမင်းဆိုင်တွင် တောက်တိုမယ်ရ အလုပ်သမား။ နိုင်ငံရေးနှင့် စကြဝဠာတခုစာလောက်ဝေး ၏။

၁၉၈၉ ခုနှစ်။ အင်းစိန်ထောင် တိုက်ဝင်းများရှိ ၄ တိုက် ၃ ခန်း။ ၁၂ ပေ x ၈ ပေ အခန်းကျဉ်းလေးတခု။ အတူ နေသူများက ဦးအောင်မေသု (မင်းလှ-အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်)၊ ကိုမြင့်လှိုင် (ခေါ်) ကိုမြင့် (မင်္ဂလာဒုံ)၊ ကိုမျိုးကြည် (မှော်ဘီ)၊ ကိုသိန်းထူး (ခေါ်) ကိုသက်ဇင် (ပုသိမ်) နှင့် ကျနော်။ အားလုံးတွင် ဦးအောင်မေသုက အသက်အကြီးဆုံး။ ကျနော်တို့က သူ့ကို ‘ဦးသု’ ဟုခေါ်သည်။ အစ္စလာမ် ဘာသာဝင်။ လူမျိုးကတော့ ဘာလူ မျိုးလဲ ကျနော် မမေးမိခဲ့။ (၅) ယောက်ထဲတွင် နိုင်ငံရေးဘဝ အတွေ့အကြုံအစုံလင်ဆုံး။ ကျွန်းပြန်။

(၉) တန်း ကျောင်းသားဘဝမှစတင်ခဲ့သည့် သူ့နိုင်ငံရေးလမ်းတလျှောက်လုံး ဆူးညှောင့် ခလုတ်ကန်သင်းများ နှင့်တင်းကြမ်း။ မဆလ တခေတ်လုံး လှုပ်မရ လွန့်မရအောင် နှိပ်ကွပ်ခံရသည့်ကြားမှ ဘဝကို တပင်တပန်း ထူ ထောင်ခဲ့ရသူ။ အသားညိုညို၊ လူကောင်သေးသေး၊ ခါးကလည်း မဆိုစလောက်လေး ခပ်ယိုင်ယိုင်၊ အူကျရော ဂါ ဆိုးဆိုးရွားရွား၊ မိသားစုထောင်ဝင်စာဆိုသည်ကလည်း လာတချက် မလာတချက်။ သို့နှင့်တိုင် ဘယ်တော့မှ ဘဝကို စိတ်မပျက်။ မညည်းညူတတ်။ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်နှင့် ကြိတ်မှိတ်ပေတေပြီးခံ၏။

တယောက်ကိုတယောက် တနေ့လျှင် (၂၃) နာရီခန့် မျက်နှာချင်းဆိုင်ချင်ချင်၊ မဆိုင်ချင်ချင် ဆိုင်နေရသည့်အ နေအထား။ အိပ်ချိန်မှတပါး စကားတွေပြောကြသည်။ နိုင်ငံရေး၊ စာပေအနုပညာ၊ လောကအကြောင်း၊ သူ့အ ကြောင်း ကိုယ့်အကြောင်း အကြောင်းပေါင်းလည်း စုံသလို၊ တခါတရံမှာလည်း မတူသည့် အမြင်များက လေး လေးနက်နက် ပြင်းပြင်းထန်ထန် ငြင်းကြခုံကြဆီသို့ ဆိုက်သွားသည်လည်း ရှိ၏။ ထိုအခါမျိုးတွင် သူကဘယ် တော့မှ ခုံသမာဓိမလုပ်သလို သူ့တရားကိုယ်လည်း ဇွတ်ထူထောင်လေ့မရှိ။ သူ့အမြင်သူပြောပြီး သူ့ရပ်ခံချက် အတိုင်းသာရပ်သည်။

“မဟာအောက်တိုဘာတော်လှန်ရေးကြီးအပြီးနဲ့ ဒုတိယကမ္ဘာစစ်အပြီး နှောင်းပိုင်းကာလတွေမှာ ကမ္ဘာ့ပြည်သူ တွေရဲ့ တိမ်းညွှတ်မှုက လက်ဝဲတိမ်းညွှတ်မှုနဲ့ ဆိုရှယ်လစ်ရေး၊ ပြည်သူ့ဒီမိုကရေစီ ထူထောင်ရေးဗျ။ အခုဟာ က လက်ယာတိမ်းညွှတ်မှုနဲ့ ဈေးကွက်စီးပွားရေး၊ ပါတီစုံဒီမိုကရေစီ ထူထောင်ရေးဗျ ... ဆိုတော့ ကျနော်တို့ အမြင်တွေတင်မကဘူး လုပ်ဟန်နည်းနာတွေပါ ပြောင်းကိုပြောင်းရမယ်။ မပြောင်းရင် ပြတ်ကျန်ခဲ့လိမ့်မယ်ဗျ”

“ကွန်မြူနစ်ဆန့်ကျင်ရေးလုပ်တာဟာ ဒီမိုကရေစီရေးတိုက်ပွဲဝင်တာဖြစ်တယ်။ ကွန်မြူနစ်ကို တိုက်ဖို့ဆို စစ် အာဏာရှင်နဲ့တောင် ပေါင်းမယ် ... ဆိုတဲ့ အတွေးအခေါ်ရှိသူတွေရဲ့ နိုင်ငံရေးလားရာကို ဘာမပြောစရာမရှိပါ ဘူး။ သူတို့ရွေးချယ်တဲ့ လမ်းက သူတို့ကို ခေါ်ဆောင်သွားမှာပါဗျာ”

“ဒီမှာ ကျနော်ပြောမယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာ အာဏာလိုအပ်လို့လုပ်ရတာပဲ။ တနည်းပြောရရင် အာဏာ လိုချင်လို့ဗျာ။ အာဏာလိုချင်တယ်ဆိုတာကလည်း ပဒေသရာဇ်တွေစကားနဲ့ပြောရရင် ရှင်ဘုရင်လုပ်ချင်တာ ပဲ။ တခုပဲရှိတယ် ... ရှင်ဘုရင်လုပ်ချင်တဲ့ ကောင်ဆိုတာ ညံ့လို့မရဘူးဗျ။ ညံတဲ့ ကောင်လည်း ဘယ်တော့မှ ရှင် ဘုရင်မဖြစ်ဘူး”

သူပြောခဲ့ဖူးသည့် စကားများစွာအနက်မှ တချို့ကို ယခုတိုင်ပင် မှတ်မှတ်ရရ ရှိနေသေး၏။ တနေ့ ကျနော်က သူ့ကို “ဦးသုရဲ့နာမည်က တော်တော်ထူးခြားတယ်နော်။ အောင်မေသုဆိုတဲ့ ဒီလိုနာမည်မျိုးက အမှည့်နည်း တယ်လို့ ကျနော်ထင်တာပဲ” ဟုဆိုကာ သူ့အမည်ကို စပ်စုမိ၏။ သူက ထုံးစံအတိုင်း တချက်ပြုံးလိုက်ပြီး ...

“ကျနော်က အရင်တုန်းက နီအောင်မေသုဗျ။ ဗိုလ်စက်ရောင်ကတော့ ခင်ဗျားတို့ ကြားတဲ့အတိုင်းပဲ ... ဧဝံမေ သုတံ ... တဲ့။ ကျနော်တို့ခေတ်က ‘နီ’ ဆိုတာကို လက်ဝဲအတွေးအခေါ်ရှိတဲ့ လူငယ်တွေတော်တော်များက နာ မည်ရှေ့မှာ မြတ်မြတ်နိုးနိုး တပ်ကြတာဆိုတော့ ကျနော်လည်း တပ်တာပေါ့ဗျာ” တဲ့။ “ကျနော်ဆိုလိုတာက အောင်မေသုဆိုတာကိုပါ။ ရုတ်တရက်ဆို ပါဋ္ဌိလိုလို ဘာလိုလိုနဲ့။ ဥပမာဗျာ ‘သုမောင်’ ဆိုပါတော့ ကောင်း သောလူကလေး ဆိုတာမျိုး” ဆိုတော့ သူ ပြုံးသာနေသည်။ ဘာမှမပြော။ သည်တော့မှ ကျနော်က မစန်းသီ အကြောင်း သူ့ကိုပြောပြသည်။

“ဒါနဲ့ မစန်းသီ၊ နင့် ဒီနာမည်ကို ဘယ်သူပေးတာလဲဟ ပြောပြပါဦး။ နင့်မိဘပေးတာလား” ဗမာစကားပင် အနိုင် နိုင်ပြောနေကြရသည့် မစန်းသီ၏ မိဘများက မစန်းသီဆိုသည့် နာမည်လှလှလေးကို ရွေးပေးနိုင်လောက်မည် မထင်သဖြင့် မေးမိလိုက်၏။

“မဟုတ်ဘူး ဦးလေး၊ ကျမ (၁၃) နှစ်လောက်က ရပ်ကွက်ထဲကို မှတ်ပုံတင်ရုံးက လူကြီးတွေ လာတယ်။ မှတ်ပုံ တင်မရှိသေးသူတွေကို မှတ်ပုံတင်လုပ်ပေးတော့ အမေနဲ့ ကျမသွားတယ်။ အဲဒီ စာရေးတဲ့လူကြီးက ကျမနာ မည်မေးတော့ ကျမက နာမည်ပြောပြတယ်။ ကျမမှာ ဗမာနာမည်မရှိဘူး။ ကုလားနာမည်ပဲရှိတယ်။ ဟိန္ဒူလို ‘ဘာစန်းသီး’ လို့ ခေါ်တယ်။ ဘာစန်းသီး လို့ပြောတော့ သူက (၂) ခါ (၃) ခါ ပြန်မေးတယ်။ ကျမကလည်း ဘာ စန်းသီး ... ဘာစန်းသီး လို့ပဲပြန်ပြန်ဖြေတယ်။ သူက ဘယ်လိုကြားသလဲမသိပါဘူး ဦးလေးရာ ... နောက်တော့ မှတ်ပုံတင်ရရော ... ရတော့မှ ဘေးအိမ်က လူကို ပြတော့ သူက “ဟဲ့ ... နင်က ဗမာနာမည်တွေ ဘာတွေနဲ့ပါ လား” လို့ ပြောပြီး “ဒီမှာလေ နင့်နာမည်က ဘာစန်းသီးကနေ မစန်းသီ ဖြစ်သွားပြီ” တဲ့။ “အဲဒီလိုနဲ့ မစန်းသီ ဖြစ်လာတာပါ ဦးလေးရာ” တဲ့။

ကျနော့်စကားဆုံးတော့ ဦးသုက “ခင်ဗျားက ကျနော့်နာမည်ကိုရော ဘယ်ကနေဘယ်လို ဖြစ်လာတယ်ထင်လို့ လဲ” တဲ့။ “ကျနော့်အသိထဲမှာ ရမ်းမသူးတို့ အူမူရ်သူးတို့ ဆိုတဲ့နာမည်နဲ့ မွတ်စလင်မ်တွေရှိတယ်။ ဘာလူမျိုး တွေလဲတော့ ကျနော်လည်း မသိပါဘူး။ ဗမာစကားပြောရင်တော့ မစန်းသီလိုပဲ ခပ်ယိုင်ယိုင်ရယ်။ တခါ ဦးသု ကလည်း အစ္စလာမ်ဘာသာဝင်၊ အစ္စလာမ်နာမည်လည်း ရှိမှာပေါ့။ နောက်ပြီး ဦးသု ပြောသလောက်ကလည်း ဦးသုအဖေက ဗမာလိုသိပ်မပြီဘူးဆိုတော့ ... ကျနော်တွေးမိတာက.. ဘာစန်းသီး ကနေ မစန်းသီဖြစ်သလိုမျိုး မှတ်ပုံတင်အရာရှိ၊ ဒါမှမဟုတ်လည်း ကျောင်းစအပ်တုန်းက ကျောင်းစာရေးက အကြားလွဲပြီး ရမ်းမသူးတို့ အူ မူရ်သူးတို့ကနေများ အောင်မေသု ဖြစ်လာသလားလို့ပါ”

သူ၏ ထူထဲရှည်လျားလှသည့် မျက်ခုံးမွှေးကြီးများကို အသာအယာ ဆွဲယူပွတ်သပ်နေရင်းက “ခင်ဗျားဗျာ ... တော်တော်ကြံကြံဖန်ဖန် ဆက်စပ်တွေးတတ်တဲ့သူပါလား။ အကျိုးအကြောင်းလည်းဆီလျော် ယုတ္တိယုတ္တာ လည်းကျ၊ ဟုတ်လည်းအဟုတ်ပဲ။ ဒါပေမယ့် ခင်ဗျား တွေးမိသလို ဟုတ်တယ် မဟုတ်ဘူးဆိုတာထက် ဒီ ... အောင်မေသု ဆိုတဲ့နာမည်က ကျနော့်အဖေကိုယ်တိုင် ရွေးပြီး ပေးခဲ့တာဗျ။ ဘာပဲဖြစ်ဖြစ်လေ ရမ်းမသူးကနေ ဒါမှမဟုတ် အူရ်မူသူးကနေ အောင်မေသုဖြစ်တာဖြစ်ဖြစ်၊ အောင်မေသုကနေပဲ အောင်မေသု ဖြစ်တာဖြစ်ဖြစ်ပါ ... အရေးမကြီးပါဘူး ... ကျနော် အောင်မေသုအဖြစ်နဲ့ အောင်မေသုဖြစ်နေရတာကိုပဲ ကြိုက်ပါတယ်။ နောက် လည်း အောင်မေသုပဲဖြစ်နေဦးမှာပါ” ဟု ဆိုကာ ထုံးစံအတိုင်း ခပ်ပြုံးပြုံး။ သည်လိုနှင့် သည်ညနေခင်းကား ကုန်ဆုံးသွားရပြန်သည်။

ကျနော် မြင်ခဲ့ဖူးသည့် အောင်မေသုကား အောင်မေသုအဖြစ်နှင့်သာ နေသွား သေသွားခဲ့ပါသည်။

မျိုးမြင့်ချို

1 comment:

Unknown said...

ကြောင်သူတကာ ငေးရတဲ့၊

အမှောင်မှာ သန်းရှာပေးသူ

မှောင်ခိုဈေးဖျက်၊ ရတက်မအေး ခက်နေတဲ့ မောင်လူအေး ဆိုတဲ့ လူပျက်လေးလားဗျ



မော်ဒန်ကဗျာလည်း နားမလည်၊ ရွာပြင်ရောက်နေတာလဲ ကိုယ့်ဘာသာမသိ

မျိုးဆက်သစ် လူငယ်တွေရဲ့ရင်ကိုလည်းမထိ၊ ခေတ်ကလည်း မရှိရှာလေတော့

ကိစ္စပေါင်းစုံမှာ ဝင်အော်ဟစ်---အော် - ငါးပိ ကိုင်မိတဲ့ မျောက်အိုကြီးအဖြစ် ပေမို့

ဇာတ်ကရမဲ့ကိန်းဆိုက်ပေပ အမျှ အမျှ အမျှ---



ကြီးပေါကြီးတွေစု တော့ ပေါကြီးကြီးတွေ အုချတာ ဆန်းသလားကွဲ့



တခါတုန်းက အရူးဆေးရုံမှာ ဧည့်သည်တွေကို ဂျူတီကုတ်နဲ့ ဆရာဝင်တယောက်က လိုက်ရှင်းပြရှာတယ်။ ဒါက နားနေခန်း၊ ဒါက ဆိုးတဲ့အရူးတွေကို ထားတဲ့နေရာ၊ ဒါက ဆရာဝန်တွေနေတဲ့ နေရာ၊ ဒါက ယဉ်ယဉ်လေးရူးတဲ့သူတွေထားတဲ့နေရာ၊ ဒါက ဆေးဆိုင်----



ဧည့်သည်တွေကလည်း ပထမတော့ အဟုတ်မှတ်တာပေါ့ကွယ်။ ခေါင်းတငြိမ့်ငြိမ့်နဲ့ လိုက်မှတ်တာပေါ့။

ပြန်ခါနီးမှ ဂျူတီကုတ်နဲ့ဆရာဝန်က ထမင်းစားနေတဲ့ဆရာဝန်တွေကို လက်ညှိုးထိုးပြီး

ဧည့်သည်တွေကို ပြောပြတယ်။

“ အဲ့ဒီလူတွေဗျာ- သူတို့ကိုယ်သူတို့ နပိုလီယံ လို့ လျှောက်ပြောနေတယ်၊ တကယ်တော့ နပိုလီယံ အစစ်က ကျူပ်ဗျ ဟားဟားဟားဟား” ဆို အော်ဟစ်ရယ်မော၊ ဂျူတီကုတ်ကို ချွတ်ပြီး ပြေးလိုက်တာ ဆေးရုံတခုလုံးဝက်ဝက်ကွဲသံတွေနဲ့ဆူညံသွားတယ်။ လုံခြုံရေးအရာရှိက “ ဟာ ဒီ အရူး ၊ ဘယ်တုန်းက ဂျူတီကုတ်ကို ခိုးသွားလည်းမသိဘူး” ဆိုပြီး လိုက်ဖမ်းတော့တယ်။



မောင်လူအေး ရော နပိုလီယံအစစ်ကြီးများဖြစ်နေမလားဗျာ။