Wednesday, August 4, 2010
ငြိမ်းချမ်းနယ်မြေ
‘လူ့အလို နတ်မလိုက်နိုင်’ ဟူသော ဆိုရိုးစကားရှိသော်ငြားလည်း မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်းကို ချစ်ခင်ရင်း စွဲဖြင့် ဖတ်ရှုအားပေးနေကြသော စာဖတ်ပရိသတ်ကြီးအားလုံး လစဉ် ကျေနပ်မှုရအောင်တော့ ကျနော်တို့က ဖန်တီးတင်ဆက်ပေးချင်သည်သာဖြစ်သည်။
သို့သော် မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်းကို စာဖတ်ပရိသတ် အရွယ်စုံ၊ စာဖတ်သက် အနုအရင့်မျိုးစုံ လက်ခံအား ပေးသော ရသစုံမဂ္ဂဇင်းဖြစ်အောင် ကြိုးပမ်းလုပ်ဆောင်ခဲ့သည်မို့ ကျနော်တို့ တင်ဆက်ပေးနေသော ကဏ္ဍအား လုံးကို စာဖတ်ပရိသတ်အားလုံးက တညီတညွတ်တည်း ကြိုက်ချင်မှ ကြိုက်ကြပေလိမ့်မည်။
လူငယ်ပရိသတ်အတွက် ရည်ရွယ်တင်ဆက်နေသော ကဏ္ဍမျိုးတွေကို လူကြီးပရိသတ်က မကြိုက်တာတွေ ရှိနိုင်သကဲ့သို့ လူကြီးပရိသတ်အတွက် ဇောင်းပေးတင်ဆက်နေသော ကဏ္ဍမျိုးတွေကိုလည်း လူငယ်ပရိသတ် က စိတ်မ၀င်စားတာမျိုးတွေ ရှိနိုင်ပါသည်။ ကျနော်တို့အနေနှင့်ကတော့ ကဏ္ဍအားလုံးကို သူ့ရည်ရွယ်ချက်နှင့် သူ အဓိပ္ပာယ်ရှိရှိ တင်ဆက်ပေးနေခြင်းဖြစ်ပါသည်။
စာမဖတ်ချင်သူများ စာဖတ်ချင်လာအောင်၊ စာဖတ်ချင်လာသူများ စာဖတ်ဝါသနာပါလာအောင်၊ စာဖတ်ဝါသ နာပါလာသူများ စာကောင်းပေကောင်းတွေကို ကြိုက်နှစ်သက်လာအောင်၊ ရှာဖွေဖတ်ရှုတတ်လာအောင် ကဏ္ဍမျိုးစုံဖြင့် ရည်ရွယ်တင်ဆက်ပေးနေခြင်း ဖြစ်ပါသည်။
စာဖတ်သက်နုသူများ ကြိုက်နှစ်သက်သည့် ကဏ္ဍမျိုးကို စာဖတ်သက်ရင့်သူများက ကြိုက်ချင်မှ ကြိုက်ကြ မည်ဖြစ်သော်လည်း ကိုယ်ကိုယ်တိုင် နုရာမှ ရင့်လာသည်ကို ပြန်သတိပြုမိသူများအနေဖြင့် ထိုကဏ္ဍမျိုး တင် ဆက်ထားခြင်းကို နားလည်ခွင့်လွှတ်ပေးနိုင်ကြလိမ့်မည်ဟု ထင်မိပေသည်။
စာဖတ်သက်နုရာမှ တဖြည်းဖြည်း ရင့်လာသူများကလည်း မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်းကို စဖတ်ခါစက သူ မဖတ်ဖြစ်သော၊ လေးပင်သည်ဟုထင်သော ကဏ္ဍမျိုး ဘာ့ကြောင့်တင်ဆက်ထားသည်ကို တဖြည်းဖြည်း သ ဘောပေါက်လာနိုင်လိမ့်မည် ထင်ပါသည်။
ထို့အတွက်ကြောင့်လည်း ကျနော်တို့က လူကြီး လူငယ်မရွေး၊ စာဖတ်သက် နုသူ ရင့်သူမရွေး မြားနတ်မောင် မင်္ဂလာမဂ္ဂဇင်းကို ကြိုက်နှစ်သက်လာအောင် ကဏ္ဍမျိုးစုံဖြင့် ဖမ်းစားတင်ဆက်ပေးနေခြင်းဖြစ်ပါသည်။ တ နည်းအားဖြင့် ကျနော်တို့ကို ပရိသတ်လောဘကြီးလွန်းသည်ဟု ဆိုချင်က ဆိုနိုင်ပါသည်။ ပရိသတ်ဆိုသည်က ကျနော်တို့၏ လုပ်ရပ်ကို ချစ်ခင်အားပေးသူများဖြစ်သည်မို့ ချစ်ခင်သူများ ပိုမိုတိုးပွားလာဖို့ ထိုသို့ လောဘကြီး မိခြင်းဖြစ်ပါသည်။
အမှန်တကယ်ကလည်း မဂ္ဂဇင်းတစောင်၏ ရပ်တည်နေမှု ပရိဝုဏ်အတွင်းတွင် အယ်ဒီတာ၊ စာရေးဆရာ၊ စာ ဖတ်ပရိသတ်တည်းဟူသော စိတ်တူကိုယ်တူရှိကြသူများ ချစ်ချစ်ခင်ခင် အတူတကွ လာရောက်ဆုံဆည်းခွင့် ရကြခြင်းပင်မဟုတ်ပါလား။ ထို့အတွက် ကျနော်တို့နှင့် စိတ်တူကိုယ်တူရှိသူ ပရိသတ်များ မြားနတ်မောင်မင်္ဂ လာမဂ္ဂဇင်းကို များနိုင်သမျှ များများ ချစ်ခင်အားပေးလာအောင် ကျနော်တို့က ဆက်လက်ကြိုးစားလုပ်ဆောင် သွားရမည်သာဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် “ချစ်သူ့နယ်မြေသည်သာ .. ငြိမ်းချမ်းနယ်မြေ” ဟူသော အဓိပ္ပာယ်လှပသည့် သီချင်း စာသားအတိုင်း ချစ်ခင်သူများနှင့်သာ ဆုံစည်းရသော စာပေနယ် (၀ါ) ငြိမ်းချမ်းနယ်မြေမှာ အစဉ်အမြဲ နေထိုင် လိုသောကြောင့်ဖြစ်ပါသည်။ ။
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ ဇွန်လ၊ ၂၀၀၃ ခုနှစ်)
Posted by ဒေါက်တာလွဏ်းဆွေ at 12:48 AM
Labels: မြားနတ်မောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment