Sunday, July 4, 2010

သူရိန်လင်း ပေးတဲ့ ၀တ္ထု

သူရိန်လင်း ပေးတဲ့ ၀တ္ထု
ကမာပုလဲ

ဒီဝတ္ထုအကြောင်းကို မပြောခင် ကိုသီလနဲ့ သူ့ကျောင်းသား ဘော်ဒါဆောင်အကြောင်းကို နည်းနည်းမိတ်ဆက် ပေးချင်တယ်။ ဆိုပါတော့ ကိုသီလဆိုတာက သူတပါးနိုင်ငံ နယ်စပ်မြို့ကလေးတမြို့က တရားမ၀င် ကျောင်း ဆရာလေးတယောက်ဖြစ်တယ်။ အလယ်တန်းကို အင်္ဂလိပ်စာပြပေးတယ်။ သူ့ကျောင်းက ကလေးတွေက လည်း သူ့လိုပဲ ဗမာပြည်ကနေ တရားမ၀င် ရောက်လာတဲ့ အလုပ်သမားမိဘတွေရဲ့ သားသမီးလေးတွေဖြစ် တယ်။ အဲ အဲဒီလို ကိုသီလ အလယ်တန်းကို အင်္ဂလိပ်စာပြနေရင်းက ကလေးတွေ နေထိုင်တဲ့ ဘော်ဒါဆောင် ကို အုပ်ချုပ်တာဝန်ယူဖို့ တာဝန်ပေးခြင်းခံခဲ့ရတယ်ပေါ့။ ဒီလိုနဲ့ ကိုသီလဟာ ကျောင်းဆရာလည်းလုပ် အ ဆောင်မှူး အဖြစ်လည်း တာဝန်ယူခဲ့ရတယ်ပေါ့ဗျာ။

ကိုသီလရဲ့ အဆောင်မှာ ကျောင်းသားစုစုပေါင်း နှစ်ဆယ်ကျော်ရှိတယ်။ ဆယ်တန်းအောင် အဆင့်ကနေ တ တန်း၊ သူငယ်တန်းအထိပေါ့။ အားလုံးက ယောက်ကျားကလေးတွေချည်းပဲ။ လူမျိုးကလည်း စုံတယ်။ ကိုး ကွယ်တဲ့ ဘာသာကလည်း ဗုဒ္ဓ၊ ခရစ်ယာန်၊ မူဆလင် စုံတယ်။ ထူးခြားပေမယ့် မဆန်းတာက ကလေးတွေအား လုံးဟာ ဘ၀အခြေအနေ မပြည့်စုံလို့ အားလုံးဟာ အနည်းနဲ့အများ စိတ်အနာလေးတွေ ကိုယ်စီရှိနေကြတယ် ဆိုတာပါပဲ။ ကိုသီလ ကိုယ်တိုင်က ဘ၀အနာကြီးခဲ့တော့ သူကိုယ်တိုင်လည်း စိတ်အနာနဲ့ ကင်းသူ မဟုတ်နိုင် ခဲ့ဘူးလေ။

ကိုသီလနဲ့ သူ့ကလေးတွေကြားမှာ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ နှစ်ဘက်လက်ခံထားရတဲ့ အခြေ အနေတခုက ဖြစ်တည်ခိုင်မာနေခဲ့တယ်။ ကလေးတွေအတွက် ကိုသီလဟာ ဆရာတယောက်ဖြစ်သလို၊ အဖေ လည်းသူ၊ အမေလည်းသူပဲဖြစ်နေရတယ်။ ကလေးတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေး စသဖြင့် နေ့တဓူဝ ကလေးတွေရဲ့ ကိစ္စအ၀၀ကို ကိုသီလက အာမခံ ဖြေရှင်းပေးရတယ်။ စည်းကမ်းတကျဖြစ်ဖို့နဲ့ က လေးတွေ စိတ်ဖိစီးမှုမဖြစ်အောင် ကိုသီလခမျာ အချိန်ပြည့် တာဝန်ရှိလာတော့တယ်။

ပထမတော့ အဆောင်မှူး အတွေ့အကြုံမရှိတဲ့ ကိုသီလ အတော့်ကို ကျွတ်နေပါတော့တယ်။ ဘယ်လိုကိုင် တွယ်ရမှန်းမသိဖြစ်ရတယ်။ ငါ ဆရာ၊ ငါ အဆောင်မှူးပဲဆိုပြီး အာဏာရှင်မဆန်ရအောင် ကြိုးစားရသလို၊ က လေးတွေအလိုကို စည်းမဲ့ကမ်းမဲ့ အလိုလိုက်ရင်း မင်းမဲ့စရိုက်တွေ ပေါ်မလာ၊ ဖြစ်မလာအောင်လည်း စဉ်းစား ကြံဆ ကိုင်တွယ်ဖို့ကြိုးစားရတယ်။ ကျောင်းသားကလေးသူငယ်တွေရဲ့ အဆောင်မှူး ကိုသီလဟာ အဆောင် ကို အုပ်ချုပ်ခြင်းအနုပညာရဲ့ အချိန်နဲ့အမျှ စိန်ခေါ်ခြင်းကို ခံရတော့တယ်။ တချို့ပြဿနာတွေက မဟော်သဓာ တောင် ခြာခြာလည်သွားနိုင်တဲ့ ပြဿနာမျိုးတွေနဲ့ ကိုသီလ ရင်ဆိုင်ဖြေရှင်းနေရတယ်ပေါ့ဗျာ။

သြော် … ပြောရဦးမယ်။ အထက်မှာ ဆိုခဲ့သလို ကိုသီလတို့ရဲ့ ကျောင်းသား ဘော်ဒါဆောင်ကလေးဟာ တ ဘက်နိုင်ငံ နယ်စပ်မြို့ကလေးမှာ တရားမ၀င် ငှားရမ်းရပ်တည်နေရတာဖြစ်တယ်။ ရဲကြောက်ရ၊ ဘာကြောက်ရ နဲ့ ရင်တထိတ်ထိတ် ဗိုင်းကောင်းကျောက်ဖိနေရတဲ့ အဆောင်ကလေးဆိုလည်း မမှားဘူးပေါ့ဗျာ။ ဘေးချင်း ကပ် အိမ်တွေကလည်း သူတို့နိုင်ငံ၊ သူတို့လူမျိုးစရိုက်အရ နားအေး၊ ပါးအေး နေချင်ကြသူတွေ။ ကလေးတွေ ဆော့ရင်၊ ဆော့တဲ့အလျောက် အသံတွေ ထွက်လာတယ်။ ရယ်ရင်လည်းရယ်လို့၊ ငိုရင်လည်းငိုလို့ အသံက လေးများ နည်းနည်းထွက်မလာနဲ့ သူတို့က ရဲကို လှမ်းတိုင်တော့တာပဲ။ ကုန်ကုန်ပြောရရင် စာသင်လို့ အသံ ထွက်ရင်တောင် ရဲအတိုင်ခံရတယ်။

အဲဒီတော့ ကိုသီလနဲ့ သူ့ကလေးတွေ အချိန်နဲ့အမျှ ဘယ်လောက်ညစ်ရှာမလဲ။ စဉ်းစားသာကြည့်တော့။ ဒါပေ မယ့် ညစ်တာက ညစ်တာ၊ ဘ၀က ဘ၀ပဲ။ လက်တွေ့ဘ၀ကနေ ကိုသီလနဲ့ သူ့ကျောင်းသားတွေ ထွက်ပြေးလို့ မရဘူး။ ရင်ဆိုင်ဖြေရှင်းရမှာပဲလေ။ ဒီတော့ ဘ၀က အသိကို ပြဌာန်းတယ်ဆိုတဲ့ စကားအတိုင်း လက်တွေ့ဘ၀ ထဲကနေ ကိုသီလ နည်းလမ်းတွေ ရှာတယ်။ ရတယ်။ ဆိုလိုတာက ကိုသီလက စည်းကမ်းတွေကို သူ့ဆီက သွားတာမဟုတ်ဘဲ၊ ကလေးတွေနဲ့ အခြေအနေ အရပ်ရပ်ကို နားလည်အောင်၊ ကျေလည်အောင် ဆွေးနွေးပြီး ကလေးတွေကိုယ်တိုင်က ဒီစည်း ဒီကမ်းကတော့ ဖြစ်သင့်ဖြစ်ထိုက်တယ်။ ကျနော်တို့အားလုံး တက်ကြွစွာ လိုက်နာကြမယ်ဆိုပြီး စည်းကမ်းကို အတည်ပြုကြတယ်။ နောက် ကိုသီလက ဆယ်တန်းအောင် ကျောင်းသား ကြီးတွေကို သူနဲ့ထပ်တူ ကလေးတွေကို စာနာ၊ နားလည် ၀ိုင်းရံအုပ်ထိန်းပေးဖို့ စည်းရုံးတာဝန်ပေးတယ်။ ကျောင်းသားကြီးတွေကလည်း လိုလိုလားလား လက်ခံတယ်။ ကလေးတွေကို ကိုယ့်ညီရင်းနဲ့မခြား သံယော ဇဉ်ထား ဆက်ဆံထိန်ကျောင်းပေးတယ်။ ဒီတော့ ကိုသီလခမျာ မနည်း အသက်ရှုချောင်သွားတာပေါ့။ အလွန် အကျွံတွေ မဖြစ်ဖို့ဘဲ ကိုသီလက လိုက်ထိန်းပေးရတယ်။

ထားပါလေ။ ပြောချင်တဲ့ လိုရင်းအကြောင်းကို ဆက်ပါမယ်။ သူရိန်လင်းဆိုတဲ့ ကလေးက ကိုသီလကို ပေး လိုက်တဲ့ ၀တ္ထုကလေးအကြောင်း ဆက်ရအောင်ပါ။ သူရိန်လင်းဆိုတာက ကိုးနှစ်သား နှစ်တန်းကျောင်းသား ကလေးပါ။ သူတို့မှာ ညီအကိုသုံးယောက်ရှိတယ်။ အကြီးဆုံးက အောင်ပိုင်ဖြစ်ပြီး သူက ရှစ်တန်းကျောင်းသား၊ အလတ်က နန္ဒဖြစ်ပြီး သူက ငါးတန်းကျောင်းသား ဖြစ်တယ်။ သူတို့ ညီအကိုသုံးယောက်စလုံး ကိုသီလရဲ့ အ ဆောင်နေ ကျောင်းသားတွေဖြစ်ကြတယ်။ သူတို့ညီအကိုသုံးယောက်ထဲမှာ အငယ်ဆုံးဖြစ်တဲ့ သူရိန်လင်းက အအေးဆုံး၊ အတွေးဆုံး၊ အငြိမ်ဆုံး ကလေးဖြစ်နေတယ်။ ဘယ်သူနဲ့မှ ပြဿနာမတက်အောင်လည်းနေတယ်။ ညနေ လေးနာရီထိုးလို့ ကလေးတွေကို ဆော့ချိန်ပေးရင်လည်း သူက သူများကလေးတွေ ဆော့တာကို ဘေး ကနေကြည့်ပြီး သူ့ရဲ့ဆော့ချင်တဲ့ အာလျကို ဖြေဖျောက်နိုင်စွမ်းသူဖြစ်တယ်။ အဲ သူတို့ညီအကို သုံးယောက်က ခရစ်ယာန်ဘာသာ ကိုးကွယ်သူတွေဖြစ်တာမို့ တနင်္ဂနွေနေ့ကျရင် ဘုရားကျောင်းက လာခေါ်တဲ့ ကားနဲ့ အ ပတ်စဉ် ဘုရားသွားရှိခိုးကြတယ်။ အဲဒီလို ဘုရားကျောင်းတက်တဲ့နေရာမှာ အကိုနှစ်ယောက်က ပျက်ကွက် တာရှိပြီး သူရိန်လင်း ဘုရားကျောင်းတက်ပျက်တာ မတွေ့ရလောက်အောင်ကို ရှားတယ်။

ကိုသီလက သူ့ကျောင်းသားတွေ အပြစ်၊ အမှားလုပ်မိရင် လုပ်တဲ့ကျောင်းသားကို သူ့မှာ အပြစ်ရှိမရှိ မေးတယ်။ မေးလို့ ကလေးက သူ အပြစ်လုပ်တဲ့အကြောင်း ၀န်ခံရင် အပြစ်ကို ကြေအောင် သား ဘာလုပ်မလဲ မေးတယ်။ ရေခပ်မယ်၊ အမှိုက်လှည်းမယ်ပေါ့ဗျာ။ ကလေးကိုယ်တိုင် ကျေကျေနပ်နပ် လက်ခံတဲ့ အလုပ်ကို အပြစ်အ တွက် လုပ်စေတယ်။ ပေါ့ပေါ့ပါးပါး ရှိသလို၊ တာဝန်ယူစိတ်လည်းရှိ၊ လေးနက်မှုလည်း ရှိရအောင်ပေါ့လေ။ အဲဒီ နည်းနာက ကိုသီလအတွက် အတော့ကို အဆင်ပြေတယ်။ ကလေးတွေအတွက်လည်း ကောင်းတယ်ပေါ့။

တနေ့ သူရိန်လင်း အပြစ်တခုလုပ်တယ်။ ရှားရှားပါးပါး သူရိန်လင်း အပြစ်တခုလုပ်တယ်ပေါ့။ ကိုသီလရဲ့ ရှေ့ မှာကို သူရိန်လင်း အပြစ်တခု လုပ်လိုက်တာ။ ဖြစ်ပုံက ဒီလို…..

အက်နေတဲ့ ပုလင်းကလေးတလုံးကို သူရိန်လင်း ကောက်ရလာတယ်။ ဒါကို အုတ်ခင်းထားတဲ့ မြေကြမ်းပြင် ပေါ် လွှတ်ချလိုက်တယ်။ ကွဲသွားတဲ့ ပုလင်းကွဲအစတွေကို တခုချင်း အမြန်ပြန်ကောက်တယ်။ ဒါကို ကိုသီလ က ကြည့်နေတယ်။ ကိုသီလက သူရိန်လင်းကို ဖြေးဖြေးကောက်ဖို့ ပြောတယ်။ လက်ရှမယ်လို့လည်း သတိပေး တယ်။ ပုလင်းကွဲလေးတွေကို အမှိုက်ပုံးထဲ စင်အောင် ကောက်ထည့်ပြီးတဲ့နောက် ကိုသီလက သူရိန်လင်း လေးကို ခေါ်လိုက်တယ်။ ကိုသီလနဲ့ သူရိန်လင်း ပုလင်းကွဲမှုအပေါ်မှာ အကြောင်းအကျိုးနဲ့ ဒိုင်ယာလော့ခ် ကြတယ်ပေါ့ဗျာ။ သူရိန်လင်းက ၀န်ခံပါတယ်။ သူ့မှာ အပြစ်ရှိတယ်။ သူ့အပြစ်အတွက် အလုပ်အကြွေး ပြုမယ် ပေါ့။ ဘာလုပ်မလဲ သားလို့ ကိုသီလက မေးတော့ သူ ညနေဘက်မှာ အမှိုက်လှည်း ပါမယ်တဲ့။ အိုကေ … ကို သီလနဲ့ သူရိန်လင်းတို့ ဂျင်းတဲလ်မင်း အဂရီးမင့် ရသွားပြီပေါ့။

တရက်၊ နှစ်ရက်လောက် ကြာတဲ့အထိ သူရိန်လင်း အမှိုက်မလှည်းဖြစ်သေးဘူး။ အလှည့်ကျ ကျောင်းသား တွေက ရှေ့ကလှည်းသွားလို့ သူရိန်လင်းအတွက် လှည်းစရာ အမှိုက်မရှိဘူး ဖြစ်နေတယ်။ ကိုသီလလည်း သူ ရိန်လင်း အမှိုက်လှည်းရမယ့် ကိစ္စကို မေ့သွားတယ်။ ထားလိုက်ပေါ့ နော်။ ကိုသီလ မေ့မေ့ပျောက်ပျောက်ပဲ ထားလိုက်တယ်။ အဲ မထားလိုက်တာက သူရိန်လင်း …

တရက်မှာ ကိုသီလက ကလေးတွေကို ပုံမှန်ဆော့နေကျအတိုင်း ညနေလေးနာရီမှာ ဆော့ခွင့်ပေးလိုက်တယ်။ အဆောင်နဲ့ မနီးမဝေးက ဘောက်ကွင်းမှာ သွားဆော့ကြမယ်ပေါ့။ ကိုသီလ ခွင့်ပြုလိုက်တယ်။ သွားဆော့ကြ ပေါ့။ ဒါနဲ့ ကလေးတွေအားလုံး ဘောက်ကွင်းကို ချီတက်သွားကြတယ်။ ကိုသီလလည်း အဆောင်အောက်ကို ဆင်းလာခဲ့တယ်။ အဲဒီအချိန်မှာ ဘောက်ကွင်းကို လိုက်မသွားတဲ့ တယောက်တည်းသော ကျောင်းသားက လေးက အဆောင်ဝန်းထဲမှာ ကျနေတဲ့ ညောင်ရွက်ဝါ အမှိုက်ခြောက်တွေကို တံမြက်စည်းနဲ့ လှည်းနေတာကို ကိုသီလ တွေ့လိုက်ရတယ်။ ဘယ်သူရှိဦးမလဲ။ သူရိန်လင်းပေါ့ ….။

“သား သွားမဆော့ဘူးလား”

“ဟင့်အင်း သား အပြစ်အတွက် ပြီးအောင် လှည်းလိုက်ဦးမယ်၊ ပြီးမှ သွားဆော့မယ်လေ”

ဒါပါပဲ။ သူ့အပြစ်ကို တာဝန်ယူစိတ်ရှိရှိနဲ့ အလေးအနက်ထား ဆောင်ရွက်တတ်တဲ့ သူရိန်လင်း ဆိုတဲ့ ကိုးနှစ်အ ရွယ် နှစ်တန်းကျောင်းသားလေးဟာ ကိုသီလရဲ့ တရားမ၀င် ဘော်ဒါဆောင်ကလေးမှာ မိဘတွေနဲ့ ခွဲခွာနေ ထိုင်ရင်း ပညာရှာမှီးနေပါတယ်။

ကမာပုလဲ
၀၃၊ ၀၇၊ ၂၀၁၀

No comments: