Friday, July 23, 2010
လူ့တန်ဖိုး
အသက်ရှင်နေထိုင်ရခိုက်တွင် လူတိုင်း တန်ဖိုးထားမှု ကိုယ်စီရှိကြမြဲဖြစ်သည်။
တချို့က ငွေကို တန်ဖိုးထားကြသည်။ ဘ၀တွင် ငွေရှိလျှင် အရာရာ ပြီးပြည့်စုံပြီဟု ထင်မှတ်ကြသည်။ ထို့အ တွက် မိမိ တန်ဖိုးထားသည့် ငွေကို နည်းမျိုးစုံဖြင့် သဲကြီးမဲကြီး ရှာဖွေကြသည်။ ငွေကို တဖျတ်ဖျတ် ရေတွက် နေရလျှင် ပျော်မဆုံး မော်မဆုံး ရှိကြသည်။ သို့သော် ရှာဖွေထားသည့် ငွေကို မိမိနှင့် မိသားစုအကျိုးစီးပွားအ တွက်သာ အသုံးပြုကြသည်က အများစုဖြစ်သည်။
တချို့ကတော့ ပညာကို တန်ဖိုးထားကြသည်။ မိမိ တန်ဖိုးထားသည့် ပညာကို ဘ၀၏ အချိန်အတော်များများ မြှုပ်နှံကာ ကြိုးစားပမ်းစား ရှာဖွေသင်ယူကြသည်။ သို့သော် ရှာဖွေထားသည့် ပညာကို မိမိနှင့် မိသားစုအကျိုး စီးပွားအတွက်သာ အသုံးချကြသည်က အများစုဖြစ်သည်။
လူနည်းစုဖြစ်သော တချို့ကတော့ အမှန်တရားနှင့် ဂုဏ်သိက္ခာကို တန်ဖိုးထားကြသည်။ ထိုသူများသည် ဆင် ခြင်တုံတရားဖြင့် လောကကိုကြည့်မြင်ပြီး မိမိအကျိုးစီးပွားထက် မိမိနေထိုင်ရာ လူ့အဖွဲ့အစည်း၏ အကျိုးစီးပွား မြင့်မားတိုးတက်ဖို့ကို ပို၍တန်ဖိုးထားကြသည်။ ထို့အတွက် တထောင့်တနေရာမှ ပါဝင်ဖြည့်ဆည်းနိုင်ဖို့ လိုအပ် သည့် ငွေနှင့် ပညာကို တရားနည်းလမ်းကျကျ ချင့်ချင့်ချိန်ချိန် ရှာဖွေကြသည်။ ထိုရှာဖွေထားသည့် ငွေနှင့် ပ ညာကို မိမိအကျိုးစီးပွားထက် မိမိနေထိုင်ရာ လူ့အဖွဲ့အစည်း၏ အကျိုးစီးပွားအတွက် အသုံးပြုကြသည်။ စွန့် လှူကြသည်။ ပေးဆပ်ကြသည်။ အသိတရားရှိရှိ ပါဝင်လုပ်ဆောင်ကြသည်။
ဤနေရာတွင် ကွယ်လွန်သူ ဆရာဗန်းမော်တင်အောင်၏ “လူ့တယောက်ရဲ့တန်ဖိုးကို သူ ဖြတ်သန်းကျော် လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်ကို သူ ဘယ်လောက်သယ် ပိုးထမ်းဆောင်နိုင်ခဲ့တယ်ဆိုတဲ့ အချက်နဲ့တိုင်းတာရမှာပဲ” ဟူသည့်စကားတခွန်းကို သတိရမိသည်။ တန် ဖိုးထားလေးစားမိသည်။
အချုပ်အားဖြင့် ဘ၀၏ အသက်ရှင်နေထိုင်မှုတွင် ကျနော်တို့သည် တဦးချင်းစီအနေဖြင့် ကိုယ့်တန်ဖိုးထားမှုကို ကိုယ်မှန်သည်ထင်ကြသော်လည်း လူ့အဖွဲ့အစည်းက လူတဦးချင်းစီပေါ်သို့ ပြန်လည်သတ်မှတ်သည့် တန်ဖိုး တွင်မူ လူ့အဖွဲ့အစည်းပေါ် ကောင်းကျိုးပြုခဲ့သည့် ပမာဏအနည်းအများအလိုက် တန်ဖိုးအနိမ့်အမြင့် ကွာခြား နေကြမည်သာ ဖြစ်ပေသည်။ ။
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ အောက်တိုဘာလ၊ ၁၉၉၇ ခုနှစ်)
Posted by ဒေါက်တာလွဏ်းဆွေ at 9:29 PM
Labels: မြားနတ်မောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment