မောင်ကျောင်းသား
(၁)
၁၉၈၈ ခုနှစ် ဒီမိုကရေစီတောင်းဆိုမှုအရေးတော်ပုံကြီးက ပြည်သူ တွေကို နိုင်ငံရေးနိုးကြားမှု ဖြစ်စေခဲ့သလို အထူးသဖြင့် ကျောင်းသား တွေရဲ့ ရင်ဘတ်ထဲ ကျောင်းသားသမဂ္ဂနဲ့ ခွပ်ဒေါင်းစိတ်ဓာတ် ရှင်သန် ခိုင်မြဲစေခဲ့ပါတယ်။
၁၉၆၂ ဇူလိုင်လ (၇) ရက်နဲ့ (၈) ရက်မှာ နေ၀င်းနဲ့စစ်ဝါဒီတွေရဲ့ ဖျက် ဆီးမှုခံရပြီး ကတည်းက တိုးတိုးတိတ်တိတ်ပဲ ဖွဲ့စည်းရပ်တည်ခဲ့ရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)ဟာ ရှစ် လေးလုံးအရေးတော်ပုံကြီးမှာ ခိုင်ခိုင်မာမာ ပြန်လည်ဖွဲ့စည်း ပေါ်ထွက်လာခဲ့ပါတယ်။
ကျောင်းသားအများစုက နိုင်ငံရေးဆိုတာလည်း ကောင်းကောင်းနားမလည်ကြသေးဘဲ မဆလလက်ကိုင်တုတ် လုံထိန်းရဲတွေနဲ့ စစ်တပ်ရဲ့မတရားမှုကို မြင်တွေ့ခံစားရမှုကနေ ပါဝင်လာကြတာသာဖြစ်တဲ့အလျောက် တဦးနဲ့ တဦး ထင်ပေါ်ကျော်ကြားလိုမှုတွေ အားပြိုင်ကြရင်း စစ်တပ်က အာဏာသိမ်းပြီးချိန်မှာ ကျောင်းသားအဖွဲ့စည်း မျိုးစုံဖြစ်သွားပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (မကသ)၊ ရန်ကုန်ခရိုင်ကျောင်းသားများသမဂ္ဂ (ရကသ)၊ အခြေခံပညာကျောင်းသားများသမဂ္ဂ (အကသ) စ တဲ့ ... ကျောင်းသားသမဂ္ဂတွေနဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လူငယ်)၊ မျိုးဆက်သစ်အားမာန်လူငယ့်တပ်ဦး ... စတဲ့ အဖွဲ့စည်းအမျိုးမျိုး ပေါ်လာခဲ့တယ်။ တောခိုဖြစ်သွားတဲ့ ကျောင်း သားတွေကတော့ ကျောင်းသားတပ်မတော် (ABSDF) ကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
မောင်ကျောင်းသားတို့ အခြေခံပညာကျောင်းသား (အကသ) တွေလည်း နှစ်ဖွဲ့သုံးဖွဲ့ဖြစ်ခဲ့ပါတယ်။ ပထမပိုင်း အကသ/ရန်ကုန်တိုင်းနဲ့ အကသ/ရန်ကုန်ခရိုင်ဆိုပြီး နှစ်ဖွဲ့ကွဲပါတယ်။ နေလင်းအကသနဲ့ မင်းဇင်/သီဟအက သဆိုပြီး ခေါ်ကြပါတယ်။ ၁၉၉၀ ကျတော့ ကိုယ်ဘာသာပဲ ဦးဆောင်ချင်တဲ့ မောင်ကျောင်းသားတို့က အဲဒီနှစ် ဖွဲ့လုံးက ခွဲထွက်လာတဲ့သူတွေစုပြီး ဗမာနိုင်ငံလုံးဆိုင်ရာ အခြေခံပညာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗခသ) ကို ထပ်ဖွဲ့ပါတယ်။ ဒါပေမယ့် အကသတွေ ဘယ်နှစ်ဖွဲ့ကွဲကွဲ ဗကသ ဦးဆောင်မှုနဲ့ ခွပ်ဒေါင်းအလံတော်အောက် မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်ငန်းတွေ အတူညှိနှိုင်းလုပ်နိုင်ခဲ့ပါတယ်။
အဲဒီတုန်းက ခေါင်းဆောင်လုလုပ်ကြတယ်ဆိုတာ ကိုယ်ကျိုးစီးပွားမပါတဲ့ ထောင်ကျမယ့် အလုပ်တွေကို လု လုပ်ကြတာပါ။ သေမယ့်လမ်းကို လုလျှောက်ကြတာပါ။ ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်ကလေးတွေက မိဘ တွေပေးတဲ့ မုန့်ဖိုးလေးတွေကို လမ်းစရိတ်လုပ်၊ ကိုယ့်ပုဆိုးအင်္ကျီရောင်း ပေါင်၊ တချို့လည်း မိသားစုပစ္စည်းထု ခွဲပြီး ရတဲ့ငွေလေးနဲ့ ရန်ပုံငွေလုပ်၊ စာထုတ် အခမ်းအနားလုပ် လုပ်ကြရတာပါ။ ပြည်သူတွေတီးတဲ့ လက်ခုပ်သံ တွေကြားမှာ သူရဲကောင်းကြီးတွေလို ခပ်ကြွားကြွား ရပ်တည်ချင်စိတ်တွေနဲ့ ဒုက္ခတရားရဲ့ ပဉ္စလက်တောအုပ် ကို သိသိကြီးနဲ့ လုတိုးဝင်ကြတာပါ။
အဲဒီတုန်းက ကျောင်းသားသမဂ္ဂတွေဟာ (မကသ ကလွဲရင်) တရားမ၀င် အသင်းအဖွဲ့ဖြစ်တာကြောင့် ကိုယ် ပိုင်ရုံးနေရာ မရှိပါဘူး။ လူ့ဘောင်သစ်ရုံး၊ NLD ရုံး၊ ဖဆပလရုံး ... စတဲ့ နေရာခွင့်ပြုပေးတဲ့ ပါတီရုံးတွေမှာပဲ အ ဆင်ပြေသလို ရုံးလုပ်ရတာပါ။ မောင်ကျောင်းသားတို့ကိုတော့ ရွှေဂုံတိုင်က ဘိုးဘွားရိပ်သာမျက်စောင်းထိုး (အခု ရန်ရှင်းအိမ်ယာမြောက်ဘက်) ကမ္ဘာအေးဘုရားလမ်းမကြီးပေါ် “အနာဂတ်ကို ငါတို့ပိုင်ထားသည်” လို့ ဆိုင်းဘုတ်ကြီးထူထားတဲ့ မျိုးဆက်သစ်အားမာန်လူငယ့်တပ်ဦးက နေရာပေးထားပါတယ်။
မောင်ကျောင်းသားတို့ရဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ အခြေခံပညာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗခသ) ဖွဲ့စည်း တဲ့ အခမ်းအနားကို ၁၉၉၀ခု ဇွန် (၉) ရက်နေ့က မျိုးဆက်သစ်အားမာန်လူငယ့်တပ်ဦးရုံးမှာပဲ ကျင်းပခဲ့တာပါ။ တက်လာတဲ့ ကျောင်းသားတွေရဲ့မဲပေးမှုနဲ့ သိန်းထွန်းကျော် (ဥက္ကဌ) ၊ ဗဟိန်း (အထွေထွေအတွင်းရေးမှု)၊ တ ရုတ်ဇေယျာဝင်း (တွဲဘက်အတွင်းရေးမှုး)၊ နိုင်အောင်၊ ၀င်းနိုင် (တရုတ်လေး) နဲ့ စန္ဒာအေးသွင် (စည်းရုံး/၀ါဒ ဖြန့်)၊ ထွန်းဇော်မိုး (ခေါင်းကြီး) နဲ့ မောင်ကျောင်းသား (သတင်း/ပြန်ဆက်)၊ တရုတ်ကြီးနဲ့ ကိုစိုးကြီး(လုံ/စည်း) တာဝန်တွေကို ထမ်းဆောင်ခဲ့ကြပါတယ်။ နာမည်ကျန်ခဲ့သူများ သည်းခံကြပါကုန်။
အဲဒီကာလက ရွေးကောက်ပွဲအပြီး NLD အနိုင်ရပြီးကာလဖြစ်တာကြောင့် ပြည်သူတွေကလည်း နိုင်ငံရေးအ ပေါ် စိတ်ဝင်စားမျှော်လင့်နေကြတာပါ။ မောင်ကျောင်းသားတို့ အင်အားသုံးယောက်လောက်ဆို တရားဟောပွဲ တပွဲဖြစ်ပါတယ်။ ကားဂိတ်, ဈေး, ပလက်ဖေါင်းပေါ်က လက်ဖက်ရည်ဆိုင်တွေနဲ့ လူစည်ကားရာနေရာတွေမှာ တွေ့ရာခုံတလုံးကောက်ဆွဲ တက်ရပ်ပြီး အတူသွားသူတွေ လက်ခုပ်ဝိုင်းတီး၊ လူတွေအာရုံစိုက်တဲ့အခါ တရား ဟော,နည်းကို သုံးကြပါတယ်။ ဖမ်းရအောင် လာနေပြီဆိုရင်လည်း ပြေးကြပါတယ်။
စစ်တန်းလျားပြန်မှာပါဆိုတဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်နဲ့ ဗိုလ်ချုပ်ခင်ညွန့်တို့ အာဏာလွှဲမပေးခဲ့ရင် မိမိတို့ပေး ခဲ့တဲ့ ဆန္ဒမဲတွေအတွက် တိုက်ပွဲဝင်ကြဖို့ ၊ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်နဲ့ ဖမ်းထားတဲ့ကျောင်းသား တွေကို မလွှတ်ရင် စစ်တပ်ကို ယုံကြည်လို့ရမှာ မဟုတ်ဘူးဆိုတာတွေ ပြည်သူကြားမှာ လိုက်ပြီးဟောပြောကြ ပါတယ်။ ကြေညာချက်/လှုံ့ဆော်စာတွေကို ချရေးပြီး အားလုံးသဘောတူပြီးရင် တယောက်တစောင် ကူးရေးရ ပါတယ်။ အိမ်အလုပ်အဖြစ် လူတယောက်ကို အနည်းဆုံး ဆယ်စောင်စီ လက်ရေးမူနဲ့ ကူးခဲ့ပါဆိုတာမျိုး ကိုယ် စီတာဝန်ယူကြတဲ့အခါ နောက်နေ့မှာ ရာနဲ့ချီတဲ့ ကြေညာချက်/လှုံ့ဆော်စာတွေ ရရှိဖြန့်ဝေနိုင်ကြပါတယ်။
လူထုကြားမှာ သတင်းစကား အပြန့်လွယ်ဆုံးနေရာကို ဈေးလို့ နားလည်သဘောပေါက်ကြပြီး ဈေးတွေကို ဦး တည်ဖြန့်ဝေပါတယ်။ နေ့ခင်း (၁၂) နာရီကျော် ဈေးနားချိန် ဈေးဘန်းတွေ ဈေးဆိုင်တွေပေါ် စာရွက်ခေါက် လေးတွေ လုပ်ပြီး လိုက်ထားတာမျိုးနည်းနဲ့ စာဝေသူအန္တရာယ်ကို ရှောင်နိုင်ခဲ့ပါတယ်။ အသက်စွန့်/အဖမ်းခံ/ တောထဲရောက်သွားကြတဲ့ ကျောင်းသားတွေကို သစ္စာရှိသောအားဖြင့် “စစ်အာဏာရှင်ပျက်ပြိုကာအတည် ပြည်သူ့ခေတ်မှ တို့တတွေကျောင်းတက်မည်” ဆိုတာကို ခံယူရပ်တည်ခဲ့ကြပါတယ် (ဒီအကြောင်းတွေ ပြန် ပြောပြနေတဲ့ ရည်ရွယ်ချက်က ခုလက်ရှိ လျှို့လျှို့ဝှက်ဝှက်လုပ်နေကြတဲ့ ကျောင်းသားတွေ စိတ်အားတက်ကြွ စေဖို့သာ ဖြစ်ပါတယ်)။
အာဇာနည်နေ့ နီးလာတဲ့တရက်မှာ အားလုံးစုတိုင်ပင်ကြပါတယ်။ “တော်လှန်ရဲသူ၊ အောင်ပွဲယူသည်၊ ပြည်သူ့ သားကောင်း၊ တို့ခွပ်ဒေါင်း” ဆိုတဲ့ ကဗျာထဲက စာသားကို ဖြတ်ညှပ်ပြင်လုပ်ပြီး အာဇာနည်နေ့ဆောင်ပုဒ် လုပ် ရအောင်၊ ပြီးတော့ အာဇာနည်ကုန်းကို ချီတက်ကြရအောင် ဆုံးဖြတ်ချက်ချကြပါတယ်။
ဒီလိုနဲ့ “တော်လှန်ရဲသူ အောင်ပွဲယူ အာဇာနည်တို့မူ” ဆိုတဲ့ ဆောင်ပုဒ်တခုဖြစ်လာခဲ့ပြီး အဲဒီဆောင်ပုဒ်နဲ့ လက် ကမ်းစာစောင်တွေထုတ်၊ စတစ်ကာတွေလည်း လုပ်ခဲ့ကြပါတယ်။
(၂)
အဲဒီနေ့ (၁၉၉၀ခု၊ ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့) က မျိုးဆက်သစ်အားမာန်လူငယ့်တပ်ဦးက လူငယ်တွေနဲ့ အတူ ရွှေဂုံတိုင်လမ်းဆုံမှာ မနက်ဆယ်နာရီလောက် စုဝေးကြပါတယ်။ ဖိတ်ခေါ်ထားမှုအရ ရောက်လာတဲ့ ကျောင်းသားတွေ၊ တခြားအကသအဖွဲ့ဝင်တွေ၊ ၀ိုင်းအုံကြည့်နေကြတဲ့ ပြည်သူတွေ အင်အားအခြေအနေပေါ် မူတည်ပြီး မောင်ကျောင်းသားတို့ ဗခသတွေ စိတ်အားတက်ကြွလာတာနဲ့ ပထမဆုံးဖြတ်ထားတဲ့ သာမန်လမ်း လျှောက်ချီတက်ရုံဆိုတာကနေ အလံကိုင်သီချင်းဆို ချီတက်မယ်လို့ တိုင်ပင်ကြပါတယ်။
ပြဿနာက တရားဝင် နိုင်ငံရေးပါတီဖြစ်နေတဲ့ မျိုးဆက်သစ်အားမာန်လူငယ့်တပ်ဦးက လူငယ်တွေပါပဲ။ သူတို့ ပါတီရဲ့ အနီရောင် တူညီဝတ်စုံတွေကလည်း ၀တ်ထားသေးတော့ ထင်းထင်းကြီးဖြစ်နေတော့ တချို့က ကန့် ကွက်ကြပါတယ်။ ကိုသိန်းထွန်းကျော်နဲ့ ကိုဗဟိန်းတို့က ရှင်းပြစည်းရုံးပါတယ်။ “ကျနော်တို့က အာဇာနည် ခေါင်းဆောင်ကြီးတွေကို ဂါရ၀ပြုဖို့သွားမှာဖြစ်တယ်။ အာဏာပိုင်တွေက လူငါးယောက်ထက်ကျော်ပြီိး စီတန်း မလှည့်ဖို့ပြောတယ်။ ကျနော်တို့မကျော်ဘူး၊ ငါးယောက်စီ တန်းပြီး လျှောက်ကြမယ်။ အလံမထောင်ရဘူး ပြော ထားတယ်၊ မထောင်ဘူး ကိုင်ပြီးလျှောက်မယ်။ ကြွေးကြော်သံ မတိုင်ရဘူး ပြောထားတယ်၊ မတိုင်ဘူး သီချင်း ဆိုမယ်။ ဒီလောက်တော့ ကျနော်တို့ ရဲရင့်မှဖြစ်မယ်။ ကျနော်တို့အခွင့်အရေးကို ကျနော်တို့ကိုယ်တိုင် ဆုပ်ကိုင် ရဲမှ ရမှာဖြစ်တယ်၊ ကျနော်တို့ ဦးဆောင်ပါမယ်၊ ဖမ်းရင်ပစ်ရင် ထွက်မပြေးဘဲ ကျနော်တို့ ရှေ့ကနေ ခံပါမယ်” ဆိုတော့မှ နောက်ကနေ လိုက်တန်းစီ ပါလာကြပါတယ်။
အရေးရယ်အကြောင်းရယ်ဆိုတော့ ခွပ်ဒေါင်းအလံက ပါမလာကြဘူး။ အစီစဉ်ထဲမပါလို့ဘဲ ကျန်နေခဲ့တာလား၊ ဘာကြောင့်လဲတော့ မမှတ်မိတော့ဘူး။ တိုက်ပွဲဖော်ပါမယ်ဆိုတော့မှ အလံမပါဘူးတဲ့။ မောင်ကျောင်းသားနဲ့ ဇေယျာဝင်း၊ နိုင်အောင်တို့ ကောက်ခါငင်ခါ စီစဉ်ကြည့်တော့ အဆင်ပြေချင်တော့ အနားဝန်းကျင် (ရွှေဂုံတိုင် လမ်းဆုံ) တ၀ိုက်က အလံလုပ်ရောင်းတဲ့ ဆိုင်တွေချည်းပဲလေ။ ဒါပေမယ့် အာဇာနည်နေ့မို့ ဆိုင်တွေက ပိတ် ထားကြတာ ၊ တမင်ကို ကူညီချင်တဲ့တဆိုင်က အဖြူရောင်တစတော့ ရှိတယ်၊ ကိုယ်ဘာသာ လိုသလိုဖြတ်သုံး ဆိုပြီး ပေးလိုက်တော့ အနေတော် အလံဆိုက်ဖြတ်လိုက်ကြပြီး ဘယ်သူဘယ်ကနေ ရှာလိုက်မှန်းမသိတဲ့ နှုတ် ခမ်းနီတောင့်နဲ့ ပန်းချီတော်တဲ့ (နိုင်အောင်လား/ဇေယျာဝင်းလား) တယောက်က ခွပ်ဒေါင်းပုံဆွဲလိုက်တာမှာ သမိုင်းတခုရဲ့တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတခု ဖြစ်သွားတော့တာပါပဲ။
ဒီလိုနဲ့ မောင်ကျောင်းသားနဲ့ ဇေယျာဝင်းက ခွပ်ဒေါင်းအလံကို ပန်းချီကားကိုင်သလို ဖြန့်ကိုင်လိုက်တယ်။ သိန်း ထွန်းကျော်၊ ဗဟိန်း၊ တရုတ်ကြီးတို့က ရှေ့ဆုံးကနေ ဦးဆောင်ချီတက်ကြတယ်။ လက်ခုပ်တွေ တဖြောင်း ဖြောင်းတီး စည်းချက်လိုက်ပြီး ကျောင်းသားသမဂ္ဂသီချင်းကို သံပြိုင်ဆိုလိုက်ကြတယ်။ စထွက်ထွက်ချင်း ပေ လေးငါးရာမှ မရောက်သေးဘူး၊ တဘက်ယာဉ်ကြောမှာ စစ်ကားနှစ်စီး လာရပ်ကြည့်နေတယ်။ ဟန့်တားတာ တော့ မလုပ်ပါဘူး။ မောင်ကျောင်းသားတို့လည်း ခပ်တည်တည်ပဲ ကိုယ့်လာအားပေးတဲ့ ပြည်သူတွေလိုပဲ သ ဘောထား သီချင်းကို အားမာန်အပြည့်ဆိုပြီး ဆက်ချီတက်ကြတာ ပထမရွံ့တွံ့တွံ့ရှိခဲ့တဲ့ မျိုးဆက်သစ်လူငယ် တွေတောင် တက်တက်ကြွကြွ ဖြစ်ကုန်ကြပါတယ်။ စန္ဒာအေးသွင်၊ ကိုစိုးကြီး၊ နိုင်အောင်နဲ့ ဗခသ အဖွဲ့ဝင်တွေ က ဘေးက ရပ်ကြည့်အားပေးနေတဲ့ ပြည်သူတွေကို “တော်လှန်ရဲသူ အောင်ပွဲယူ အာဇာနည်တို့မူ” ဆိုတဲ့ ဆောင်ပုဒ်ပါ လက်ကမ်းစာစောင်ကို ဝေနေကြတယ်။
“ဗမာပြည်ဆိုင်ရာ ကျောင်းသားသမဂ္ဂတို့သည် ရာဇ၀င်တွင်လောက်ပေသည်၊ တော်လှန်ရာတွင် ရှေ့ကပင် ဦး စီးချီ သက်စွန့်ကြိုးပမ်း ထမ်းရွက်ခဲ့ပေပြီ” တဲ့။ ဟိန်းထွက်နေတဲ့ကျောင်းသားသမဂ္ဂသီချင်းသံနောက်ကို ပြည် သူတွေပါ တစစ လိုက်ပါလာကြပါတယ်။ အခု M3 စားတော်ဆက်ရှေ့၊ အာဇာနည်ကုန်းဘက်ကို ချိုးမကွေ့ခင် နားမှာ ကြိုရောက်နှင့်နေတဲ့ ဗကသ၊ အကသ ကျောင်းသားတွေ၊ NLD လူငယ်တွေ အုပ်လိုက်ကြီး တွေ့လိုက် ရပါတယ် ၊ သူတို့ပါ လက်ခုပ်တွေ ၀ိုင်းတီးပြီး ကျောင်းသားသမဂ္ဂသီချင်း ၀ိုင်းဆိုလိုက်ကြတာ၊ အာဇာနည်ကုန်း ပေါ်က စောင့်ကြပ်နေတဲ့ စစ်သားတွေရင်ထဲတောင် တခုခု နက်နက်ရှိုင်းရှိုင်း ခံစားရမှာအသေအချာပါပဲ။
တိုက်ပွဲထဲမှာ အဖွဲ့မကွဲဘူး၊ ကျောင်းသားတိုင်း ညီညွတ်ကြပါတယ်။ အာဇာနည်ကုန်းပေါ် ကြည့်လိုက်တော့ အာဇာနည်ကြီးတွေရဲ့မိသားစုတွေ ကန်တော့ပြီး ပြန်ကြပြီ။ မောင်ကျောင်းသားရဲ့လက်ထဲကို တယောက်က ဗကသရဲ့တိုက်ပွဲဝင် ခွပ်ဒေါင်းအလံစစ်စစ်ကို ၀ါးလုံးတပ်ပြီးသား လာပေးတယ်။ ဖျင်းကနဲ ဆူတက်သွားတဲ့ စိတ်က မျက်စေ့ထဲ ဘာမှမမြင်တော့ဘဲ အာဇာနည်ကုန်း အနီရောင်ကြီးသာ ပေါ်နေသလိုပါပဲ။ အလံကို ဝှေ့ ရမ်းပြီး အာဇာနည်ကုန်းပေါ် အပြေးတပိုင်း တက်ချသွားတော့ ကျောင်းသားအုပ်ကြီးလည်း သီချင်းသံပြိုင်ဆို လိုက်ပါလာတာ ဘယ်အာဏာရှင်မှ မတားပါဘူး။ တားတား, ပစ်ပစ် အာဇာနည်ကြီးတွေရဲ့ခြေရင်းမှာ အာဇာ နည်အသစ်လေးတွေအဖြစ် ရဲရဲရင့်ရင့် အသေခံကြမယ်လို့ ဆုံးဖြတ်ထားကြတာပါပဲ။
အေးစက်မာကျောတဲ့ မျက်နှာသေ လုံခြုံရေးတွေရဲ့ရှေ့မှာ၊ တဖျတ်ဖျတ် ရိုက်နေတဲ့ သီတင်းဌာနတွေနဲ့ စစ် ထောက်လှမ်းရေးတွေရဲ့ကင်မရာတွေအောက်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ လွတ်လပ်ရေးတိုက်ပွဲဝင် အာဇာနည် ကြီးတွေရဲ့ခြေရင်းမှာ အားလုံးနေရာယူလိုက်ကြတယ်။ မောင်ကျောင်းသားလက်ထဲက ခွပ်ဒေါင်းအလံကို တ ရုတ်ကြီးက လှမ်းယူလိုက်တယ်။ သူ့လက်ထဲက အော်လံကို လှမ်းပေးတယ် (ဗခသနဲ့ မျိုးဆက်သစ်လူငယ့် အားမာန်လူငယ့်တပ်ဦး ပေါင်းလုပ်ခဲ့တဲ့ June 21 မြေနီကုန်းအရေးတော်ပုံ ၂ နှစ်ပြည့်အခမ်းအနားနဲ့ 7July (၂၈) နှစ်ပြည့် အခမ်းအနားတွေမှာ မောင်ကျောင်းသားပဲ အသံအောင်အောင် အခမ်းနားမှူးလုပ်ခဲ့တော့ ထန်း တက်လက်မှတ် ရတာထင်ပါရဲ့)။
ရင်ထဲမှာ ကျေနပ်နေတယ်။ ဒါ ကျောင်းသားသတ္တိကို ပြရတဲ့ တိုက်ပွဲတပွဲပဲ။ မင်းတို့ကို ငါတို့မကြောက်ဘူးဆို တာ တွေ့ပြီလားလို့ ကြည့်နေတဲ့ စစ်အာဏာရှင်တွေရဲ့ ခိုင်းဖတ်တွေကို ပြနေရတာ၊ မင်းတို့ ဘာတားနိုင်မှာလဲ ငါတို့ရဲ့ပြင်းပြတဲ့ စိတ်ဆန္ဒတွေကို။ တွေးရင်း ကျောင်းသားအုပ်ဘက်လှည့် တချက်အော်လိုက်တယ်။ “ကျောင်း သားကျောင်းသူ မိဘပြည်သူအပေါင်းတို့၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကြီးတွေကို အလေးပြုဖို့ ကျေးဇူး ပြုပြီး ငြိမ်ပေးကြပါ”
“သွေးစွန်းနေသော အမိမြန်မာနိုင်ငံတော်အား …… အလေး …. ပြု၊ ...... နေမြဲ …
တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော်အား …… အလေး …. ပြု၊ ...... နေမြဲ ...
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲအတွင်း ကျဆုံးခဲ့သော အာဇာနည်အပေါင်း တို့အား …... အလေး …. ပြု၊ ...... နေမြဲ ...
ဒီမိုကရေစီရေးတိုက်ပွဲများအတွင်း ကျဆုံးခဲ့ရသော ရဟန်းရှင်လူ သူရဲကောင်းအပေါင်းတို့အား …... အလေး .… ပြု၊ ...... နေမြဲ….
ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကြီးတွေရှေ့မှောက်မှာ သစ္စာအဓိဌာန်ဆိုမယ်၊ အားလုံးလိုက်ဆိုပါ ...”
“ကျွန်ုပ်တို့သည် မွေးရာပါအခွင့်အရေးများဖြစ်သော ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးများအတွက် အာဏာ ရှင်တို့၏ ဖိနှိပ်ချုပ်ချယ်မှုများကို ဆန့်ကျင်တိုက်ပွဲဝင်ရင်း အသက်စွန့်သွားကြသော ရဟန်းရှင်လူကျောင်းသား ပြည်သူအပေါင်းတို့၏ လေးစားဖွယ်ရာ စွန့်လွှတ်မှုများအပေါ် ဂုဏ်ပြုဦးညွှတ်ပါ၏။
အာဇာနည်သူရဲကောင်းအပေါင်းတို့၏ အစဉ်အလာကြီးမြတ်မှုကို ဆက်လက်စောင့်ထိန်းသောအားဖြင့် ကျွန်ုပ် တို့သည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ခံစားရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ခိုင်မာစွာ အဓိဌာန်ပြုပါ၏ ….. ။ ခိုင်မာစွာ အဓိဌာန်ပြုပါ၏ ….. ။ ခိုင်မာစွာ အဓိဌာန်ပြုပါ၏ …… ။
အားလုံး … ခေတ်သစ်ကမ္ဘာမကြေသီချင်း ... စဆို …”
“ကမ္ဘာမကြေဘူး … ငါတို့သွေးနဲ့ ရေးခဲ့ရတဲ့ မော်ကွန်းတွေ … တော်လှန်ရေး ... ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော … သြော် ... သူရဲကောင်းတို့ရေ … အာဇာနည်တွေနေတဲ့တိုင်းပြည် … ရဲရဲတောက် တို့ဗမာပြည်။
ကိုယ်တော်မှိုင်း … ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ … သခင်အောင်ဆန်း … နိုင်ငံတော်လည်း သွေးစွန်း ခဲ့ပြီ အဖရေ့ ... သြော် လုပ်ရက်ကြပေ … ပေတရာပေါ်မှာ ပြည်သူအလောင်းတွေ … အတုံးရုံးထပ် လဲပြိုကာ နေ။
မောင်ကျောင်းသား သီချင်းဆိုရင်း အံကြိတ်မိတယ်။ လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားမိတယ်။ အသား တွေ တဆတ်ဆတ်တုန်နေပြီး တကိုယ်လုံး ကြက်သီးဖြန်းဖြန်းထနေတယ်။ မောင်ကျောင်းသား သိတယ်။ တ ချို့သီိချင်းအော်ဆိုရင်း မျက်ရည်တွေကျနေကြတယ်။ ခုတောင် ... ဒီစာကို ရေးနေရင်း ပြန်သတိရပြီး ရင်ထဲမှာ စို့လာရင်း မျက်ရည်ဝဲမိပါတယ်။
အာဇာနည်ကုန်းပေါ်ကနေ ကျောင်းသားသမဂ္ဂသီိချင်းပဲ ပြန်ဆိုဆင်းခဲ့ကြတယ်။ ပြီးတော့ ရွှေဂုံတိုင်ဘက်ကို ပြန်လျှောက်ပြီး ရွှေဂုံတိုင်လမ်းဆုံမှာ လူစုခွဲလိုက်ကြပါတယ်။ တချို့လဲ ဆက်လျှောက်သွားပြီး တာမွေအ၀ိုင်း ထိပ်ဘက်ရောက်မှ လူစုခွဲဖြစ်ကြတယ်ပြောပါတယ်။
အဲဒီနောက်မှာ ဗခသအဖွဲ့ဝင်တွေ အတော်များများ အဖမ်းခံရပါတယ်။ ဂန္ဒီမှာ NLD ကို ၀န်းရံရေးဆိုပြီး ဆော် သြလှုံ့ဆော်မှုတွေ၊ ဆန္ဒပြပွဲငယ်တွေ၊ စာဝေစာဖြန့် လှုပ်ရှားမှုတွေ လုပ်ကြပြီးနောက်ပိုင်း ဗခသအဖွဲ့ဝင်တွေသာ မက တိုက်ပွဲဝင် အခြေခံပညာကျောင်းသားထုတရပ်လုံးရော၊ ဗကသကျောင်းသားတွေပါ တဖြည်းဖြည်း အ ဖမ်းခံကြရပြီး ကျောင်းသားလှုပ်ရှားမှုတွေ အားပျော့သွားခဲ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းသားခေါင်း ဆောင် အာဏာရှင်ကိုလှရွှေ ပြောခဲ့သလိုပါပဲ။
“အမိမြေလွတ်မြောက်ဖို့အတွက် အရိုးတွေတောင်လိုပုံမှရမယ်ဆို ငါတို့ကျောင်းသားအရိုးတွေက အောက်ဆုံးအလွှာက ရှိစေရမယ် ...”
(၃)
အဲဒီဖြတ်သန်းခဲ့ဘူးတဲ့ အတွေ့အကြုံလေးတွေကို ပြန်စဉ်းစားရင်း မောင်ကျောင်းသားတို့ သတိပြုမိတာလေး တွေ၊ လက်ရှိခေတ်နဲ့ ဆက်စပ်စဉ်းစားမိတာလေးတွေ ရှိပါတယ်။ အဲဒါကတော့ ကနဦးတိုက်ပွဲကို ကျောင်းသား ကပဲ အစပြုတယ်ဆိုတာပါ။ ကျောင်းသားတွေက စုစည်းလွယ်ပါတယ်။ နောက်ဖြစ်ထက် လတ်တလော ကိစ္စ ကိုသာ သွေးဆူဖြေရှင်းကြတဲ့ ဖိရင်ကြွထိရင်ချတတ်တဲ့ ငယ်ရွယ်သူတွေဖြစ်တဲ့အလျောက် နိုင်ငံရေးနားလည် သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ မတရားမှုမြင်တွေ့ရာကနေ တွန်းလှန်အံတုမှာ ကျောင်းသားတွေသာဖြစ် ပါတယ်။
ဒီကနေ့လိုနေတာက ဦးဆောင်မှုပါပဲ။ လူတွေကို တိရိစ္ဆာန်တွေလို လက်နက်ပြခြိမ်းခြောက်အုပ်ချုပ်ထားတော့ ကျောင်းသားပဲဖြစ်ဖြစ်၊ ပြည်သူပဲဖြစ်ဖြစ် ၀တ်ကျေတန်းကျေတော့ ကြောက်ပြကြရတာပါပဲ။ ရင်ထဲတွေမှာ တော့ မခံချင်စိတ်တွေရှိနေတာ အသေအချာပါ။ အဲဒါကို ဖြည်ထုတ်နိုင်တာက ပြတ်သားရဲရင့်တဲ့ ဦးဆောင်မှုပါ ပဲ။ ဗမာပြည်သူပြည်သားတွေက တကယ်တမ်း အကြောက်ကြီးသူတွေမဟုတ်ပါဘူး။ ရှေ့ကအစလေးပဲ လိုနေ တာပါ။ ကျောင်းသားကဖြစ်ဖြစ်၊ သံဃာကဖြစ်ဖြစ် သတ်သတ် ရိုက်ရိုက် ဖမ်းဖမ်း (ရေကုန်ရေခန်း) ငါတို့ရှေ့က ခံမယ်၊ ဒီမတရားတဲ့ ရွေးကောက်ပွဲကို ရအောင်ဖျက်ကြမယ်ဆိုတာမျိုး ဦးဆောင်ပြရင် လူထုတိုက်ပွဲတွေ ပေါ် ပေါက်လာမှာပါ ။
ခေတ်အခြေအနေတွေ ပြောင်းတယ်ဆိုပေမယ့် တကယ်တမ်းက လွန်ခဲ့တဲ့နှစ် (၂၀) နဲ့အတူတူပါပဲ။ သဏ္ဍာန် အားဖြင့် မူကွဲသွားတာတွေကလွဲရင် ဖိနှိပ်ခံဘ၀က ဖိနှိပ်ခံဘ၀တွေသာပါပဲ။ ပြည်သူတွေဆင်းရဲမွဲတေမှု၊ တိုင်း ပြည်ချွတ်ခြုံကျမှုက ပိုဆိုးလာတာပဲရှိပါတယ်။ ဒါကြောင့် ပြည်သူတွေရဲ့ စစ်အာဏာရှင်တွေအပေါ် မကျေနပ် စိတ်က လျော့ကျသွားတာတော့မဟုတ်ပါဘူး။ ကြံ့ဖွတ်၊ စွမ်းအားရှင်၊ မီးသတ်၊ ရဲနဲ့ လုံထိန်းအင်အား ပိုသုံးထား ပြီး ကြောက်လောက်အောင် နှိပ်ကွပ်ပြနေလို့သာ ငြိမ်နေရမယ်၊ ထဆန့်ကျင်တဲ့ ကျောင်းသားကိုတော့ လက် ခုပ်တီးအားပေးမှာပါပဲ။ ဘေးမဖြစ်အောင် ကူပေးကာပေးကြမှာပါပဲ။ လက်ရေးမူနဲ့ ၀ိုင်းရေးဝိုင်းဖြန့်နည်းတွေ၊ လူ ထုအားကိုးပြီး ကြံ့ဖွတ်/ရဲ အခြေအနေကြည့်ပြီး စည်းရုံးလှုံ့ဆော်တဲ့နည်းတွေဟာ ခုထိလုပ်လို့ရနေတဲ့ နည်း တွေဖြစ်ပါတယ်။
ခေါင်းဆောင်မှုမှာ ငယ်တာ ကြီးတာ ပြဿနာမဟုတ်ပါဘူး။ ရဲဝံ့မှုနဲ့ ရိုးသားမှုသာ အဓိကဖြစ်ပါတယ်။ မောင် ကျောင်းသားတို့ခေတ်မှာ အတွေ့အကြုံနည်းပါးမှုတွေကြောင့် အခက်အခဲနဲ့ ပြဿနာအနည်းအကျဦး ရှိခဲ့ပေ မယ့် ဗကသလို ကျောင်းသားကြီးတွေက နေရာပေး လုပ်ပိုင်ခွင့်ပေးပြီး ၀ိုင်းထိန်းသွားတဲ့အခါ ဖော်ပြခဲ့သလို အောင်မြင်မှုကို ရရှိခဲ့တာပါပဲ။
အာဏာရှင်တွေကတော့ သူတို့အာဏာတည်မြဲရေးအတွက် အမိန့်တွေ သူတို့ဘာသာ ဥပဒေသတ်မှတ်တာ တွေ အမျိုးမျိုးထုတ်ပြန်မှာပါပဲ။ အချုပ်အချယ်တွေနဲ့ တုပ်နှောင်မခံရအောင် တရစ်ရ တရစ်ရုန်းရမှာက လွတ် မြောက်လိုသူတွေရဲ့တာဝန်သာဖြစ်ပါတယ်။ ဖြစ်ပါ့မလား တွေးပူနေရင် ဒုံရင်းဒုံရင်းပဲရှိမှာပါ။ အာဇာနည် စိတ် ဓာတ်နဲ့ တွန်းလှန်ရဲသူသာ အောင်ပွဲရမှာမို့ ၁၉၉၀ အာဇာနည်နေ့တိုက်ပွဲနဲ့ “တော်လှန်ရဲသူ အောင်ပွဲယူ အာ ဇာနည်တို့မူ” ဆောင်ပုဒ်ကို အမှတ်ရ ပြန်တင်ပြလိုက်ရပါတယ်။
စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ ...
မောင်ကျောင်းသား
Thursday, July 15, 2010
၁၉၉၀ အာဇာနည်နေ့တိုက်ပွဲနဲ့ “တော်လှန်ရဲသူ အောင်ပွဲယူ အာဇာနည်တို့မူ”
Subscribe to:
Post Comments (Atom)
3 comments:
သမိုင်းဆိုင်ရာကိစ္စတွေကို ပြန်လည်တင်ပြတဲ့အတွက် စာရေးသူကို ကြိုဆိုပါတယ်။ ဒါပေမဲ့ ဆောင်းပါးရှင်ရဲ့ အကသ နှစ်ဖွဲ့ကွဲတယ်ဆိုတဲ့ တင်ပြချက်ကိုတော့ လက်မခံပါ။ ကျောင်းသားသမဂ္ဂများအနေနဲ့ ၆၂ခုနှစ်ကစပြီး တောက်လျှောက်မြေအောက်အဖွဲ့ အစည်းအဖြစ် ရပ်တည်ခဲ့ရတာပါ။ ၈၈-၉၀ ကာလတွေမှာ ပြန်ပေါ်လာတယ်ဆိုပေမဲ့ စည်းရုံးလှုပ်ရှားဆောင်ရွက်မှုတွေကအစ
မြေအောက်အသွင်ပဲ လုပ်ဆောင်ခဲ့ရတာပါ။ အဲဒီတုန်းက မှတ်ပုံတင်တဲ့နိုင်ငံရေးပါတီတွေလို တရားဝင်ရပ်တည်ခဲ့တာမဟုတ်ပါ။ ဒါကြောင့် နေလင်း-အကသ၊ မင်းဇင်-သီဟ-အကသ ဆိုပြီး ၂ဖွဲ့ကွဲတယ်ဆိုတဲ့
တင်ပြချက်ကို လက်မခံပါ။
အဲဒီတုန်းက နေလင်း-မင်းဇင် ဆိုပြီးေ
ခေါ်ဆိုခြင်းဟာ နီးစပ်ရာ၊ပတ်သက်ရာလူကို ရည်ညွန်းပြီး ခေါ်ဆိုခြင်းသာဖြစ်ပါတယ်။ အစုအဖွဲ့တစ်ခုနဲ့တစ်ခုအကြားမှာ လုပ်နည်းလုပ်ဟန်ကွဲပြားကြပါတယ်။
အကသများအနေနဲ့သူတို့ရဲ့ အစုအဖွဲ့များနဲ့ ဆက်ဆံပြီးလှုပ်ရှားဆောင်ရွက်ခဲ့ကြတဲ့ အစုအဖွဲ့များရှိသလို၊ သူတို့နဲ့ မဆက်စပ်ပဲ စုစည်းလှုပ်ရှားခဲ့တဲ့ အစုအဖွဲ့များလဲ ရှိခဲ့ပါတယ်။
မြေအောက်လှုပ်ရှားမှုအသွင်အရ အစုအဖွဲ့တွေကို စုဖွဲ့စည်းတဲ့အခါမှာ ယုံကြည်မှုနဲ့ နီးစပ်ရာကို စုစည်းတည်ဆောက်ရတာပါ။
ဒါကြောင့် ဗကသ၊တကသ၊အကသ၊
အစုအဖွဲ့များဟာ တစ်နိုင်ငံလုံးနေရာအနှံ့
ရှိခဲ့တာပါ။အဖွဲ့ကွဲတယ်ဆိုတာ ကွဲတယ်လို့ ခံယူသူရဲ သူအပေါ်မှာပဲ မူတည်ပါတယ်။ ဗကသပဲအမည်ခံခံ၊တကသပဲအမည်ခံခံ၊
အကသပဲအမည်ခံခံ...
သမဂ္ဂရဲ့အလံတော်အောက်မှာ သမဂ္ဂရဲ့မူဝါဒကို ယုံကြည်ရပ်တည်ပြီး လှုပ်ရှားဆောင်ရွက်နေကြသူတိုင်းဟာ သမဂ္ဂအဖွဲ့ဝင်တွေဖြစ်ပါတယ်။
စာသင်ကျောင်းတိုင်းမှာ သမဂ္ဂရုံးခန်းများ ပေါ်ထွန်းမည့်နေ့ရက်များဆီကို
မျှော်မှန်းရင်း.....
သြော် ..ကို Eagle ရယ် ၊ ဆန်ဒစွဲနဲ့ငြင်းမနေပါနဲ့၊ ကွဲ ကွဲခဲ့တယ်ပေါ့ဗျာ၊အရှိတရားကိုတော့ လက်ခံရမှာပါပဲ၊
သူရေးထားတာလဲ အဖွဲ့ကွဲကြတယ်ဆိုပေမဲ့ သမဂ္ဂအလံ အောက်မတော့ စစ်အစိုးရကိုတိုက်တဲ့အခါ ညီကြတယ်
ပါတာပါပဲ။
၈၈မှာ ကနေ ၁၉၉၀ ကယူဂျီလိုမဟုတ်ပါဘူးဗျာ၊ အဲဒီနောက်မှ ယူဂျီလိုပြန်ဖြစ်သွားတာပါ၊၈၈မှာ ဆေးရုံကြီးမှာ ညီလာခံကျင်းပပြီး ဗကသ ပြန်ပေါ်လာတာပါ၊စစ်တပ်ကအာဏာသိမ်းလိုက်တော့လဲ
ဗကသခေါင်းဆောင်တွေ က တရားမ၀င်အသင်းဆိုတာမျိုး ပုန်းလျှိုးကွယ်လျှိုးနေတာမဟုတ်ပါဘူး၊မင်းကိုနိုင်တို့ ကိုကိုကြီးတို့ ပြောင်ပဲ ရဲရဲတင်းတင်း နေထိုင်လုပ်ကိုင်ရင်း အဖမ်းခံကြတာပါ၊မန္တလေးဘုန်းကြီးကျောင်းတွေမှာ ၁၉၉၀နစ်ကုန်လောက်ထိ ဗကသ၊အကသ အကုန်ပြောင်နေကြတာပါ၊စစ်အုပ်စုအသိမှတ်မပြုပေမဲ့ ကိုယ့်ဘာသာအသိမှတ်ပြုခဲ့ကြပြီး မြေအောက်အဖွဲ့မျိုးမဟုတ်ပဲ ပြောင်ပြောင်ရဲရဲရင့်ရင့် ရပ်တည်ခဲ့ကြတာပါ၊၁၉၉၀ နောက်ပိုင်းမှ ခေါင်းဆောင်တွေ တက်ကြွကျောင်းသားတွေ အများစုထောင်တေါကျကုန်ကြပြီး ခင်ဗျားပြောသလို ယူဂျီဆန်တဲ့ လှုပ်ရှားမှုပြန်ဖြစ်သွားတာပါ၊ ဒါသမိုင်းမှန်ပဲ ၊တကယ့်အခြေအနေတွေပဲ ၊စိတ်ခံစားမှုကို လေးစားပါတယ်၊ အရှိတရား အဖြစ်မှန်တွေကိုတော့ ငြင်းမနေစေချင်ပါဘူး၊
ပြီးတော့ မကသဗျာ၊ အဲဒီတုန်းက အများစုလက်မခံဘူး၊န၀တနဲ့  ပေါင်းပြီး မန်းတလေးဆောင်မှာ တရားဝင်ဆိုင်းဘုတ်တောင်တင်လိုက်သေးတယ်။(ခုအဲလူတွေလဲ တိုက်ပွဲထဲဆက်ပါသူတွေ ထောင်တွေနှစ်ရှည်ကျတာပါပဲ)၊အဲလိုကွဲခဲ့တာကွဲခဲ့တာပဲပေါ၊့
ထားပါ၊ ခင်ဗျားပြောချင်တဲ့ခံစားမှုနဲ့ ရည်ရွယ်ချက်ကိုတော့နားလည်ပါတယ်၊
သမိုင်းကိုတော့ အရှိအတိုင်းသာ လက်ခံစေလိုပါတယ်
ဟုတ်ပါတယ် ကွယ် သမိုင်းကို အမှန်တိုင်းလက်ခံပေးလိုက်ပါ ၂ ဖွဲ့ တောင် မဟုတ်ပါဘူး ၃ ဖွဲ့ တောင်ကွဲခဲ့တာကွဲ့  ၈ မြို့ နယ် ကြားအကသ တောင် မှ ပါလိုက်သေး သမိုင်းကိုသေချာလေ့လာကွယ့် လုပ်ခဲ့တဲ့သူတွေ သိပါတယ်
Post a Comment