ကျနော်နှင့် ညိုမြ
မျိုးမြင့်ချို
မျိုးမြင့်ချို
ဦးညိုမြ လက်ဖက်ရည်ဆိုင် ထိုင်လေ့ရှိမရှိနှင့် လက်ဖက်ရည် ကြိုက်မကြိုက်ကို ကျနော် အသေအချာ မပြော နိုင်ပါ။ သူနှင့် ရင်းနှီးကျွမ်းဝင်ဖို့မဆိုနှင့် လူချင်းတောင် တခါမှမတွေ့ဖူးပါ။ ဒါဆို ဘာလို့ ... ဦးညိုမြကိုများ ညိုမြ လေး ဘာလေးနဲ့ နင်တလုံး ငါတလုံး ပြောရအောင် မင်းက ဘာကောင်မို့လို့လဲ ... စသဖြင့် ထင်စရာရှိပါသည်။ တကယ်တော့ ကျနော် သူနှင့် အမှန်ပင် အဆက်အစပ် အပတ်အသက် ရှိခဲ့ဖူးပါသည်။
ဒုတိယအကြိမ် ရေကြည်အိုင်ကို ပြန်ရောက်တော့ ၄၈၂၈ အမှုတွဲများတွင် ကျနော်က နောက်ဆုံးအဖမ်းခံရသူ ဟု ထင်မိပါခဲ့သည်။ သို့သော် ထိုအထင်သည် မဟုတ်ကြောင်း ကိုဗေဒါ (ခေါ်) ကိုမောင်မောင်အေးနှင့် အဖမ်းခံ ရက်တွေအကြောင်း စကားစပ်မိတော့မှ သိလိုက်ရပါသည်။ ထားတော့။ ကျနော် ပြောချင်သည်က အဖမ်းခံရ စောခြင်း၊ နောက်ကျခြင်းအကြောင်း မဟုတ်ပါ။ ညိုမြအကြောင်း ဖြစ်ပါသည်။
ကျနော့်ကို စစ်ကြောရေးမှာထားပြီး မေးသည်၊ မြန်းသည်၊ စစ်ကြောရေး လုပ်သည်။ နှိပ်စက်ညှဉ်းပန်းသည်ဆို သည့် ဝေါဟာရအစား အခြားတခုခုရှိလျှင် အပြောင်းအလဲလေးဖြစ်အောင် သုံးချင်ပါသည်။ နောက်ဆုံးလူမို့ ဖော်စရာလည်း မကျန်တော့ပါ။ သို့တိုင်အောင် မောင်မင်းကြီးသားများက အားမရသေး။ ကြံဖတ်မှ သကြား ချက်လို့ ရသေးသည်ဟု ထင်နေပုံပေါ်သည်။
တနေ့ ...။ ည (၁၀) နာရီလောက်ရှိမည်ထင်သည်။ ကျနော့်ကို စစ်ကြောရေးအခန်းသို့ ခေါ်ထုတ်လာပြီးနောက် အရာရှိဖြစ်ဟန်ရှိသူတယောက်က “မင်း ... သိန်းတင်ကို သိလား” ဟု ထပ်တလဲလဲ မေးသည်။ ကျနော်က မသိ ကြောင်း ဖြေသည်။ သူက မကျေနပ်။ “မင်းနဲ့ သိန်းတင် ဘယ်နေ့ ဘယ်အချိန် ဘယ်လက်ဖက်ရည်ဆိုင်မှာ ဆုံ ခဲ့တယ် ... ဘာတွေပြောခဲ့ကြတယ်ဆိုတာ ငါတို့ အကုန်သိထားတယ် ... ပြောနော် ... မပြောရင် နာမယ်” ဟု ကြိမ်းသည်။ ကျနော်ကလည်း မသိကြောင်း၊ မဟုတ်ကြောင်းသာ တွင်တွင်ငြင်းသည်။
နောက်တော့ သူ စိတ်တိုလာပြီး သူ့လူများအား တခုခု အချက်ပြလိုက်ပုံရသည်။ ကျနော့်လည်း လူစင်စစ်မှ ငါး ဖယ်ဖြစ်သွားသည်။ အတေခံနေစဉ်မှာပဲ “မင်းဆွေထဲမျိုးထဲမှာ၊ မင်းသူငယ်ချင်းတွေထဲမှာ၊ မင်းနဲ့ နိုင်ငံရေးလုပ် ကြတဲ့သူတွေထဲမှာ၊ မင်းအသိတွေထဲမှာ သိန်းတင်ဆိုတဲ့ နာမည်နဲ့ကောင် တကောင်ကောင်တော့ ရှိကိုရှိရမယ် ... ပြောပါ ... မင်း အခုမပြောလည်း နောက်တော့ ပြောလာရလိမ့်မယ် ... မင်းတို့လို ကိုင်းဖျားကိုင်းနားတွေ မပြောနဲ့ မင်းတို့ဆရာကြီးတွေတောင် ဒို့ရှေ့ရောက်ရင် အကုန်အန်ထုတ်ပေးသွားကြရချည်းပဲ ... ကဲ ... ပြော တော့” တဲ့။
နောက်ဆုံး ကျနော်လည်း မခံနိုင်တော့။ “ကျနော်သိတဲ့ သိန်းတင်တယောက်တော့ ရှိပါတယ်” ဟု ပြောလိုက်ရ တော့သည်။ လူလည်း ကုလားထိုင်ပေါ် ပြန်ရောက်လာသည်။ “အဲဒီလိုလုပ်စမ်းပါကွာ ... ဟေ့ကောင်တွေ ရေ လေး ဘာလေး တိုက်လိုက်” ဟု စကားသံအဆုံးမှာ ကျနော် ရေတခွက်ရသည်။ “ကဲ ... ပြော ... အခု အဲဒီ သိန်းတင် ဘယ်မှာလဲ” ကျနော်က “အဲဒါတော့ ကျနော် မပြောတတ်ဘူး” “ဒါဆိုလည်း မင်းသိသမျှ ပြောကွာ” ဟု ပြောပြီး ခေါင်းစွပ်လည်း ချွတ်ပေးခိုင်းပါသည်။
“ကျနော်သိတဲ့ သိန်းတင်က ညိုမြပါ” ကျနော့်စကား မဆုံးသေး၊ “ငါတို့လည်း သိတယ်။ ငါတို့လည်း သိတယ် ... အဲဒီ ညိုမြဆိုတဲ့ကောင်ကို ... အဲဒီယူဂျီကောင်တွေ နာမည်အမျိုးမျိုး၊ မှတ်ပုံတင်အမျိုးမျိုးကိုင်ထားတာ ဟုတ်ပြီ ဆက်ပြော” ဆိုတော့ ကျနော်က ဆက်ပြောသည်။ “သူသေတာကြာပါပြီ” “ဘယ်သူသတ်လို့လဲ” “ဘယ် သူမှမသတ်ပါဘူး ... သူ့ဟာသူ သေတာပါ” “ဘယ်တုန်းလောက်ကလဲ” “ကျနော်လည်း အသေချာတော့ မ မှတ်မိတော့ပါဘူး ... ကြာတော့ကြာပြီ” “ခွေးမသား ... လုပ်လာပြန်ပြီ ... ဟေ့ကောင်တွေ” ဟု ဆိုသည့်စကား သံပင် မဆုံးလိုက် ... ငါးဖယ်ဖြစ်သွားပြန်သည်။
ကျနော်က “တကယ်ပြောတာပါဗျာ ... သူသေပါပြီ ... သူက နတ်ဝါသနာပါလို့ သူ့မိတ်ဆွေတချို့က သူသေ တော့ နတ်ဖြစ်ပါစေတော့ဆိုပြီး သံလျင် ကျောက်တန်းဘက်မှာ သူ့အတွက် နတ်ကွန်းလေးတောင် ဆောက် ထားပေးတယ်လို့ ကြားဖူးပါတယ်” ဆိုကာ ဗလုံးဗထွေးတွေ ပြန်ဖြေနေသည်။ နောက်တော့ ဘာတွေ ဆက်ဖြစ် လည်း ကျနော်မသိတော့။ တရေးနိုးတာလိုလို ဘာလိုလို အိပ်ချင်မူးတူးဖြင့် ပြန်နိုးလာတော့ ကျနော့်အခန်း လေးထဲ ပြန်ရောက်နေသည်။ လူလည်း နာကျင်နေသည်။
ထိုနေ့မှာပဲ စစ်ကြောရေးကနေ ထောင်သို့ ပို့သည်။ ပျော်လိုက်သည့်ဖြစ်ခြင်း။ ထောင်ထဲမှာ အခြားသူတွေလို ကျနော်လည်း စစ်ကြောခံရပါ၏။ သို့သော် သိန်းတင်အကြောင်း မေးလည်း မမေး။ ပါလည်း မပါတော့။ ကျနော် ကသာ ထိုသိန်းတင်ဆိုသူကို သိချင်နေသည်။
နောက်တော့ စစ်ဗိုလ်ကြီး (၃) ဦးနှင့် ဖွဲ့ထားသည့် နွားထီး (၅) ကျပ် နွားမ (၅) ကျပ်၊ (၅) မိနစ် တရားရုံးသို့ တင်သည်။ တရားခွင်မှာ တရားလို ထောက်လှမ်းရေးအရာရှိက တရားသူကြီးများအား ဖတ်ပြသည့် စွဲချက်များ ထဲတွင် ... ကျနော်နှင့် သိန်းတင် ဘယ်နေ့ ဘယ်ရက် ဘယ်အချိန်က ဘယ်လက်ဖက်ရည်ဆိုင်တွင် ဆုံပြီး အစိုး ရဆန့်ကျင်ရေးတွေ၊ ယူဂျီလုပ်ငန်းတွေ တိုင်ပင်ကြသည်။ ကျနော့်ကို သိန်းတင်က ဘာညွှန်ကြားချက်တွေပေး ပြီး တောထဲပြန်သွားသည်။ မပြန်ခင်မှာ ကျနော့်ကို သူ့ကျန်းမာရေးလည်း မကောင်းတော့ကြောင်း ... တရား ထိုင် တရားမှတ်တွေ လုပ်နေကြောင်း ပြောသွားခဲ့သည် ... စတာတွေ ပါလာတော့မှ ကျနော်လည်း သဘော ပေါက်တော့သည်။ ကျနော် ရယ်ချင်နေသည်။ မရယ်ရဲ။
ဦးညိုမြခမျာ လက်နက်ကိုင်တော်လှန်သည့် ကွန်မြူနစ်တဦး ဖြစ်ခဲ့ရရုံမျှမကသေး ကျနော့်ကို အစိုးရဆန့်ကျင် ရေးနှင့် ယူဂျီလုပ်ငန်းသဘောတရားများ ပို့ချခဲ့သည့်အပြင် ဘယ်ကနေဘယ်လို တရားထိုင်ရင်း နတ်ဇာတ် လည်း အသွင်းခံရမှန်းမသိ အသွင်းခံလိုက်ရသေးသည်။
ကျနော်တို့ကား တရားလက်ကိုင်မရှိသူတို့၏ ဓားမ (ဒါးမ) အောက်တွင် လက်ဖက်ရည်ဆိုင် အတူထိုင်ဖက်ဖြစ် ခဲ့ဖူးသူများ ...။ ။
မျိုးမြင့်ချို
No comments:
Post a Comment