Monday, July 26, 2010

အမှားကို ၀န်ခံခြင်း

ရေးဖြစ်ခဲ့သော မြားနတ်မောင် တာဝန်ခံအယ်ဒီတာစကား (၁၀)
အမှားကို ၀န်ခံခြင်း
ဒေါက်တာလွဏ်းဆွေ

‘အမှား’ …။ လူတိုင်း အမှားနှင့် မကြုံချင်။ အမှားနှင့် ခပ်ကင်းကင်း နေလိုကြသည်။ မိမိတို့၏ လုပ်ရပ်များတွင် အမှားပါမှာကို ကြောက်ကြသည်။ ထိုသို့ ကြောက်ကြရင်းကပင် တခါတခါ အမှားနှင့် ပက်ပင်းတိုးမိကြသည်။ တချို့က ဂရုမစိုက်၊ စေတနာမပါလို့ မှားကြသည်။ တချို့ကတော့ ဂရုစိုက်ရင်းကပင် အမှားပါရသည်။ စေတနာ အမှားဖြစ်သည်။ သို့သော် ဘယ်လိုပဲမှားမှား မှားသည်ဆိုသည်ကိုက မကောင်း။ အမှားမပါအောင် လုပ်ကြဖို့ပဲ လိုသည်။

ကျနော်တို့ မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်းကိုလည်း စာဖတ်ပရိသတ်လက်ထဲသို့ အပ်ရာတွင် အမှားမပါချင်။ စာ လုံးပေါင်းသတ်ပုံ၊ စာအကျအပေါက်က အစ ခြောက်ပစ်ကင်းသဲလဲစင် ဖြစ်ချင်ပါ၏။ အမှားကြောင့် စာဖတ်ပရိ သတ်၏ အာရုံကို စိတ်အနှောင့်အယှက် မဖြစ်စေလိုပါ။ သို့သော် ထိုသို့ စေတနာထား လုပ်ကိုင်ရင်းကပင် တ ချို့လများတွင် အမှားပါရသည်။ ထို့အတွက် စိတ်မကောင်းဖြစ်ရသည်။

ဘာကြောင့် အမှားပါရသည်ဟု ဆင်ခြေမပေးလိုပါ။ ဘာကြောင့်မှားမှား တာဝန်ယူလုပ်ကိုင်နေသော ကျနော် တို့ ညံ့လို့ မှားခြင်းပဲဖြစ်သည်ဟု ခံယူပါသည်။ တခြားမဂ္ဂဇင်းတွေလည်း အမှားပါကြတာပဲဟု ဆင်ခြေမပေးလို။ ဆင်ခြေပေးနေရုံနှင့်လည်း အမှားက အမှန်ပြန်ဖြစ်မသွား။ မှားသော အမှားကို ပြင်ဆင်ပေးဖို့ပဲရှိသည်။ ထို့ ကြောင့် အမှားပါသော လအတွက် နောက်လတွင် ကျနော်တို့ အမှားပြင်ဆင်ချက် ထည့်ပေးပါသည်။ အမှားကို ၀န်ခံခြင်း၊ အမှန်ကို ပြင်ဆင်ပေးခြင်းပဲဖြစ်သည်။

ဤနေရာတွင် ဆရာငွေကြည်၏ ကာတွန်းလေးတကွက်ကို သတိရမိ၍ ပြုံးမိပါသေးသည်။ “အမှားဝန်ခံတတ် တာ သဘောကျတယ်။ ဒါပေမယ့် မှားလိုက် ၀န်ခံလိုက်နဲ့ အကြိမ်တရာမကတော့ဘူး” ဟု လူတယောက်က ပြုံးဖြီးဖြီးလုပ်နေသော အခြားတယောက်ကို စိတ်ဆိုးမာန်ဆိုးနှင့် ပြောနေပုံ ကာတွန်းလေးပင် ဖြစ်သည်။

သို့သော်လည်း ကိုယ့်အမှားကို ကိုယ်မသိခြင်း၊ သိလျက်နှင့် အမှားကို ၀န်မခံဘဲ မသိချင်ဟန်ဆောင်နေခြင်း ထက်စာလျှင်တော့ အမှားကို ၀န်ခံ၍ အမှန်ကို ပြင်ပေးသည့် ကျနော်တို့ကို စာဖတ်ပရိသတ်က ခွင့်လွှတ်ကြ မည်ဟု ယုံကြည်ပါသည်။ ကာတွန်းထဲကလို အကြိမ်တရာ မမှားဖို့အတွက်လည်း ကျနော်တို့ ပို၍ ဂရုတစိုက် လုပ်ကြရပါမည်။ ပို၍ စေတနာထားကြရပါမည်။ ။

(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ မေလ၊ ၁၉၉၇ ခုနှစ်)

1 comment:

Anonymous said...

ဒါတော့မှန်တယ်