ရေးဖြစ်ခဲ့သော မြားနတ်မောင် တာဝန်ခံအယ်ဒီတာစကား (၉)
ကြီးမြတ်သော စိတ်ဓာတ်၊ ကြီးမြတ်သော လုပ်ရပ်
ဒေါက်တာလွဏ်းဆွေ
ကြီးမြတ်သော စိတ်ဓာတ်၊ ကြီးမြတ်သော လုပ်ရပ်
ဒေါက်တာလွဏ်းဆွေ
သေခြင်းတရားသည် ဘ၀၏ တချိန်ချိန်တွင် လူတိုင်း မလွဲမသွေ ကြုံဆုံရင်ဆိုင်ရမည်မို့ အဆန်းတကြယ် ရှိလှ သည်တော့ မဟုတ်ပေ။
သို့သော်လည်း တခါတရံ လူ့အဖွဲ့အစည်းက ချစ်ခင်နှစ်လိုသော၊ လူ့အဖွဲ့အစည်းက လောကကြီးထဲမှ မထွက်ခွာ စေလိုသေးသော ကြီးမြတ်သည့် ပုဂ္ဂိုလ်တို့ နှုတ်မဆက် လက်မပြဘဲ အစောတလျင် ထွက်ခွာသွားကြသည့်အ ခါ ကျန်ရစ်သည့် လူ့အဖွဲ့အစည်းမှာ ယူကျုံးမရ ဖြစ်ကြရသည်။ ပူဆွေးသောက ရောက်ကြရသည်။ အစားထိုးမ ရနိုင်သော ဆုံးရှုံးမှုအဖြစ် နှမြောတသ ဖြစ်ကြရသည်။
မကြာသေးမီက ဗြိတိသျှတော်ဝင်မင်းသမီး ဒိုင်ယာနာနှင့် သာသနာပြု သီလရှင်ကြီး မာသာထရီဆာတို့ ရှေ့ ဆင့်နောက်ဆင့် ကွယ်လွန်သွားကြသည့်အခါ တကမ္ဘာလုံး ယူကျုံးမရ ဖြစ်ကြရသည်။ အစားထိုးမရနိုင်သော ဆုံးရှုံးမှုအဖြစ် နှမြောတသ ဖြစ်ကြရသည်။ လူထုဈာပနအဖြစ် ကြေကြေကွဲကွဲ လိုက်ပါပို့ဆောင်နှုတ်ဆက်ခဲ့ ကြသည်။ အဘယ့်ကြောင့် ကမ္ဘာလူထုက ထိုသို့ ဂုဏ်ပြုခဲ့ကြသနည်း။
မင်းသမီး ဒိုင်ယာနာသည် သက်ရှိထင်ရှားရှိစဉ်က ကမ္ဘာတ၀န်းရှိ ဆင်းရဲသားများ၊ ရောဂါသည်များ၊ စစ်ဘေး စစ်ဒဏ်ခံ ဒုက္ခိတများ ခံစားနေရသည့် ဝေဒနာအပေါင်းမှ သက်သာပျောက်ကင်းရေးအတွက် ကိုယ်ရောစိတ်ပါ ကူညီပံ့ပိုးခဲ့သည်။ လူသားအန္တရာယ်ပြု မြေမြှုပ်မိုင်းများ ပိတ်ပင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းခဲ့သည်။ ကမ္ဘာ တ၀န်းရှိ ဒုက္ခခံစားနေရသော ကလေးသူငယ်များ၏ ဘ၀အခြေအနေ တိုးတက်ကောင်းမွန်ရေးအတွက်လည်း စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့သည်။ ထိုသို့ လူသားဆန်သော ကြီးမြတ်သည့် လုပ်ရပ်များကြောင့် ကမ္ဘာ့လူထုက ချစ်ခင်လေးစားခဲ့ကြသည်။ ပြည်သူ့အချစ်တော် မင်းသမီး ဒိုင်ယာနာ ဖြစ်ခဲ့ရသည်။
သာသနာပြုသီလရှင်ကြီး မာသာထရီဆာသည်လည်း အသက်ရှင်စဉ်ကာလတလျှောက်လုံး မိမိ၏ဘ၀ကို မြှုပ် နှံကာ ဆင်းရဲသားများ၊ အိုးမဲ့အိမ်မဲ့များ၊ ကုဋ္ဌနူနာရောဂါသည်များ၊ မျက်မမြင်ဒုက္ခတိများ ဒုက္ခသုက္ခအပေါင်းမှ လွတ်ငြိမ်းချမ်းသာရေးအတွက် ‘ကုသိုလ်တော်သာသနာပြုအသင်း’ တည်ထောင်ကာ လူသားထုအကျိုးအ တွက် အနစ်နာခံ လုပ်ဆောင်ခဲ့သူ ဖြစ်ပေသည်။ ထိုကြီးမြတ်သော လူသားဆန်သည့် လုပ်ရပ်များအတွက် တ ကမ္ဘာလုံးက ချစ်ခင်ကြည်ညိုကာ အလေးအမြတ်ပြုကြခြင်းဖြစ်ပင်ဖြစ်သည်။
ထိုသို့ ကမ္ဘာ့လူထုက ချစ်ခင်လေးစားသော ကြီးမြတ်သည့် ပုဂ္ဂိုလ်များ လောကထဲမှ ထွက်ခွာသွားကြသည့်အ ခါ လူပုဂ္ဂိုလ်အရ အစားထိုးမရနိုင်သော ဆုံးရှုံးမှုဖြစ်ခဲ့ရသော်လည်း သူတို့၏ ကရုဏာစိတ်ကြီးမားသော လူ သားဆန်သည့် စိတ်ဓာတ်များကား ဤကမ္ဘာမြေမဟီပေါ်ဝယ် ထာဝရလွှမ်းခြုံရစ်သိုင်းကာ လူ့အဖွဲ့အစည်းတခု လုံး ငြိမ်းချမ်းသာယာရေးအတွက် တွန်းအားတရပ်အဖြစ် အစဉ်အမြဲ ရှင်သန်ပွင့်ဝေနေမည်သာ ဖြစ်ပေသည်။ ။
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ နိုဝင်ဘာလ၊ ၁၉၉၇ ခုနှစ်)
No comments:
Post a Comment