Sunday, July 4, 2010

သေခြင်း၏ နောက်ဆက်တွဲ

ရေးဖြစ်ခဲ့သော မြားနတ်မောင် တာဝန်ခံအယ်ဒီတာစကား (၁)
သေခြင်း၏ နောက်ဆက်တွဲ
ဒေါက်တာလွဏ်းဆွေ

ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သက်ရှိသတ္တ၀ါမှန်လျှင် တနေ့နေ့ တချိန် ချိန်တွင် အသက်ဇီဝိန် ချုပ်ငြိမ်းကြရမည်ပင်။ ထိုသက်ရှိသတ္တ၀ါများထဲတွင်မှ အသိဉာဏ်အရှိဆုံးဟု ဆိုကြလေကုန်သော ကျွန်ုပ်တို့လူသားများသည်လည်း အဘယ်သို့သော အသိဉာဏ်ပညာများဖြင့် မိမိကိုယ်ကိုယ်မိမိ ကာကွယ်သည် ဖြစ်စေ အချိန်တန်လျှင် အိမ်ပြန်ကြရမည် ဆိုသကဲ့သို့ သေရွာကို လားကြရ မည်ပင်ဖြစ်သည်။

သို့သော် သေရွာသို့ လားပုံလားနည်းကား တဦးနှင့်တဦး မတူညီဘဲ ကွဲပြား ခြားနားကြလေသည်။ တချို့က လူ့ပြည်လောကအတွက် ကောင်းကျိုးချမ်း သာကို ဖြစ်စေသော စေတနာကြီးမားသည့် လုပ်ရပ်ကောင်းများကို ချန်ထား ရစ်ခဲ့ပြီး သေရွာသို့ လားကြ၏။ သာမန်လူအများစုကမူ ပွဲပြီးမီးသေဆိုသကဲ့သို့ ကြီးကြီးမားမား လုပ်ဆောင်ချက် ဘာမျှမကျန်ရစ်ခဲ့ဘဲ သေလျှင် ပြီးသွားကြသည်သာဖြစ်၏။ တချို့တချို့ကမူ ရှင်စဉ်ကာလက လူအများကို ဆိုးကျိုးဒုက္ခအမျိုးမျိုး ပေးပြီး နာမည်ဆိုးဖြင့် သေရွာသို့ လားကြကုန်၏။ ထိုသို့ သေပုံသေနည်း မတူညီကြသည့်အလျောက် သေပြီးသည့်နောက် ကျန်ရစ်ခဲ့သည့် ကိစ္စရပ်များတွင်လည်း ကျန် ရစ်ပုံ ကျန်ရစ်နည်း အမျိုးမျိုး ကွဲပြားခြားနားသွားကြသည်ပင် ဖြစ်ပါသည်။
*****
(၂၃-၉-၂၀၀၀) စနေနေ့ည (၈) နာရီက မင်းလှသင်္ဘောဖြင့် ဖျာပုံမြို့သို့ ခရီးထွက်ခွာဖြစ်ခဲ့၏။ အကြောင်းကား ကွယ်လွန်သွားခဲ့သည်မှာ (၁၀) နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်သော ဆရာဇော်ဂျီအား အောက်မေ့တသ ဂါရ၀ပြုပွဲသို့ ကြုံတောင့်ကြုံခဲ တက်ရောက်ဂါရ၀ပြုရန်ပင်ဖြစ်ပါသည်။

ရောက်သည်နှင့် ကျနော်တို့ကို ဧည့်ဝတ်ကျေပွန်ကြသော ဖျာပုံမြို့ခံများ၏ ကြိုဆိုဧည့်ခံမှုများမှာ အထူးပင် အားနာစရာကောင်းလှတော့၏။ သူတို့အနေနှင့် ဤမျှ ဧည့်ဝတ်ကျေပွန်ကြသည်မှာ သူတို့မြို့သားဖြစ်သော ဆရာဇော်ဂျီ၏ မျက်နှာကြောင့်က အဓိကဖြစ်မည်ထင်ပါသည်။ သို့မဟုတ်ပါက ကျနော်တို့ကို ဤမျှအထိ ဧည့် ၀တ်ကျေစရာ အကြောင်းမရှိဟု မြင်မိပါသည်။ ဖျာပုံမြို့သူမြို့သားများအနေဖြင့် ဆရာဇော်ဂျီ၏ မျက်နှာအား ဤမျှထောက်ထားကြသည့်အကြောင်းမှာ ဆရာဇော်ဂျီသည် ဖျာပုံမြို့၏ ဂုဏ်ဆောင်ပုဂ္ဂိုလ်ကြီး ဖြစ်သည်သာ မက မြန်မာတမျိုးသားလုံး၏ ဂုဏ်ဆောင် အမျိုးသားစာဆိုကြီးလည်း ဖြစ်သောကြောင့်ဟု ထင်မိပါသည်။

ထို့အတွက်ကြောင့်လည်း ဆရာဇော်ဂျီ ကွယ်လွန်ခြင်း (၁၀) နှစ်ပြည့်အထိမ်းအမှတ် တသဂါရ၀ပြုပွဲကို ကြီး ကျယ်ခမ်းနားစွာ ဆင်ယင်ကျင်းပနိုင်အောင် သူတို့ ခက်ခက်ခဲခဲ အားထုတ်ကြိုးပမ်းခဲ့ကြခြင်း ဖြစ်ပေမည်။ ထို့ အတွက် မမေ့အပ်သောသူကို မမေ့တတ်သော ဖျာပုံမြို့သူမြို့သားများအား အထူးပင် ချီးကျူးဂုဏ်ပြုလိုက်ရပါ သည်။

အခမ်းအနား စီစဉ်ကျင်းပပုံမှာလည်း အလွန်ပင် ခန့်ညားလှပပြီး ဆရာဇော်ဂျီအား တက်ရောက်ဂါရ၀ပြုကြ သော ဖျာပုံမြို့သူမြို့သား ပရိသတ်များကလည်း သီရိအဏ္ဏ၀ါခန်းမတခုလုံး အပြည့်အလျှံပင်ဖြစ်သည်။ ‘သေ သောသူ ကြာလျှင်မေ့’ ဟူသော ဆိုရိုးစကား ရှိသော်ငြားလည်း ဆရာဇော်ဂျီအား မမေ့နိုင်ကြသည်မှာကား စဉ်း စားဖွယ်ရာပင် ဖြစ်ပေသည်။
*****
ဆရာဇော်ဂျီ သက်ရှိထင်ရှားရှိစဉ်ကာလက မြန်မာစာ၊ မြန်မာမှုနှင့် မြန်မာလူမျိုးတို့၏ အကျိုးအတွက် စေတနာ ရှေ့ထား ဆောင်ရွက်ခဲ့သည့် အမျိုးသားရေးလုပ်ဆောင်ချက်များကား အမြောက်အမြားပင်ဖြစ်ပါသည်။ ဇော်ဂျီ နှင့် မြန်မာကဗျာ၊ ဇော်ဂျီနှင့် ခေတ်စမ်းစာပေ၊ ဇော်ဂျီနှင့် ပြဇာတ်စာပေ၊ ဇော်ဂျီနှင့် ဘာသာပြန်စာပေ၊ ဇော်ဂျီနှင့် ဝေဖန်ရေးစာပေ၊ ဇော်ဂျီနှင့် ၀တ္ထုတို၊ ၀တ္ထုရှည်အတတ်ပညာ၊ ဇော်ဂျီနှင့် စာကြည့်တိုက်ပညာ၊ ဇော်ဂျီနှင့် သ မိုင်း၊ ဇော်ဂျီနှင့် ဒဿနစာပေ၊ ဇော်ဂျီနှင့် ပညာရေးဆိုင်ရာ ဆောင်ရွက်ချက်များ ... စသည် စသည်ဖြင့် ဆရာ ဇော်ဂျီနှင့် ခွဲခြားမရသော လုပ်ဆောင်ချက်များကား ဒုနဲ့ဒေးပင်ဖြစ်သည်။ ထိုသို့သော လုပ်ဆောင်ချက်များ ကြောင့်လည်း ဆရာဇော်ဂျီ၏ ကျေးဇူးတရားများကို ကျနော်တို့ မြန်မာတမျိုးသားလုံးက မမေ့နိုင်ကြခြင်းဖြစ်ပါ သည်။
*****
ဆရာဇော်ဂျီသည် ကိုယ်တိုင် လောကကောင်းကျိုးချမ်းသာအတွက် ဆောင်ရွက်ခဲ့ရုံမက ကျန်ရစ်သူ လောက လူသားတို့အားလည်း လူ့ပြည်လောက ကောင်းကျိုးအတွက် သူဖြစ်စေချင်သော ဆန္ဒမွန်ကို ကဗျာတပုဒ်ဖြင့် အလေးအနက် တိုက်တွန်းခဲ့ပါသေးသည်။

သင်သေသွားသော် ...

သြော် ... လူ့ပြည်လောက၊ လူ့ဘ၀ကား
အိုရ နာရ၊ သေရဦးမည်
မှန်ပေသည်တည့်။

သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

သင်၏ မျိုးသား၊ စာစကားလည်း
ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။

သင်ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း။ ။

ဇော်ဂျီ
(အိုးဝေမဂ္ဂဇင်း၊ အတွဲ ၅ - အမှတ် ၁၊ ဒီဇင်ဘာလ - ၁၉၃၅ ခုနှစ်)
*****
အချုပ်အားဖြင့် ဆိုရလျှင်မူ ဤကမ္ဘာပေါ်တွင် နေ့စဉ်နှင့်အမျှ လူများ မရေမတွက်နိုင်အောင် သေဆုံးနေကြပေ မည်။ သို့ရာတွင် သေပြီးလျှင် ပြီးသွားကြသူများက အများစုဖြစ်ပေသည်။ ဆရာဇော်ဂျီကဲ့သို့ သေဆုံးသွားခဲ့ သော်လည်း လောကဇာတ်ခုံပေါ်တွင် မပြီးဆုံးသေးသည့် လူပုဂ္ဂိုလ်ကြီးများမှာမူ လက်ချိုးရေတွက်၍ပင် ရပေ သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် လူတဦးချင်းသည် ရှင်စဉ်ကာလက မည်သို့မည်ပုံ နေထိုင်ခဲ့သည်ပင် ဖြစ်စေ သေဆုံးပြီးသောအခါ ကျန်ရစ်ခဲ့သော လူသားများ၏ စိတ်ကဗ္ပည်းတွင် ကာလရှည်ကြာစွာ အဓွန့်ရှည် တည်တံ့နေမည်မှာကား ငွေကြေးဥစ္စာမဟုတ်၊ ဘွဲ့ထူးဂုဏ်ဒြပ်များမဟုတ်၊ ဆွေစဉ်မျိုးဆက်များ မဟုတ်ဘဲ တ ဦးချင်း၏ စေတနာပါသော ကြီးမြတ်သည့် လုပ်ရပ်များသာဖြစ်သည်ဟု ထင်မြင်မိပါသည်။

လေးစားစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ
တာဝန်ခံအယ်ဒီတာ
မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း
(နိုဝင်ဘာလ၊ ၂၀၀၀ ပြည့်နှစ်)

No comments: