Tuesday, July 6, 2010

ကြေးစားစိတ်ဓာတ်

ရေးဖြစ်ခဲ့သော မြားနတ်မောင် တာဝန်ခံအယ်ဒီတာစကား (၂)
ကြေးစားစိတ်ဓာတ်
ဒေါက်တာလွဏ်းဆွေ

စာပေ၊ ဂီတ၊ ရုပ်ရှင်တည်းဟူသော အနုပညာလောကသည်လည်းကောင်း၊ အားကစားလောကသည်လည်း ကောင်း ရှေးယခင်ကာလများက အပျော်တမ်းသက်သက်မျှသာ ရေးသား၊ ဖျော်ဖြေ၊ ကစားခဲ့ကြရာမှ ယခုအခါ အသက်မွေးဝမ်းကျောင်းမှုအတွက် ၀င်ငွေအာမခံချက်ရှိသော (ပရိသတ်များ၏ အားပေးချီးမြှောက်မှုမှ ရရှိသော အခကြေးငွေကို ခံစားခွင့်ရှိသော) ကြေးစားလောကအဖြစ်သို့ ပီပီပြင်ပြင် ကူးပြောင်းရောက်ရှိလာသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရပြီဖြစ်သည်။

ယခင်က ၀ါသနာအရ ရေးကြ၊ ဆိုကြ၊ တီးကြ၊ မှုတ်ကြ၊ သရုပ်ဆောင်ကြ၊ ကစားခဲ့ကြသော်လည်း ယခုအခါ ၀င်ငွေရရှိမည့် အလုပ်အကိုင်များအဖြစ် ရည်မှန်းပြီး ထူးချွန်အောင်မြင်အောင် ကြိုးစားအားထုတ်လာကြသည် ကို တွေ့ရပေသည်။ ဥပမာအားဖြင့် ယနေ့အချိန်အခါတွင် ဟယ်ရီပေါ်တာ စာအုပ်ရေးသားသော စာရေးဆရာမ ဂျေကေရိုလင်းသည် ကမ္ဘာကျော် သန်းကြွယ်သူဌေး ဖြစ်လာသည်။ ဂျနီဖာလိုပက်ဇ်၊ ဘရစ်တနီစပီးယားစ်၊ အီ မီနမ် … အစရှိသည့် အဆိုတော်များသည်လည်း သန်းကြွယ်သူဌေးများ ဖြစ်လာသည်။ ဂျူလီယာရောဘတ်စ် ကဲ့သို့ သော ရုပ်ရှင်မင်းသမီးသည်လည်း ဇာတ်ကားတကား ရိုက်ကူးလျှင် ဒေါ်လာ (၃၆) သန်း ရရှိကာ သန်း ကြွယ်သူဌေး ဖြစ်နေသည်။ ဒေးဗစ်ဘက်ခမ်း ကဲ့သို့သော ဘောလုံးစူပါစတားသည်လည်း အောင်မြင်ကျော် ကြားမှုများနှင့်အတူ တပတ်လုပ်ခ ပေါင်တသိန်းကျော်နှင့် ကြော်ငြာခ၀င်ငွေများ၊ ကျော်ကြားကြေးများ ရရှိကာ သန်းကြွယ်သူဌေး ဖြစ်လာသည်ကို တွေ့ရပေသည်။

တနည်းအားဖြင့် ၀ါသနာပါရာ ပညာရပ်တခုခုကို ထူးချွန်အောင်မြင်အောင် လုပ်ဆောင်လိုသူများအတွက် အစ စအရာရာ လမ်းပွင့်နေပြီဟု ပြောရပေမည်။ ထူးချွန်အောင်မြင်ဖို့ ဆိုရာတွင်မူကား ကိုယ်ဝါသနာပါရာ ပညာရပ် ၌ ပါရမီဘယ်လောက်ပါသည်ကို ကိုယ်ကိုယ်တိုင် သိဖို့လိုသည်။ တစိုက်မတ်မတ် ဇောက်ချလုပ်ကိုင်ရဲဖို့လို သည်။ အစဉ်အမြဲ လုံ့လ၀ီရိယ စိုက်ထုတ်နေဖို့ လိုသည်။ သို့မှသာ အောင်မြင်မှု၏ အသီးအပွင့်များကို ဆွတ်ယူ စားသုံးနိုင်မည်ဖြစ်သည်။

သို့သော် အောင်မြင်မှု၏ အရသာကို ခံစား၊ စံစားရနိုင်သကဲ့သို့ စိတ်ဖိစီးမှုများနှင့်လည်း ကြုံတွေ့ရင်ဆိုင်ကြရ မည်မှာ ဓမ္မတာပင်ဖြစ်သည်။ ကိုယ့်နယ်ပယ်တွင် အတော်ဆုံး၊ အကောင်းဆုံး ဖြစ်နေအောင် ဘယ်လို ကြိုးစား အားထုတ်မည်၊ ပရိသတ်အားပေးမှု လျော့ကျမသွားအောင် ဘယ်လိုလုပ်ဆောင်မည် စသည့် စိတ်ဖိစီးမှုများကို နေ့စဉ်ရက်ဆက် ရင်ဆိုင်လာရနိုင်ပေသည်။

အထူးသဖြင့် ဘောလုံးလောကတွင် အထူးသိသာထင်ရှားလှသည်။ ချန်ပီယံဆုဖလား လေး ငါးလုံး ရယူပေး နိုင်ခဲ့သည့် ဂိုးသမားသည်လည်း တခါနှစ်ခါ အမှားအယွင်း လုပ်မိသည်နှင့် ချောင်ထိုးခံရသည်။ ဂိုးတွေ တဒိုင်း ဒိုင်းသွင်းခဲ့သည့် ရှေ့တန်းတိုက်စစ်မှူးသည်လည်း တချက်နှစ်ချက် ဘေးချော်ကန်မိသည်နှင့် နည်းပြ၏ ငြိုငြင် မှုကို ခံရသည်။ အုတ်တံတိုင်းသဖွယ် ပိတ်ဆို့ကာကွယ်ပေးခဲ့သည့် နောက်တန်းခံစစ်မှူးသည်လည်း တကြိမ်နှစ် ကြိမ် ပေါက်ထွက်သွားရုံနှင့် အရန်ခုံတန်းလျားသို့ အပို့ခံရသည်။ တကွင်းလုံး အကွက်ဖော် ကစားပေးသော အ လယ်တန်းသမားသည်လည်း ရံဖန်ရံခါ ကစားကွက်ပျက်လျှင် ပြစ်တင်ကြိမ်းမောင်းခြင်းခံရသည် (ဒေးဗစ်ဘက် ခမ်းသည်ပင် အာဆင်နယ်အသင်းကို ရှုံးခဲ့သည့်အတွက် နည်းပြ ဖာဂူဆန်၏ ဖိနပ်ပျံ ထိမှန်ပြီး မျက်ခုံးကွဲခဲ့ရဖူး ၏)။

အလားတူ အနုပညာလောကတွင်လည်း ပရိသတ်၏ အားပေးမှု လျော့ကျလာသည်နှင့် ထုတ်လုပ်သူ၏ လျစ် လျူရှုမှုကို ခံရစမြဲဖြစ်သည်။ ထို့အတွက် ကြေးစားသမားတို့သည် အမြဲတမ်း အကောင်းဆုံး အနေအထားရ အောင် ကြိုးစားနေရသည်။ အမှားအယွင်း မရှိအောင် လုပ်ဆောင်နေကြရသည်။ တနည်းအားဖြင့် ကြေးစား လောကတွင် အားနာမှုမရှိ၊ ခင်မင်မှုမရှိ၊ ထောက်ထားငဲ့ညှာမှုမရှိ၊ လက်ငင်းအကျိုးကိုသာကြည့်ပြီး လုပ်ဆောင် ကြသည်။ အကျိုးခံစားခွင့် ကြီးမားသလောက် စိတ်ဖိစီးမှုကလည်း ကြီးမားလှသည်။

အချုပ်အားဖြင့်ဆိုရလျှင် ၀ါသနာပါရာ ပညာရပ်ဖြင့် အသက်မွေးကျောင်းပြုလိုသူများသည် ထူးချွန်ထက်မြက် အောင်မြင်အောင် လုပ်ဆောင်နိုင်ရန် ကြေးစားစိတ်ဓာတ်မျိုး မွေးမြူဖို့တော့ လိုအပ်ပေသည်။ သို့သော် အောင် မြင်မှု၏ အရသာကို တရှိုက်မက်မက် ခံစားရင်း စိတ်ဖိစီးမှုဒဏ်မှ လွတ်မြောက်အောင် လုပ်ဆောင်တတ်ကာ လောကဓံတရားကို ခံနိုင်ရည်ရှိမှ အောင်မြင်မှုနှင့်အတူ နေပျော်သည့် ဘ၀ကို ရရှိပိုင်ဆိုင်နိုင်မည်ဟု ထင်မြင်မိ ပါသည်။

(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ အောက်တိုဘာလ၊ ၂၀၀၃ ခုနှစ်)

No comments: