Monday, June 28, 2010
နယ်သာလန် ရွေးကောက်ပွဲအတွေ့အကြုံ
ဇွန်လ (၉) ရက်၊ ဗုဒ္ဓဟူးနေ့ ...။
မနက်စောစော မိုးက တဖွဲဖွဲ။ နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့နားက စကစ်ပဟိုး Schiphol လေဆိပ်ကို ၀င်လာချိန်တွင် ရာသီဥတုက သိပ်မအေးလှ။
ထိုင်းမှာကတည်းက အီးမေးလ်ပို့ထားသည့်အတွက် အစီအစဉ်ကို အကြမ်းဖျဉ်း သိထားသည်။ နေ့လည်ပိုင်း မဲ ရုံတရုံသွားမည်။ ညဘက် ဆိုရှယ်လစ်ပါတီတွေ စုရုံးရာ အမ်စတာဒမ်မြို့လယ်ကောင်က စားသောက်ဆိုင်တခု ကို သွားမည်။ အဲဒီမှာ ပါတီဝင်တချို့နှင့် မိတ်ဆက်မည်။ ရွေးကောက်ပွဲသတင်းယူဖို့ ဗွီဒီယိုကင်မရာတလုံး ပါ လာသည်။
“ငါတို့နိုင်ငံက မင်းတို့နဲ့ ယှဉ်ရင်တော့ သတင်းထောက်တွေအတွက် နိဗ္ဗာန်ဘုံပဲ။ ပါလီမန်အဆောက်အဦထဲ လည်း ၀င်လို့ရတယ်။ နိုင်ငံရေးခေါင်းဆောင်တွေကိုလည်း ကြိုက်သလို မေးခွန်းထုတ်လို့ရတယ်”
ဇန်န၀ါရီလ ထိုင်းကို လာကတည်းက အဲလ်ဘတ်က သူ့နိုင်ငံအခြေအနေ ပြောပြထားသည်။ ရွေးကောက်ပွဲ ရက်ဆိုတော့ လမ်းမှာ လူစုလူဝေးတွေ တွေ့ရမည်။ မဲရုံတွေမှာလည်း လူတန်းရှည်ကြီး တွေ့ရမည်ဟု တွေးထား သည်။ လေဆိပ်မှာ နယ်သာလန်ကို လာနိုင်အောင် စီစဉ်ပေးသည့် နယ်သာလန်မီဒီယာတခုမှ အမျိုးသမီးက အပြုံးနှင့် ကြိုနေသည်။
“နောက်ဆုံးတော့ မင်း ဒီကို ရောက်လာတာပဲ”
သူက လက်ကို အားပါးတရဆွဲပြီး ရယ်ရယ်မောမော နှုတ်ဆက်သည်။ ဘန်ကောက်မှာ တလလောက် အခက် အခဲတွေ တခုပြီးတခုကြုံကာ အစီအစဉ် ပျက်လုပျက်ခင်ဖြစ်ပြီး နောက်ဆုံး အချိန်မီရုံလေး ရောက်လာသည့်အ တွက်လည်း သူက ပျော်နေပုံရသည်။ လေဆိပ်ကနေ ဟိုတယ်သွားသည့် တလမ်းလုံး အခက်အခဲတွေအ ကြောင်းပဲ မေးလာသည်။ ကျနော်က ပြီးခဲ့တာတွေကို သိပ်မပြောချင်။ သတ်မှတ်ချိန်ထက် (၃) ရက်လောက် နောက်ကျမှ ရောက်လာသည့်အတွက်လည်း ရွေးကောက်ပွဲကိစ္စကိုပဲ စိတ်လောနေမိသည်။
“ဘယ်လိုလဲ။ ဒီနှစ်ရွေးကောက်ပွဲက အရင်ရွေးကောက်ပွဲတွေထက်စာရင် စိတ်လှုပ်ရှားစရာကောင်းရဲ့လား”
“သိပ်စိတ်လှုပ်ရှားစရာ ကောင်းတာပေါ့။ ဘယ်ပါတီမှ အပြတ်အသတ် နိုင်မယ့်ပုံမရှိဘူး”
“မဲပေးပြီးပြီးလား၊ ဘယ်ပါတီကို ပေးခဲ့လဲ”
“မဲတော့ပေးမှာပါ၊ ဘယ်ပါတီဆိုတာ မသေချာသေးဘူး”
ဟိုတယ်မှာ မနက်စာအတူစားရင်း မေးတော့ သူ့အဖြေကို သိပ်အားမရ။ ဟိုတယ်မှာတော့ အစစအရာရာ အ ဆင်ပြေပြေဖြစ်အောင် စီစဉ်ပေးထားသည်။ သောကြာနေ့ကစပြီး သူ အပန်းဖြေခရီး သွားတော့မှာဖြစ်လို့ လို တာရှိရင် ခေါ်ရမည့် ဖုန်းနံပါတ်၊ (၁၀) ရက်အတွင်း အစီအစဉ်၊ မြို့ထဲမှာ ကား၊ ရထားစီးဖို့ ကတ်။ ထို့နောက် ဇွန်လ (၂၀) ရက်နေ့ ကျနော် ပြန်သည်အထိ သူ အပန်းဖြေခရီးက ပြန်ရောက်မှာ မဟုတ်သည့်အတွက် အပြီး နှုတ်ဆက်ပြီး ပြန်သွားသည်။
အခန်းထဲ ခဏပြန်ပြီး ထိုင်းမှာကတည်းက ပြင်ဆင်လာသည့် အချက်အလက်တွေကို ပြန်ကြည့်သည်။ ပါတီ ပေါင်း (၁၀) ပါတီ ရွေးကောက်ပွဲဝင်ကြမည်။ ကြိုတင်စစ်တမ်းတွေအရ ဒတ်ခ်ျလေဘာပါတီ (ပီဗွီဒီအေ) နှင့် ပြည်သူ့လွတ်မြောက်ရေးနှင့် ဒီမိုကရေစီပါတီ (ဗွီဗွီဒီ) တို့ ထိပ်က ပြေးနေသည်။ လက်ရှိညွန့်ပေါင်းအစိုးရကို ဦး ဆောင်နေသည့် ခရစ်ယာန်ဒီမိုကရက်ပါတီကတော့ စစ်တမ်းတွေအရ လွတ်တော်အမတ်နေရာ တ၀က်ခန့် ကျသွားနိုင်သည်။ ထူးခြားတာကတခုက မွတ်စလင်များနှင့် ပြည်ပက ပြောင်းရွှေ့အခြေချသူများကို မလိုလား သည့် လွတ်မြောက်ရေးပါတီ (ပီဗွီဗွီ) အခြေအနေကောင်းနေသည်။ နယ်သာလန်မှာ (၁၉) ရာစုကစလို့ ဘယ် ပါတီမှာ တပါတီတည်း အစိုးရဖွဲ့နိုင်ခဲ့တာမရှိ။ ညွန့်ပေါင်းအစိုးရပဲ ဆက်တိုက်အုပ်ချုပ်လာသည်။
အမ်စတာဒမ်ကနေ သဟိတ်ကို နာရီဝက်လောက် ရထားစီးသွားရမည်။ အမ်စတာဒမ်က မြို့တော်။ သဟိတ်က အစိုးရရုံးစိုက်ရာမြို့ဖြစ်သည်။ နိုင်ငံတကာတရားရုံးတွေလည်း သဟိတ်မှာ အခြေစိုက်သည်။ အဲဒီမှာ အဲလ် ဘတ်နှင့် တွေ့မည်။ ဒီမှာနေမည့် နှစ်ပတ်လုံး သူနှင့် အနီးကပ် အလုပ်လုပ်ရမည်။ အသေးစိတ် အစီအစဉ်တွေ အားလုံး သူ့အစီအစဉ်တွေချည်းဖြစ်သည်။ ပထမ ပါလီမန်အဆောက်အဦဆီ သွားကြသည်။
“ဟိုဘက်ကို သွား၊ ဟိုဘက်ကိုသွား”
ပါလီမန်ဝင်း၏ ၀င်ပေါက်မှာ အရပ် (၇) ပေကျော်သည့် လုံခြုံရေးအစောင့်က သွားရမည့် ၀င်ပေါက်ဘက်ကို လက်ဝှေ့ယမ်းပြသည်။ ပါလီမန်အဆောက်အဦးက သက်တမ်းအတော်ရင့်နေပြီ။ အဟောင်းတွေကို မဖျက်ဘဲ ထိန်းသိမ်းထားသည်။ အစည်းအဝေးတွေ ကျင်းပရန် အဆောက်အဦးအသစ်တွေကို အဟောင်းတွေနှင့် ယှဉ် ပြီး ဆောက်ထားသည်။ ၀န်ကြီးချုပ်ရုံးခန်းကလည်း အမိုးချွန်ချွန်နှင့် ဟောင်းနေပြီ။ သို့သော်လည်း ၀န်ကြီးချုပ် တွေက အစဉ်အလာအရ အဲဒီမှာပင် ရုံးထိုင်ကြသည်။
ပါလီမန်ဝင်း၏ အလယ်ခေါင် မြေကွက်လပ်တွင် သတင်းသမားတွေ၊ အလည်အပတ်လာသူတွေကို ဟိုတစုဒီ တစု တွေ့ရသည်။ လုံခြုံရေးဆိုလို့ အပေါက်ဝတွင် တွေ့ခဲ့သည့် လုံခြုံရေးအစောင့်တယောက်ပဲ တွေ့သည်။ ပါ လီမန်အဆောက်အဦးထဲဝင်ပေါက်တွင် ကား သုံးလေးစီးလောက် ရပ်ထားသည်။ ဂလန်ဂလားအစောင့်ကြီး ကားတစီးနား ဘယ်ချိန်ရောက်လာသည်မသိ။ ကားရှေ့ခန်းက မျက်မှန်နှင့် လူတယောက် ထွက်လာပြီး အ စောင့်ကို ကိုယ်ချင်းပွေ့နှုတ်ဆက်သည်။ ကင်မရာ မီးရောင်တွေ တဖျတ်ဖျတ်ထဲ မျက်မှန်နှင့်လူက ရယ်ရယ် မောမော …။
“အဲဒါ လစ်ဘရယ်ပါတီက ခေါင်းဆောင်ပဲ၊ ငါတို့ နိုင်ငံရဲ့ ၀န်ကြီးချုပ်လောင်းပဲ”
အဲလ်ဘတ်က အားတက်သရော ပြောသည်။ အဲဒီတော့မှ ၀န်ကြီးချုပ်လောင်း၏ ကား ၀င်းထဲကနေ ပြန်ထွက် ရန် အစောင့်က ၀င်ပေါက်တွင် လမ်းရှင်းနေမှန်းသိတော့သည်။
“ဟေ့ ... မင်းတို့ဝန်ကြီးချုပ်လောင်းကလည်း လုံခြုံရေးမရှိသလောက်ပါပဲလား။ ငါတို့ဆီမှာဆိုရင်တော့ အနည်း ဆုံး (၂) ပတ်လောက် လုံခြုံရေးကြိုချထားမယ် ထင်တယ်”
အဲလ်ဘတ်က ရယ်နေပါသည်။ လွှတ်တော်ဝင်းအတွင်း လမ်းလျှောက်ကြည့်ကြသည်။ လုံခြုံရေးဆိုလို့ အရိပ် အယောင်ပင်မမြင်ရ။ တနေရာမှာတော့ ရဲတွေ အစုလိုက် တွေ့လိုက်ရသည်။ ရဲအစစ်တွေတော့ မဟုတ်။ အရုပ် တွေဖြစ်သည်။ ဥရောပသမဂ (အီးယူ) နိုင်ငံအားလုံးက ရဲတွေကို အရုပ်နှင့် ပြထားသည်။ အရုပ်ရေးပြရတယ် ဆိုတာ ဒါမျိုးဖြစ်မည်။
“ငါတို့နိုင်ငံက ချမ်းသာပြီးသား၊ လုံခြုံပြီးသားဆိုတော့ နိုင်ငံရေးမှာ သိပ်ကြီးမားတဲ့ အပြောင်းအလဲ မလိုအပ်ဘူး လေ။ ရွေးကောက်ပွဲတိုင်းမှာ ဘယ်ပါတီမှလည်း အပြတ်အသတ် အနိုင်မရဘူး။ ညွန့်ပေါင်းအစိုးရ ဖွဲ့ရတယ်။ တ ကယ်တမ်း ပါတီတွေရဲ့ မူဝါဒတွေကလည်း အရမ်းကြီး ကွာခြားလှတယ်မဟုတ်ဘူး။ ဒါပေမယ့် ညွန့်ပေါင်းအစိုး ရဆိုတော့ အပြန်အလှန် ထိန်းညှိသွားနိုင်တာပေါ့။ ဒါကပဲ ငါတို့ နိုင်ငံမှာ နိုင်ငံရေးတည်ငြိမ်မှုရဲ့ လျှို့ဝှက်ချက်ပဲ လို့ ငါတော့ ထင်တယ်”
သူတို့နိုင်ငံနှင့် သူတို့စနစ်ကတော့ မှန်သည်ဟု ထင်သည်။ နိုင်ငံတခု မှန်ကန်သည့်လမ်းကြောင်းပေါ် ရောက် နေပြီဆိုရင် တည်ငြိမ်အောင် ထိန်းသွားရုံပဲရှိမည်။ လမ်းကြောင်း မှားနေလျှင်လူ ကြီးမားသည့် အပြောင်းအလဲ က သေချာပေါက်လိုအပ်မည်ဖြစ်သည်။ သမိုင်းတွင် ကြီးမားသည့် တော်လှန်ရေးတွေ ဖြစ်ပေါ်ခဲ့ခြင်းသည် ဤ သဘောပင်။ နိုင်ငံရေးစနစ်တည်ငြိမ်ရေးနှင့် လမ်းကြောင်းမှန်ပေါ်ရောက်ရေး တနည်းအားဖြင့် တည်ငြိမ်ရေး နှင့် တော်လှန်ရေး ဘယ်ဟာက အရင်ဖြစ်သင့်သနည်းဟု တွေးနေမိသည်။
“ကဲ … ရောက်ပြီ”
ကားက အဆောက်အဦးတခု၏ ဘေးတွင် ရပ်သွားသည်။ အဆောက်အဦး စင်္ကြန်လေး အတိုင်သွားပြီး ဘယ် ဘက်သို့ ချိုးဝင်လိုက်သည့်အခါ စာကြည့်တိုက်တခုဖြစ်နေသည်ကို တွေ့ရသည်။
“မဲရုံက ဒီနေရာမှာပဲ”
ညနေ (၃) နာရီကျော်နေပြီ။ မဲရုံဆိုသဖြင့် မဲပေးမည့် လူတွေ တန်းစီစောင့်နေကြမည်ဟု ထင်ထားသည်။ ကင် မရာ တပြင်ပြင်နှင့် လာခါမှ ခုတော့ ဘာကိုရိုက်ရမှန်းမသိ ဖြစ်နေသည်။ စားပွဲရှည်တလုံး ရှေ့ချပြီး လူ (၄) ယောက် အေးအေးသက်သာ ထိုင်နေကြသည်။ မဲရုံမှူးတွေပေါ့။ အလယ်က အမျိုးသမီးကြီးယောက်ဆီသွားပြီး အဲလ်ဘက်က မိတ်ဆက်သည်။ မဲရုံထဲ ဓာတ်ပုံရိုက်ခွင့်တောင်းတော့ “ရိုက်ချင်သလို ရိုက်ပါ၊ မဲပေးတဲ့ နေရာက တော့ လျှို့ဝှက်မဲပေးစနစ်ဆိုတော့ အဲဒါလေးတော့ ချန်ထားပါ” တဲ့။
တယောက်စ နှစ်ယောက်စ မဲပေးဖို့ လာနေကြသည်။ တချို့က ကလေးတွေပါ ခေါ်လာသည်။ အိမ်အရောက် ပို့ထားသော မဲပေးခွင့် မှတ်ပုံတင်ကတ်ပြလေးပြ၊ မဲရုံမှူးတွေက မဲစာရွက် ထုတ်ပေး၊ ရှေ့ခြေလှမ်း (၁၀) လောက် မဲပေးသည့် နေရာကိုသွားပြီး လျှို့ဝှက်မဲပေး၊ ပြန်လှည့်လာ၊ မဲပုံးထဲ မဲစာရွက်လေးထည့်၊ ပြီးပြီ။
မဲပေးသည့် လူတွေရော၊ မဲရုံမှူးတွေပါ အေးအေးသက်သာ၊ ရယ်ရယ်မောမော။ စာကြည့်တိုက်ထဲ စာအုပ်ကြည့် သူကတွေကလည်း ပုံမှန်။ ကလေးတွေကလည်း ပြေးပြေးလွှားလွှားလွှား။ မဲလာပေးသည့် လူတွေကလည်း ဈေး ၀ယ်ထွက်ရင်း၊ အလုပ်ပြန်ရင်း၊ ကလေးကျောင်းကြိုရင်း မဲပေးနေကြပုံရသည်။
“အရင်တုန်းကတော့ ဘယ်သူက ဘယ်မဲရုံမှာ မဲပေးရမယ်လို့ သတ်မှတ်ထားတယ်။ အရမ်းတင်းကျပ်လွန်း အားကြီးတော့ နောက်ပိုင်း ကိုယ့်နဲ့ အဆင်ပြေတဲ့ဆီမှာပဲ မဲပေးဆိုပြီး လုပ်လိုက်တာလေ။ ဧရိယာတခုမှာ မဲရုံ (၂) ရုံ (၃) ရုံရှိတယ်လေ။ ကိုယ်အဆင်ပြေတဲ့ ဆီသွားပေးပေါ့၊ မဲရုံတ၀ိုက်မှာ နိုင်ငံရေးစကားတော့ မပြောရ ဘူး၊ ပါတီတခုခုကို မဲပေးဖို့ စည်းရုံးတာမျိုး မလုပ်ရဘူး”
မဲရုံမှူး အမျိုးသမီးက ရှင်းပြသည်။ မဲရုံပတ်ပတ်လည်တွင် နယ်သာလန်ကြံ့ဖွံ့တွေ၊ စွမ်းအာရှင်တွေ ရှိလေမ လားဟု သံသယနှင့် ကြည့်မိသည်။ မတော် ဘယ်ကလဲ၊ ဘာလာလုပ်တာလဲ စသဖြင့် မေးနေရင်ဒုက္ခ။ သို့ သော် မဲရုံတ၀ိုက် ကင်မရာ တကားကား၊ မယောင်မလည်၊ မူမမှန်ဖြစ်နေသည်က မဲရုံထဲမှ ထွက်လာသူတွေကို အင်တာဗျူးဖို့ စောင့်ကြည့်အကဲခတ်နေသည့် မိမိတို့အဖွဲ့တဖွဲ့သာရှိသည်။
“ဘယ်ပါတီကို မဲပေးလိုက်လဲ”
“D66”
“ဘာလို့ပေးလိုက်တာလဲ”
“ကျန်းမာရေး ပေါ်လစီကို ကြိုက်လို့လေ၊ ကျန်းမာရေးပေါ်လစီမှာ D66 က နံပါတ်ဝမ်းပဲ”
“အန်ကယ်တို့ ဇနီးမောင်နှံက D66 ရဲ့ အမာခံ ပရိသတ်တွေပေါ့”
“မဟုတ်ဘူး။ ဒီနှစ်မှ D66 ကို မဲပေးတာ၊ မနှစ်တုန်းက ခရစ်ယာန်ဒီမိုကရက်ကို ပေးတာ”
“ဘာလို့ စိတ်ပြောင်းသွားတာလဲ”
“လက်တွေ့လုပ်ရပ်တွေအပေါ် မူတည်သွားတာပေါ့ (ရယ်လျက်)”
“D66 အနိုင်ရမယ်ထင်လား”
“မထင်ဘူး”
“နိုင်မယ့် ပါတီကို ဘာလို့မပေးတာလဲ”
“D66 က အနိုင်ရတဲ့ ပါတီကြီးတွေကြားထဲမှာ ပေါင်းကူးပေးမယ့် ပါတီလေ”
“ဒါကြောင့် မဲပေးတာ”
ဦးထုပ်ဆောင်းထားသည့် အသက် (၇၀) အရွယ် ပင်စင်စားကြီးက မေးသမျှဖြေသည်။ အနားတွင် မတ်တပ်ရပ် နေသည့် သူ့ဇနီးက အဘိုးကြီးပြောသမျှ ထောက်ခံသည်ဆိုသည့် မျက်နှာမျိုးနှင့် တပြုံးပြုံး။ သဟိတ်မြို့က လွှတ်တော်ဝင်းထဲတွင် အဲလ်ဘတ်ပြောခဲ့သော သူတို့နိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်မှု၏ လျှို့ဝှက်ချက်ဆိုတာကို ပြန်သတိရသည်။
“ဒီလူတွေက တပါတီတည်းကို အတည်တကျ မဲပေးလေ့မရှိဘူး။ ဒီနှစ် ဒီပါတီကို ပေးမယ်၊ နောက်လေးနှစ်ကြာ ရင် နောက်တပါတီကို ကြိုက်ရင် ပေးပြန်ရော”
အဲလ်ဘတ်က သူတို့နိုင်ငံက မဲဆန္ဒရှင်တွေ အစွဲမကြီးပုံ၊ နိုင်ငံရေးရေချိန်မြင့်ပုံတွေကို ပြောသည်။ သို့သော် လွတ်မြောက်ရေးပါတီ (ပီဗွီဗွီ) အခြေအနေ ကောင်းနေခြင်းကိုတော့ သူမကြိုက်။ ကျနော်က ထိုင်းမှာကတည်း က ပီဗွီဗွီပါတီခေါင်းဆောင်၏ မိန့်ခွန်းတွေကို အင်တာနက်ကနေ ဒေါင်းလုတ်လုပ်ပြီး နားထောင်ဖူးနေသည်။
“ဟေ့ အဲလ်ဘတ်။ ပီဗွီဗွီသာ အာဏာရလာရင် ဂျာမနီမှာ ဟစ်တလာ အာဏာရတုန်းက ဂျူးတွေ နှိပ်ကွပ်ခံရ သလို။ နယ်သာလန်မှာလည်း မွတ်စလင်တွေနဲ့ နိုင်ငံခြားကနေ ပြောင်းရွှေ့အခြေချတဲ့လူတွေ နှိပ်ကွပ်ခံရမယ် ထင်တယ်”
ကျနော်က ခေါင်းထဲပေါ်လာသည့် အတွေးကို ပြောရင်း အဲလ်ဘတ်ဆီက အမြင်ကိုပါ တောင်းလိုက်သည်။
“အဲဒီအခါကျရင်တော့ ငါတော့ မင်းတို့ မြန်မာပြည်လာပြီး နိုင်ငံရေးခိုလှုံခွင့် တောင်းမယ်လေ။ မကောင်းဘူး လား”
“ဟား ဟား”
အဲလ်ဘတ်က အရွှန်းဖောက်သည်။
နောက်တနေ့ ရွေးကောက်ပွဲရလဒ်တွေ ထွက်လာတော့ မှန်းထားသည့်အတိုင်း ပြည်သူ့လွှတ်မြောက်ရေးနှင့် ဒီမိုကရေစီ (ဗွီဗွီဒီ) က အမတ်နေရာ (၃၁) နေရာနှင့် အနိုင်ရပါတီ။ ဒတ်ခ်ျလေဘာပါတီ (ပီဗွီဒီအေ) က အမတ် နေရာ (၃၀)၊ အစ္စလာမ်ဆန့်ကျင်ရေးပါတီ (ပီဗွီဗွီ) ပါတီက အမတ်နေရာ (၂၄)။ အာဏာလက်ရှိ ခရစ်ယာန်ဒီမို ကရက် (၂၁)။ ဆိုရှယ်လစ်ပါတီက (၁၅) နေရာ။ တခြားပါတီငယ်တွေလည်း (၁၀) နေရာအောက် အသီးသီးရ ကြသည်။
“ငါ ခန့်မှန်းတာကတော့ ဒီတခါ ညွန့်ပေါင်းမှာ အများဆုံး အမတ်နေရာရတဲ့ လစ်ဘရယ်ပါတီရယ်၊ ခရစ်ယာန်ဒီ မိုကရက်ရယ်၊ (မင်းသူငယ်ချင်းရဲ့ ပါတီ) ပီဗွီဗွီရယ် ထင်တယ်ကွာ။ ကမ္ဘာကို ဘယ်လို မျက်နှာပြရမယ်မှန်း တောင် မသိပါဘူးကွာ”
“ဒါဖြင့် နောက်တခါ ရွေးကောက်ပွဲကျရင်တော့ ပီဗွီဗွီက အမတ်အများဆုံးနဲ့ အာဏာရပါတီဖြစ်မယ် ထင်တယ် နော်။ အဲဒီအခါကျရင် မွတ်စလင်ကမ္ဘာနဲ့ နယ်သာလန်က ရန်သူတော်တွေ ဖြစ်သွားတော့မှာပဲ။ အခု အမေရိ ကား ရင်ဆိုင်နေရသလိုမျိုးပေါ့။ လမ်းဘေးဗုံးတွေ၊ အသေခံဗုံးတွေနဲ့ နယ်သာလန်လည်း အီရတ်လိုဖြစ်သွားမှာ သေချာတယ်”
ဒီတခါပေးလိုက်သည့် ဥပမာက ရက်စက်လွန်သွားသည်ထင်သည်။ အဲလ်ဘတ်ဆီက နောက်ထပ် ဘာစကား မှ ထွက်မလာတော့။ သူ့နိုင်ငံ၏ အနာဂတ်အရေး တွေးနေပုံရသည်။ ကားစက်နှိုးထားသော်လည်း ချက်ချင်းမ မောင်းသေးဘဲ အဝေးတနေရာဆီ ငေးကြည့်နေသည်။
နေသွင်ညိဏ်း
ဇွန်လ (၁၃)၊ ၂၀၁၀
Subscribe to:
Post Comments (Atom)
No comments:
Post a Comment