ဒေါက်တာလွဏ်းဆွေ
ကိုယ်ပိုင်ဘလော့ဂ် လွှင့်တင်ခဲ့ချိန်မှစ၍ ကျနော် ညအိပ်ခရီး မထွက်ဖြစ်သည်မှာ ကြာပြီ။ ဘလော့ဂ်တင်ဆက် ချင်သည့်ဇောကြောင့် (ယခုအချိန်အထိ လူကြားထဲ လက်ဘ်တော့ပ် ကွန်ပျူတာကလေး ရှေ့ချပြီး လုပ်တတ် ကိုင်တတ်သည့် အလေ့အကျင့်ကလည်း မရှိသည့်အတွက်ကြောင့်) ကျနော်နေထိုင်ရာ အနီးအနားတ၀ိုက်ရှိ နေရာဒေသများသို့သာ နေ့ချင်းပြန်ခရီးမျိုး သွားဖြစ်သည်။ ပြီးသည်နှင့် ၀ပ်ကျင်းရှိရာဆီ အလျင်အမြန် ပြန်ပြေး ပြီး လုပ်မြဲဘလော့ဂ်အလုပ်ကို လုပ်လိုက်ကိုင်လိုက်ရမှ နေသာထိုင်သာသလိုရှိကာ စားဝင်အိပ်ပျော်လေတော့ သည်။
ထိုထိုသော ဇောအဟုန်ကြောင့် ဘလော့ဂ်စတင်လွှင့်တင်သည့် (ရွှေဝါရောင်သံဃာတော်များ စတင်စီတန်း လမ်းလျှောက်သည့်) ၂၀၀၇ စက်တင်ဘာ (၁၈) ရက်နေ့မှစ၍ (၃) နှစ်ပြည့်လုပြည့်ခင် ယနေ့အချိန်အထိ ပို့စ်မ တင်ဖြစ်သည့်နေ့ မရှိသလောက်ဖြစ်သည်။ ဘလော့ဂ်တင်ဆက်ရသည်ကို ၀ါသနာလည်းပါ၊ မြန်မာ့ဒီမိုကရေစီ အောင်လံကို ပန်းတိုင်အရောက် သယ်ဆောင်နိုင်ရေးအတွက် မိမိတနိုင်တပိုင် ၀င်ရောက်ထမ်းပိုးရာတွင် ဘ လော့ဂ်၏ အစွမ်းအာနိသင်အပေါ် စူးစူးနစ်နစ် ယုံကြည်ထားချက် ရှိသည့်အတွက်ကြောင့်လည်း ငွေမရ ကြေးမ ရ၊ မျက်စိညောင်း ခါးကိုက်သည်ကို မမှုဘဲ မောရပန်းရမှန်းမသိ နေ့စဉ်ရက်ဆက် တင်ဆက်နေမိခြင်းဖြစ်ပါ သည်။
သို့သော် ယခုတလောတွင် အဖိဆစ်ဝေ့ချာချီဝ အုပ်စိုးတော်မူနေသော ယိုဒယားရွှေပြည်ကြီး၌လည်း မည်သို့ မည်ပုံဖြစ်နေသည်မသိ။ အင်တာနက်ကွန်နက်ရှင်က မကောင်း၊ ဘလော့ဂ်စီဘောက်ကလည်း ဖတ်မရ၊ ရေးမ ရ၊ ထိန်းချုပ်မရ ဖြစ်နေ၍ စီဘောက်ကို ခေတ္တဖြုတ်ထားရသည် (ယခုမူ နောက်စီဘောက်အမျိုးအစား တခု ပြောင်းတပ်ထားသည်။ ဘလော့ဂ်အားပေးသူတချို့က စီဘောက်မရှိလျှင် ‘မောင်မနေတတ်ဘူး’ ဟု ညည်း တွားကြသဖြင့် ကြိုးစားဖြည့်ဆည်းပေးထားခြင်းဖြစ်သည်။)။ ဤသို့ ကမောက်ကမ ဖြစ်နေခြင်းများအပေါ် တ ချို့က ရှပ်နီတွေ ဆန္ဒပြပြီး စီဘောက်တွေကနေ ထိုးနှက်တိုက်ခိုက်နေလို့ အစိုးရက ဘန်းထားတာဟုတမျိုး၊ တချို့က ကွန်နက်ရှင်မကောင်းတာ ကုမ္ပဏီက လိုင်းတွေ ပြင်နေလို့ ဖြစ်နေတာဟုတဖုံ ထင်ရာမြင်ရာတွေ ပြောကြသည်။ ဘယ်ဟာ အမှန်လဲ ကျနော်မသိ။ သေချာသည်ကတော့ အင်တာနက်ကွန်နက်ရှင်မှာ ဘ လော့ဂ်လုပ်နေရင်း နှေးသွားလိုက်၊ ပြတ်တောင်းပြတ်တောင်း ဖြစ်သွားလိုက်နှင့် ကျနော့်မှာ စိတ်သွားတိုင်း ကိုယ်မပါဘဲ ဆန့်ငင်ဆန့်ငင်နှင့် အကြောမဆွဲရုံတမယ် ဖြစ်နေတော့သည်။
သို့နှင့် တနေ့တာအချိန်အတောအတွင်း ၀မ်းရေးအတွက် လွမ်းတေးသီပြီး အားလပ်ခိုက်တွင် ဆိုင်ကယ်စုတ် လေးကို အားကိုးသမှုပြုကာ အင်တာနက်ကဖေးဆိုင်သို့ ပြေးလိုက်၊ မြန်မာနိုင်ငံဆေးပညာရှင်များအသင်းရုံးရှိ နိုက်တင်ဂေးလ်ကျန်းမာရေးဂျာနယ် လုပ်ကိုင်ရာ ကွန်ပျူတာကလေးဆီ ပြေးလိုက်၊ ကိုမိုးကြိုးထံ ဖုန်းဆက် အ ကူအညီတောင်းပြီး ဂျေအေစီဘီအေရုံးမှ ကွန်ပျူတာဆီသို့ ပြေးလိုက်၊ ကျနော်၏ ၀ပ်ကျင်းလေးထဲတွင် ကွန် နက်ရှင် ပြန်ကောင်းနေပြီလား ပြန်ပြေးကြည့်လိုက်နှင့် တယောက်တည်း ဒေါင်ချာစိုင်းကာ မသောက်ဘဲ မူးနေ ၍ ဤအတောအတွင်း ငွေကုန်ကြေးကျ အထူးသက်သာနေပါတော့သည်။
ထိုသို့ အင်တာနက်ကွန်နက်ရှင် ဆန့်ငင်ဆန့်ငင်၊ ပြတ်တောင်းပြတ်တောင်း ဖြစ်နေရာမှ တရက်သားတွင် ဟို နေရာပြေးလည်း ကွန်နက်ရှင် အဆင်မပြေ၊ ဒီနေရာပြေးလည်း ကွန်နက်ရှင် အဆင်မပြေနှင့် မတတ်နိုင်သည့် အဆုံး လက်မှိုင်ချကာ စောစောပင် စက်တော်ခေါ်လိုက်ရတော့သည်။ သို့နှင့် နေ့စဉ်တင်ဆက်နေကျ ‘မြန်မာ့ ရေးရာ သတင်းပဒေသာ’ သတင်းလင့်ခ်လောက်ကိုပင် မတင်ဆက်လိုက်ရသည့် ညတချို့ ရှိသွားခဲ့သည်။
ဤသို့ဤနှယ် အင်တာနက်ကွန်နက်ရှင် လုံးဝမကောင်းသည့်အတွက် ငယ်ငယ်က ကြည့်မောခဲ့ရသည့် တရုတ် သိုင်းကားထဲက မင်းသား ‘ဒေးဗစ်ချန်း’ လို ‘လက်တဖက်ပြတ် ဓားသမား’ ဖြစ်နေခိုက် ညအိပ်ခရီး မထွက်ဖြစ် သည်မှာ အတော်ကြာပြီဖြစ်သော ကျနော့်အား မြန်မာနိုင်ငံဆေးပညာရှင်အသင်း (BMA) မှ အီးစီများက ည အိပ်ရမည့် ခရီးတခု မဖြစ်မနေ သွားပေးရန် အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် တာဝန်ပေးလာပါသည်။ အဖွဲ့အ စည်းမှ ပေးအပ်သည့် တာဝန်ဖြစ်သည့်အတွက် ကျနော်လည်း ငြင်းဆန်ခြင်းအမှု မပြုတော့ဘဲ သွားပေးမည်ဟု ရှောရှောရှူရှူ ကတိပြုလိုက်သည်။
သို့နှင့် ခရီးမထွက်မီ ဘလော့ဂ်ပို့စ်များ အကြွေးမပိအောင် တင်ဆက်၍ရလိုရငြား ဇွန်လ (၄) ရက်နေ့ (သော ကြာနေ့) ညတွင် (ကျနော်၏ ၀ပ်ကျင်း၌လည်း ကွန်နက်ရှင် လုံးဝမကောင်းသဖြင့်) BMA ရုံး၌ ရသလောက် သွားလုပ်ရန် ည (၈) နာရီခွဲလောက်တွင် မအိပ်ဆေးကို သယ်ဆောင်၍ ရုံးသို့ ချီတက်ခဲ့၏။ ရုံးရောက်သည့်အ ခါတွင်လည်း အင်တာနက်ကွန်နက်ရှင်မှာ ဘလော့ဂ်ကိုပင် ဖွင့်မရအောင် နှေးကွေးနေသဖြင့် မအိပ်ဆေးကို အ ရင်းတည်ကာ ရုံးတွင်နေထိုင်သည့် မြောက်ပိုင်းသား လူလိမ္မာလေး အယ်လ်ဘရန်ဂျာနှင့် ခြေရည်တူကစားရင်း ကွန်နက်ရှင်ကောင်းမည့်အချိန်ကို ကျနော် စောင့်ဆိုင်းနေမိတော့သည်။
ကျနော်က မအိပ်ချင်မချင်း ပို့စ်တွေ ရသလောက်တင်ဆက်ခဲ့ပြီး ခရီးထွက်မည့်အကြောင်း ဘလော့ဂ်အားပေး သူများကို အသိပေးရေးသားခဲ့မည်ဟု စိတ်ကူးထားခြင်းဖြစ်သည်။ သို့သော် ညဥ့်နက်သည်အထိ အင်တာနက် ကွန်နက်ရှင်က ပြန်ကောင်းမလာ၊ ထို့အပြင် ကျနော် ယူဆောင်သွားသည့် မအိပ်ဆေး၏ တန်ခိုးကလည်း ဆန့် ကျင်ဘက် အာနိသင်ကို ပြသလာသည့်အတွက် နံနက် (၁) နာရီထိုးလောက်တွင် မည်သို့မျှ မဟန်နိုင်တော့ဘဲ ရုံးမှာပင် ကျနော် လဲလျောင်းအိပ်စက်လိုက်ရတော့သည်။
မျက်လုံးပြန်ပွင့်ပွင့်ချင်း အိပ်ရာမှ လူးလဲထပြီး ကွန်ပျူတာကို အပြေးအလွှား ဖွင့်ကြည့်ရာတွင်လည်း ကွန်နက် ရှင်က ဒုံရင်းဒုံရင်းအတိုင်းသာ ဖြစ်နေသည့်အတွက် ဘလော့ဂ်အားပေးသူများသို့ ၀ါကျတကြောင်းတလေမျှ ပင် အသိပေးရေးသားနိုင်ခြင်းမရှိတော့ဘဲ ခရီးထွက်ခဲ့ရလေတော့သည်။ သို့နှင့် ဘလော့ဂ်နှင့် ကျနော် (သော ကြာ၊ စနေ၊ တနင်္ဂနွေ) သုံးရက်ခန့် အဆက်ပြတ်သွားပြီး ကျနော်လည်း သီးခြားကမ္ဘာတခုထဲ ခေတ္တရောက်ရှိ သွားပါတော့သည်။
ပြန်ရောက်သည်နှင့် ဘလော့ဂ်ပို့စ်မတင်ဘဲ ကျနော် ပျောက်ချင်းမလှပျောက်နေသည်ကို စိုးရိမ်ပူပန်သည့် ရပ် နီးရပ်ဝေးရှိ မိတ်ဆွေများထံမှ ဖုန်းတွေ တဂွမ်ဂွမ်ဝင်လာသည်။ ကျနော့်မှာ လာသမျှ ဖုန်းတွေကို ဒိုင်ခံဖြေကြား ရင်း၊ အသိမပေးဘဲ ခရီးထွက်သွားသည်ကို တောင်းပန်ရင်း ကျနော် အလတ်ကြီးရှိပါသေးကြောင်း မိတ်ဆွေ များ စိတ်အေးအောင် ရယ်ရယ်မောမော ရှင်းပြနေရသည်။ စီဘောက်အသစ်တွင်လည်း ကျနော့်အတွက် စိုးရိမ် ပူပန်သူများက ဘလော့ဂ်ပို့စ်အသစ်မတက်သည့်အတွက် စိုးရိမ်ကြောင်း ရေးသားထားသည်များကို ဖတ်ရှုရ သကဲ့သို့ “ဒေါက်တာလွဏ်းဆွေ အမူးလွန်ပြီး မဲဆောက်ဆေးရုံမှာ သေသွားပြီ” ဟုတဖုံ၊ “ဒေါက်တာလွဏ်း ဆွေရေ … အမျှ … အမျှ၊ ဒီဘလော့ဂ်လေး ကျန်ခဲ့တာပဲ အမှတ်တရပေါ့” ဟုတနည်း ကျနော့်အား မေတ္တာပို့သ ထားသူများ၏ အရေးအသားများကိုလည်း ဖတ်ရှုရပေ၏။
ထိုသို့ဖတ်ရှုရသည့်အခိုက်တွင် တခါက နာရေးမှတ်တမ်းတခု၌ ဖတ်ရှုခဲ့ရသည့် “ချစ်သူတို့ သက်တမ်းတိုကြ၏။ မုန်းသူတို့ သက်တမ်းရှည်ကြ၏” ဟူသော စာသားလေးတခုကို ကျနော် ဖျတ်ခနဲ ပြန်အမှတ်ရလိုက်မိ၏။ မည် သူရေးသည်လဲ ကျနော်မမှတ်မိတော့။ ထိုစာသားနှင့်ပတ်သက်၍ “လူချင်လူခင်ပေါများပြီး အများ၏ ကြည်ညို လေးစားမှုကိုခံရသည့် ပုဂ္ဂိုလ်များ၊ လူအဖွဲ့အစည်းကို ကောင်းကျိုးပြုသူများ အသက်တိုကြပြီး မြန်မာပြည်သူ တို့၏ မေတ္တာပို့သမှုကို ခံယူကြရသည့် (၀ါ) မြန်မာပြည်သူလူထုက သက်တမ်းတိုစေချင်ကြသည့် (၀ါ) မြန်မာ့ လူ့အဖွဲ့အစည်းကို ကောင်းကျိုးမပြုသည့် ဗိုလ်ချုပ်နေ၀င်း၊ ဗိုလ်ချုပ်သန်းရွှေကဲ့သို့သော စစ်အာဏာရှင်များက အသက်ရှည်ကြသည်” ဟူသည့် အဓိပ္ပာယ်ကို ပြောလိုသလော ကျနော် စဉ်းစားနေမိသည်။
ထိုသို့ လူလူချင်း မေတ္တာပို့သမှုကို ခံယူကြရသည့် ပုဂ္ဂိုလ်များ အသက်ရှည်ကြကြေးဆိုလျှင် ကျနော် ဒေါက် တာလွဏ်းဆွေသည်လည်း “ဒေါက်တာလွဏ်းဆွေ အမူးလွန်ပြီး မဲဆောက်ဆေးရုံမှာ သေသွားပြီ” ဟုတဖုံ၊ “ဒေါက်တာလွဏ်းဆွေရေ … အမျှ … အမျှ၊ ဒီဘလော့ဂ်လေး ကျန်ခဲ့တာပဲ အမှတ်တရပေါ့” ဟုတနည်း မေတ္တာ ပို့သကြသူများ၏ မေတ္တာတော်စူးရှမှုကြောင့် အထိုက်အလျောက် အသက်ပိုရှည်တော့မည်ဟု တွေးမိကာ ဘ လော့ဂ်ကို ကိုယ့်အသက်ရှည်သမျှ (အချိန်ကြာနိုင်သမျှကြာကြာ) တင်ဆက်ချင်သူပီပီ အလွန်အမင်း ပျော်ရွှင် သွားမိပေ၏။
ထို့အတွက် ကျနော့်အပေါ် အမှန်တကယ် စိုးရိမ်ပူပန်၍ ဖုန်းဆက်မေးမြန်းကြသည့် ရပ်နီးရပ်ဝေးမှ မိတ်ဆွေ များရော၊ ကျနော့်အား သေစေချင်သည့် (ကျနော်ကမူ ကျနော့်အား အသက်ရှည်ရာရှည်ကြောင်း မေတ္တာပို့သ ပေးသူများဟု မှတ်ယူသည့်) အမည်မသိ ဘလော့ဂ်အားပေးသူများကိုပါ မပြောမဆို ခရီးထွက်သလို ဖြစ်သွားခဲ့ သည့် ကျနော်က ဤသို့ စာတတန် ပေတဖွဲ့ ရေးသားကာ အနူးအညွတ် တောင်းပန်လိုက်ရပါကြောင်း …။ ။
အားလုံးသို့ လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ
Saturday, June 12, 2010
စိုးရိမ်ပူပန်သူများနှင့် မေတ္တာပို့သသူများသို့ တောင်းပန်စာ
Subscribe to:
Post Comments (Atom)
4 comments:
ကျူပ်သလိုသာလိုက်ပါ ဆရာဒေါက်တာလွဏ်းဆွေရေ
ငါသာလျှင် ငါ့ဘလော့ရဲ့ အရှင်သခင် ဆိုတဲ့ဘလော့တောင်ရှိသေး ဆရာမသေသေးသ၍ ဖတ်ရသေး ဆိုရမလား ဆရာကမသေပဲ ငြိမ်းချမ်းရေးရသွားတာမြင်ချင်လို့လား..ကွန်ပြူတာစ
ဖွင့်ဖွင့်ခြင်းတော့ ဆရာဘလော့နဲ့ဖွင့်လိုက်ရမှ ပါဗျား..
I was wondering where had you been, but felt easy after I heard your interview.
ငါ မမူးသေးဖူး....
ငါ မမူးသေးဖူး....
မန္တလေး ကျုံးရေ မခမ်းသမျှတော့..
လေးစားလျက် မောင်မား
အားပေးလျှက်ပါဆရာ၊ မေတ္တာလည်း ပို့သနေပါတယ်။
Post a Comment