Tuesday, June 1, 2010
စိတ်ကောက်တဲ့သူကလေးအတွက် မွေးနေ့ဆုတောင်း
ဥပဒေလို အာဏာတည်တဲ့
စိတ်ကောက်မှုတွေနဲ့
ငါ့နှလုံးသားကို ကျစ်စာတွေ မတူးပါနဲ့ဟဲ့ ...။
ချစ်သူ့မွေးနေ့မှာ
နောက်ဆုံးပေါ် အညာနွေအောက်က
ဖားခြောက်တကောင်လို ငါ့ဘ၀ကို
ခုံဖိနပ်နောက်မြီးပြတ်တောင် ကျွံတဲ့
ကတ္တရာလမ်းမ ပျော့ပြဲပူလောင်ပေါ် ပစ်မတင်လိုက်ပါနဲ့ ...။
အဲဒီငါ့ဘ၀ပေါ်မှာ
ပထမဆုံး လောင်စာဆီပြည့်တိုင်ကီနဲ့
တန်ဘိုးကြီးကားအသစ်တစီးလို
ဒေါသတွေ မိုင်ကုန်မောင်းမပြလိုက်ပါနဲ့
ကျိုးကြေပြိုလဲလွယ်လွန်းတဲ့ ကတ်ထူဘူးဟောင်းတခုလို
ဒေါသမိုးကြိုးသွားနဲ့ ထုတ်ချင်းခတ်
ခွေခေါက်ပေါက်ပြဲခဲ့ရတဲ့ နှလုံးသားနှစ်မြွှာနဲ့ပါ ...။
အချစ်လေးရဲ့ ...
စိတ်တွေကောက်
စိတ်တွေဆိုး
စိတ်တွေ အလင်းထက်မြန်လို့
စိတ်က ထောင်းကနဲ ဖြစ်တတ်လွန်းလို့
ကိုယ့်ကိုယ်ကိုယ် သိပ်သိတတ်သူကလေးက
စကတ်ကလေး ထလဲ
ဂျင်းဘောင်းဘီလေးဆွဲ ကောက်စွပ်ပြီး
စိတ်ကူးတည့်ရာ မျက်နှာမမူလိုက်ပါနဲ့
ရော့ အင့် ...
ဖိနပ်မပါတဲ့ မင်းခြေဖ၀ါးနုနုလေး ဆူးစူးမှာစိုးလို့
ကိုကို့နှလုံးသားကို ဝေါ့ကင်းရှူးတရံလို ကောက်ဝတ်လိုက်ပါ
ပြီးမှသွားပါကွယ် ...။
ငါးသေတ္တာဘူးပြားလေးထဲက ဆာဒင်းငါးတကောင်လိုလည်း
ကိုကိုက
နေတတ်ခဲ့ရပြီ။
ဒေါက်တာ ပက်ပါး အချိုရည်လေးတဗူးနဲ့လည်း
ကိုယ့်သွေးတွေကိုယ်ကြဲအောင် အပင်းထည့်ခဲ့ရပါပြီ။
သံပတ်ပေးမှပြေးတဲ့ ဟော့ဒီ
ကိုကို့ တစ်တိုနီ နာရီအဟောင်းကလေးလိုလည်း
မှိန်မှိန်မွဲမွဲ အချိန်တွေကိုမှတ်ရင်း
အချိန်တွေကြာလာတာနဲ့အမျှ
တန်ဘိုးတက်ခဲ့ရတဲ့ နေတတ်ထိုင်တတ်ခြင်းတွေနဲ့လည်း
စောင့်စားခဲ့ရပါပြီ။
မင်းကလေးအတွက်ဆိုရင်
ကိုယ့်ကို ငါးစာလို မျှားချိတ်မှာချိတ်မယ်ဆိုလည်း
အဲဒီမျှားချိတ်ကို ကိုယ်တိုင်မြိုလိုက်မယ်
ဒါ့အပြင်
အသက်အောင့်
တွန့်လိမ်
ငါးသိမ်ငါးမွှားတွေမဟုတ်တဲ့
ငါးပိန် ငါးသေးတွေမဟုတ်တဲ့
ရေဆေးငါး ဖွေးဖွေးကြီးတွေရအောင်
ကိုယ့်ကိုယ်ကိုယ် ကျေကျေနပ်နပ် စတေးမယ့်သူပါကွယ် ...။
ချစ်သူလေးက စိတ်ကောက်ရင်
မီးခဲဖင်ခုထိုင်မိတဲ့ မျောက်တကောင်နဲ့တူတဲ့
ဆန်ရှင်တွေကြောင့် ဗီဇာမရတဲ့ အာဏာရှင်လို
နေမထိထိုင်မသာ အရာရာကို အပြစ်မြင်ချင်မိတဲ့
လူပါကွယ်
အဲဒီလူလက်ထဲ
ဘရင်းဂန်းတလက် မထည့်လိုက်ချင်ပါနဲ့ ...။
လူက သင်္ချိုင်းကုန်း ခြေတဘက်လှမ်းမက
ကြီးလှပါပြီ
ခုထိလည်း မတည်ငြိမ်သေးပါဘူး လုံမကြီးရယ်
မတည်ငြိမ်ပုံများကတော့ လေပွေထဲက လဲမှို့လိုပါ
ဟောဒီက ကျုပ်ကြီးမှာ
အထပ်ထပ်အခါခါ ချော့ရပါများခဲ့တော့
ငွေကြေးလည်းချမ်းသာ
ကြေးရတတ်တကာ တကာမတွေလည်းများတဲ့
ဘောလုံးသမားစကားနဲ့ဆို ဘားမားပလေရာလို
အဆင့်ရှိတဲ့ နိုင်ငံတော်သံဃာ့နာယက
ဘုန်းကြီးတပါးပါးရဲ့ ဈာပနမှာတောင်
ချူသံပါ ဧယဉ်ကျူးနိုင်လောက်အောင်
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေကလည်း
ငါးရစ်တွေလိုတက်။
ကိုကိုကတော့ ချစ်သူလေးထံပါးမှာ
ကျဆုံးခဲ့ရပါပြီ
လေးခွထိသွားတဲ့ ဓာတ်ကြိုးတန်းပေါ်က ဆက်ရက်တကောင်လို
မြေပြင်နဲ့ ဟောသည်ရင်ခေါင်း
ဖောင်းကနဲ မထိတွေ့ခင်အထိတောင်
မာနကလေးက ရှိခဲ့ချင်တုန်းဆိုတာတော့
ဝန်ခံရလိမ့်မပေါ့ ...။
ဘာပဲဖြစ်ဖြစ်
ဒီနေ့အချစ်ကလေးမွေးနေ့
ငယ့်ငယ်လေးမွေးနေ့
ဟန်နီဘေဘီ့မွေးနေ့လေးမှာ
အနှစ်ရတနာမွှေးလေး မွေးနေ့လေးမှာ
ငယ့်ငယ် ပြောသလို "ဒီကိစ္စတွေ မေ့ပစ်မယ့်လူ မဟုတ်ပါဘူး"
"ကိုယ့်ဘ၀ကိုယ် အိမ်နဲ့ယာနဲ့တည်ဆောက်မယ့်လူ မဟုတ်ပါဘူး" လို့
အခန့်မသင့်တိုင်း မှတ်ချက်ချမခံရအောင်
အဲဒီအခန့်မသင့်ပုံကလည်း ချိန်သားကိုက်တွေ သိပ်ဖြစ်လွန်းလှတော့
တော်လှန်ရေးကြီး အမြန်အောင်မြင်ပါစေ
စစ်အာဏာရှင်စနစ်ကျဆုံးပါစေလို့
ကိုယ့်ချစ်ရသူ လုံမလေး
ဟောဒီက ကျုပ်ရဲ့လုံမလေး
ကျုပ်ရင်ခွင် ကောက်လှိုင်းပုံကြီးကြားမှာ
ဘေးကင်းရန်ကွာ သက်တော်ရာကျော်ရှည်ပါစေဗျာလို့
စိတ်ကောက်တဲ့ မျက်နှာလေးငေး
ပေါင်ပေါ်က ကြောင်ကလေးလို ပွတ်သီးပွတ်သပ်ချော့ရင်း
ဆုမွန်ကောင်းတောင်းလိုက်ပါရဲ့ကွယ် ။ ။
ကိုမွှေး
Subscribe to:
Post Comments (Atom)











1 comment:
မြတ်ရှင်စောသြကာသ သြကာသ ..
သာဓု သာဓု သာဓုပါ ခင်ဗျာ ။
မင်းဒင်
Post a Comment