Tuesday, May 18, 2010

ပေါ့ပါးမှုများ

ပေါ့ပါးမှုများ
ကိုမွှေး

စွတ်စိုခြင်းတွေ အနီးကပ် အငွေ့ပျံတယ်
ခြောက်သွေ့ခြင်းတွေ ၀မ်းလျားမှောက်အက်ကွဲတယ်
နေကျော် ထန်းရည်တမြူလောက်မှ
ဆူဆူဝေေ၀ မရှိတဲ့အဖြစ်တွေ တီကောင်လို တွားသွားတယ်။

နောက်ကျ မုတ်သုန်မိုးနဲ့
ရှည်လျားပူပြင်းမှုတွေက ငါတို့ကို လှော်တယ်။

တို့တွေက မန်ကျည်းစေ့တွေလိုပေါ့
လှော်လေ မာလေ ကြွပ်ဆတ်လေပေါ့
တို့တွေက နိပါတ်တော်ထဲက ငရဲပြည်ကို
ကံထူးလွန်းလို့ မသေခင်ကတည်းက
ထမီရင်ရှားနဲ့ ခံစားခွင့်ရကြတာပေါ့ ...။

တို့တွေက အလှူဒါန လက်နဲ့မကွာတဲ့ လူမျိုးတွေပါ
တို့တွေက အလှူဒါတွေကို တံဆိပ်ကပ် မူပိုင်ပြုတဲ့ ရပ်ရွာတွေမှာ
အလေ့ကျပေါက်ပင်တွေပေါ့။

တို့တွေက မိုးကျလက်ဖက်ပင်တွေလို
နာမည်ရင်းပျောက်ပြီး ဘယ်တော့မှ တန်ဖိုးတကြီး မဖြစ်တဲ့အဖြစ်တွေနဲ့
ဖြစ်တည်ပေါက်ရောက်နေတဲ့ လမ်းဘေး ပေါင်းရိုင်းတွေပေါ့...။

တို့တွေက နှစ်ဆယ့်တစ်ရာစုမှာ
ဆယ့်ငါးရာစုအဖြစ်တွေနဲ့
ပဒေသရာဇ်စိတ်ပေါက်နေတဲ့ ပုံပြင်တွေပေါ့။

တို့တွေက အဲဒီပုံပြင်တွေထဲမှာ
ဦးဆွေးဆံမြည့် အမှုတော်ထမ်းမယ့်
ဆင်စမ်းသူတွေပေါ့။

တို့တွေမှာ ရေများတဲ့ ဘေးက လာလိုက်
ရေနည်းတဲ့ ဘေးက လာလိုက်နဲ့
အမြဲရေတိမ်နစ်နေတဲ့ တို့တွေပေါ့။

တို့တွေက ရေတိမ်နစ်ရတာကိုပဲ
သီလတပါးလို့ အယူရှိပြီး
အပူမိနေတဲ့ ကျောပြင်တွေနဲ့
လမ်းခင်းပေးချင်သူတွေပေါ့။

တို့တွေက အင်အားကြီးရေတံခွန်တွေပါ
တို့တွေက ကိုယ့်ရေတံခွန်ကိုယ် တမံပိတ်လို့
အသံတိတ်နေသူတွေပါ။

တို့တွေက သောက်စရာ သုံးစရာရေကလွဲလို့
မျက်ရည်တွေအလျှံအပယ် သိုလှောင်ထားကြသူတွေပါ။

ဒီလိုနဲ့ တို့တွေဟာ အငွေ့ပျံ
အမေ့ခံရမယ့်အဖြစ်အတွက်
အဆင်သင့်ဖြစ်ရင်း ...။ ။

ကိုမွှေး

3 comments:

---- said...

တို့တွေမှာ သောက်စရာ ရေမရှိ
ကောက်စရာ ငွေမရှိပေမဲ့..
ကြောက်စရာ အာဏာရှင်တွေနဲ့.
ပျောက်စရာ အသက်တွေတော့
ရှိသေးတယ်လေ။

တို့တွေက စောဒကတက်ခွင့်မရှိဘဲ
အမောတကာ့ အမောတွေနဲ့.
သောက တောထဲမှာ
အပြောလေလှိုင်းစီးရင်း
ချာလည်နေအောင် မူးဝေနေသူတွေပေါ့။

တို့တွေက မြေဇာပင်လို ချနင်းခံနေရင်း
နံပြားလို အရိုက်ခံနေရတာ..
ကြာလာတော့ အကျင့်ပါနေတဲ့..
အပစ်ခံ လူသားတွေလို ဖြစ်နေတာပေါ့။

ဒီလိုနဲ့ တို့တွေဟာ.
အညစ်ခံ အလစ်ခံနေရတဲ့..
အပြစ်နဲ့ မတန်အောင်..
အသစ် အသစ်ခံနေရတာပေါ့။ ။

Unknown said...

မီလျံနာ ရဲ့ကဗျာ အရမ်း ကောင်းတယ် ဒါပေမဲ့
အပြုသဘောနဲ့ တစ်ခုထောက်ပြပါရစေ
ဒို့ တတွေဟာမြေဇာပင်မဟုတ်ဘူးနော် ပြည်သူအားလုံး
ဟာလည်းမြေဇာပင်မဟုတ်ဘူး ကာယကံရှင်တွေ
မတရားမှုကိုခါးစီးခံနေကြရတဲ့ကာယကံရှင်တွေဖြစ်တာ
မို့  ခါးစီးမခံပဲ တွန်းလှန်ဖို့ လို ကိုလိုတာ ပြိုင်တူတွန်းမှ
ရွေ့မှာ ဘယ်သူ့ ဘယ်သူ့ မှာမှ တာဝန်ရှိတာမဟုတ်ဘူး
တာဝန်သိသူတိုင်းတာဝန်ရှိကြရမှာ - စစ်အုပ်စုကတော့
လူ့ အဆင့်မမှီတဲ့ အဟိတ်ပဋိသနေ`ဓ တွေ နဲ့ လူဖြစ်လာတာ ဆိုတော့ -- လူ့ တိရိစ္ဆာန်တွေပေါ့ --

---- said...

ကလိ ကလိ
ကတိ ကတိနဲ့
တတိတိ တရိရိ ကျလိကျလိ ခံနေရတာ
ကြာလှပေါ့. mek ရယ်..

တို့တွေအားလုံးမဟုတ်ပေမဲ့.
ဆင်းရဲနေတာ အများစုပဲလေ.
အဲဒီတော့ အများစုအတွက်.ပဲပေါ့.။

လူ့တိရစ္ဆာန် လူ့ပြိဿတွေပေါတဲ့
နိုင်ငံဆိုတော့လည်း..

ပြိုင်တူတွန်းမယ့်လက်က
ပြိုင်တူပျင်းနေကြတယ်လေ။

ခေါင်းဆောင်တွေ ခေါင်းရှောင်နေကြတော့.
ခေါင်းပြောင်တွေ ခေါင်းထောင်နေကြတာပေါ့။

အဲဒီတော့လဲ ကိုကျော်သူတို့
အခေါင်းထမ်းရတာ.
လက်မလည်တော့ဘူးပေါ့။။။။