အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အနာဂတ်နိုင်ငံရေး
(ဗွီအိုအေ တိုက်ရိုက်လေလှိုင်း ဆွေးနွေးခန်း)
၁၂-၅-၂၀၁၀၊ ဗုဒ္ဓဟူးနေ့၊ နံနက် (၆း၃၀) နာရီမှ (၇) နာရီ အစီအစဉ်
(ဗွီအိုအေ တိုက်ရိုက်လေလှိုင်း ဆွေးနွေးခန်း)
၁၂-၅-၂၀၁၀၊ ဗုဒ္ဓဟူးနေ့၊ နံနက် (၆း၃၀) နာရီမှ (၇) နာရီ အစီအစဉ်
ကိုကျော်အောင်လွင် ။ ။ မင်္ဂလာပါခင်ဗျာ … အန်အယ်လ်ဒီပါတီရဲ့ နိုင်ငံရေးအနာဂတ် ဘယ်လိုရှိမလဲဆိုတာကို ကျနော်တို့ ဒီကနေ့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်ခင်ဗျာ။ အဓိက အန်အယ်လ်ဒီပါတီက မြန်မာပြည်ထဲက ပုဂ္ဂိုလ် တွေကို ကျနော်တို့ ဒီကနေ့ ဖိတ်ခေါ်ထားတာမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ အန်အယ်လ်ဒီပါတီက သူတို့ရဲ့ ရပ်တည်ချက်ကို ပြတ်ပြတ်သားသား ပြောထားပါတယ်။ နိုင်ငံရေး မလုပ်တော့ဘူး၊ လူမှုရေးကို လုပ်မယ်။ အဲ ... နိုင်ငံရေးအသိနဲ့ လူမှုရေးကို လုပ်မယ်လို့ သူတို့ ပြောထားပါတယ်။
လက်ရှိဥပဒေတွေအရတော့ အန်အယ်လ်ဒီပါတီက နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်မရှိတော့ပါဘူး။ ဆိုတော့ အန်အယ်လ်ဒီပါတီဟာ ဒီလိုနည်းတွေနဲ့ မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်ကနေ ပျောက်ကွယ်သွားမယ်လို့ ယူဆသ လား၊ ဒါမှမဟုတ် အန်အယ်လ်ဒီပါတီရဲ့ နိုင်ငံရေးအလားအလာဟာ ရှေ့တလှမ်းတိုးဖို့အတွက် နောက်နှစ်လှမ်း ဆုတ်တဲ့သဘောလား ဆိုတာကို ကျနော်တို့ ဆွေးနွေးကြမှာပါခင်ဗျ။
အဓိက ဆွေးနွေးဖို့ ဖိတ်ခေါ်ထားတဲ့ ပုဂ္ဂိုလ်တွေကတော့ ဦးဝင်းလှိုင်၊ သူကတော့ တပ်ကုန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပုဂ္ဂိုလ်ပါ။ သူက အခု ထိုင်း-မြန်မာနယ်စပ်မှာ ရှိပါတယ်။ နောက်တဦးက ကိုယဉ်ထွေး၊ ကိုယဉ်ထွေးကတော့ လူ့ဘောင်သစ်ဒီမိုက ရက်တစ်ပါတီရဲ့ ဒု-ဥက္ကဌဖြစ်ပါတယ်။ သူကတော့ နော်ဝေးနိုင်ငံမှာ ရှိနေပါတယ်။ နောက်တဦးက သတင်းစာ သမားဖြစ်ပါတယ်ခင်ဗျာ။ နာမည်ကြီး ဘလော့ဂါတဦးပါပဲ။ ဒေါက်တာလွဏ်းဆွေလို့ ခေါ်ပါတယ်။ သူကလည်း ထိုင်းနိုင်ငံကနေ ပါဝင်ဆွေးနွေးမှာပါ။ ဆိုတော့ ဒီပုဂ္ဂိုလ်တွေက ပင်တိုင်ဆွေးနွေးမှာပါ။ နောက်တခါ စာနဲ့ရေး ပေးပို့ထားတဲ့သူတွေလည်း ရှိပါတယ်။ အသံနဲ့ ပေးပို့ထားတာလည်း ရှိပါတယ်။ ကျနော်တို့ စုစုပေါင်း ဆွေးနွေး ချိန် (၂၅) မိနစ်ရပါတယ်ခင်ဗျာ။ အားလုံး လိုတိုရှင်းနဲ့ ဒီအကြောင်းအရာကို ပီပီပြင်ပြင် ကျနော်တို့ ဆွေးနွေးကြ တာပေါ့။ ပထမဦးဆုံး ဦးဝင်းလှိုင် ရောက်ပါပြီလားခင်ဗျ။
ဦးဝင်းလှိုင် ။ ။ ဟုတ်ကဲ့ခင်ဗျ၊ ရောက်နေပါပြီ။
ကိုကျော်အောင်လွင် ။ ။ ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ်။ ဆိုတော့ ပထမအကျော့ လိုတိုရှင်းလေး ကျ နော်တို့ စပြောရမယ်ဆိုရင် အန်အယ်လ်ဒီပါတီ ဒီပုံအတိုင်းဆိုလို့ရှိရင် မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်က ပျောက် ကွယ်သွားမယ်လို့ ထင်ပါသလားခင်ဗျ။
ဦးဝင်းလှိုင် ။ ။ အန်အယ်လ်ဒီပါတီအနေနဲ့ မြန်မာနိုင်ငံရေးဇာတ်ခုံကနေ ပျောက်ကွယ်သွားစရာအကြောင်း တော့ မရှိဘူးခင်ဗျ။ ဘာကြောင့်လဲဆိုတော့ အန်အယ်လ်ဒီဟာ ပြည်သူလူထုကို မျက်နှာမူတဲ့ နိုင်ငံရေးကို နိုင်ငံ ရေးပါတီပုံစံနဲ့ပဲဖြစ်ဖြစ်၊ နိုင်ငံရေးပါတီပုံစံမပေါ်ခင် လူထုလှုပ်ရှားမှုဘ၀ကပဲဖြစ်ဖြစ်၊ ဘယ်လိုအခြေအနေမျိုး ကပဲဖြစ်ဖြစ် ရတဲ့နေရာကနေပြီးတော့မှ အန်အယ်လ်ဒီဟာ လူထုအတွက်ကို အမြဲတမ်း အလုပ်လုပ်နေတဲ့အ တွက် လူထုနိုင်ငံရေးစင်မြင့်ပေါ်မှာတော့ အမြဲတမ်းရှိနေမယ်လို့ ကျနော်အနေနဲ့ ပြောလိုပါတယ်။
ကိုကျော်အောင်လွင် ။ ။ ဟုတ်ကဲ့ခင်ဗျ၊ ကျေးဇူးတင်ပါတယ်။ ဆိုတော့ ဒီတခါ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါ တီရဲ့ ဒု-ဥက္ကဌ ကိုယဉ်ထွေး ရှိပါလားခင်ဗျာ။
ကိုယဉ်ထွေး ။ ။ ဟုတ်ကဲ့ ရှိပါတယ်။
ကိုကျော်အောင်လွင် ။ ။ ခုနက အန်အယ်လ်ဒီရဲ့ လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ကိုဝင်းလှိုင်ကတော့ အန်အယ်လ်ဒီပါတီဟာ နိုင်ငံရေးလောက ပျောက်ကွယ်မသွားနိုင်ဘူးလို့ ယူဆပါတယ်။ ကိုယဉ်ထွေးရဲ့ အမြင် လေး သိပါရစေ။
ကိုယဉ်ထွေး ။ ။ ဟုတ်ကဲ့ ကျနော့်အနေနဲ့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့က အဖွဲ့အစည်းပုံစံ နိုင်ငံ ရေးအရ မရှိတော့ပေမယ့် လူထုကို နိုင်ငံရေးအနှစ်သာရအားဖြင့် ဦးဆောင်နေတဲ့ အနေအထားက လုံးဝ ပျောက်ကွယ်မသွားနိုင်ဘူးလို့ ကျနော်ကတော့ ယုံကြည်ပါတယ်။
ကိုကျော်အောင်လွင် ။ ။ ဆိုတော့ နောက်တဦးကတော့ ဒေါက်တာလွဏ်းဆွေပါ။ အဲ ဆရာ့အမြင်လေးလည်း သိပါရစေခင်ဗျ။ အန်အယ်လ်ဒီပါတီ ဒီအတိုင်းဆိုရင် နိုင်ငံရေးလောကမှာ ဆက်ပြီးတော့ ရှိနေနိုင်ပါဦးမလား ခင်ဗျ။
ဒေါက်တာလွဏ်းဆွေ ။ ။ အန်အယ်လ်ဒီပါတီဆိုတာက ကျနော်တို့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ ပါတီဖြစ်တယ်။ ဒါပေမယ့် အခုလို နအဖရဲ့ ညစ်ကွက်အမျိုးမျိုးအောက်မှာ ဒီလိုမျိုး ပါတီမှတ်ပုံ မတင်တဲ့အတွက် ရပ်တည်ခွင့်မရှိဘူး ဆိုတာနဲ့လောက်တော့ ကျနော်တို့ပြည်သူလူထုရဲ့ စိတ်မှတ်ဉာဏ်ထဲက နေပြီးတော့ ပျောက်ကွယ်သွားမယ်မထင်ပါဘူး။
ဒါပေမယ့်လည်း တခုတော့ရှိပါတယ်။ အန်အယ်လ်ဒီက ဒီနေ့ လူမှုရေးလုပ်ငန်းတွေလုပ်တယ်ဆိုပေမယ့် သူတို့ ဘာလုပ်မယ်ဆိုတာကို ကျနော်တို့ကလည်း အပြင်ကနေပြီးတော့ အသေးစိတ် သိနိုင်တာမဟုတ်ပါဘူး။ ဆိုတဲ့ အခါကျတော့ သူတို့ လူမှုရေးလုပ်ငန်းချည်းပဲ လုပ်မယ်လို့လည်း ကျနော်တို့က တထစ်ချ တွေးထားလို့မရပါ ဘူး။ သူတို့ လူမှုရေးလုပ်ငန်းကို အယောင်ပြပြီးတော့ တခြားနိုင်ငံရေးလုပ်ငန်းတွေလည်း အများကြီးလုပ်စရာရှိ တယ်လို့ထင်ပါတယ်။
ဒါပေမယ့်လည်း တခုရှိတာက အန်အယ်လ်ဒီဟာ ပြည်သူလူထုက သူ့ဆီက ဘာကိုမျှော်လင့်ထားတယ်ဆိုတာ ကို အန်အယ်လ်ဒီက အမြဲတမ်း မမေ့ဖို့လိုပါတယ်။ ပြည်သူလူထုက ၁၉၉၀ မှာ ငါတို့ကို ဘာဖြစ်လို့မဲပေးခဲ့တယ် ဆိုတာကိုလည်း အမှတ်ရနေပြီးတော့ အဲဒီ ပြည်သူလူထုရဲ့ဆန္ဒကို ဖြည့်ဆည်းဖို့ အမြဲတမ်း ကြံဆောင်နေသ ရွေ့ကတော့ ပြည်သူလူထုကြားထဲကနေပြီးတော့ ကျနော်ထင်တယ် ပျောက်ကွယ်သွားစရာတော့ အကြောင်း မရှိပါဘူး။ ဒါပေမယ့် တခုရှိတယ်။ ပြည်သူလူထုရဲ့ လိုလားချက်တွေကို တစိုက်မတ်မတ် ဆက်လက်အကောင် အထည်ဖော်ဖို့ မစဉ်းစားဘဲနဲ့ ပြည်သူလူထု မလိုချင်တဲ့ဟာတွေကိုပဲ လျှောက်လုပ်နေတယ်ဆိုရင်ကတော့ ကျ နော်ထင်တယ် ကြာရင်တော့ ပြည်သူလူထုနဲ့ နည်းနည်းတော့ ဝေးကွာသွားမယ်ထင်ပါတယ်။
ကိုကျော်အောင်လွင် ။ ။ ဟုတ်ကဲ့ခင်ဗျ၊ ဒေါက်တာလွဏ်းဆွေ ပြောတဲ့သဘောကတော့ ပြည်သူလိုအပ်ချက်ကို ကြိုးစားနေမယ်ဆိုရင်တော့ ပြည်သူနဲ့ ဆက်ရှိနေမယ်။ နိုင်ငံရေးအရ တည်ရှိနေမယ်။ ပြည်သူ့လိုလားချက် မ ဟုတ်တာတွေကို လုပ်မယ်ဆိုရင်တော့ သိပ်အလားအလာမမြင်ဘူးလို့ ဆိုတဲ့သဘောပေါ့လေ။ ဆိုတော့ နောက်တဦး ရှိပါတယ်။ သူကတော့ ကျနော်တို့ကို အသံနဲ့ ပေးပို့ထားပါတယ်။ သူက အရင်တုန်းက အန်အယ် လ်ဒီပါတီမှာ လုပ်ဆောင်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်ပါ။ ပြည်ကပါ။ ဒေါက်တာဝင်းနိုင်လို့ ခေါ်ပါတယ်။ သူက ဗြိတိန်ကနေ သူ အသံနဲ့ ပေးပို့ထားပါတယ်ခင်ဗျ။ နားထောင်ကြည့်ရအောင်ပါ။
ဒေါက်တာဝင်းနိုင် ။ ။ အန်အယ်လ်ဒီရဲ့ အနှစ် (၂၀) ကျော်သက်တမ်းမှာ အန်အယ်လ်ဒီဟာ ပြည်သူတွေနဲ့အတူ ပြည်သူတွေရဲ့ အသည်းထဲမှာ ကိန်းအောင်းခဲ့ပါတယ်။ အနှစ် (၂၀) ဆိုတဲ့ ခရီးဟာ နည်းတဲ့ခရီးမဟုတ်ပါဘူး။ ဥပမာဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ နောက် ဆရာဦးဝင်းတင်တို့၊ မန္တလေးတိုင်းကဆိုလည်း ဒေါ်ဝင်းမြမြတို့ တကယ်ကို အနစ်နာခံပြီးတော့ ဘ၀အပျက်ခံပြီးတော့ အသေခံပြီးတော့ တိုင်းပြည်နဲ့ လူမျိုးအ တွက် အန်အယ်လ်ဒီကိုယ်စား အနစ်နာခံခဲ့တယ်ဆိုတာ သူတို့သိတဲ့အခါကျတော့ ပြည်သူဟာ အန်အယ်လ်ဒီ ကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။
ဒီခေါင်းဆောင်ကြီးတွေ အခုဆက်လုပ်နေတယ်၊ နိုင်ငံရေးဦးတည်သော လူမှုရေးကိစ္စတွေဆက်လုပ်နေတယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် အန်အယ်လ်ဒီသည် ပြည်သူနဲ့ တသားတည်း ရှိနေမယ်။ ကျနော် ဆိုလိုချင်တာက အန်အယ်လ်ဒီသည် ရှေ့တလှမ်းတိုးဖို့အတွက် နောက်နှစ်လှမ်းဆုတ်နေတာပဲ။ အဲတော့ ဒီလေးနှစ်ဆိုတာ လည်း ဘယ်လောက်မှ ကြာတဲ့အချိန်မဟုတ်ပါဘူး။ သူတို့ ရွေးကောက်ပွဲလုပ်လည်း ဒီလေးနှစ်ပြီးရင် နောက် ထပ်ရွေးကောက်ပွဲ လုပ်ရမှာပဲ။ အဲဒီအချိန်မှာ အန်အယ်လ်ဒီဟာ ပြည်သူ့ရဲ့ကိုယ်စား ပြည်သူကို အကျိုးပြုနိုင် မယ်လို့ ကျနော်တို့ ယုံကြည်တယ်။
ကိုကျော်အောင်လွင် ။ ။ အဲဒါကတော့ ဗြိတိန်နိုင်ငံမှာရောက်နေတဲ့ ဒေါက်တာဝင်းနိုင် သူ့ရဲ့အမြင်ကို ပြောသွား ခဲ့တာပါ။ (အောက် အီး အီး အွတ်) ဟုတ်ကဲ့ ကျနော်တို့က မနက် မိုးလင်းနေတဲ့ အနေအထားဆိုတော့ ကြက် သံလေးတွေလည်း ပါတာပေါ့ဗျာ။ ကျနော်တို့ ပိုပြီးတော့ သဘာဝကျတာပေါ့။ ဆိုတော့ ဒေါက်တာဝင်းနိုင်ရဲ့အ မြင်အတိုင်းဆိုလို့ရှိရင် အန်အယ်လ်ဒီပါတီဟာ ရှေ့တလှမ်းတိုးဖို့အတွက် နောက်နှစ်လှမ်းဆုတ်တာလို့ သူက တွက်ပါတယ်။
ဒီနေရာမှာ အန်အယ်လ်ဒီပါတီအနေနဲ့က အနှစ် (၂၀) တောက်လျှောက် နိုင်ငံရေးလောကမှာ ရပ်တည်ခဲ့တယ်။ လက်ရှိအနေအထားအရ နိုင်ငံရေးကို မလုပ်နိုင်ပေမယ့် လူမှုရေးကို လုပ်မယ်ဆိုပေမယ့်လည်း နိုင်ငံရေးအမြင် နဲ့ ဆက်လုပ်သွားမယ်ဆိုတော့ ဒီနေရာမှာ ပြည်သူတွေ လိုအပ်ချက်ကလည်း ဒီမိုကရေစီကို ရအောင်လုပ်ဖို့ ကြိုးစားနေတဲ့ကာလမှာ နိုင်ငံရေးတော့လုပ်လာခဲ့တာပဲ၊ ဒီမိုကရေစီနဲ့ မြန်မာပြည်ဟာ အလှမ်းမနီးလာခဲ့ပါဘူး ခင်ဗျ။ ဆိုတော့ ကိုဝင်းလှိုင် ဘယ်လိုထင်ပါသလဲခင်ဗျ။ ဒီတခေါက် အန်အယ်လ်ဒီရဲ့ နိုင်ငံရေးကို အားပြုပြီး တော့ လုပ်မယ့်ပုံစံကကော ဒီမိုကရေစီနဲ့ နီးလာမယ်လို့ တွက်ပါသလား။
ဦးဝင်းလှိုင် ။ ။ ဒီနေရာမှာ ကျနော် နည်းနည်းပြောချင်ပါတယ်။ ဒီမိုကရေစီကို တည်ဆောက်တဲ့နေရာမှာ ဒီမိုက ရေစီဆိုတာ ကျနော်တို့ အခွင့်အရေးတရပ်လို တောင်းယူလို့ ရစကောင်းတဲ့အရာတော့ မဟုတ်ဘူးခင်ဗျ။ ကမ္ဘာ့ နိုင်ငံအသီးသီးကိုပဲ ကြည့်ကြည့်ပေါ့နော်၊ ဒီမိုကရေစီဆိုတာ ကျနော်တို့ Democratize လုပ်လာရတာမျိုးပေါ့။ ဒီမိုကရေစီကိုရအောင် တဖြည်းဖြည်းနဲ့ လေ့ကျင့်ယူလာရတာမျိုးတွေ၊ ရအောင် ကျနော်တို့က တွန်းတွန်းတိုက် တိုက်နဲ့ ကျနော်တို့ လူထုကိုယ်နှိုက်ကနေ Struggle လုပ်ပြီး ယူလာရတဲ့ သဘာဝမျိုးရှိပါတယ်။
ကျနော်တို့တိုင်းပြည်မှာလည်းပဲ ၈၈ ကနေ စပြီးတော့ ဒီမိုကရေစီနဲ့ ပတ်သက်ပြီးတော့ လူထုဟာ နိုးကြားလာ တယ်။ လူထုကိုယ်နှိုက်ကနေပြီးတော့မှ ဒီမိုကရေစီရေးကို ကိုယ်တိုင်ကိုယ်ကျပါဝင်ပြီး ဆောင်ရွက်ခဲ့တာတွေ ရှိပါတယ်။ အခွင့်အရေးတရပ်အနေနဲ့ ကျနော်တို့ဟာ ၁၉၉၀ ရွေးကောက်ပွဲလိုဟာမျိုးမှာ အန်အယ်လ်ဒီပါတီကို ပြည်သူလူထုကနေ တခဲနက် မဲပေးပြီးတော့ ဒီမိုကရေစီရေးနဲ့ ပတ်သက်ပြီးတော့ အားကိုးအားထားပြုခဲ့တာမျိုး တွေ ရှိခဲ့ပါတယ်။ သို့သော်လည်းပဲ ကျနော်တို့ တိုင်းပြည်ရဲ့ကံကြမ္မာအရ စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုက အလွန်အ ကျွံ ဖိနှိပ်မှုတွေကြားထဲမှာ အန်အယ်လ်ဒီပါတီအနေနဲ့ စွမ်းစွမ်းတမံ လုပ်ခဲ့တာတွေတော့ အများကြီးရှိပါတယ်။ ပေးဆပ်မှုတွေလည်း အများကြီးရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနောက်မှာရှိတဲ့ အဆင့်ဆင့် ခေါင်းဆောင်များရဲ့ ပေးဆပ်မှု၊ ဦးဆောင်မှုတွေနဲ့ နောက် ပြည်သူလူထုတရပ်လုံးရဲ့ ထောက်ခံမှု၊ ဒီအားတွေနဲ့ ကျနော်တို့က စွမ်းစွမ်းတမံ လုပ်ခဲ့သော်ငြားလည်းပဲ နှစ် (၂၀) တိုင်သည့်တိုင်အောင် စစ်အာဏာရှင်ရဲ့ ကြီးစိုးမှု ဟာ ကျနော်တို့ ဖယ်ရှားလို့မရသေးတဲ့ အနေအထားမျိုးဖြစ်ပါတယ်။
အဲတော့ ကျနော် ဒီနေရာမှာ ပြောချင်တာက ဒီနေ့ အန်အယ်လ်ဒီက ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်ဟာ အ ကောင်းဆုံး ဆုံးဖြတ်ချက်အနေနဲ့ ဆုံးဖြတ်လိုက်ရတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ ရွေးချယ်စရာ အင်မတန် နည်းပါးသွားတဲ့ အခြေအနေမျိုးမှာ အန်အယ်လ်ဒီဟာ ဂုဏ်သိက္ခာရှိရှိနဲ့ ပြည်သူလူထုရဲ့ ယုံကြည် အားထားမှု မပျက်ယွင်းစေတဲ့ ရပ်တည်ချက်ကို အန်အယ်လ်ဒီက ရွေးချယ်လိုက်ရတာဖြစ်တဲ့အတွက် လူထုကို မျက်နှာမူတဲ့ နိုင်ငံရေးသဘောပါတဲ့ လူမှုရေးဆောင်ရွက်ချက်များနဲ့အတူ လူထုနဲ့ တသားတည်း ပြန်လည်ပြီး တော့ ဆက်ပြီးတော့ ကြိုးပမ်းသွားရမယ့် အနေအထားမျိုးရှိတယ်လို့ ကျနော့်အနေနဲ့ အဲလိုမြင်ပါတယ်။
ဒါပေမယ့် ဒီနေရာမှာ ကျနော်ပြောချင်တာက ပါတီတစုတဖွဲ့တည်း၊ အဖွဲ့အစည်းတခုတည်းက လုပ်လို့ရစ ကောင်းတဲ့ အရာမဟုတ်တဲ့အတွက် ပြည်သူလူထုနဲ့ တသားတည်း နိုင်ငံရေးအင်အားစုတွေအားလုံး အန်အယ် လ်ဒီအပါအ၀င် အားလုံးဟာ ဒီမိုကရေစီရရှိဖို့အတွက်ကို နည်းလမ်းပေါင်းစုံနဲ့၊ နည်းလမ်းပေါင်းစုံဆိုတာ နိုင်ငံ ရေးနည်းတွေနဲ့ မရတဲ့အခါမှာလည်း လူထုကြားမှာ နစ်နာနေတဲ့ လူထုရဲ့ နစ်နာမှုတွေကို ဖော်ထုတ်တဲ့ လူထု နည်းတွေနဲ့ လူထုရသင့်ရထိုက်တဲ့ အခြေခံလူ့အခွင့်အရေးတွေကို ကျနော်တို့ဖော်ဆောင်ခြင်းအားဖြင့် တဖြည်း ဖြည်းနဲ့ ကျနော်တို့ Democratize လုပ်သွားခြင်း နောက် စစ်အာဏာရှင် ဖယ်ရှားသွားခြင်း အစရှိတဲ့ နည်းလမ်း တွေကို လုပ်သွားကြရမှာဖြစ်ပါတယ်။
ကိုကျော်အောင်လွင် ။ ။ ဟုတ်ကဲ့ခင်ဗျာ၊ ကျေးဇူးတင်ပါတယ်။ ဆိုတော့ ကိုယဉ်ထွေး ဆက်ပြီးတော့ မေးပါရ စေ။အနှစ် (၂၀) လုံးလုံး အန်အယ်လ်ဒီဟာ နိုင်ငံရေးပါတီတခုအနေနဲ့ရပ်တည်ခဲ့တယ်။ ဒါပေမယ့် ဒီရပ်တည်မှု ဆိုတာက ပါတီတခုရှိတယ်ဆိုတဲ့သဘောလောက်ပဲရှိတယ်၊ လှုပ်ရှားမှုတွေအရဆိုလို့ရှိရင် အကြီးအကျယ် မြန် မာစစ်အစိုးရရဲ့ ဖြိုခွဲမှုတွေကို အနှစ် (၂၀) အတွင်းမှာ အကြီးအကျယ် ခံခဲ့ရတာပါ။ နောက်ဆုံး အခု ပါတီအဖြစ် ကတောင်မှ မရှိတော့တဲ့ အနေအထားကို ရောက်သွားပါပြီ။ ဒီတော့ ရှေ့လျှောက်လည်း မြန်မာစစ်အစိုးရရဲ့ကြီး စိုးမှုတွေက ပုံစံမျိုးစုံနဲ့ မြင်လာရမယ့်သဘောတွေ တွေ့နေရပါတယ်။ အခုကိုပဲ ရွေးကောက်ပွဲမှာ အစိုးရဖွဲ့မှာ စစ်တပ်ရဲ့ကြီးစိုးမှုတွေကို တွေ့နေရပါပြီ။ အန်အယ်လ်ဒီရဲ့ အလားအလာဟာ တကယ်ပဲ နိုင်ငံရေးအရ အား ကောင်းကောင်းနဲ့ ရပ်တည်ဖို့ အလားအလာရှိမယ်လို့ တွက်ပါသလား။
ကိုယဉ်ထွေး ။ ။ ဒီကိစ္စကိုတော့ ကျနော်မြင်တာကတော့ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီမှတ်ပုံမ တင်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ သူ့အဖွဲ့အစည်းရဲ့ တခုတည်းအတွက် စဉ်းစားခဲ့တာမဟုတ်ဘူး။ မြန်မာပြည် ဒီမိုကရေစီရေးဖြစ်စဉ်ကြီးတခုလုံးအတွက် စဉ်းစားပြီးလုပ်တာဖြစ်တယ်။ အဲဒီအတွက်ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နောက်တလှမ်းဆုတ်လိုက်ရတယ်လို့ သဘောမျိုး ဖြစ်တယ်ဆိုရင်တောင်မှပဲ ဒီမိုကရေစီရုန်းကန်မှုကြီးတခုလုံးဟာ နောက်ထပ် ရှေ့ခြေနှစ်လှမ်းတိုးဖို့အတွက် အားယူတယ်လို့ပဲ ကျနော်ကတော့ မြင်တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အခုနောက်ဆုံး ခုခံလိုက် တဲ့ဟာ ဆိုလို့ရှိရင် ရှင်းရှင်းလင်းလင်း ပြသလိုက်တာဖြစ်တယ်။ ဒါ့ကြောင့် ဒီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးချယ်မှုကို ကျနော်တို့က ကြည့်တဲ့နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ သူ့ပါတီအဖွဲ့အစည်းတခု တည်းအတွက် သူ ရွေးချယ်ခဲ့တာ မဟုတ်ဘူး။ ဒီမိုကရေစီ ရုန်းကန်မှုကြီးတခုလုံးအတွက် လိုအပ်တဲ့ လမ်း ကြောင်းကို ရွေးချယ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့် အဖွဲ့အစည်းပုံစံအရ၊ အမည်နာမအရ တမျိုးဖြစ်ရင်ဖြစ်သွား မယ်။ သို့သော် ဒီမိုကရေစီရုန်းကန်မှုကြီးကတော့ ပိုအားကောင်းလာမယ်လို့ ကျနော်ကတော့ မြင်ပါတယ်။
ကိုကျော်အောင်လွင် ။ ။ ဟုတ်ကဲ့ခင်ဗျ။ ဆိုတော့ ဒေါက်တာလွဏ်းဆွေခင်ဗျ။ ဒေါက်တာလွဏ်းဆွေ ရှေ့မှာ ပြောသွားခဲ့သလို ပြည်သူတွေနဲ့ နိုင်ငံရေးပါတီနဲ့ ရပ်တည်ချက်ကို ဒေါက်တာလွဏ်းဆွေ ရှေ့မှာပြောသွားတော့ ဒီတခေါက်လည်း အဲဒါနဲ့ ပတ်သက်ပြီးတော့ ဆက်ပြီးတော့ မေးပါရစေ။ အန်အယ်လ်ဒီပါတီဟာ ဒေါ်အောင် ဆန်းစုကြည် အဖမ်းခံရတဲ့အချိန်မှာ အန်အယ်လ်ဒီပါတီဟာ ကြေညာချက်ထုတ်တဲ့ အဆင့်လောက်ပဲရှိတယ် ဆိုပြီးတော့ ဝေဖန်မှုတွေ တော်တော်များများ ရှိခဲ့ပါတယ်။ ဆိုတော့ အခုအချိန်အထိလည်း ဒေါ်အောင်ဆန်းစု ကြည်ဟာ မလွတ်သေးပါဘူး။ အန်အယ်လ်ဒီဟာ နိုင်ငံရေးပါတီအဖြစ်ကနေပြီးတော့ ရပ်တည်လို့မရတဲ့အနေ အထား ရှိသွားပါပြီ။ ဆိုတော့ ပြည်သူတွေကလည်း ဒီလိုမျိုး နိုင်ငံရေးအရ ဦးဆောင်မှု ပြည်သူတွေကို မပေးနိုင် ဘူးဆိုပြီးတော့ အန်အယ်လ်ဒီပါတီပေါ်မှာ စိတ်ဝင်စားမှုတွေ လျော့လာတယ်ဆိုပြီးတော့ ပြောချက်တွေလည်း ရှိပါတယ်။ ဆိုတော့ ဒေါက်တာလွဏ်းဆွေ ဘယ်လိုခန့်မှန်းပါလဲခင်ဗျ။ ပြည်သူနဲ့ အန်အယ်လ်ဒီအင်အားစုဆို တာ ရှေ့မှာ ပိုပြီးတော့ နီးလားမလား၊ ဝေးလာမလား ဘယ်အချက်က ပိုအရေးကြီးမယ်ထင်ပါလဲခင်ဗျ။
ဒေါက်တာလွဏ်းဆွေ ။ ။ ဟုတ်ကဲ့၊ ကျနော်ထင်တာကပေါ့နော်၊ အန်အယ်လ်ဒီပါတီဟာ အနှစ် (၂၀) လုံးလုံး သူကရန်သူနှစ်မျိုးနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ကျနော်မြင်ပါတယ်။ အဓိကကတော့ အပြင်ရန်သူကတော့ ဗိုလ်ချုပ် မှူးကြီး သန်းရွှေတို့ပေါ့နော်။ နောက်ရန်သူတခုက ဘာလဲဆိုတော့ သူ့ရဲ့ အတွင်းရန်ပေါ့။ အတွင်းရန်ကတော့ ဦးအောင်ရွှေတို့ အုပ်စုတွေပေါ့နော်။ တချိန်လုံး အန်အယ်လ်ဒီရဲ့ အကျိုးစီးပွားအတွက်ကို မလုပ်ဘဲနဲ့ ရန်သူ့အ ကြိုက်လိုက်ပြီးတော့ ရန်သူကြိုက်တာကိုပဲ လိုက်လုပ်ပေးခဲ့တော့ အနှစ် (၂၀) လုံးလုံးမှာ အဲဒီအုပ်စုတွေဟာ အန်အယ်လ်ဒီရဲ့ နိုင်ငံရေးအကောင်အထည်ဖော်မှုတွေကို အမြဲတမ်း ကန်လန့်တိုက်ပြီးတော့ ရှေ့ကိုမတိုးဘဲ နောက်ဆုတ်စေခဲ့တဲ့ အုပ်စုတွေဟာ အခုအချိန်အခါမှာ ပြီးခဲ့တဲ့ မတ်လ (၂၉) ဆုံးဖြတ်ချက်မှာ ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ အများစုက အသာစီးရပြီးတော့ လုံးဝ ကန့်ကွက်မဲမရှိနဲ့ ပါတီမှတ်ပုံမတင်ဘူးလို့ အတည် ပြုလိုက်တဲ့အချိန်မှာ ဒီအုပ်စုတွေဟာ ကျဆုံးသွားပြီလို့ ပြောလို့ရပါတယ်။
အခုလည်း တချို့လည်း ခွဲထွက်ပြီးတော့ ပါတီထောင်သွားပြီဆိုတော့ အခုအချိန်မှာ အန်အယ်လ်ဒီဟာ ရှင်းရှင်း ပြောရင် အရင်လို ရန်သူနှစ်မျိုး မဟုတ်တော့ဘဲနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ ဦးဆောင်တဲ့ နအဖစစ်အုပ်စု တ မျိုးတည်းကိုပဲ ဦးတည်ပြီး တိုက်ရမယ့်အနေအထားကို ရောက်လာပြီလို့ ကျနော်မြင်ပါတယ်။ အဲဒီအတွက်ကို ကျနော်က ကျန်ရှိမယ့် ဗဟိုကော်မတီအဖွဲ့က ညီညီညွတ်ညွတ်နဲ့ ပြည်သူလူထု လိုလားတဲ့ ၉၀ ရလဒ်ကို အ ကောင်အထည်ဖော်ရေး၊ ပြည်သူ့လွှတ်တော်ခေါ်ယူရေး၊ ပြည်သူ့အစိုးရ ဖွဲ့စည်းရေး ဆိုတဲ့ဟာကို တစိုက်မတ် မတ် ဦးတည်လုပ်ဆောင်မယ်ဆိုရင်တော့ ကျနော်ထင်တယ်၊ ကျနော်တို့ ပြည်သူလူထုနဲ့ ဝေးကွာသွားစရာ အ ကြောင်းမရှိပါဘူး။
အခု ကျနော် နားလည်ထားတဲ့ အန်အယ်လ်ဒီ လူမှုရေးလုပ်ငန်းတွေ လုပ်မယ်ဆိုတာကလည်း နအဖရဲ့ ညစ် ကွက်အမျိုးမျိုးအောက်မှာ ပါတီအနေနဲ့ ရပ်တည်ခွင့်မရှိတော့ဘူးလို့ ယူဆပြီးတော့ ပြည်သူလူထုကြားကို ဆင်း ပြီးတော့ ပြည်သူလူထုနဲ့အတူ တသားတည်းနေပြီးတော့ လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်ရင်းနဲ့ နိုင်ငံရေးကို ဦး တည်သွားမယ်လို့ ဆိုလိုတယ်လို့ ကျနော်ထင်ပါတယ်။
ကျနော်အနေနဲ့ကကျတော့ ပါတီရုံးတခု ရှိတယ်မရှိဘူးဆိုတာက အရေးမကြီးပါဘူး။ အဓိကကတော့ လူထု ကြားထဲမှာ နိုင်ငံရေးဆက်လုပ်နေဖို့လိုတယ်။ ပြီးခဲ့တဲ့ ကျနော်တို့ ရွှေဝါရောင်အရေးအခင်းကို ဦးတည်ပြီးတော့ ဆွဲခေါ်သွားတဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဆိုတာလည်း ဘာရုံး၊ ဘာကနားမှ ရှိတာမဟုတ်ပါဘူး။ သူတို့ လည်း ပြည်သူလူထုနဲ့အတူတူ လမ်းပေါ်မှာ အတူတူသွား၊ အတူတူလာ၊ အတူတူခံစားရင်းနဲ့ပဲ ဒီလူထုတိုက်ပွဲ ကြီးကို ဖော်ဆောင်သွားတဲ့အတွက်ကြောင့် အန်အယ်လ်ဒီဟာ ဒီ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ ရှေ့ကသွား တဲ့ နမူနာကိုယူပြီးတော့ ဆက်ပြီးတော့ ခုနကပြောတဲ့ ပြည်သူ့လွှတ်တော်ခေါ်ယူရေး၊ ပြည်သူ့အစိုးရဖွဲ့စည်းရေး ဆိုတဲ့ လမ်းကြောင်းကို မမှိတ်မသုန် ဆက်လုပ်သွားမယ်ဆိုရင်တော့ လူထုကြားထဲမှာ အမြဲတစေ ရှင်သန်နေ မယ်လို့ ကျနော် မြင်ပါတယ်ခင်ဗျ။
ကိုကျော်အောင်လွင် ။ ။ ဟုတ်ကဲ့ခင်ဗျ။ ကျေးဇူးတင်ပါတယ်။
(ဆက်လက်ဖတ်ရှုပါရန်)
No comments:
Post a Comment