ကိုယ်ပြောမယ် ချို
မားဆိုး
မားဆိုး
(၁)
အလွမ်း (၂) ပွင့် ဒီရင်ဘတ်ကြီးထဲမှာ ပွင့်သွားခဲ့တယ် ချို ...
ပွင့်ဖတ်ခပ်ကြီးကြီး၊ အရိုးရင့်ရင့်၊ အရွက်ကားကား ...
သူ့ရဲ့ဆူးမှာ ကျနော့်သားတစ်တွေ ကပ်ငြိပါသွား ...။
(၂)
လပြည့်ကျော် (၂) ရက်နေ့ရဲ့ ကောင်းကင်မျက်နှာပြင်ညီမှာ
အသံကို စားသုံးဖူးတဲ့ ဝံပုလွေဆိုးတွေ ဒိန်ခဲကျပျောက်သွားကြပြီ ချို ...
ဒီညနဲ့ ဒီလဟာ ကျနော့်အတွက် မဟုတ်ခဲ့ဘူး
လီဗာပူးအတွက်လည်း မဟုတ်ခဲ့ဘူး
သိမ်းမြစ်ကမ်းပါးက အဖြူရောင်မိစ္ဆာများ မြူးထူးကခုန်၊ သီကြွေးတီးမှုတ်
မြို့ပြင်က မသာ မြို့တွင်းပြန်မသယ်ကောင်းဘူးတဲ့ ချိုရေ ...။
ချိုရေ ...
ခြေဆီတွေ ထွက်တယ်
ပေါင်တံတွေ တုတ်လာတယ်
ကိုယ်အလေးချိန်တွေ တရှိန်ထိုးတက်လာတာမို့
ကျနော့် ဝမ်းဗိုက်လေးလည်း ပိန်မနေနိုင်ရှာတော့ဘူးလေ ...။
(၃)
ဒီဘက်လေးနှစ်တာအတွင်း
အသားတွေ ပိုမဲလာလို့
စိတ်မရှည်နိုင်တိုင်း ဆံပင်အရှည်ထားတတ်လာလို့
မုတ်ဆိတ်ကျင်စွယ် မရိတ်နိုင်အားလို့
ဝင်စတန်တလိပ်နဲ့ ဗီယက်ကောင်းတခွက်ကို အချိုးချတတ်လာလို့
ငွေသွင်းပြေစာတွေကို မွေ့ရာအောက်ထား၊ လက်ချည်းဗလာနဲ့ ‘ဟောက်’ တတ်လာလို့
ဂိုးပေါင်း အပေါ် အောက် ပြောတတ်လာလို့၊ ‘ရွှေဘ ... ကွ ..’ လို့ အော်တတ်လာလို့ ...
ကျနော်
တိုးတက်ရေးလမ်းကြောင်းပေါ်က ကွန်ဆာဗေးတစ်တကောင်လား ချို ...။
(၄)
ဟိုကောင်ကြီးကတော့ ပန်းပန်လျက်ပါ ချို
သူ့မြေးကို စင်္ကာပူမှာ ကျောင်းထားပြီး မုန့်စားဆင်းချိန် ထမင်းချိုင့်လိုက်ပေးတယ်
ဟိုကောင်ကြီးကတော့ ပန်းပန်လျက်ပါ ချို
နရသီဟပတေ့လို Road map ၃၀၀ ကို သစ်ဆိမ့်ဆီနဲ့ ချက်တယ်
ဟိုကောင်ကြီးကတော့ ပန်းပန်လျက်ပါ ချို
စံပြကျွန်းစိုက်ခင်းက အထူးမှာယူထားသော ထမင်းစားပွဲနဲ့
ဒီမိုကရေစီပွဲတော်တည်တယ်
ဟိုကောင်ကြီးကတော့ ပန်းပန်လျက်ပါ ချို
အနှစ် (၂၀) စီမံကိန်း၊ လျာထားချက် ပြည့်မီကျော်လွန်ရေး၊ စက်မှုစွမ်းအား ခေတ်ကျော်လွှား ...
ပေါင်းလောင်း ဇော်ဂျီ၊ ရဲရွာ ထမံသီ
ကြက်ဆူဆီနဲ့ အင်ဂျင်မောင်းတယ် ချို ...။
(၅)
ဒီကောင်လေးခမျာမှာတော့ ကိုင်းကန်လျက်ပါ ချို
မနက်တနပ် ညတနပ်အတွက် ခေါက်ဆွဲတဖာ အကြွေးဝယ်ထားဖူးပေမယ့် ...
ဒီကောင်လေးခမျာမှာတော့ ကိုင်းကန်လျက်ပါ ချို
ဆယ်တန်းဖြေမယ့် ညီမလေးအတွက် (၁၂) ဗို့ ဘက်ထရီလေးတလုံးတောင် မဝယ်ပေးနိုင်ခဲ့ဘူး ...
ဒီကောင်လေးခမျာမှာတော့ ကိုင်းကန်လျက်ပါ ချို
အညာတခွင်က စိမ့်တွင်းလေးများလို
ရေကြည်တက်လာရင်း၊ မွှေနှောက်ကဲ့ယူခြင်း ခံရရင်း ...
ဒီကောင်လေးခမျာမှာတော့ ကိုင်းကန်လျက်ပါ ချို
လေဆန်အံခဲပျံရင်း၊ ကြံရင်းနဲ့ သေမယ့်ကောင်ပါ
၂၀၀၈ ဖွဲ့စည်းပုံကို ယပ်ခတ်စားရင်း ... ‘အေ့’ ခနဲ လေချဉ်တက်လိုက်တယ် ချို။
(၆)
ဟိုအစ်ကိုကြီးက ပြုံးတယ်ချို
ဟိုအပျိုလေးက လုံးတယ် ချို
ဟို မပြေးသော်လည်း ကံရာရှိ ...
သူတို့တွေ ထမင်းဖိုး ဟင်းဖိုးအတွက် ကိုယ်ရေးမှတ်တမ်းတွေ ချစားကြတယ် ချို
ဟိုတလောက ကန်တော်ကြီင်္းမှာ သွေးစွန်းခဲ့တယ် ချို
ဟိုလူကြီးတွေ၊ ဒီလူကြီးတွေ၊ ဟိုဝါဒတွေ၊ ဒီဝါဒတွေ ပြောပြောပြီး ဘယ်သူသေသေ ငတေမာကြတယ် ချို။
(၇)
စိတ်ကို ရွက်ကုန်လွှင့်ရင်း
ဘယ်အချိန်မှာများ ငါ့ရွက်လှေကို ကျောက်ဆောင်နဲ့ ရိုက်ခွဲဖြစ်လဲလေ ...
(၈)
အပွေးမြင် အပင်သိတယ် ချို
မေတ္တာ၊ သစ္စာ၊ မုဒိတာဆိုတာ နယ်လှည့်ဇာတ်ကြော်ငြာတွေကွဲ့
လေမထိ နေမထိ၊ အနှစ် (၂၀) စီမံကိန်းနဲ့ ချွေးသိပ်ခံရတတ်တယ် ချို ...
(၉)
ထားလိုက်ပါတော့ ချိုရယ် ...
လျှောက်ခဲ့ပြီးမှတော့ နောက်ပြန်လှည့်မကြည့်ကြေးလေ
မြန်မာဆိုတာ ... ကမ္ဘာပေါ်မှာ ... ပြန်မလာနိုင်တော့တာ (ချိုလည်းသိ၊ ကိုယ်လည်းသိ)
ဘာလို့များ ပဒေသရာဇ်အမှိုက်တွေ ပြန်ဆွဲထုတ်ချင်ရတာလဲကွယ် ...
မနေ့ကဆိုတဲ့ အတိတ်မှာ နှင်းဆီတခင်းပျိုးခဲ့
မနက်ဖြန်ဆိုတဲ့ အနာဂတ် ခွပ်တလင်းပြင်တွေအတွက်
ဒီနေ့ဒီအချိန်ကို စတေး
မင်းထွက်ပြေးမှာလား၊ ထိပ်တိုက်တွေ့မှာလား ချို ...
(၁၀)
တော်ပါတော့ကွယ်
ကိုယ်လည်း ပြောပါများ စကားဖွာတဲ့ ဒိုင်ယာလောခ့်သမားကြီး
ဖြစ်မှန်းမသိ ဖြစ်နေပါရော
တချို့တွေက လက်သိပ်ထိုးတယ်
တချို့တွေက လက်ထိပ်ပြီးတယ်၊ တရားပြီးတယ်
တချို့တွေက သစ္စာလေးပါးကို လမ်းဆုံလမ်းခွမှာ တောင်းရမ်းစားသောက်ကြတယ် ချို ...။
အင်းပေါ့လေ ...
ချိုရယ် ... ကိုယ်က စကားလုံးလော်လီတဲ့ ကဗျာရေးသူတဦးပါ ...။
ပြုံးတိုင်း လှမလာတဲ့ ရေကန်တွေ၊
ပန်းခြံတွေ၊
နတ်ဘုံနတ်နန်းတွေ၊
တိရိစ္ဆာန်ရုံတွေ၊
သားသတ်ရုံတွေ
သွေးစွန်းလက်တွေ၊
ပန်းဥယျာဉ်နှင့် ဈေးများဌာန၊
အကောက်ခွန်ဦးစီးဌာန၊
ကလေးသူငယ်ပြုစုပျိုးထောင်ရေးဌာန ...
ကုန်စိမ်းဈေး၊
အမြန်လမ်းမသစ်ကြီး၊
တကယ်တော့ ချိုရယ်
အားလုံးဟာ သားစိမ်းငါးစိမ်းတွေကို ချောကလက်အုပ်ပြီး
မော်ဒီဖိုင်း လုပ်ကြသူတွေပါပဲ ...။
ကိုယ်ကတော့ အဲ့ဒီထဲမှာ
မိခင်တယောက်အတွက်၊ ပြန်မရနိုင်သေးတဲ့ မုန့်ခြောက်တချပ်အတွက်
ကိုယ်လေ ...
ရေပေါ်ဆီ ကူးသန်းရောင်းဝယ်ရေး လုပ်နေသူပေါ့ကွယ် ...။ ။
မားဆိုး
(၂၉.၀၄.၂၀၁၀)
2 comments:
ဂွတ်လှချည်လားမားဆိုးရယ်
ရိုးသားမူမရှိတဲ့ ခိုးချ ဖြတ်ညှပ်ကပ်လေး တစ်ခုပါ....အံချင်၏
Post a Comment