Sunday, May 2, 2010

စစ်ကြောင်းလျှောက်ခြင်း

စစ်ကြောင်းလျှောက်ခြင်း
ကိုမွှေး

မလိမ်မိုးမလိမ်မာ ခိုးခိုးခစ်ခစ်နဲ့
ရင်ခုန်သံတွေ လွယ်လွယ်မဖြစ်တော့တဲ့အရွယ်ပါ ဘေဘီရယ် ...
အနိစ္စကို ကြိတ်ဟလို့ပဲ မနိုင်ရင်ငါ အသိအမှတ်ပြုရတာ များလှပြီ
တကယ်တော့ စိတ်မချနိုင်ခြင်းများစွာထဲ
အပြုံးနည်းရတဲ့အထဲ
ဗုံးထထကွဲရတာလည်း ပါတယ်ကွယ့် ...။

သင်္ခါရတွေက
ယှဉ်လာကြသူတိုင်းကို နောက်ကောက်ကျအောင် အလံလုသွားတဲ့
စင်မြင့်ကြီးပေါ်မှာ
ငါသာ ပိန်ညှိုးပိန်ညှပ်နဲ့ ထောင့်ကပ်နေအောင်
အထိုးခံခဲ့ရတာလည်း ကြာလှပြီထင်တုန်း
ဝုန်းဆို တယောက်ပြီးတယောက်
ခင်မင်သူတွေ လောကထဲက ပျောက်ပျောက်ကုန်ကြရဲ့ ...။

ဟကောင်ရဲ့ ... အဲဒါဘ၀ဟဲ့လို့
ညတွေမှာ တယောက်တည်းပြောရင်း
လမင်းကို ဆွဲလုချင်စိတ်တွေ မခိုးမခန့် ပေါ်ပေါ်လာ ...။

ဘောင်းဘီဝတ်သူများလည်း
ဘောင်းဘီချွတ်ကြပြီ
ပုဆိုးဝတ်သူများလည်း ထမီပြောင်းဝတ်ကြပြီဆိုတဲ့ကာလမှာ
ဘ၀ဟာ သူ့ဖဲသူချိုးဖို့ ကြိုးစားတာ အကြိမ်ကြိမ်
အဲသလို သေးသိမ်တာပေါ့ ...
သို့ပေသည့် သူဟာနဲ့သူကတော့
ဟိုတုန်းက အင်းသားတယောက်ပြောသလို
ငြိမ်ကလသွားထာပဲလူခဲရေလို့ ပြောရမလို
သူ့ဟာနဲ့သူ ဇိမ်ကျနေကြတာမြင်တော့
ဒီလင်ဒီမယား အိုအောင်မင်းအောင် ပေါင်းကြမယ်ပေါ့လို့တောင်
ခပ်ကြောင်ကြောင် မှတ်ချက်ချရမလို ရုန်းတော်မူနဲ့ပျို ဆိုတဲ့
သီချင်းလိုပေါ့ ...။

ဒီမှာ ဒီမိုကရေစီသွားကြားညှပ်မှုတွေ
ပညာတတ်အမြီးနှန့်မှုတွေ
ကွက်စိပ်ဆရာပါးစပ်နဲ့ မိုက်ခွက်ကိုင်လေလည်မှုတွေနဲ့
လောကကြီးညစ်ညမ်းခဲ့တာ ကြာလှပြီဆိုတော့လည်း ...။

ဟန်နီရေ ကိုကို အသက်ကြီးပြီ
တံမြက်စည်းတချောင်းလို စိတ်အမှိုက်တွေ ကပ်နေခဲ့ရင်
ပြုပြင်ပေး ... သန့်စင်ပေးပါလို့
ချစ်ကြောက်ရိုသေဖြစ်ရတဲ့ ချစ်သူကို တိုးလျှိုးတောင်းပန်ရမလို
တိုလီမုတ်စတွေနဲ့ စိတ်တွေဟာ တင်းကျပ်ခဲ့ရပြီ ...။

ဒီမယ်.....
အရက်တပုလင်း
လက်ပ်တော့တလုံး ရုံးတခန်းရှိရင်
ငါဟဲ့ အစိုးရလို့တောင် အော်လို့ရနေတဲ့ ခေတ်ကြီးမှာ
ငါ့ဟာငါ အစိုးမရမှုတွေနဲ့ မရိုးမရွဖြစ်မှုတွေလည်း အနည်ထိုင်စပြုပြီ ...။

ဒီမှာပဲ ချစ်သူကို ကိုယ့်ဘ၀ရဲ့ဘုရင်ခံခန့်လို့
ဆန့်ဆန့်ကြီး သေမယ့်နေ့မှာ
ချစ်ခင်သူခပ်ရှားရှားထဲက
တယောက်စ နှစ်ယောက်စက ၀မ်းနည်းခြင်းကဗျာတွေ ရေးကြဦးမယ်လို့
ကိုကိုက ဘယ်တော့မှပိုမတွေးဘူး
နဖူးလေးနမ်းပြီး အဲသလိုပြောချင်ရဲ့ ...။

ဒါနဲ့ ဘ၀ရဲ့စစ်ကြောင်းထဲမှာ
ပစ်ကောင်းမယ့် ပစ်ကွင်းတခုအဖြစ်နဲ့
လျှောက်လာခဲ့ရင်း အချစ်သီချင်းတွေလည်း
လေးလေးနက်နက် ဆိုဖြစ်ခဲ့ပြီ ...။ ။

ကိုမွှေး

7 comments:

Unknown said...

ကိုမွေး

ကောင်းလိုက်တဲ့ ကဗျာပါဘဲ
တကယ်ကိုကောင်းပါတယ် ....

ကျနော် ကူးပြီးကျနော် Page မှာပါ ခနတင်ထားခွင့်ပြုပါ ...

လေးစားစွာဖြင့်

eagle said...

ကဗျာဆိုတာ
ခေတ်တစ်ခေတ်ကို
ဖွင့်ဟပြနိုင်တယ်...
ဒါကို
ကိုမွှေးက
သက်သေပြခဲ့တယ်။

လောင်စာ said...

ကဗျာဆိုတဲ့ စာပေအနုပညာတရပ်ဟာ ကမ္ဘာတည်သ၍ တိုက်ပွဲတွေမှာ မွေ့နေအုံးမှာပဲ...။ ကလောင်ပစ်တာဟာ ထိချက်နာတယ် ဘေးထွက်ဆိုးကျိုးနည်းတယ်..။ တိုက်ပွဲတွေအတွက် လက်နက်ကောင်းတခုဆိုတာ လူတွေသိမှတ်ပြုလာ ဒီနေ့အထိပါပဲ..။ ကိုမွေးကလဲ ရနံ့အကြားမှာ သင်းပျံ့မှုတွေကို မက်မောမိမှာပါ ခုခါတော့ ဖိုးခကြီး ပျက်စီးများတဲ့ ယမ်းအနံ့တွေကြား ပျော်လေဦး...။ အစဉ်အမြဲအားပေးနေပါတယ်ခင်ဗျာ...။

Poe Tay said...

ကျနော်ကဗျာဆရာမဟုတ်ပေမဲ့ ကဗျာဆရာတွေကိုလေးစားတယ် အဲဒီအထဲမှာကိုမွှေးပါသွားပြီ
ကျနော်က ကဗျာတွေကိုနှစ်သက်တယ်
ကဗျာရဲ့ ရသတွေနဲ့ ခံစားဖော်ပြမှုတွေကို နားလည်အောင်ကြိုးစားတယ်
ကိုငြိမ်းဆုံးပြီးနောက် ခေတ်ကိုထင်ဟပ်တဲ့ ကဗျာအတွက် ကျေးဇူးတင်တယ်