Tuesday, April 27, 2010

(၃၈) ယောက် (သို့မဟုတ်) အကြောက်တရားကို ရင်ဆိုင်ခြင်း

(၃၈) ယောက်
(သို့မဟုတ်)
အကြောက်တရားကို ရင်ဆိုင်ခြင်း
စိုးလွင် (ဆစ်ဒနီမြို့)

ဘန်ကောက်မြို့ ဂျုလိုင်လဟာ မိုးရွာတတ်လို့ မနက်ကတည်းက မိုးရွာမှာကို ကျနော့်ရင်ထဲမှာ အနည်းငယ် စိုး ရိမ်နေမိပါတယ်။ ဒါပေမယ့် ရာသီဥတုက ကျနော်တို့ဘက်မှာပါ။ ကောင်းကင်ဟာ ကြည်လင်ပြီး သာယာနေ တယ်။ ဒီနေ့ ဂျုလိုင် (၂) ရက်နေ့ ၁၉၉၁ ခု ကျနော်တို့ အကြောက်တရားကို ရင်ဆိုင်ဖို့အတွက် အစီအစဉ်တခု ဒီနေ့မနက်မှာ အကောင်အထည်ဖော်နိုင်ဖို့ ပြင်ဆင်နေကြပါတယ်။ ကျနော်တို့ လူစုဖို့ ချိန်းထားတဲ့ နေရာက တော့ ရမ်ဂန်ဟန်လို့ခေါ်တဲ့ ရပ်ကွက်က (၅၃) လမ်းမှာရှိတဲ့ ကျနော်တို့နေတဲ့ အိမ်မှာပဲဖြစ်ပါတယ်။

ဒီအစီအစဉ်ကို ပြီးခဲ့တဲ့အပတ်က JRS (Jesuit Refugee Service) ရုံးခန်းမှာ အချောသတ် ဆွေးနွေးပြီး ဆုံး ဖြတ်ချက်ချခဲ့တယ်။ JRS ဆိုတာ ဘန်ကောက်ရောက် မြန်မာကျောင်းသားတွေကို လူမှုရေးအရ အထောက် အပံ့ပေးနေတဲ့ ဌာနတခုပါ။

ဂျုလိုင် (၁) ရက်နေ့ ညမှာ ကျနော်တို့ မနက်ဖြန်လုပ်မယ့် အစီအစဉ်အတွက် အလုပ်များနေကြသလို ကျနော် တို့အားလုံးရဲ့ စိတ်တွေလည်း လှုပ်ရှားနေကြပါတယ်။ စိုးရိမ်ပူပန်မှုတွေလည်း ရှိနေပါတယ်။ ဘာဖြစ်လို့လဲဆို တော့ မနက်ဖြန်အစီအစဉ်တွေ ဘယ်လိုဖြစ်လာမလဲ၊ အဆုံးသတ် ဘယ်လိုဖြစ်လာမလဲဆိုတာ ကျနော်တို့ သေသေချာချာ မသိလို့ပါပဲ။ အဓိက အစိုးရိမ်ဆုံးကတော့ ဒီနေ့ညမှာ ကျနော်တို့ကို ထိုင်းရဲက ဖမ်းနေကျအ တိုင်း လာဖမ်းသွားမှာကိုပဲ။ တကယ်လို့များ အဲဒီလိုဖြစ်ခဲ့ရင် မနက်ဖြန်လုပ်မယ့် အစီအစဉ်ပျက်ပြီ။

အဲဒီကာလကလည်း ဘန်ကောက်မြို့မှာ ထိုင်းရဲက နေ့တိုင်း တနေရာမဟုတ် တနေရာမှာ မြန်မာကျောင်းသား တွေကို ဖမ်းနေတဲ့အချိန် ဖြစ်နေတယ်။ အဲဒီတုန်းက ဘန်ကောက်ရောက် မြန်မာကျောင်းသားတွေရဲ့ ဘ၀ဟာ ထိုင်းရဲနဲ့ လိုက်တမ်း ပြေးတမ်း ကစားနေရတဲ့ ဘ၀မျိုး၊ အချို့သူငယ်ချင်းတွေဆိုရင် အချုပ်နဲ့ အပြင်မှာ နေရတဲ့ အချိန် တွက်ကြည့်ရင် အချုပ်ထဲမှာ နေရတဲ့ရက်က ပိုများနေတယ်။ ထိုင်းရဲက ဖမ်း၊ အချုပ်ထဲ ပို့ ၊ ထိုင်းဥပဒေ အရ တရားမ၀င် ခိုးဝင်လာတဲ့ ပုဒ်မနဲ့ ထောင်ချ၊ ရက်စေ့ (သို့) ရက်ကျော်ပြီးမှ ပြန်လွှတ်၊ ထိုင်း-မြန်မာနယ်စပ် အပို့ခံရပြီးတော့ တချို့ဆိုရင် နအဖစစ်တပ်က ဖမ်းမိပြီး ထောင်ချခံရ၊ အချို့ ဘန်ကောက်ကို ပြန်ခိုးတက်လာ ကြ၊ တခါ ထိုင်းရဲက ပြန်ဖမ်းနဲ့ သံသရာလည်နေတဲ့ ဘ၀၊ ဒီသံသရာကို ထိုင်းအစိုးရက မြန်မာစစ်အာဏာရှင် တွေနဲ့ အကျိုးတူပူးပေါင်းကာ ဖမ်းမိတဲ့ တော်လှန်သော မြန်မာကျောင်းသားများကို နအဖ(န၀တ)တွေဆီ ပြန်ပို့ ပြီး အဆုံးသတ်ချင်နေတဲ့ အချိန်ပေါ့။

ဒီနေရာမှာ အလျဉ်းသင့်လို့ ဘန်ကောက်ရောက် မြန်မာကျောင်းသားတွေရဲ့ အခြေအနေအချို့ကို ဖော်ပြပါရ စေ။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီရရှိရေးအရေးတော်ပုံအတွက် နေ၀င်းစစ်အာဏာရှင်အစိုးရအား လက်နက်ကိုင် တော်လှန်ရေးဆင်နွဲဖို့ ထိုင်း-မြန်မာနယ်စပ်ဒေသသို့ ရောက်ရှိလာတဲ့အချိန်အထိ ကျနော်တို့ဟာ စစ်အာဏာ ရှင်စနစ်ဆိုးကြောင့် မျက်စိပိတ်၊ နားပိတ်၊ ပါးစပ်ပိတ်ဘ၀မှာ ကြီးပြင်းခဲ့ရတဲ့အတွက် ပြင်ပကမ္ဘာနဲ့ အဆက်အ သွယ်ပြတ်နေခဲ့တယ်။ နယ်စပ်မှတဆင့် ဘန်ကောက်ရှိ UNHCR ( United Nations High Commissioner for Refugees) ရဲ့ အထောက်အပံ့နဲ့ နေထိုင်ခွင့်ရတာ သိလာကြပြီးနောက်ပိုင်းမှာ ဘန်ကောက်မြို့ကို တဖြည်း ဖြည်း ရောက်လာတော့မှပဲ ပြင်ပကမ္ဘာနဲ့ တိုက်ရိုက်အဆက်အသွယ်ရတော့တယ်။ (၂၆) နှစ်ကြာ လှောင်ပိတ်ခံ ထားရပြီးမှ ပထမဦးဆုံး သိတဲ့အသိကတော့ မျက်စိပွင့်၊ နားပွင့်၊ ပါးစပ်ပွင့်သွားခြင်းပဲဖြစ်တယ်။ ဆိုလိုတာက ကိုယ့်ယုံကြည်ချက်၊ ကိုယ်ယုံကြည်တဲ့လမ်းပေါ်ကို ယုံကြည်တဲ့အတိုင်း ဖော်ဆောင်လို့ရတယ်ဆိုတဲ့ ပွင့်လင်းမှု ရခြင်းကို ဆိုလိုတာပါ။ ဒါကြောင့် မနက်ဖြန်လုပ်မယ့် အစီအစဉ်ဆိုတာလည်း ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ခွင့်ရခဲ့ တဲ့အကျိုးရဲ့ နောက်ဆက်တွဲလို့ဆိုရမယ်။

ကျနော်တို့ အိပ်ရာစောစောထပြီး အားလုံးရေချိုးကာ တကိုယ်ရေသန့်ရှင်းပြီးနေပြီ။ အချိန်ကလည်း နံနက် (၈) နာရီကျော်ပြီဆိုတော့ အခြားသူတွေလည်း ရောက်ဖို့သင့်ပြီ။ ဒါကြောင့် ကျနော်လည်း တမျှော်မျှော်ပါ။ သိပ်မ စောင့်ရပါဘူး၊ အားလုံး အလျှိုလျှိုနဲ့ ရောက်လာကြပါတယ်။ တကယ်တော့ ကျနော်တို့ အစည်းအဝေးလုပ်က တည်းက ဆန္ဒရှိသူတွေ စုပေါင်းထားပေမယ့် မတူတဲ့အုပ်စုငယ်လေးတွေ (၆) စု (၇) စုလောက် ပေါင်းထားတာ ဆိုတော့ ဒီနေ့လုပ်မယ့် အစီအစဉ်အတွက် လူဘယ်နှစ်ယောက်လာမယ်ဆိုတာ တိတိကျကျတော့ မသိသေး ဘူးဖြစ်နေတယ်။ အစည်းအဝေးမှာတော့ လူ (၃၀) လို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ပြီးတော့ ဒီလိုအစီအစဉ်မျိုး အတွက်က အကြမ်းဖျင်းအားဖြင့် လူလည်းရွေးရပါတယ်။ တူညီတဲ့ ရည်ရွယ်ချက်တခုအပေါ်မှာ အားလုံး ညီ ညွတ်မှုကို တည်ဆောက်ယူရတယ်။

ထုံးစံအားဖြင့်ဆိုရင်တော့ ကျနော်တို့ ညီညွတ်ဖို့ ခက်ပါတယ်။ ဒါပေမယ့် အကြောင်းရှိရင် ညီလို့ရတာ ကျနော် တို့ သိထားတယ်။ ကျနော်တို့ လူစုဖို့ဖြစ်လာတဲ့ အဓိကအကြောင်းအရင်းက အဲဒီအချိန်တုန်းမှာ ထိုင်းအစိုးရက ဖမ်းဆီးခံ မြန်မာကျောင်းသားတွေကို မြန်မာစစ်အာဏာရှင်တွေလက်ထဲ ရက်ရက်စက်စက် ဖမ်းဆီးပြန်ပို့ခဲ့ကြ တယ်။ ကျနော်တို့အားလုံးစိတ်ထဲမှာ ဘယ်မှာနေနေ မလုံခြုံတော့ဘူးလို့ ခံစားလာရတဲ့အပြင် ကျနော်တို့ရဲ့ သူငယ်ချင်း ရဲဋ္ဌေးလည်း န၀တလက်ထဲ ဖမ်းဆီးပြန်ပို့ခံရတဲ့အထဲမှာ ပါခဲ့တယ်။ နဂိုကတည်းကလည်း မဟုတ် ရင်မခံတတ်တဲ့ စိတ်ကလေးတွေကလည်းရှိထားတော့ တခုခုလုပ်ရမယ်ဆိုတာ သိလာတယ်။ ဒီနေရာမှာ မဟ တ္တမဂန္ဒီရဲ့ အနစ်နာခံပြီးလုပ်တဲ့ တော်လှန်ရေး (passive resistance) အတွေးအခေါ်လေး ရေးပြချင်ပါတယ်။

“အကြောက်တရားနဲ့ သေမလား၊ စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အတိုင်း တခုခုထလုပ်မလား” ဆိုတဲ့ အတွေးအခေါ် လေးပါ။ လူတိုင်းမှာ အကြောက်တရားရှိပါတယ်။ ကျနော်တို့ မြန်မာပြည်မှာတော့ စစ်အာဏာရှင်နေ၀င်းက မ တရားဖိနှိပ်ခဲ့တဲ့အတွက် အကြောက်တရားဟာ မြန်မာပြည်သားတွေ အားလုံးအတွက်တော့ အလေ့အကျင့်၊ အလေ့အထတခုလို ဖြစ်နေပါပြီ။ ကျနော့်ရင်ထဲမှာ ရှိတဲ့အတိုင်း အကြောက်တရားနဲ့ ပတ်သက်လို့ အမှန်အ တိုင်းပြောရရင် အဲဒီအကြောက်တရားတွေ၊ စိုးရိမ်မှုတွေနဲ့ပဲ ဒီတော်လှန်ရေးလုပ်ဖို့ ထွက်လာခဲ့တယ်ဆိုတာ အ သက် (၄၀) ကျော်မှ သေသေချာချာ သိလာပါတယ်။

ကျနော့်အကြောက်တရားက နေ၀င်းစစ်တပ်က လက်နက်မဲ့ ပြည်သူတွေကို လက်နက်နဲ့ အနိုင်ကျင့်နေတော့ သူတို့ကို ရင်ဆိုင်တိုက်ဖို့အတွက် လက်နက်ကိုင်တော်လှန်ရေးဆီသို့ ထွက်လာပေမယ့် လမ်းတလျှောက်လုံး မှာ စစ်တပ်ကပဲ ဖမ်းမလား၊ ငါပြန်ချနိုင်မလား၊ ငါတို့သွားချင်တဲ့နေရာအထိ သွားလို့ရပါ့မလား စသဖြင့် ရင်ထဲ က အကြောက်တရားမျိုးစုံကို ငါယောင်္ကျားပဲ၊ မြန်မာပြည်သူတွေ စစ်အာဏာရှင်လက်အောက်ကလွတ်မြောက် ဖို့အတွက် ငါထွက်လာတာပဲဆိုပြီး အားတင်းပြီးလာခဲ့ရတယ်။ အဲဒီလို တော်လှန်ဖို့ ထွက်မလာပြန်ရင်လည်း စစ်အာဏာသိမ်းပြီးရင် အဖမ်းခံရမလားဆိုပြီး ကြောက်စိတ်၊ စိုးရိမ်စိတ်တွေ ရှိခဲ့ဖူးတယ်။ ဒီလိုအကြောက်တ ရားတွေကို ဆိုလိုချင်တာပါ။
ဒါပေမယ့် အရေးကြီးတာက အဲဒီအကြောက်တရားတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကိုသိဖို့ပဲ။ ဒေါ်စုလည်း ‘ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး’ ဆိုပြီး စာအုပ်ရေးထားသလို ဦးဝင်းတင်ကလည်း “မကြောက်တရားလက် နက်၊ အကြောက်တရားကို စွန့်ပြီး မကြောက်တရားနဲ့ ရင်ဆိုင်ကြပါ။ ရဲရဲတင်းတင်းကြီးကို ရင်ဆိုင်ကြပါ။ အ ကြောက်တရားရှိရင်လည်း ကြောက်ကြောက်နဲ့ပဲ လုပ်ကိုင်ကြပါလို့တိုက်တွန်းခဲ့တယ်။ မကြောက်တရားလက် နက်နဲ့ စစ်အစိုးရကို တွန်းလှန်ချေမှုန်းဖို့၊ ရင်ဆိုင်ဖို့ တလမ်းပဲရှိပါတယ်” လို့ ပြောထားသလိုပါပဲ။

အဲဒီတုန်းက ကျနော်တို့ အကြောက်တရားကို ရင်ဆိုင်ဖို့ စိတ်တူကိုယ်တူ အဖြစ်နိုင်ဆုံးနဲ့ တိုက်ပွဲကာလအတွင်း မှာ အချင်းချင်း စိတ်ဝမ်းမကွဲဖို့ကို အဓိကထားပြီး လူတွေစုပါတယ်။ ကျနော်တို့အားလုံး အင်္ကျီအဖြူရောင်တွေ ၀တ်မယ်၊ ဆံပင်တိုတိုညှပ်ပြီး ထိုင်းဘုရင် ဘူမိဘောရဲ့ ပုံတွေကို ကျနော်တို့ ရင်ဘတ်မှာ ထိုးထားဖို့ စီစဉ်ထား တယ်။ တကယ်တော့ ထိုင်းနိုင်ငံဟာ မြန်မာပြည်နဲ့စာရင် အပုံပေါင်းမြောက်များစွာ ဒီမိုကရေစီရှိတယ်လို့ ပြော လို့ရပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ဒီမိုကရေစီအောက်မှာပဲ ထိုင်းရဲနဲ့ ထိုင်းစစ်တပ်တွေကြောင့် မတရားသဖြင့် အသက်ပျောက်သွားတဲ့ မြန်မာနိုင်ငံသားတွေ၊ ဥပဒေမဲ့ အချုပ်အနှောင်ခံထားရတာတွေ၊ မတရားသဖြင့် အနိုင် ကျင့်ခံရတဲ့ မြန်မာအမျိုးသမီးငယ်တွေရဲ့ ဘ၀ပျက်မှုတွေ ဒုနဲ့ဒေး ရှိနေတာကို ကျနော်တို့ မျက်ဝါးထင်ထင် သိ ထားတဲ့အတွက် ကျနော်တို့ကိုလည်း ထိုင်းဥပဒေရဲ့နောက်ကွယ်က ဖြစ်ရပ်တွေထဲ ခေါ်ဆောင်သွားမှာ စိုးရိမ်မိ လို့ ထိုင်းပြည်သူတွေရဲ့ မေတ္တာ၊ ကရုဏာတွေ ရရှိဖို့အတွက် သန့်သန့်ရှင်းရှင်းနဲ့ ထိုင်းဘုရင်ပုံတွေ ရင်ဘတ်မှာ ထိုးထားတာဆို ပိုမှန်ပါလိမ့်မယ်။

အားလုံးစုံစုံညီညီ ရောက်မရောက်မေးပြီး ကျနော်တို့အစီအစဉ် မစခင်မှာ ကျနော်တို့ရဲ့ကြေညာချက်နဲ့ စာရွက် ပေါ်မှာ အားလုံးသဘောတူ လက်မှတ်ရေးထိုးဖို့ စီစဉ်ထားတဲ့အတိုင်း အားလုံးကို လက်မှတ်ထိုးဖို့ ပြင်ဆင် လိုက်ပါတယ်။

“ထိုင်းနိုင်ငံအစိုးရမှ မိမိတို့ မြန်မာကျောင်းသားများအား လူသားချင်းစာနာထောက်ထားသောအားဖြင့် မြန်မာ နိုင်ငံတွင် ပြည်သူ့အစိုးရတရပ် ပေါ်ပေါက်လာသည့်အချိန်အထိ မိမိတို့မြန်မာကျောင်းသားများအား လူသားတ ဦးအနေအဖြင့် လွတ်လပ်စွာ ခေတ္တနေထိုင်ခွင့်ပြုပေးပါရန်နှင့် မိမိတို့၏ ဆန္ဒသဘောထားမပါဘဲ အလုံပိတ်စ ခန်းသွင်းခြင်း၊ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းများကို မပြုလုပ်ပါရန်” ခိုင်မာစွာ တောင်းဆိုထားပြီး မိမိ သဘောဆန္ဒအလျှောက် လက်မှတ်ရေးထိုးပါတယ်လို့ (၃၈) ယောက် လက်မှတ်ထိုးလိုက်ကြပါတယ်။

လက်မှတ်ရေးထိုးပြီးတာနဲ့ ကျနော်တို့အားလုံး ဦးဇင်း ဦးဥတ္တရရဲ့ တရားတော်နာယူကာ မိမိတို့လုပ်မယ့်အလုပ် ဟာ ဘန်ကောက်မြို့ရှိ မြန်မာကျောင်းသားတွေအားလုံးအတွက် ဖြစ်တာကြောင့် မိမိတို့အလုပ်ကို ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ အောင်မြင်စွာလုပ်ဆောင်ဖို့ သံန္နိဌာန်ချလိုက်ကြပါတယ်။

ကျနော်တို့ စီစဉ်ထားတဲ့အတိုင်း လူခွဲပြီး ရမ်ဂန်ဟန် တက္ကသိုလ်ကျောင်းဝင်းအတွင်းကို့ လမ်းလျှောက်သွားကြ ပါတယ်။ အဲဒါ ကျနော်တို့ရဲ့ နောက်ဆုံးစုရပ်ပါ။ ရမ်ဂန်ဟန်တက္ကသိုလ်ကျောင်းဝင်းထဲမှာ လူစုဖို့ နေရာရှာထား ပြီး ကျနော်တို့အတွက် ငှားထားတဲ့ နံပါတ်(၇၁) ဘတ်စ်ကားအစိမ်းရောင်လေး ရောက်အလာကို စောင့်နေကြပါ တယ်။ ကျနော်တို့အားလုံးဟာ အတွေးကိုယ်စီနဲ့ ကိုယ်လုပ်ရမယ့် အလုပ်အတွက် ကျေကျေနပ်နပ်ဖြစ်နေတာ အားလုံးရဲ့မျက်နှာတွေမှာ အထင်သားပေါ်နေပါတယ်။ ကျနော်ကတော့ ရင်တမမနဲ့ပါ။ လူ (၃၈) ယောက် ထိုင်း ကျောင်းထဲမှာ ဟိုနားတစု ဒီနားတစု ဖြစ်နေလို့ ရဲတွေ့သွားမှာကို စိုးရိမ်နေတာပါ။ မိမိတို့ လုပ်မယ့်အလုပ် မ လုပ်ဖြစ်ဘဲ ရဲအဖမ်းမခံနိုင်ပါ။

ဒီအလုပ်ဖြစ်ဖို့အတွက် ကျနော်တို့မှာ အများကြီး ပြင်ဆင်ခဲ့ရပါတယ်။ ပထမဦးဆုံး ဆန္ဒရှိသူတွေ စုစည်းဖို့အ တွက် တာဝန်ခံနိုင်သူတွေက အကြိမ်ကြိမ်ဆွေးနွေးပြီး ဒီလိုလုပ်သင့်မသင့်၊ လုပ်ရင် ဘာအကျိုးကျေးဇူးရမလဲ၊ တကယ်ကော လုပ်ရဲပါ့မလား၊ ဘာကြောင့်လုပ်တာလဲ စသဖြင့် မေးခွန်းပေါင်းမြောက်များစွာကို ဆွေးနွေးတိုင် ပင်ခဲ့ကြပါတယ်။ ဆွေးနွေးမှုတွေမှာ ကျနော်တို့ကြီးပဲမဟုတ်ပါဘူး။ ကျနော်တို့ထက်ပိုပြီး ဗဟုသုတရှိသူ၊ ဒါ့အ ပြင် နိုင်ငံခြားသားအချို့တောင် ပါပါသေးတယ်။ အဲဒီလိုဆွေးနွေးပြီးမှ ဆုံးဖြတ်ချက်ချခဲ့တာပါ။

ကျနော်တို့ ဆွေးနွေးမှုမှာ ကျနော်တို့ လုပ်မယ့်အလုပ်အတွက် ဖြစ်လာနိုင်တဲ့ အခြေအနေတွေကိုလည်း လေ့ လာကြပါသေးတယ်။ သတင်းလုံခြုံမှု၊ လိုအပ်တဲ့ ငွေကြေးစုဆောင်းမှု၊ နောက်ဆုံးမှာ ဒီအလုပ် အောင်မြင်ချော မွေ့အောင် စီစဉ်မှု စတာတွေ လုပ်ခဲ့ရပါတယ်။ ဒီထဲမှာ ဂုဏ်ယူစရာတခုရှိပါသေးတယ်။ အဲဒါကတော့ မိန်းက လေး (၃) ယောက်က သူတို့လည်းပါမယ်ဆိုပြီး အရေးဆိုလာတာပါ။ ယောင်္ကျားလေးတွေလုပ်တဲ့အလုပ်ကို သူ တို့လည်း လုပ်ရဲတယ်လို့ဆိုလာတော့ ကျနော်တို့လည်း ခေါင်းကိုက်သွားပါတော့တယ်။ ကျနော်တို့က မြန်မာ ဆန်တဲ့ မြန်မာတွေဖြစ်တာကြောင့် ဒီအလုပ် မိန်းခလေးတွေနဲ့ မသင့်တော်ဘူးလို့နားလည်ထားသလို တကယ် လို့ထိုင်းရဲက တစုံအရာ စော်ကားတာမျိုးဖြစ်ခဲ့ရင်လည်း ကျနော်တို့အတွက် မကောင်းဘဲ ပြဿနာတွေလည်း ပိုလာနိုင်တယ်ပေါ့နော်။၊ ဒါပေမယ့် အာဂအမျိုးသမီးတွေပါ။ စစ်အာဏာရှင်ကိုတောင် အံတုရဲတဲ့ မိန်းကလေး (၃) ဦးဆိုတော့ ကျနော်တို့လည်း သဘောတူ လက်ခံပေးလိုက်ရပါတော့တယ်။

အချိန်က မနက် (၁၀) ကျော်လာပါပြီ။ ငှားထားတဲ့ကားက ရောက်မလာသေးပါ၊ အဲဒီအချိန်မှာ ကျနော်တို့အထဲ မှာ စောင့်ရတဲ့အတွက် စိတ်ပြောင်းချင်တဲ့သူလည်းရှိလာပါတယ်။ ကျနော်က အဲဒီလူကို စိတ်မပျက်ဖို့နဲ့ ဆုံးဖြတ် ချက်ချထားပြီးရင် စိတ်ခိုင်ခိုင်ထားဖို့ ဖျောင်းဖြရပါတယ်။ တကယ်လို့ တစုံတယောက်က ဖောက်ပြီးပြန်ခဲ့ရင် ကျန်တဲ့သူတွေ စိတ်ဓာတ်ကျသွားနိုင်တဲ့အတွက် ကျနော့်စိတ်ထဲမှာ တော်တော် အနေရခက်နေပါတယ်။ ငှား ထားတဲ့ကား မြန်မြန်ရောက်လာဖို့သာ စိတ်စောနေပါတယ်။ သိပ်မကြာခင်မှာပဲ ငှားထားတဲ့ကား ရောက်လာပါ ပြီ။ ကျနော်တို့အားလုံး ကားပေါ်တက်အပြီးမှာ ကျနော့်ရင်ထဲက စိုးရိမ်ပူပန်မှုတွေလည်း လျော့ကျလာပါပြီ။ သွားရမယ့် ခရီးလမ်းမှာလည်း ရဲအဖမ်းခံရနိုင်သေးတော့ ဘေးက ကားတွေကို သိပ်မကြည့်ဖို့နဲ့ ပတ်ဝန်းကျင် က သံသယရှိမသွားဖို့ အေးအေးဆေးဆေး သွားဖို့ အားလုံးကို ခဏခဏ သတိပေးနေမိပါတယ်။

အခုသွားနေတဲ့ခရီးဟာ ကျနော် အာဏာရှင်ကို တိုက်မယ်ဆိုပြီး ထွက်လာတုန်းက ခံစားမှုမျိုးနဲ့ နည်းနည်းဆင် တယ်။ သေချာတာက တိုက်ပွဲတခုကို သွားနေတဲ့ ရဲဘော်တဦးရဲ့ ခံစားမှုမျိုးနဲ့ ပိုတူပါနေတယ်။ ရင်ထဲမှာလည်း ခံစားမှုအမျိုးမျိုး ဖြစ်နေပါတယ်။ ကျနော်ထင်တယ်၊ အဲဒီအချိန်တုံးက အားလုံးလည်း ကျနော့်လိုပဲ သူတို့ရင်ထဲ မှာ ခံစားမှုအမျိုးမျိုး ဖြစ်နေကြမှာပါ။ ဒီလိုနဲ့ ကားက ကျနော်တို့သွားမယ့် ခရီးဆုံးနေရာကိုရောက်ဖို့ လမ်းထဲကို ချိုးကွေ့လိုက်ပါပြီ။ မကြာခင် မိနစ်ပိုင်းအတွင်းမှာ ရောက်ပါတော့မယ်။ ကျနော့်ရင်တွေခုန်လာပါပြီ။ ကျနော်တို့ လုပ်ချင်တဲ့အလုပ်ကို လုပ်ခွင့်ရတော့မှာပါ။ ဘတ်စကားမှတ်တိုင်ကို ရောက်ပါပြီ။

ကျနော်တို့အားလုံး ကားပေါ်က ဆင်းလိုက်ပါတယ်။ စီစဉ်ထားတဲ့အတိုင်း လူဝင်မှုကြီးကြပ်ရေး (IDC – Immi -gration Detention Center) ရုံးဝင်းထဲကို လမ်းလျှောက်ဝင်သွားကြပါပြီ။ တခြားအချိန်တွေမှာဆို ဒီရုံးကို ရဲ အဖမ်းခံရတဲ့အချိန်ကလွဲလို့ မရောက်ကြပါဘူး။ အခုတော့ ရဲလည်း မဖမ်းဘဲ ဒီရုံးထဲကို မြန်မာကျောင်းသား (၃၈) ယောက် အင်္ကျီအဖြူတွေဝတ်ထားပြီး ရင်ဘတ်မှာလည်း ထိုင်းဘုရင်ပုံတွေကို ထိုးထားပြီး ၀င်လာနေတာ မြင်နေရပါပြီ။ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတွေကလည်း ကျနော်တို့ကို ကြည့်နေကြပါတယ်။ ဘာမှန်းလည်း သိပုံမရပါဘူး။ လ၀က ၀န်ထမ်းတွေက တကယ်တော့ ကျနော်တို့ကို ဖမ်းခွင့်ရှိပါတယ်။ သူတို့ပဲ ကျနော်တို့ကို အိမ်တွေမှာ လိုက်ဖမ်းနေတာပါ။ အခုတော့ သူတို့ ရုံးဝင်းကြီးထဲကို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ ၀င်လာနေတာမြင်နေရတော့ ဖမ်းပို့မေ့နေပုံရပါတယ်။ ဘာကြောင့် ဒီကိုလာနေကြတာလဲဆိုတာကို စဉ်းစားနေ တာလည်း ဖြစ်မှာပါ။

ထူးဆန်းတာက ကျနော့်စိတ်ထဲမှာ ကြောက်ရမှန်းမသိဖြစ်နေတာပါပဲ။ အားလုံးဟာ တည်တည်ငြိမ်ငြိမ်နဲ့ပဲ လမ်းလျှောက်နေကြတာ ကျနော်မြင်နေရတော့ အားလုံးရဲ့ စိတ်ထဲမှာလည်း ကျနော့်စိတ်ထဲကအတိုင်း ဖြစ်နေ ကြမှာပဲ။ ပုံမှန်ဆို ဘန်ကောက်မှာ ကျနော်တို့က မြန်မာပြည်က ကျီးကန်းတွေလိုပဲ အမြဲတမ်း တောင်တောင် မြောက်မြောက် ကြည့်နေကြည့်သွားရပါတယ်။ ဒါမှမဟုတ်ရင်တော့ ရဲအစာ ဖြစ်သွားတာပေါ့။ အဲဒီလိုနေရတဲ့ ဘ၀ကြောင့် ရဲတို့ လ၀ကတို့ မြင်ရင် အလိုလို ရင်ခုန်ပြီး ရင်လည်းတုန်ပါတယ်။ အခုတော့ ကိုယ်အမြဲတမ်း ကြောက်နေရတဲ့ လ၀ကကို တည့်တည့်မျက်နှာချင်းဆိုင်ပြီး ရင်ဆိုင်လိုက်တော့ စိတ်ထဲမှာ ကြောက်စိတ်တွေ မရှိတော့သလို ခံစားလိုက်ရတယ်။

ဒီလိုခံစားမှုမျိုးကို ကျနော် မြန်မာပြည်မှာ ၈၈ ခု မတ်လ (၁၆) ရက် တံတားနီအရေးအခင်းမှာ နေ၀င်းစစ်တပ်နဲ့ ရင်ဆိုင်တုန်းက တခါခံစားဖူးပါတယ်။ အဲဒီတုန်းကလည်း (၂၆) နှစ်ကျော် မြန်မာပြည်သူတွေကို နည်းအမျိုးမျိုး နဲ့ ခြိမ်းခြောက်အုပ်ချုပ်ထားတဲ့ နေ၀င်းအစိုးရကို ကျနော့်ဘ၀မှာ အကြောက်တရားကင်းစွာနဲ့ အမှန်တရားအ တွက်ရင်ဆိုင်တာ အဲဒါပထမဦးဆုံးအကြိမ်ပါပဲ။ ကျနော် ကြောက်ရမှန်းမသိခဲ့ပါဘူး။ ဒါကြောင့်လည်း တံတားနီ ရှေ့မှာ စစ်တပ်က ပိတ်ထားတော့ သံဆူးကြိုးကိုကျော်ပြီး စစ်ဗိုလ်နဲ့ သွားစကားပြောခဲ့မိတာပေါ့။
အခုလည်း ထိုင်းလ၀ကရုံးထဲမှာ လမ်းလျှောက်ပြီး ကျနော်တို့ သတ်မှတ်ထားတဲ့ နေရာရောက်အောင် သွားနေ ပါတယ်။ အဲဒီနေရာလည်းရောက်ရော ကျနော်တို့ (၅) ယောက် (၆) ယောက် တတန်းစီ ထိုင်လိုက်ကြပါတယ်။ စစထိုင်လိုက်ချင်းမှာ ထိုင်းလ၀ကတွေက နားမလည်သေးပါဘူး။ ပထမဦးဆုံး ကျနော်တို့ကို မေးပါတယ်။ ဘာ ကြောင့်လာတာလဲလို့။ ကျနော်တို့ ဆန္ဒလာပြတယ်ပဲ ထင်ကြတယ်။ ဒါကြောင့် သူတို့က ဒီနေရာမှာ ဆန္ဒလာပြ လို့မရဘူးပြောပါတယ်။ တကယ်က ဆန္ဒပြတယ်ဆိုတာ ပြပြီးရင် ပြန်ကြတာပဲ။ အဲဒီတော့မှ ကျနော်တို့က ပြော လိုက်ပါတယ်။ ကျနော်တို့ လာအဖမ်းခံတာပါလို့။ ဆန္ဒသွားပြတာထက် ကျနော်တို့က သွားအဖမ်းခံတာပါ။ ဒီလို လာအဖမ်းမခံရင်လည်း တချိန်မှာ၊ တနေရာမှာ အဖမ်းခံရမှာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတော့ အဖမ်းခံရ မှာချင်းအတူတူ အခုလို လာအဖမ်းခံတာဟာ အကြောက်တရားကို ရင်ဆိုင်လိုက်တာပဲ။

အဲဒီတော့ လ၀က က ဘာပြောတယ်ထင်သလဲ။ no no no တဲ့၊ မင်းတို့ကို ဖမ်းလို့မရဘူးလို့ပြောတယ်။ ကျနော် တို့ကလည်း ပြန်ပြောတယ်။ ဘာလို့မရရမှာလဲ မင်းတို့ဖမ်းထားတဲ့ တို့သူငယ်ချင်းတွေ ဟောဒီအချုပ်ထဲမှာ ရှိ နေတယ်။ သူတို့နဲ့ ငါတို့က ထိုင်းနိုင်ငံကို ၀င်လာကြတာ အားလုံးအတူတူပဲ။ သူတို့ကို မင်းတို့ ဖမ်းလို့ရရင် အခု ငါတို့ကိုလည်း ဖမ်းလို့ရရမယ်။ မင်းတို့ဖမ်းတဲ့ ဥပဒေက အတူတူပဲလို့ ပြန်ပြောလိုက်ပါတယ်။ အဲဒီတော့မှ ထိုင်း လ၀ကလည်း သဘောပေါက်ပါတော့တယ်။ ဘာကြောင့် ကျနော်တို့ အခုလို IDC ကို ရောက်လာသလဲဆိုတာ။ တကယ်တော့ ကျနော်တို့က အဖမ်းသံသရာလည်နေတဲ့ ဘ၀ကို ဖောက်ထွက်ဖို့ သတ္တိရှိရှိ ရင်ဆိုင်လိုက်တာပါ။ သံသရာလည်တဲ့ စက်ဝိုင်းတခုရှိနေရင် ဖောက်ထွက်ဖို့ နည်းလမ်းတခု ရှိနေရမှာပါ။ အဲဒီနည်းလမ်းကို တွေ့ အောင်ရှာနိုင်ဖို့ပဲ လိုပါတယ်။

မကြာခင်အချိန်အတွင်းမှာပဲ သတင်းထောက်တွေလည်း ရောက်လာပါတယ်။ လ၀က အကြီးအမှူးတွေလည်း ရောက်လာပြီး ကျနော်တို့ကိုပြန်ဖို့ ဖျောင်းဖြပါတော့တယ်။ သူတို့က ဒီနေရာဟာ ဆန္ဒပြလို့မရဘူး၊ မင်းတို့ကို လည်း ဖမ်းလို့မရဘူး၊ ဒါကြောင့် အေးအေးဆေးဆေး အိမ်ပြန်ကြဖို့ ပြောပါတယ်။ ကျနော်တို့ စထိုင်တဲ့ အချိန် ဟာ နံနက် (၁၁) နာရီကျော်လောက်ကဖြစ်ပါတယ်။ ကျနော်တို့အတွက် အစားအသောက်အချို့ ကျနော်တို့ မိတ်ဆွေမှ ယူလာပြီး ကျွေးပါတယ်။ ထိုင်းလ၀က ၀န်းထမ်းအားလုံးကလည်း အချိန်ရှိသရွေ့ ကျနော်တို့ကို ပြန် ဖို့သာ တိုက်တွန်းနေရင်း တဘက်မှာလည်း ဘယ်လိုနည်းနဲ့ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ တိုင်ပင် နေကြတယ်။ သတင်းသမားတွေကလည်း ကျနော်တို့ကို မေးနေတော့ ကျနော်တို့ထဲက အများအားဖြင့် ကိုညီ ညီအောင်မှတဆင့် အင်္ဂလိပ်လို စကားပြန်လုပ်ခိုင်းရပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ တော်လှန်သော မြန်မာ ကျောင်းသားများအားလုံး ထိုင်းတယ်လီဗီရှင်းသတင်းတွေကြောင့် သိနေကြပါပြီ။

ထိုင်းအာဏာပိုင်တွေက ဒီကိစ္စကို နည်းအမျိုးမျိုးနဲ့ ဖြေရှင်းလိုပါတယ်။ ပထမတနည်းက ကျနော်တို့ကို ချော့ ပြောပြီး ပြန်ခိုင်းတာပါ။ တကယ်လို့ ကျနော်တို့က သဘောတူပြီး ပြန်ခဲ့ရင် ကျနော်တို့ကို လမ်းမှာတင် လူမသိ သူမသိနဲ့ အချုပ်ထဲ ထည့်ထားလိုက်ပြီး မြန်မာပြည်တောင် ပြန်ပို့နိုင်ပါတယ်။ ဒုတိယတနည်းက ကျနော်တို့ကို ထိုင်နေတဲ့ အတန်းထဲကနေ တယောက်ချင်းစီ ဆွဲထုတ်ပြီး အချုပ်ခန်းတွေ ခွဲပြီးထည့်ဖို့ပါ။ ဒါဆို ကျနော်တို့ ထောင်တွေကွဲပြီး ရောက်ကုန်နိုင်ပါတယ်။ ထိုနည်း (၂) နည်းစလုံးက ကျနော်တို့လုပ်တဲ့ လှုပ်ရှားမှုကို မအောင် မြင်အောင် လုပ်တာကြီးပါပဲ။ ကျနော်ရှေ့မှာ ပြောခဲ့သလို ကျနော်တို့က အဲဒီနည်း (၂) ခုစလုံးကို လေ့လာထား ပြီးမှ လာလုပ်တာဖြစ်တော့ သူတို့မအောင်မြင်ပါဘူး။

အကြမ်းဖက်နှိမ်နင်းရေးရဲတွေ ရောက်လာပြီး ကျနော်တို့ကို ခြိမ်းခြောက်ပါတော့တယ်။ ပြီးတာနဲ့ ကျနော်တို့ ကလည်း မဖြုံတော့ အစွန်မှာထိုင်နေတဲ့ လူတွေကို စဆွဲတာပဲ။ ကျနော်တို့ကလည်း စထိုင်ကတည်းက (၅) ယောက်တန်း (၆) ယောက်တန်းတွေမှာ အဲဒီလိုဆွဲရင် လက်ချင်းချိတ်ပြီး ပြန်ဆွဲဖို့ တိုင်ပင်ထားပြီးသားပါ။ အ ကြမ်းဖက်နှိမ်နင်းရေးရဲက ဆွဲလိုက် ကျနော်တို့ကလည်း ပြန်ဆွဲလိုက်နဲ့ လမ်းပေါ်မှာ ကျနော်တို့တတွေ ဒရွတ် တိုက်ဖြစ်နေတယ်။ ရဲက ဆွဲတဲ့အခါတိုင်း အသံပေးပေးပြီးဆွဲတော့ နည်းနည်းတော့ လန့်စရာကောင်းပါတယ်။ သတင်းသမားတွေကလည်း ဆွဲလိုက်တိုင်း ကင်မရာတွေနဲ့ ပုံတွေလိုက်လိုက်ရိုက်ပါတယ်။

(၁) နာရီခြားလောက် (၁) ခါ ဆွဲလားရမ်းလားဖြစ်နေရာမှ ညနေ (၃) နာရီကျော်လောက်မှာ အကြမ်းဖက်နှိမ် နင်းရေးရဲတွေ ပြန်သွားပါတယ်။ ဒါပေမယ့် ရိုးရိုးရဲတွေ ထပ်ရောက်လာတယ်။ ဒီလိုနဲ့ ညနေ (၅) နာရီလောက် မှာ သတင်းထောက်တွေကို ပြန်ခိုင်းလိုက်တော့ ကျနော်တို့လည်း တခုခုတော့ လုပ်တော့မယ်ဆိုတာ သိလိုက် ပြီ။ အဲဒီအချိန်မှာ ကျနော်တို့ စိတ်နည်းနည်းယိုင်ချင်တယ်လို့ ထင်တယ်။ ဘာဖြစ်လိုလဲဆိုတော့ အချို့က ပြန်ဖို့ ကို စပြောလာတာ သတိထားမိတယ်။ ဒါလည်း အပြစ်ပြောလို့မရဘူး၊ မနက် (၁၁) နာရီကနေ ညနေ (၅) နာရီ ကျော်အထိ အစိုးရတခုနဲ့ရင်ဆိုင်တိုက်ပွဲဝင်နေတာ အခုအနားမှာ ဘယ်သူမှမရှိတော့ဘူး။ အားလုံးကို ပြန်ခိုင်း လိုက်ပြီ။ ထိုင်းရဲက ရိုက်မယ်ဆိုရင်လည်း ခံရုံပဲရှိတော့တယ်။ သူ့တို့လုပ်သမျှ လူမသိသူမသိ ခံရတော့မှာပဲ ဒါ့ အပြင် အာဏာပိုင်တွေက အိမ်ပြန်ဖို့ကို တယောက်ချင်းခွဲပြီး အကြိမ်ကြိမ်စည်းရုံးနေတယ်။ ပြန်ချင်တဲ့သူကို သူတို့ပေးပြန်မယ်။ လိုက်ပို့ပေးမယ်လို့ စည်းရုံးနေတာ၊ ဒါကြောင့် အချို့စိတ်ယိုင်တာကို အပြစ်ပြောလို့မရဘူး။ အဲဒီမှာ ကျနော်တို့ထဲက စိတ်ဓာတ်ပိုခိုင်တဲ့သူအချို့က လှမ်းအော်တယ် “ကျနော်တို့လာတဲ့ ရည်ရွယ်ချက်က ဘာလဲ၊ အဖမ်းခံဖို့ လာတာ၊ ဘာလို့လှည့်ပြန်ရမှာလဲ”

ကျနော် ကျေးဇူးတင်လိုက်တာ လှမ်းအော်တဲ့သူတွေကို၊ အဲဒါနဲ့ အားလုံးအားပြန်တက်သွားတယ်။ ဟုတ်တယ် ငါတို့လာတဲ့ ရည်ရွယ်ချက်ဖြစ်အောင် လုပ်ရမယ်ဆိုပြီး အားလုံးတညီတညွတ်တည်း တပြိုင်တည်း သတ္တိမွေး လိုက်ကြပြီးတော့ လ၀ကတွေကို ငါတို့မပြန်ဘူးလို့ ရဲရဲရင့်ရင့် ပြန်ပြောလိုက်တယ်။ အဲဒါ ကျနော်တို့ရဲ့ နောက် ဆုံးအဖြေ ဖြစ်သွားတယ်။ ထိုင်းအာဏာပိုင်တွေကို စိတ်ဓာတ်ရေးရာအရ ကျနော်တို့ အနိုင်ရလိုက်ပြီ။ ကျနော် တို့အားလုံး ညနေ (၆) နာရီလောက်မှာ IDC မှာရှိတဲ့ အချုပ်ခန်းထဲကို အောင်မြင်စွာ ရောက်ရှိသွားပါတော့ တယ်။ ကျနော်တို့ရဲ့ နှလုံးရည်တိုက်ပွဲအောင်မြင်သွားပါတယ်။ ကျနော့်ရင်ထဲမှာလည်း အောင်မြင်မှုအတွက် ကျေနပ်ပီတိဖြစ်သွားပါတော့တယ်။

အဲဒီလိုလုပ်လိုက်လို့ ကျနော်တို့တတွေ စံပြထောင် (ပုံစံထောင်-ခပ်တခွက်လောင်းထောင်)၊ ဘန်ကောက်ဗဟို ထောင်နဲ့ နိုင်ငံရေးသမားတွေသာထားတဲ့ သီးသန့်ထောင်တို့မှာ (၉) လနီးပါး နေခဲ့ရပြီး ထောင်ထဲမှာ နောက် ထပ်တိုက်ပွဲတွေ အများကြီးဖြစ်ပြီးမှ ကျနော်တို့နဲ့ ထိုင်းပြည်ထဲရေးဝန်ကြီးတို့ သဘောတူညီမှုရပြီး ထိုက်သင့် သလောက် နေထိုင်ခွင့်ကို ထိုင်းနိုင်ငံမှာ ရသွားတယ်။ အသေအချာ ပြောနိုင်တာက အကြောက်တရားတခုကို ဖြတ်ကျော်ခဲ့ပြီး အဖမ်းသံသရာလည်နေတဲ့ စက်ဝိုင်းတခုတော့ ပြတ်ထွက်သွားတယ်ဆိုတာပါပဲ။

ကျနော် ဒီဆောင်းပါးကို ရေးရခြင်း အဓိကအကြောင်း (၂) ချက် ရှိပါတယ်။

ပထမတချက်က ဒေါ်ဆောင်ဆန်းစုကြည်အား မေလ (၅) ရက်၂၀၀၉ ခုနှစ်က အမေရိကန်နိုင်ငံသား William Yettaw နဲ့ အမှုဆင်ပြီး အင်းစိန်ထောင်သို့ ပို့ထားချိန်အတွင်း ဦးဝင်းတင်နဲ့လူငယ်အချို့ နေ့စဉ်အင်းစိန်ထောင် ရှေ့သွားပြီး အားပေးနေတဲ့အပေါ် ဖြစ်ပေါ်လာတဲ့ခံစားမှုကနေ လွန်ခဲ့တဲ့ (၁၈) နှစ်ကာလအချိန်က ပြုလုပ်ခဲ့တဲ့ (၃၈) ယောက်လှုပ်ရှားမှုကို ယနေ့မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ ပြန်လည်ချိန်ထိုး သုံးသပ်နိုင်ဖို့အတွက် လည်း ကောင်း၊

ဒုတိယတချက်က (၃၈) ယောက်အတွင်းမှ ကျဆုံးသွားတဲ့ ကျော်နီ (ခ) ကျော်ဦး (အောက်တိုဘာ ၃ ရက် ၁၉၉၉ဘန်ကောက်မြို့ နအဖသံရုံးအား ၀င်ရောက်စီးနင်းသိမ်းပိုက်ပြီး စစ်အာဏာရှင်တို့ရဲ့ အလံကို ဖြုတ်ချ ကာ တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော်ကို တလှူလှူ လွှင့်ထူခဲ့တဲ့ ပြောင်မြောက်တဲ့ လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူ) သည် ထိုင်း-မြန်မာနယ်စပ်တနေရာ၌ တော်လှန်ရေးသစ္စာမဲ့သူအချို့ကြောင့် ပျောက်ဆုံး (အသတ်ခံရသည်ဟု ယုံကြည်ရ) သွားခြင်း၊ ဧပြီလ (၆) ရက်နေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တနေရာ၌ ညီငယ်ငွေစိုး အဆုတ်ရောဂါ နဲ့ သေဆုံးသွားခြင်း၊ ဇော်ဇော်(လင်းကြည်) သေဆုံး၊ ကိုဝင်းမြင့် သေဆုံး .. စတဲ့အခြေအနေတွေကို မှတ်တမ်း ပြုထားချင်တဲ့ ဆန္ဒတို့ကြောင့် ရေးမိပါတယ်။

စစ်အာဏာရှင်အုပ်စု ကျဆုံးဖို့ …
ဒီမိုကရေစီအရေးတော်ပုံ အောင်မြင်ဖို့ …

ပြည်သူများ စစ်အာဏာရှင်ခြေဖ၀ါးအောက်မှ မိမိတို့ဆန္ဒအရ တွန်းလှန်တိုက်ပွဲဝင်နိုင်ဖို့အတွက် ဦးဝင်းတင် ရေးတဲ့“ဘာလဲဟဲ့ … လူ့ငရဲ” စာအုပ်ထဲမှ အရေးတော်ပုံတပ်သားစိတ်များ မွေးမြူနိုင်ကြပြီး “နင်လားဟဲ့ ငရဲ၊ ငါကွဟေ့ အရေးတော်ပုံတပ်သား” လို့ ကြုံးဝါးနိုင်ကြပါစေ။

မြန်မာပြည်တွင်းရှိ NLD အဖွဲ့ဝင်အားလုံးကိုသော်လည်းကောင်း၊ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေသူ အားလုံးကိုသော်လည်းကောင်း (သို့မဟုတ်) တတိုင်းပြည်လုံးကိုသော်လည်းကောင်း ထောင်ထဲမသွင်းထား နိုင်ပါဘူး။ ။

စိုးလွင်
ဆစ်ဒနီမြို့
၂၆၊ ဧပြီလ၊ ၂၀၁၀

No comments: