(ခေတ်ပြိုင်အင်တာနက်စာမျက်နှာမှ ကူးယူဖော်ပြသည်)
ရွှေဂျိုးတယောက် အိမ်သူသက်ထား ဇနီးမယား ဈေးပြန်ဝယ်လာသည့် ပဲနံပြားတချပ်အား ခပ်သွက်သွက် ၀ါး ပြီးသကာလ လက်နှီးစုတ်ဖြင့် ဆီကွက်နေသည့် ပါးစပ်ကို သုတ်ရုံရှိသေး “ဒါက ဘယ်ကို ရွပိုးထိုးမလို့ ဟန်ပြင် နေတာလဲ” ဟူသည့် ငှက်ဆိုးသံကို ကြား၍ နောက်လှည့်ကြည့်မိရာ ခါးထောက်၍ မီးဝင်းဝင်းတောက်မတတ် ကြည့်ရှုနေသည့် မျက်လုံးစိမ်းနဲ့ မိန်းကလေး (အဲ …) အိမ်သူသက်ထား၏ မျက်နှာရှစ်ခေါက်ချိုးကြီးအား ရှုစား လိုက်ရလေသည်။“ဟဲ … ဟဲ … မိန်းမကလည်းကွာ သိရဲ့သားနဲ့ ဘာလို့မေးနေတာလဲ … ဟဲ … ဟဲ …” ဟု ရွှေဂျိုးလည်း ပြောစ ရာ စကားမရှိ ပါးစပ်ထဲတွေ့ကရာပြောလိုက်ကာ တဟဲဟဲနှင့် ချော်လဲရောထိုင်လိုက်လေသည်။
“တော် … ကိုလေအိုးနဲ့ အရည်မရ အဖတ်မရ လေသွားကန်ဖို့ ဖင်ကြွနေတာမဟုတ်လား၊ မသိရင်ခက်မယ်”
“မိန်းမကလည်းကွာ ဘာခက်စရာရှိလဲ၊ မင်းသိနေတာပဲ မဟုတ်လား၊ ဟဲ … ဟဲ … ခဏလေးပါကွာ။ တနေ့တ နေ့ ကိုယ့်မှာ အပန်းဖြေစရာဆိုလို့ ဒါလေးပဲ ရှိတာမဟုတ်လားကွ။ ကျန်တဲ့အချိန် မိန်းမအတွက် ကိုယ်အကုန် ပေးထားတာပဲဥစ္စာ၊ ဟုတ်ဖူးလား မိန်းမရဲ့ ဟဲ … ဟဲ”
“ဘာ ဟဲ ဟဲ လဲ … ဒီလောက် ဗုံးတွေ တအုံးအုံး ပေါက်နေတာ ရှင်တို့မို့လို့ အားအားယားယား အပြင်လမ်းသ လားချင်နေတယ် သေချင်လို့ …”
“ဟာ မိန်းမကလည်းကွာ ဗုံးပေါက်တာက မြန်မာပြည်မှာပါကွ။ ကိုယ်တို့နဲ့ ဘာဆိုင်လို့လဲ၊ မလန့်ပါနဲ့ကွာ ကိုယ် တယောက်လုံး ရှိနေတာပဲဥစ္စာ၊ ဟဲ ဟဲ ဒီ့ထက်လုံခြုံတာ ဘာရှိဦးမှာလဲကွ”
“လုံခြုံတာ မလုံခြုံတာတွေ လာပြောမနေနဲ့၊ တော် အားအားယားယား လမ်းသလားပြီး မာလကဈာန်ကြွရင် သင်္ဂြိုဟ်စရာ စရိတ်မရှိသေးလို့ သတိပေးနေရတာ သိရဲ့လား ဟင်း ဟင်း”
“မိန်းမကလည်း ဒီမှာလည်း နာရေးကူညီမှုအသင်းရှိ (အာ …) မနက်စောစောစီးစီး နိမိတ်မရှိ နမာမရှိကွာ၊ ရွှေ ဂျိုးတို့ဘ၀မှာ ဒါမျိုးဖြစ်စရာလား၊ မင်းယောက်ျား ဒီလောက်လူချစ်လူခင်ပေါတဲ့ဟာ၊ ဘယ်သူက ဗုံးနဲ့ လာပစ် မှာလဲ၊ ကဲ ကဲ ကိုယ်ပြန်လာရင် လုပ်စရာရှိတာတွေ အကုန်တန်းစီလုပ်ပေးမယ် ဟုတ်လား၊ အခု ခဏလေး သွားအပန်းဖြေလိုက်ဦးမယ်နော်၊ အော် … ဒါနဲ့ (၁၀) ဘတ်လောက် ကိုယ့်ကို သဒ္ဓါမယ်မဟုတ်လား မိန်းမ ဟဲ ဟဲ” ဟု မျက်နှာချိုသွေးကာ ရွှေဂျိုး လက်ဝါးဖြန့်လိုက်သည်။
ရွှေဂျိုးပါးစပ်က ဟဲ ဟဲ ပင်မဆုံးသေး အိမ်သူသက်ထား ဇနီးမယားက ခါးစပ်ရှိ သူမ၏ အင်္ကျီအိတ်ကပ်ထဲမှ (၁၀) ဘတ်စေ့နှင့် ထုတ်၍ ပေါက်လိုက်ရာ ရွှေဂျိုး၏နဖူးကို ဒေါက်ကနဲ တည့်တည့်လာမှန်လေ၏။ ရွှေဂျိုးလည်း ပြန်ပြောရင် သံယောဇဉ်ဖြစ် (အဲ …) ပေရှည်နေပါဦးမယ်လေဟု စိတ်ကူးကာ အကြွေစေ့ကလေးကိုသာ အ လျင်အမြန် ကောက်လိုက်လေသည်။ ထို့နောက် နဖူးကို လက်တဘက်နှင့် ပွတ်ပြီးသကာလ စက်ဘီးစုတ်က လေးကို တက်ခွကာ ကသုတ်ကရက် နင်းထွက်ခဲ့လေတော့သည်။
လေပုပ်ထုတ်ကုန်း လက်ဖက်ရည်ဆိုင်ရှေ့ စက်ဘီးစုတ်ကလေး ထိုးရပ်မိသည်နှင့် ပတ်ဝန်းကျင်ကို အသံဖြင့် စတင်နှိပ်စက်နေပြီဖြစ်သော လေအိုး၏ ၀က်ဆိုးအော်သံကို ကြားရပြန်သည့်အခါ ဒီနေ့ ကံမကောင်းပါလားဟူ သည့် ဇာတ်လိုက်ကျော်ကြီး မြိုင်ရာဇာတွတ်ပီ၏ လက်သုံးစကားကို ရွှေဂျိုး အမှတ်ရမိလေတော့သည်။
လေအိုးက “ဟေ့ … ဗုံး ဗုံး ဗုံးလား မောင်တို့၊ ပုန်း ပုန်း ပုန်းကြပါစို့” ဟု အော်ကာ ပါးစပ်ကို လက်နှင့်အုပ်ပြီး တဟားဟား ရယ်နေလေသည်။
ရွှေဂျိုးတယောက် စက်ဘီးဒေါက်ထောက်ရင်းမှ မအောင့်မအီးနိုင်တော့ဘဲ “ဘာလဲ ကိုလေအိုး၊ ခင်ဗျားက တော်လှန်ရေးလုပ်ဖို့ လာတာလား၊ တော်ရာပြေးပုန်းဖို့ လာတာလား၊ ပြောစမ်းပါဦး” ဟု မေးခွန်းထုတ်လိုက်မိ သည်။
ထိုစဉ် အဖျော်ဆရာလေး ပိုက်ထွေး၏ အသံက ကြားဖြတ်ဝင်လာသည်။
ပိုက်ထွေး ။ ။ မဟုတ်ဘူ အစ်ကိုရွှေဂျိုးရေ့၊ အစ်ကိုလေအိုးက ချဲကြွေးမဆပ်နိုင်တာကို ဗုံးပေါက်တာနဲ့ ရောပြီး ယောင်တော်ပြန်လွှတ် အိမ်တွင်းပုန်းလုပ်မလို့ အသံလွှင့်နေတာနေမှာ ဟား ဟား ဟား။
လေအိုး ။ ။ ဟေ့ကောင် ပိုက်ထွေး၊ မင်း ဖျော်မှာသာ ဖျော်စမ်း၊ လေအိုးတို့အဘိဓာန်မှာ အကြွေးဆိုတာ ရှိစရာ လားကွ၊ UG (ဦးဂျမ်းပုဆိုး ရောင်းဝယ်ဖောက်ကားခြင်း) လုပ်ငန်းလုပ်နေတဲ့ ငါ့ယောက္ခမ ဒီလောက်ခိုး (အဲ ..) ချမ်းသာတဲ့ဟာ၊ သူ့သားမက် မျက်နှာငယ်အောင် ထားပါ့မလား ဟား ဟား ဟား ဟား (ပြောရင်းဆိုရင်း ပါးစပ် ကို လက်နှင့်အုပ်ကာ ရယ်နေပြန်)။
ရွှေဂျိုး ။ ။ ကိုလေအိုး၊ ကြွားစရာမရှိ မနက်စောစောစီးစီး ယောက္ခမချမ်းသာတဲ့အကြောင်း ကြွားနေရလားဗျာ။ တကတည်း အိမ်က မိန်းမက တမှောင့်၊ ခင်ဗျားက တမှောင့် …။
လေအိုး ။ ။ အေး ကိုရွှေဂျိုး၊ ခင်ဗျားဝင်လာကတည်းက နဖူးကို လက်နဲ့ ပွတ်နေတာတွေ့တယ်။ ဘာဖြစ်တာလဲ၊ ခင်ဗျားမိန်းမ ထင်းချောင်းနဲ့ ကောက်ပစ်လိုက်လို့လား၊ လင်းစမ်းပါဦးဗျ။
ရွှေဂျိုး ။ ။ တနေ့မမြင် တလထင်နေတဲ့ မိန်းမက ထင်းချောင်းနဲ့ ပစ်မလားဗျာ။ (၁၀) ဘတ်စေ့ကို လှမ်းပစ်ပေး လိုက်တာ နဖူးကို ချော်မှန်ပြီး အချစ်စမ်းသလို ဖြစ်သွားတာပါဗျ ကိုလေအိုးကလည်း ဟဲ ဟဲ။
လေအိုး ။ ။ မသိပါဘူးဗျာ ဒါမှမဟုတ်ရင်လည်း ကန်တော်ကြီးမှာ ကွဲတဲ့ ဗုံးစတစက မကောင်းသူထိပ် ကောင်း သူထိပ်သဘောနဲ့ အကုသိုလ်များတဲ့ ခင်ဗျားနဖူးကို လာမှန်သလားလို့ပါ ဟား ဟား ဟား ဟား။
ရွှေဂျိုး ။ ။ အေးဗျာ၊ ဒီနေ့မနက်လည်း အိမ်ကထွက်မယ်ပြင်ရုံရှိသေး မိန်းမက ဗုံးပေါက်တဲ့သတင်းနဲ့ ခြောက် လှန့်နေတယ်။ ဒီရောက်တော့လည်း ကိုလေအိုးက ဗုံးသတင်းကို ၀က်ဆိုးအော်သံနဲ့ အလုံးအရင်း ထုတ်လွှင့် နေတယ်။ တော်တော်ဆိုးလို့လားဗျာ။ လုပ်စမ်းပါဦး။ ကြားစမ်းပါရစေဦး။
လေအိုး ။ ။ အေးပေါ့ ခင်ဗျားက သင်္ကြန်တတွင်းလုံး အိုင်ယာမဏ္ဍပ်မှာ အလကားတိုက်တဲ့ ဘီယာတွေ သွား သောက်ပြီး ပတ်ဝန်းကျင်ကို မေ့လျော့နေတာကိုးဗျ။ သေတဲ့သူတွေ သေကုန်ပြီ ခင်ဗျား မသိဘူးမဟုတ်လား။
ရွှေဂျိုး ။ ။ အာဗျာ၊ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ၀ယ်သောက်ရတာပါဗျ။ ဘယ်ဒိုနာက အလကားတိုက်မှာလဲ၊ ဟဲ ဟဲ ကျုပ်ကိုတော့ အချစ်တော်ကြီး မမမျိုးက သဒ္ဓါတွေပိုသွားလို့ အားနာပါးနာနဲ့ ထိုင်ဖြိုပေးနေရတာပါဗျာ ဟဲ ဟဲ။
လေအိုး ။ ။ ဒီလိုဗျ ကိုရွှေဂျိုး၊ ဒီတခါ ဗုံးပေါက်တာက ထူးဆန်းတယ်လို့ ပြောရမယ်ဗျ။ သေတဲ့သူ အများစုက သန်းရွှေတို့စစ်အုပ်စုကို အလုပ်အကျွေးပြုနေသူတွေ အများစုဖြစ်နေတယ်တဲ့ဗျ။ အဲဒါကြောင့် အင်တာနက်မှာ တောင် ဗုံးပေါက်လို့ သေတာကို ၀မ်းနည်းတဲ့သူနဲ့ ၀မ်းသာတဲ့သူ၊ ရှုတ်ချတဲ့သူနဲ့ လုပ်ကွဆိုတဲ့သူ ၀ိဝါဒတွေ ကွဲ နေကြတာကို ဖတ်ရတယ်ဗျ။ နအဖမီဒီယာတွေမှာတော့ အပြစ်မဲ့ပြည်သူတွေ သေတာလို့ အကြီးအကျယ် ၀ါဒ ဖြန့်နေပြီး အင်တာနက်ပေါ်မှာတော့ အပြစ်ရှိပြည်သူတွေ သေတာလို့လည်း တချို့က ရေးနေသားနေတာကို ဖတ်ရတယ်ဗျ။ ဝေါဟာရအသစ်တွေပေါ့ဗျာ။ သန်းရွှေတို့လုပ်တာနဲ့ ပြည်သူတောင်မှ အပြစ်မဲ့နဲ့ အပြစ်ရှိဆိုပြီး နှစ်ခြမ်းကွဲကုန်တော့မယ်ထင်ပါရဲ့၊ တော်တော်ဆိုးတဲ့ စစ်ဗိုလ်တွေပါဗျာ၊ မြန်မြန်သေမှ အေးမှာပါ ဟား ဟား ဟား ဟား။
ရွှေဂျိုး ။ ။ ဒါနဲ့ သေတဲ့အထဲမှာ ဘယ်သူတွေပါသွားလို့ အဲသလို ၀ိဝါဒတွေ ကွဲနေကြတာလဲဗျ။
ထိုစဉ် လက်ဖက်ရည်နှစ်ခွက် လာချပေးသော အဖျော်ဆရာလေး ပိုက်ထွေး၏ မိုဘိုင်းလ်ဖုန်းမှ တေးသံသာတ ပုဒ် ရွေးကာသာ ထုတ်လွှင့်နေပြန်သည်။
“ပျော်ရာမှာ မနေ၊ တော်ရာမှာ နေရမယ်တဲ့ … အသက်မွေးမှုနဲ့ ပညာရှာချိန်ဝယ် … မလွှဲသာပေမယ့် ညီမငယ် … ခွဲခွာနေကြရမယ်ကွယ် …”
လေအိုး ။ ။ ဟေ့ကောင် ပိုက်ထွေး၊ မင်းက ဘယ်က ညီမငယ်ကို လွမ်းဆွတ်နေပြန်ပြီလဲကွာ၊ ဟိုမှာ သူများတွေ ဗုံးကွဲလို့ သေကြ ကြေကြ ငိုယိုကြ ဖြစ်နေတဲ့အချိန်မှာ မင်းက ရည်းစားနဲ့ ခွဲရတဲ့ ကိစ္စလောက်ကို ရှေ့တန်းတင် နေရလားကွ။ သေသူတွေကို အားနာဦးမှပေါ့ကွာ။
လေအိုး မျက်နှာတည်နှင့် ပြောသည်ကို ပိုက်ထွေးက “အာ အစ်ကိုလေအိုးကလည်းဗျာ၊ ဗုံးကွဲတာ ပိုက်ထွေး ခွဲတာမှမဟုတ်တာဘဲ၊ ဘာဆိုင်လို့လဲ၊ ဗုံးကွဲတာနဲ့ သီချင်းမဖွင့်ရတော့ဘူးလား” ဟု ဘုမသိဘမသိ ပြန်ပြော ကာ အဖျော်ကောင်တာသို့ ပြန်လျှောက်သွားလေသည်။
ပိုက်ထွေး၏ တန်ပြန်တိုက်စစ်ကို အငိုက်မိသွားကာ ဇက်ကလေး ပုဝင်သွားသည့် လေအိုးကို ကြည့်ရင်း ရွှေဂျိုး စကားပြန်ဆက်လိုက်သည်။
ရွှေဂျိုး ။ ။ လုပ်ပါဦး ကိုလေအိုး၊ သေတဲ့အထဲမှာ ဘယ်သူတွေ ပါသွားလို့တုန်း ပြောပြစမ်းပါဦးဗျ။
လေအိုး ။ ။ နာမည်တွေတော့ အကုန်မမှတ်မိတော့ဘူးဗျ။ သေကြေဒဏ်ရာရတဲ့အထဲမှာ နအဖလူတွေထဲက အ ကောင်ကြီးကြီးတွေ ပါတယ်ဗျ။ အမှတ် (၄) စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချိုဆိုရင် ဒဏ်ရာတော်တော်ပြင်းလို့ စင်္ကာပူတောင် ပို့လိုက်ရပြီပြောတယ်။ အခုတောင် ရှိသေးရဲ့လား မပြောတတ်ဘူး။ သေတဲ့အထဲမှာ စည်ပင်က ဗိုလ်ကြီးသန့်စင်သိမ်း၊ မယကဥက္ကဌ ဦးကျော်ငြိမ်း၊ ဒု-ရဲအုပ်မောင်မောင်ဟန်၊ ရယက-ရာအိမ်မှူး ဦးခင်မောင် လေးတဲ့ နအဖကို အလုပ်အကျွေးပြုနေကြသူတွေ တော်တော်များများပဲ သေကုန်တာ။ ဒါတောင် နအဖ ဖွက် ထားတာတွေ အများကြီးရှိဦးမယ်။ အရင် ဗုံးကွဲတာတွေနဲ့ မတူတာတော့ အမှန်ပဲဗျ။
ရွှေဂျိုး ။ ။ အရင်ဗုံးကွဲတာတွေနဲ့ ဘယ်လိုမတူတာလဲဗျ။ နအဖပဲ ခွဲတာမဟုတ်ဘူးလား။ သူတို့လုပ်နေကျ အ လုပ်ပဲမဟုတ်လား ကိုလေအိုးရဲ့။
လေအိုး ။ ။ မတူဘူးဗျ။ အရင်ကဆိုရင် နအဖက သူတို့ဟန်ပြခွဲပြီး ပြည်ပအဖွဲ့အစည်းတွေကို အပြစ်ပုံချနေကျ။ အခုတော့ သူ့ဒေါက်တိုင်တွေကို ထိကုန်လို့လားမသိဘူး၊ နအဖကိုယ်တိုင် ဆုတော်ငွေတွေထုတ်ပြီး တရားခံကို အပူတပြင်း ရှာနေတယ်တဲ့ဗျ။ သူတို့ တော်တော်အထိနာသွားပုံရတယ်။ ပြည်တွင်းစာနယ်ဇင်းတွေ ကိုလည်း ခွင့်မပြုစဖူး အပြုထူးနေတယ်ကြားတယ်။ သွေးသံရဲရဲနဲ့ပုံတွေကို ဖော်ပြခိုင်းပြီး ဗုံးသတင်းတွေ အတင်းရေးခိုင်း နေတယ်တဲ့ဗျ။ တခုခုတော့ တခုခုပဲ။
ရွှေဂျိုး ။ ။ အေးဗျာ၊ ဒီတခါ ဗုံးခွဲတာ နအဖလက်ချက်မဟုတ်ဘူး၊ ဆန့်ကျင်ဘက်အဖွဲ့ တဖွဲ့ဖွဲ့က ခွဲတာဆိုရင် လည်း ကျုပ်အမြင်ကတော့ ဗုံးကွဲပြီး လူတွေသေရခြင်းရဲ့လက်သည်တရားခံအစစ်က နအဖပဲဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ဆန့်ကျင်ဘက်အဖွဲ့က ခွဲတယ်ဆိုရင်တောင် သူတို့စစ်အုပ်စုရဲ့ ဖိနှိပ်ရက်စက်မှုကို မကျေနပ်လို့ (နိုင်ငံ ရေးကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းလို့) လက်တုန့်ပြန်တဲ့အနေနဲ့ သူတို့ရဲ့ ဒေါက်တိုင်တွေကို စပြီးတိုက်ခိုက်တဲ့ သဘော ဖြစ်နိုင်တာပေါ့။
လေအိုး ။ ။ ကိုရွှေဂျိုး ပြောသလိုဆိုရင်တော့ ရှေ့လျှောက်လည်း ထပ်ဖြစ်နိုင်တာပေါ့ဗျာ။ နအဖ ရှိနေသရွေ့ ကျုပ်တို့ ပြည်သူတွေ အထူးသတိထားဖို့လိုပြီပေါ့။ အထူးသဖြင့် နအဖစစ်အုပ်စုဝင်တွေနဲ့ ပတ်သက်တဲ့ အသိုင်း အ၀ိုင်းတွေ၊ ပွဲလမ်းသဘင်တွေကို အထူးသတိထား ရှောင်ကြဉ်ဖို့ လိုမယ်ထင်တယ်ဗျို့။ မဟုတ်ရင် သူတို့ကို အမြင်ကပ်လို့ ခွဲတဲ့အထဲ ကိုယ့်အမျိုးတွေပါ ကံဆိုးပြီး ပါကုန်ရင် ကိုယ်ကျိုးနည်းရချည်ရဲ့။ ဟုတ်တယ်ဗျာ အ ရင်းစစ်တော့ အမြစ် နအဖပဲဗျ နအဖပဲ။ သူတို့ရှိနေသရွေ့ ပြည်သူတွေအနေနဲ့ ဒီလိုမျိုးကံဆိုးမိုးမှောင်ကျမှုတွေ အချိန်မရွေး ထပ်ဖြစ်နေဦးမှာပဲ။ အမြစ်နအဖကို အရင်လှန်မှဖြစ်မယ်။ ဒါမှ ပြဿနာက အေးမှာ။ ကဲ ကဲ လော လောဆယ်တော့ အမြစ်မလှန်ခင် အိမ်အရင်ပြန်လိုက်ဦးမယ်ဗျာ၊ တော်ကြာ အားလူးဖုတ်တာ သိပ်ကြာနေရင် အိမ်ရှင်မရဲ့ ပါးစပ်ဗုံးကွဲတာ ခံနေရဦးမယ်၊ မခံစားနိုင်ဘူး ကိုရွှေဂျိုးရေ့ သွားလိုက်ဦးမယ်။
လေအိုးတယောက် စက်ဘီးဆီလျှောက်သွားရင်း ပိုက်ထွေးဘက်သို့လှည်ကာ အော်ပြောနေပြန်သည်။
လေအိုး ။ ။ ပိုက်ထွေးရေ ဆောရီးကွာ၊ ခုနက မင်းဖွင့်တဲ့သီချင်းက အရမ်းကို မှန်တယ်ကွ၊ ဘာတဲ့ “ပျော်ရာမှာ မနေ၊ တော်ရာမှာ နေရမယ်တဲ့ …” အဲလို ဟုတ်လားကွ။ သိပ်မှန်တယ်ကွာ မဟုတ်ရင် ဗုံးပေါက်တဲ့အထဲ မင်း တို့ငါတို့အမျိုးတွေ ပါသွားနိုင်တယ်။ ဒီအချိန်မှာ ငါတို့ပြည်သူတွေ ပျော်ရာမှာမနေ တော်ရာမှာနေမှ အန္တရာယ် ကင်းမယ်ကွ မင်းသီချင်း သိပ်မှန်တယ် ဟား ဟား ဟား ဟား။
ပြောပြောဆိုဆို “ပျော်ရာမှာ မနေ … တော်ရာမှာ နေရမယ်တဲ့ … အသက်ကလေးတခုအတွက် … လုံခြုံအောင် ပါကွယ်” ဟု ပိုက်ထွေးသီချင်းကို ဖျက်ဆိုကာ လေအိုး ထွက်ခွာသွားသကဲ့သို့ ရွှေဂျိုးလည်း တိုးနေသည့် အောက်ရေကို စွန့်ထုတ်ရန် မာရသွန်ခြေလှမ်းဖြင့် ဆိုင်နောက်ဖေးသို့ ကြွမြန်းခဲ့လေတော့သည်တကား။ ။
စိန်အိုးစည်
No comments:
Post a Comment