Wednesday, March 10, 2010

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ
မားဆိုး

မှုန်ရီဝေ ရိုးမနဲ့ လွင်ပြန့်တွေကြား
ကျနော့်အိပ်မက်တွေ မြှုပ်နှံခဲ့ဖူးတယ် အမေ။

ဆောင်းလေညင်းလဲ့တဲ့ အဲဒီညနေခင်းတွေမှာပေါ့
အချိန်မှန်ခေါင်းလောင်းသံကို မျှော်လို့
အမေ့ခြင်းတောင်းလေး ပြေးဆွဲခဲ့ဖူးတယ်။

အဖေ့ရုံးပေါက်ဝမှာ ထိုင်စောင့်လို့
အဖေ ဒီည မသောက်တော့နဲ့နော်လို့ ချွဲခဲ့ဖူးတယ်။

တဘက်ပိတ် မြေနီလမ်းတိုလေးတွေမှာ
နို့ဆီဘူးခွံတလုံးကို လှိမ့်ပိန့်ကန်ဖူးခဲ့တယ်။

အခုတော့လည်း ရင်ဘတ်ကြီးက စောဒကတက်တယ်
“အစကတည်းက ကျနော် ဘာမှမသိဖြစ်ခဲ့ရင်
သိပ်ကောင်းမှာပဲနော် ...” တဲ့
အဲသလိုနဲ့ ကျနော်
အိပ်မက်ဟောင်းတွေ ပြန်ပြန်မက်တယ်အမေ။

လွတ်လပ်မှုရဲ့ ပကတိသဘောကို နားလည်ခဲ့ပြီးကာမှ
ကျနော် မလွတ်လပ်နိုင်တော့ဘူး အမေ။

ကျနော် သင်ကြားခဲ့ သင်ယူခဲ့တဲ့ အသိတရားတွေက
ကျနော့်ကိုယ်ပိုင်ဘဝလေးတခု
ထုဆစ်ဖို့တောင် မလောက်ငှခဲ့ပါဘူး၊
ကောက်ရိုးနံ့သင်းတဲ့ ညနေခင်းတွေ
ပိုးထိုးလောက်ကိုက်ကင်းဖို့ ဆုတောင်းပေးခဲ့ဖူးတဲ့ ဝန်ထမ်းဆန်
အမေကိုယ်တိုင်လျှော်ပေးထားတဲ့ စစ်ခြင်ထောင် နွမ်းလေးတလုံး
ဘုရားပွဲဈေးတန်းက ရေမုန့်ကြော်တဗန်း ...
ကျနော် မျှော်မှန်းခဲ့တဲ့ နိဗ္ဗာန်ကြီးကို အမေရယ်ချင်နေမလားပဲ
အခုတော့လည်း ရင်ဘတ်ကြီးက မေးတယ်
“ငါ့ဝိညာဉ်ထဲ လေမှုတ်အသက်သွင်း
မင်း ... ဘယ်သူလဲ ...” တဲ့
အဲသလိုနဲ့ ကျနော် အိပ်မက်ဟောင်းတွေ ပြန်ပြန်မက်တယ် အမေ။

အဖြူရောင် ...
အနီရောင် ...
အပြာရောင် ...
အား .................................
ကျနော် မရှောင်တိမ်းနိုင်ခဲ့သော ဓားလွတ်တွေပေါ့ အမေ
နွမ်းနွမ်းပါးပါး စုဘူးဦးနှောက်လေးနဲ့ကျနော် မှီရာကား တားစီး
ကြုံရာရောက်ရာ ခရီးဆက်ခဲ့မိတယ်လေ
လောကကြီးသုံးပါးမှာ အမှန်တရားလို့ ကျနော် ယုံမှတ်ခဲ့ဖူးတာတွေအားလုံး “လွဲ”
၆၄ ကီလိုလောက်က ဦးနှောက်မှာ ဝန်ပိုတင်မိတယ်ထင်ပါ့။

အစိမ်းရင့်ရင့် ရမ်းကားမှုတွေ
အနီရင့်ရင့် လဲပြိုကျဆုံးမှုတွေ
ဝတ်စုံပြည့် အသုဘရှုသူတွေ
သူ့အရပ်နဲ့ သူ့ဇာတ်
ကလို့ ဆိုလို့ တီးလို့ မှုတ်လို့ ကောင်းနေတုန်း
အိပ်မက်မြူတွေခမျာတော့
ကျနော့်ကို နှုတ်ဆက်လက်ပြသွားကြလေရဲ့ အမေ။

အခုတော့ ရင်ဘတ်ကြီးက ကြွေးကြော်တယ်
“ငါသာလျှင် ငါ့အတ္တနဲ့ ထုဆစ်
ဝတ်လစ်စလစ် သားရိုင်းကောင်ဖြစ်၏” တဲ့
အဲသလိုနဲ့ ကျနော်
အိပ်မက်ဟောင်းတွေ ပြန်ပြန်မက်တယ် အမေ။

ခုတော့ ကျနော် ရိပ်မိပါပြီ
ဝိုးတဝါးတွေးနိုင်သလောက်တော့ (ဘဝရဲ့ အဓိပ္ပါယ်ဆိုတာ ...)
လက်တိုဂျင်တဘူးထက်ပိုတယ်
ဟာလီဒဗီဆင်ထက်ပိုတယ်
ချက်ကော့ဖ်ထက်ပိုတယ်
ချမ်းသာတလိပ်နဲ့ ဇစ်ပိုတလုံးထက်ပိုတယ်
အဝတ်စနီနီပေါ်က ခွပ်ဒေါင်းတကောင်ထက်ပိုတယ်
ငွေနားကွပ် ခေါင်းတလားတလုံးထက်လည်း ... ပိုတယ်။

အမေရေ ...
လိုနေတာကတော့ အမေ့သားလူ့ငနွား ကျနော့်အဖို့
ခပ်စပ်စပ်ကြိမ်တလုံးနဲ့ နဖားကြိုးတစုံပါပဲ
သဘောတရားနဲ့ ပုံစံခွက်တွေထဲ အနာဂတ်ပျောက်
ချေးကျရာ ပျော်တဲ့ လောက် ...
ကျနော် အိမ်ပြန်ရောက်ဖို့သင့်ပြီလား အမေ။

ဒါပေမယ့်
ရင်ဘတ်ကြီးက ချဉ်ခင်းတပ်တယ်
“ရွှေပလ္လင်ပေါ်မှာ ခဏလောက်ပဲဖြစ်ဖြစ်
ထိုင်ဖူးချင်သေးသတဲ့လေ”
အဲသလိုနဲ့ ကျနော်
အိပ်မက်ဟောင်းတွေ ပြန်ပြန်မက်တယ်။

မငိုလိုက်ပါနဲ့ အမေ
မနက်ဖန်မှာ ကျနော် ရောက်မလာဖြစ်ရင်
ဒါမှမဟုတ် အမေက ထွက်သွားနှင့်ရရင်
တဦးနဲ့တဦး နှုတ်မဆက်ဖြစ်ခဲ့ကြရင်
အမေ မငိုလိုက်ပါနဲ့နော်။

တကယ်တော့ ဒီခရီးနဲ့ ဒီထီးပါပဲ အမေရယ်
ကျနော်ပိုင်ဆိုင်ရာ ခိုးဝှက်လုယူထားတာ အားလုံးကို ပစ်ချ
အပြာရောင် နဂါးငွေ့တန်းတွေကို ရှေးရှု
ကျနော် သွားရတော့မယ် အမေ။
ဒီတခါတော့ ရင်ဘတ်ကြီးက သက်ပြင်းကြီးချတယ်

“... ... ကိုယ်ကြိုက်ရာ ကိုယ်လုပ် ကောင်လေးရေ ...” တဲ့
အဲသလိုနဲ့ ကျနော်
နောက်အိပ်မက်တခုအတွက် အစပျိုးလိုက်ပါတော့တယ်။ ။

မားဆိုး (၂.၁၁.၂၀၀၉)
(ဗိုလ်ထီးရဲ့ ရွှေရတုမွေးနေ့ လိုက်ဖ်ရှိုးမှာ လွှမ်းမိုးကြီး ဟော်လိုလေးတလုံးနဲ့ ဆိုထားတဲ့ “ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ” သီချင်း လေးကို နားထောင်ရင်း ဗိုလ်ထီးကို သတိတွေရလာလို့ ဒီကဗျာလေး ရေးမိပါတယ်။ ၁၀.၃.၂၀၁၀ မှာ ကျရောက်လာမယ့် ဗိုလ်ထီး ကွယ်လွန်ခြင်း (၂) နှစ်ပြည့် နှစ်ပတ်လည်အား ရည်ညွှန်းပါတယ်။)

No comments: