Sunday, March 7, 2010

သမိုင်းဆက်ထုံး

သမိုင်းဆက်ထုံး
ကမာပုလဲ

မြစ်တစင်းရဲ့ ရေစစ်ချိန်
မြင်နေရတဲ့ ကမ်းနှစ်ဘက်မှာ …
ဒိုက်သရောနဲ့ အမှိုက်သရိုက်တွေက မင်းမူလို့
ဒါဟာ …
ငါတို့ရောက်ရှိနေတဲ့အရပ်က
မဖြစ်ညစ်ကျယ် ခြေရာများ …။

ဘ၀မှာ …
ငါတို့ ဆုတ်ခွာခဲ့ရတဲ့
ခုခံစစ်တောင်ကုန်းတွေ မနည်းတော့ဘူး
အဲဒီ့တောင်ကုန်းတွေဟာ
ငါတို့ချစ်သူများရဲ့ အရိုးတွေနဲ့ တည်ဆောက်ခဲ့ရတာ …
ထပ်ခါထပ်ခါ တည်ဆောက်ရမယ်ဆိုလည်း တည်ဆောက်နေဦးမှာ …။

နှလုံးသားနဲ့ ဝေးတဲ့အရပ်မှာ
ရင်ခုန်သံလည်း မကြားနိုင် … မနာနိုင်
နာဇီဂျာမန်တွေဆီမှာ ဒူးထောက်အညံ့ခံဖို့
အာဏာရ ရယ်ဒီကယ်အမတ်တွေ
ခြေပုန်းခုတ်နေသံက
ပါရီမြို့ကြီးရဲ့ ကျဆုံးခန်းကို နိဒါန်းပျိုးခဲ့တာပါပဲ …။

သမိုင်းမှာ …
မြစ်ငယ်၊ ဆင်မလိုက်သင်္ဘောကျင်းမှသည် လှိုင်သာယာအထိ
ကိုအောင်ကျော်၊ ကိုဗဟိန်းမှသည် …
ငါတို့ခေတ်ရဲ့ တိုက်ပွဲများမှ မွေးဖွားနေသော ခေါင်းဆောင်စစ်စစ်များအထိ
ငါတို့ရဲ့ မကုန်ခန်းနိုင်သော တိုက်ပွဲဝင်လူထုကြီး ရှိနေသရွေ့ …
ဗမာပြည်ကို ပါရီလို မကျဆုံးစေရဘူး …
သမိုင်းမှာ …။ ။

ကမာပုလဲ

(၀န်ခံချက် ။ ။ ဆရာမြသန်းတင့် ဘာသာပြန် ‘ပါရီကျဆုံးခန်း’ ကို ခံစားရေးဖွဲ့ပါသည်။)
မူရင်း - ILYA EHRENBURG - LA CHUTE DE PARIS (THE FALL OF PARIS)

No comments: