မြင်းရည်တက်ဦးသာ
လာမယ့် မတ်လ (၂၉) ရက်နေ့မှာ NLD အနေနဲ့ နအဖ ဥပဒေအမှတ်၂ /၂၀၁၀ အရ နိုင်ငံရေးပါတီတရပ်အနေ နဲ့ မှတ်ပုံတင်မယ်၊ မတင်ဘူးဆိုတာကို ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေးခေါ်ပြီး ဆုံးဖြတ်မှာဖြစ်ပါ တယ်။ နောက်ဆုံးအရပ်ရပ်အခြေအနေ သဘောထားတွေအရတော့ NLD ပါတီက မှတ်ပုံမတင်တော့ဘဲ ရွေး ကောက်ပွဲဥပဒေကို သပိတ်မှောက်ဖို့ အလားအလာများတယ်လို့ ဆိုပါတယ်။
ခွေးလေးကြောင်လေးများဟာ မျက်လုံးအ၀ိုင်းသားနဲ့ အင်မတန်ကြောက်တတ်ကြတယ်။ ဒါပေမယ့် ချောင်ပိတ် ရိုက်ရင် ပြန်ကိုက်တတ်တာ သဘာဝပါ။ တချို့အနည်းစုအနေနဲ့ “ငါတို့ကို ရိုက်ပြီးရင်တော့ သူတို့ပေါင်ပေါ်မှာ ငါတို့ကို ပွတ်သပ်ပြီး ချော့မြူပေးမှာပဲ” လို့ မျှော်လင့်သူတွေရှိတာကလည်း သဘာဝတရားရဲ့ အစိတ်အပိုင်းတ ခုလို့ ဆိုရမှာပါ။ အများစုကတော့ သဘာဝအရကို ပြန်တိုက်မှာပါပဲ။
“ပါတီမရှိလည်း နိုင်ငံရေးရှိနေဖို့က အရေးကြီးတယ်၊ ပါတီကို သံခြေကျဉ်းခတ်တဲ့ လုပ်ငန်းမျိုး ကျနော်လက်မ ခံနိုင်ဘူး” လို့ NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းတင်ပြောသလိုပဲ နအဖရဲ့ ဥပဒေအမှတ် ၂/ ၂၀၁၀ ဟာ နိုင်ငံရေးပါတီတွေကို နိုင်ငံရေးလုပ်လို့မရအောင် နိုင်ငံရေးသံခြေကျဉ်းခတ်ထားတဲ့ ဥပဒေဖြစ် တယ်ဆိုတာ ဘယ်သူမှ အငြင်းမပွားကြပါ။ (ဆယ်စုနှစ်အတွင်း) NLD က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တွေကို လေ့လာမယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးဟာ NLD ရဲ့ ပထမဦးစားပေး လုပ်ငန်းစဉ်ဖြစ် တယ်ဆိုတာ အထင်အရှား တွေ့ရပါတယ်။ ရွှေဂုံတိုင်ကြေညာချက်မှာကိုက နအဖရဲ့ တဖက်သတ်စီစဉ်မှု အောက်မှာ ရွေးကောက်ပွဲကို မဖြစ်မနေ ၀င်ရမယ်ဆိုခဲ့ရင် နိင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ လွှတ် ပေးဖို့က အဓိကဦးစားပေးသတ်မှတ်ချက် ဖြစ်နေပါတယ်။ သည်တောင်းဆိုချက်ကို မလိုက်လျောတဲ့အပြင် နိုင် ငံရေးအကျဉ်းသားတွေကို နိုင်ငံရေးပါတီထဲမှာ ပါဝင်ခွင့်တောင်မပြုတော့တဲ့ ဥပဒေ အမှတ် ၂ / ၂၀၁၀ ဟာ NLD ကို ထွက်ပေါက်မပေးဘဲ ချောင်ပိတ်ရိုက်တာဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။
NLD ကို အထူးသဖြင့် ဒီမိုကရေစီရေးလှုပ်ရှားမှုကို ထွက်ပေါက်မပေးဘဲ ချောင်ပိတ်ရိုက်ပြီဆိုတော့ ပြန်တိုက် ရုံကလွဲပြီး အခြားမရှိပါ။ ဒါကြောင့် NLD ဟာ ဥပဒေအမှတ် ၂ / ၂၀၁၀ အရ နိုင်ငံရေးပါတီတရပ်အနေနဲ့ မှတ်ပုံ တင်၊ မတင်ဆိုတာ မေးခွန်းမဟုတ်တော့ပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်၊ မဝင်ဆိုတာ စူးစမ်းနေဖို့အချိန် မ ဟုတ်တော့ပါဘူး။ အဓိက မေးခွန်းထုတ်က ဒါဖြင့် ဘာလုပ်ကြမလဲဆိုတာပါပဲ။
ကောင်းပါပြီ။ NLD အနေနဲ့ နိုင်ငံရေးပါတီတရပ်အနေနဲ့ မှတ်ပုံမတင်တော့ဘူး။ တနည်းအားဖြင့် ၂၀၁၀ ရွေး ကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်တော့မယ်ဆိုရင် ဘာလုပ်မလဲလို့ မေးခွန်းတွေ မေးလာနိုင်စရာရှိပါတယ်။ ဒီနေရာမှာ ပကတိဖြစ်ရှိနေတဲ့ အခြေအနေက ဒေါ်စုပြောသလိုပဲ NLD အတွက် ကြီးမားတဲ့စိန်ခေါ်မှုတွေ အများကြီးရှိနေတယ်။ နအဖ က NLD ဟာ သူ့ရဲ့ရန်သူနံပါတ် (၁) ဖြစ်တာမို့ အကြီးအကျယ် အကျပ်ရိုက်စေပြီး ဆုပ်လည်းစူး - စားလည်းရူး ( DILEMMA ) အခြေအနေကို ဖန်တီးပြီး အပြတ်ချေမှုန်းဖို့ အာဃာတကြီးစွာ ဖန် တီးထားတာပါ။ ဒါကြောင့် NLD အနေနဲ့ ဘယ်လမ်း ရွေး ရွေး သက်သာပြီး ချက်ချင်းဥုံဖွမန်းသလို နတ်ရေကန် ထဲချလိုက်သလို ကောင်းလာမှာမဟုတ်ပါ။ အဆိုး (၂) ခုထဲက အဆိုးနည်းတာ (lesser evil) ကို ရွေးရမှာပဲဖြစ် ပါတယ်။ ရေတိုမှာ အကျပ်အတည်း ပိုများနိုင်ပေမယ့် ရေရှည်မှာ အခွင့်အလမ်းသာစေမယ့်နည်းလမ်း၊ အများ ပြည်သူအပါအ၀င် နိုင်ငံတကာမိသားစုကြီးရဲ့ စာနာထောက်ခံမှု ရနိုင်မယ့်နည်းလမ်းကို ရွေးရမှာဖြစ်ပါတယ်။
ရူးမှာနဲ့စာရင် စူးတာက တော်သေးတာမို့ ဆုပ်သင့်ကို ဆုပ်ရတော့မှာပါ။ နိုင်ငံရေးအကျဉ်းသား (၂၀၀၀) ကျော် ကို ချနင်းပြီး ဇာတ်တူသားစားတာမျိုး လုပ်လို့ကတော့ NLD ဆိုတာ မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ သဏ္ဍာန်အရ ရှိ ကောင်းရှိနေနိုင်ပေမယ့် အနှစ်သာရအရ ရှင်သန်နိုင်တော့မယ်မဟုတ်ပါ။ ဆိုလိုတာက NLD က ရွေးကောက် ပွဲမ၀င်လို့ ကြုံရမယ့် လတ်တလောပြဿနာတွေ၊ စိန်ခေါ်မှုတွေဟာ ရွေးကောက်ပွဲဝင်တာကြောင့် ဖြစ်လာနိုင် တဲ့ လတ်တလောအခြေအနေတွေထက် ပိုဆိုးပါလိမ့်မယ်။ ဒါပေမယ့် ရေတိုမှာ အမည်ပညတ်အနေနဲ့ NLD ဟာ မရှိတော့ပေမယ့် လူထုကြားထဲမှာ ယုံကြည်လေးစားမှု၊ နိုင်ငံတကာရဲ့ စာနာမှုတွေ ရနိုင်တာကြောင့် ရေ ရှည်မှာ ပျဉ်းမငုတ်တိုဟာ အညွန့်အခက်တွေ ပြန်လည်ဝေဆာသလို အခြေအနေသစ်တရပ်မှာ နိုင်ငံရေးပါတီ တရပ်အနေနဲ့ ပေါ်ထွက်လာနိုင်မှာမုချပါ။ တောင်အာဖရိက က ANC ဆိုလည်း မတရားသင်းကြေညာခံခဲ့ရတာ ပါပဲ။ နောက်တော့ တရားဝင်နိုင်ငံရေးပါတီအဖြစ် ရပ်တည်နိုင်ခဲ့တာမဟုတ်လား။ ဒါမျိုး အဖြစ်အပျက်တွေက ကမ္ဘာတ၀ှမ်းလုံးမှာ အနှံ့အပြား ဖြစ်နေပါတယ်။ အရေးကြီးတာက လူထုရဲ့နှလုံးအိမ်ကို သိမ်းကျုံးဆွဲငင်ဖို့ မ ဟုတ်ပါလား။
ဘာလုပ်မလဲဆိုတဲ့ အလုပ်သဘောကို ပိုပြီး နီးနီးကပ်ကပ် ချဉ်းကပ်ရအောင်။ သေချာတာတခုကတော့ NLD အနေနဲ့ UG ပါတီတရပ်အနေနဲ့ ထပ်ထူထောင်ပြီး လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲမယ့် လမ်းရိုးဟောင်းကို ဘယ်နည်းနဲ့မှ လိုက်မှာမဟုတ်ပါ။ ထပ်ပြီးသေချာဖို့ လိုအပ်တာတချက်ကတော့ ရွေးကောက်ပွဲဝင်လိုသူတွေနဲ့ မ၀င်လိုသူတွေကြားမှာ ရန်သူအဖြစ် စည်းခြားဖို့မဟုတ်ပါ။ NLD ပါတီနာမည်နဲ့ ၀င်လို့မရတာသာဖြစ်ပါတယ်။ အသေအချာ ခန့်မှန်းတွက်ချက်ထားတဲ့ မဟာဗျူဟာအစီအစဉ်ရဲ့ အစိတ်အပိုင်းအနေနဲ့ ပါလီမန်တွင်းတိုက်ပွဲ တွေကို ထောက်ခံအားပေးရုံမက လိုအပ်လာရင် အခြေအနေပေးရင် ကိုယ့်အင်အားတချို့ကိုဖဲ့ထုတ်ပြီး ဒီတိုက် ပွဲထဲမှာ ပါဖို့လိုမယ်မဟုတ်လား။ ၁၉၃၇ ခုနှစ်၊ ၉၁ ဌာအခြေခံဥပဒေကို အပြင်းအထန်တိုက်ပွဲဝင်ရာမှာ ၁၃၀၀ ပြည့်အရေးတော်ပုံကို ဦးဆောင်ခဲ့တဲ့ ဒို့ဗမာအစည်းအရုံးဟာ ဒီ ဥပဒေအရကိုပဲ ကျင်းပတဲ့ရွေးကောက်ပွဲမှာ သ ခင်မြကို ကိုယ့်မင်းကိုယ့်ချင်းပါတီကို ဦးဆောင်စေပြီး ပါလီမန်တွင်းတိုက်ပွဲကို တိုက်ခဲ့တာ သမိုင်းမှာ အထင်အ ရှားရှိပါတယ်။
တတိယအချက်နေနဲ့ကတော့ NLD ဟာ ရေတိုထက် ရေရှည်အတွက် အစီအစဉ်တွေကို ပိုပြီးဦးစားပေးဖို့ လို အပ်ပါတယ်။ နအဖ ၂၀၀၈ အခြေခံဥပဒေမှာ ချို့ယွင်းချက်၊ ပျော့ကွက်၊ ဟာကွက်တွေရှိနေတဲ့အတွက် ဒီဥပ ဒေအရ တက်လာတဲ့ ဘယ်အစိုးရမျိုးမဆို သူတို့မှာလည်း NLD ထက်မနည်းတဲ့ စိန်ခေါ်မှုတွေ ရှိနေမှာပါ။ ဒါ တွေကို NLD က ကောင်းကောင်းအသုံးချနိုင်ရမှာပါ။ အရေးအကြီးဆုံးက NLD ပါတီဝင်တွေဟာ ပုံစံအမျိုးမျိုးနဲ့ လူထုကြားမှာ ရှိနေဖို့ပါပဲ။ ဒါပေမယ့် NLD ဆိုတဲ့ ဦးဆောင်မှုမှ မရှိတော့တာ၊ ဌာနချုပ်မှ မရှိတော့တာ ဘယ် လိုလုပ်မလဲလို့ မေးခွန်းထုတ်စရာရှိပါတယ်။ အဲသည့် ကာလမှာ NLD ဌာနချုပ်ရယ်လို့ မရှိတော့တဲ့ကာလမှာ လည်း ထူးခြားချက်တွေအပေါ် အခြေခံပြီး အခွင့်အလမ်းတွေ ရှိနေဦးမှာပါ။ အဲသည်အပေါ်အခြေခံပြီး NLD ရဲ့ ဦးဆောင်မှုအဆင့်ဆင့်ကို အနှစ်သာရအရ တည်ဆောက်ကြရဦးမှာပေါ့။ ခက်တော့ခက်ပေမယ့် လုပ်လို့မရနိုင် တဲ့ ကိစ္စမဟုတ်ပါ။
NLD မှတ်ပုံမတင်တော့တဲ့အတွက် လတ်တလောမှာပိုပြီး ဖိနှိပ်တာ၊ နှိပ်ကွပ်တာတွေ စစ်အုပ်စုကနေ လုပ်လာ နိုင်ပါတယ်။ ဘာမှ မဟုတ်တာတွေအတွက် ခြေလှမ်းမှားလို့ မဖြစ်ပါ။ မလွှဲမရှောင်သာလုပ်ရမယ်ဆိုရင်လည်း စွန့်လွှတ်အနစ် နာခံပြီးလုပ်ကြရတဲ့ အစဉ်အလာကောင်းတဲ့ NLD ရဲ့စိတ်ဓာတ်ကို ဦးထိပ်ပန်ဆင်ပြီး ဆက်ပြီး သယ်ပိုးကြရမှာပါပဲ။ ဒီကြားထဲမှာ ပိုအရေးကြီးတာက NLD ရဲ့အသံကို NLD ရဲ့ သင်္ကေတလက္ခဏာဆောင် တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်း တင်၊ ဦးတင်ဦး…. စတဲ့ စတဲ့ ခေါင်းဆောင်တွေရဲ့ ပုဂ္ဂလိကအသံအနေနဲ့ ပြည်သူကို အသိပေးရမှာဖြစ်ပါတယ်။ မြန်မာ ပြည်မှာ ခေါင်းဆောင်မရှားပါ။ အာဇာနည်တွေနေတဲ့တိုင်းပြည်ပါ။ တဖက်ကလည်း မြန်မာပြည်သူလူထုက နိုင်ငံရေးအရ အင်မတန်မှ အကင်းပါးတယ်ဆိုတာ သာဓကတွေ အ ထင်အရှားရှိပါတယ်။
သိပ္ပံပညာရှင် နယူတန်ရဲ့ တတိယဥပဒေက “သက်ရောက်မှုတိုင်းမှာ ၎င်းနဲ့ညီမျှသော တန်ပြန်သက်ရောက်မှု ရှိသည်” လို့ ဆိုပါတယ်။ နအဖရဲ့ဖိနှိပ်မှုကြီးလေလေ ပြည်သူလူထုရဲ့တော်လှန်နိုင်စွမ်းပကားဟာ မြင့်မားလေ လေဖြစ်တာ သဘာဝပါ။ မကုန်မခမ်းနိုင်တဲ့ ပြည်သူ့ခွန်အားကို ကိုးစားရမှာပါ။ အခုလည်း ၁၉၈၉ ခုနှစ်က NLD ရဲ့နည်းပရိယာယ်တိုက်ပွဲလမ်းစဉ်ဖြစ်တဲ့ “မတရားတဲ့ အမိန့်အာဏာမှန်သမျှ တာဝန်အရဖီဆန်ကြ” ဆိုတဲ့ အာ ဏာဖီဆန်ရေးတိုက်ပွဲကို ပြန်လည်ဖော်ဆောင်ဖို့ အခြေအနေကောင်းများ ဖြစ်တည်လာစပြုနေပါပြီ။ ဒီမိုကရေ စီအင်အားစုများရဲ့ ညီညွတ်ရေးနဲ့ ဘုံလုပ်ငန်းစဉ် ဖြစ်ထွန်းရေးကို စစ်အုပ်စုရဲ့ မတရားတဲ့အမိန့်အာဏာများက ဖန်တီးပေးနေပါပြီ။ ဒေါ်စုပြောသလို သည်ကြီးမားတဲ့ စိန်ခေါ်မှုတွေ (မတရားတဲ့အမိန့်အာဏာတွေ) ဟာ ဒီမိုက ရေစီအင်အားစုများအတွင်း ကြီးမားတဲ့ အင်အားတရပ်ကို ပြန်လည်မွေးမြူလိုက်တာပါပဲ။ သည်အင်အားကို ပြည်သူလူထုကြီးတရပ်လုံးရဲ့ မကုန်မခမ်းနိုင်တဲ့ အင်အားစုကြီးနဲ့ ပေါင်းစပ်လိုက်ရင်တော့ ...။
ဒါ့ကြောင့် သည်ကာလမှာ “အရေးကြီးပြီ ညီနောင်အပေါင်းတို့” လို့ ဟစ်ကြွေးလိုက်ပါရဲ့။
မြင်းရည်တက်ဦးသာ
၂၀၀၈၊ မတ်လ၊ ၂၀၁၀
Sunday, March 28, 2010
အရေးကြီးပြီ ညီနောင်အပေါင်းတို့
Subscribe to:
Post Comments (Atom)
2 comments:
လိပ်ခေါင်းထွက် အောင်အော် နော် ....ဘာမှဖြစ်လာမှာမဟုတ်ဘူး....
မ ထ င် နဲ့ နော် .....NLD အ သစ်ပေါ် လာ လိမ့်မယ် .ကြည့် နေ ........NLD အ မည် ကို ရွေးကောက်ပွဲမှာ မ ပါ..ပါ အောင် လုပ်ဦး မှာ
Post a Comment