Monday, February 15, 2010

ခေတ်သစ် ဖုတ်ကောင်များ

ခေတ်သစ် ဖုတ်ကောင်များ
မားဆိုး

ဂျေရုဆလင်မှာ သံလွင်ခက်တွေ အိပ်ပျော်နေတုန်း
ရိုင်ယန်ရို့စ်က ကြို့တချက်ထိုးတယ်။

(မီးတောက်တွေနမ်းဖို့ အသင့်ဖြစ်နေတဲ့ သေတွင်းမှာ
သားရဲမိစ္ဆာများ မြူးထူးခုန်ပေါက်လော့ ...
အချင်းတို့ ... တပ်ထောင်တာဗိုလ်ထု
ငတ်မွတ်သူတို့၏ သားတစ်များ ငါ့အား ဆောင်နှင်းလော့ ...)

နတ္ထိဘဝပဲပိုင်တဲ့ ငါ ...
ဇီယွန်တံခါးဝက မင်း ...
မြှားအိမ်လွယ်လာသော သင် ...
ဟုတ်ယောင်ထင်မှုများနဲ့ ခင်ဗျား ...
ငွေနားကွပ်ခေါင်းတလားထဲမှ ကျွန်ုပ် ...
တုပ်တုပ်မျှမလှုပ်ဝံ့ရှာသည့် သူတို့ ...
...............................
......................
နာမ်စားအားလုံး
ကျည်ကွယ် မျက်ကွယ် ရှောင်ကြတိမ်းကြ။

ခင်ဗျားမှတ်မိလား
ဟိုး ... လွန်လေပြီးသော ၉၅ နှစ်တုန်းက
အညာမီးတောက်လေးတပွင့်
လရောင်လှုံပြီး ပွင့်ခဲ့တယ်။

ခေတ်ရိုင်းမှာ လူရိုင်းလို့ သူ့ကို သမုတ်ကြရဲ့
အရပ်ပုပြတ်ပြတ် လူပုံက ဘုဆတ်ဆတ်
နားရွက်ကားကားနဲ့ တရားအများကြီးမဟောဘူး
ဒါပေမယ့် ...
လားရာလမ်းတွေ အားလုံး သူ့ဆီမှာ ဆုံးတယ်။

ဘယ်တော့မှ နေမဝင်ဘူးဆိုတဲ့
ရာဇမာန်ရူး၊ ပလ္လင်ရူးတွေအတွက်
အရှုံးရဲ့အရသာကို မြည်းစမ်းစေခဲ့တဲ့သူ။

လွိုင်လင်ရဲ့ဟိုဘက် မြို့သေးသေးလေးက
အဖြူရောင်ကျောက်တိုင်ထက်
ငါတို့မနက်သစ်တွေ ထွင်းထု
အလင်းခေတ်ကို ဆောင်ကြဉ်းပေးခဲ့တဲ့သူ။

ခင်ဗျားမှတ်မိပြီလား
ယူနီယံဂျက်နဲ့ နေဝန်းနီ ဆိုတာတွေကို
ငါတို့အိမ်ပေါ်က မောင်းချခဲ့တာ
အဲဒီလူပေါ့။

ဒါပေမယ့်
ဇောက်ထိုးပြောင်းပြန်ဟပ်တဲ့ လူ့ငနွားတွေကြောင့်
ငါတို့မနက်တွေ အရောင်စုံ အသွေးစုံနဲ့
လူမွှေးလူတောင် မပြောင်နိုင်ခဲ့ဘူး။

လမ်းတွေပေါ်မှာ ...
တံတားတွေပေါ်မှာ ...
စာသင်ခန်းနံရံတွေပေါ်မှာ ...
တချို့ကတော့ နရသိန်မှာ ...
အကို၊ အမ၊ ညီ၊ ညီမ၊ အမေ၊ အဖေ ၊ ဦးကြီး၊ အဒေါ်
မိတ်ဆွေ၊ ရောင်းရင်း၊ သူငယ်ချင်း၊
နမ်စားပေါင်းများစွာ အနှုတ်လက္ခဏာဆောင်ခဲ့ကြဖူးတယ်။

ဆင်စွယ်အတွက်
ဆင်တကောင်လုံးသတ်ရဲတဲ့ မဟာပညာကျော်များ
(abstraction) လို့ တွင်တွင်ပြောနေဆဲ
ရိုကျိုးဆည်းကပ်မှုမှ မွဲပြာကျမှုဆီ ဦးတည်နေဆဲ။

ဆက်ပြောမယ် ...
ဒါ လိုအပ်မှုအကျိုးဆက်တရားမဟုတ်
ဒါ မတော်တဆဖြစ်မှုတရားမဟုတ်
ဒါ တိုက်ဆိုင်မှုသက်သက်တရားလည်းမဟုတ်။

လူ့အခွင့်အရေးကို ချဉ်ခြင်းတပ်တဲ့ ဖုတ်သွင်းရထားတွေ
ပြင်းပြင်းပြပြလေပြိုလိုက်တဲ့
ငတ်မွတ်ခြင်းတရား။

ဆယ်စုနှစ်ခြောက်ခုကျော်လာခဲ့ပေမယ့်
သူတို့ ဆေးရောင်ခြယ်လို့ကောင်းတုန်း
ရမ္မက်၊ အတ္တ ပိုင်းလုံးတွေ
အရှုံးရော အနိုင်ပါ ပိုင်းလို့ကောင်းတုန်း
ရွှေအနားကွပ် ပြိုးပြက်လင်းလက်
ဒွါရတန်ဆာဆင်မြန်းနေတုန်း
ဒီလို ... ဒီလို ...
ပက်ပက်စက်စက် လူမဆန်ကြပုံများ။

အနည်ထိုင်သွားပြန်ရင်လည်း
အင်ဗာတာတလုံးအရင်းပြုလို့
ငါတို့ ... ဘီပီအိုင်ဆေးခါးတွေ ဆက်မြိုကြပြန်ရောပေါ့။

သြော် ... လှထုံရေ လောကကြီးဟာလေ
‘လော’ ... ‘လော’ ပြီး ‘က’ နေတော့တာပါပဲဟာ။

အချိန်တန်တော့
ဝေဘူလတောင်ထိပ်က
မေရီအင်တွိုင်းနက်ပေါင်မုန့်တလုံး
Vampire တွေလက်ထဲ ရောက်နေဆဲ။ ။

မားဆိုး
( ၉-၂-၂၀၁၀ )

( အမှောင်ရိပ်ခိုပြီး နေရာတထောင့်က လှောင်ပြုံးကြည့်မောနေမည့် အဖေသို့ ...)

4 comments:

Unknown said...

ကောင်း လိုက်တဲ. ကဗျာလေးပါ ဗျာ

tin said...

ခိုက်တယ်ဆရာလွဏ်းရယ်၊ အရမ်း...။ ကျေးဇူးအထူးပါ ၊ "မားဆိုး"...?

မေငြိမ်း said...

ဖတ်ပြီး စိတ်ထဲ ထိခိုက်...

Anonymous said...

ကျွန်တော်ကဗျာတွေဖတ်ခဲပါတယ် ဒိကဗျာက တော့တော်တော်လက်သန်ပြောင်တာဘဲ ဒိလို ကဗျာမြိုးများများေ၇းသင့်ပါတယ်