Sunday, February 14, 2010

ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင်

“ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင်”
(သို့မဟုတ်) ကျွန်ုပ်နှင့် စနိုက်ပါသမားများ

ဒေါက်တာလွဏ်းဆွေ

အိပ်မှုန်စုံမွှား တမနက်သား၏ မျက်ချေးပင် မစင်သေးချိန် အခါသမယ၌ အင်တာနက်ကို ဖွင့်ပြီးသကာလ ကျွန်ုပ်၏ ဘလော့ဂ်စီဘောက်သို့ ကြည့်ရှုလိုက်မိသည်တွင် “ဖွဆွေတယောက် ဘယ်ရောက်နေ ဖာခန်းကို ရောက်နေ၊ ဖာခန်းကနေ ဘယ်လိုပြန် လေးဘက်ထောက်ပြီးပြန်” ဟူသည့် ကျွန်ုပ်အား အတော်ကလေးပင် မြင်ပြင်းကတ်နေပုံရသည့် စနိုက်ပါသမားတဦး၏ ပစ်ခတ်မှုအရေးအသားကို ဖတ်ရှုရလေ၏။

စနိုက်ပါ (Sniper) ဆိုသည်ကို သိုးဆောင်းအဘိဓာန်ဘုတ်အုပ်တွင် လှန်လှောကြည့်ရှုမည်ဆိုပါက စစ်ရေးအရ ဆိုလျှင် ချောင်းမြောင်းပစ်ခတ်သူ၊ နိုင်ငံရေးအရဆိုလျှင် အပုပ်ချသူဟူ၍ တွေ့မြင်ရမည်ဖြစ်လေ၏။ ကျွန်ုပ် ယခု ရေးသားသည့် စာစုသည်ကား အထက်ပါ စနိုက်ပါသမားနှင့်တကွ အောက်တွင် ဖတ်ရှုရလတ္တံ့သော စနိုက်ပါ သမားများအား အာဃာတထား၍ တုံ့ပြန်ရေးသားခြင်း မဟုတ်သည့်အတွက် ချောင်းမြောင်းပစ်ခတ်သူဟူသည့် ပို၍ နားဝင်ချိုသော အဓိပ္ပါယ်ဖြင့်သာ နားလည်ဖတ်ကြားပေးကြပါရန် စာရှုသူများအား ကြိုတင်မေတ္တာရပ်ခံ လိုက်ရပါ၏။ စနိုက်ပါသမားများအနေနှင့် သူတို့၏ နာမည်အရင်းကို မဖော်ဘဲ ပစ်ခတ်ရေးသားသည့်အတွက် သာ ကျွန်ုပ်က မည်သူမည်ဝါမှန်းမသိရသည့်သူ (၀ါ) စနိုက်ပါသမားဟု ခေါ်ဝေါ်သုံးနှုန်းလိုက်ရခြင်းဖြစ်ပါ၏။

ဆက်ရမည်ဆိုပါက အဆိုပါ စနိုက်ပါသမား၏ ပစ်ခတ်ချက် အနီးအနားတွင် ကျွန်ုပ်အား ထောက်ခံအားပေးပုံရ သည့် ‘ဒေါက်တာလွဏ်းဆွေ-စင်မ်ပသိုက်ဇာ (Sympathizer)’ တဦးက “ဒီလူကလည်းလေ မဲဆောက်အ မှိုက်ပုံက မြန်မာတွေရဲ့ဘ၀ကို လေ့လာဦးမယ်ဆိုပြီး ခုံဖိနပ်စီး ထွက်သွားတာ မမြင်မစမ်းနဲ့ ၀ဲကုတ်နေတဲ့ ခွေး ကို အမြီးတက်နင်းမိပြီနဲ့ တူတယ်” ဟု အနုပညာပါသည့် သွယ်ဝိုက်သော အရေးအသားဖြင့် ကျွန်ုပ်ကိုယ်စား တုံ့ပြန်ချေပ ရေးသားထားသည်ကို တဆက်တည်း ဖတ်ရှုရပေရာ ကျွန်ုပ်မှာ ချောင်းမြောင်းပစ်ခတ်သူ စနိုက်ပါ သမားကိုပင် အားနာသမှုဖြစ်မိတော့၏။

ကျွန်ုပ်အနေနှင့် စနိုက်ပါသမားများ၏ ချောင်းမြောင်းပစ်ခတ်မှုကို ခံရတတ်သည့် သူများသည် ထင်ပေါ်ကျော် ကြား လူသိများသော ပုဂ္ဂိုလ်ကျော်များသာဖြစ်တတ်သည်ဟု မှတ်ယူထားဖူးလေ၏။ ကျွန်ုပ်ပြည်တွင်း၌ရှိစဉ်က ကျွန်ုပ်တို့ မြန်မာပြည်သူပြည်သားများ၏ အသည်းကျော် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နအ ဖစနိုက်ပါသမားများက သူတို့ပိုင် သတင်းစာများမှတဆင့် နာမည်ဝှက်အမျိုးမျိုးဖြင့် ချောင်းမြောင်းပစ်ခတ်ကြ သည်ကို ပျင်းရိငြီးငွေ့စရာကောင်းလောက်အောင် ကာလအတန်ကြာ ဖတ်ရှုခဲ့ရဖူးသကဲ့သို့ ပြည်ပသို့ ရောက်ရှိ သည့်အခါတွင်လည်း ထင်ပေါ်ကျော်ကြားသည့် ကျွန်ုပ်တို့၏ မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲဝင် ခေါင်းဆောင်ဆို သူများနှင့် ပတ်သက်၍ စနိုက်ပါသမားများ၏ ချောင်းမြောင်းပစ်ခတ်မှုများကို ဘလော့များ၊ စီဘောက်များ၊ ဂရု မေးလ်များတွင် ယခုအချိန်အထိ မကုန်မခမ်းနိုင်လောက်အောင်ပင် ဖတ်ရှုခဲ့၊ ဖတ်ရှုနေရဆဲဖြစ်လေ၏။

ယခုမူ အကျွန်ုပ် ဒေါက်တာလွဏ်းဆွေဟူသည့် ထင်လည်းမထင်ပေါ် ကျော်လည်းမကျော်ကြားသည့် ပါမွှား လေးတယောက်အား ဘလော့ဂ်တည်းဟူသော မီဒီယာတခုကို စတင်လုပ်ကိုင်မိချိန်မှစ၍ မကြာခဏဆိုသလို အမည်မဖော်ဘဲ ပစ်ခတ်တတ်သည့် စနိုက်ပါသမားများ တယောက်ပြီးတယောက် ပေါ်ထွက်လာသည်ကို အံ့ အားသင့်ဖွယ် တွေ့နေရပေ၏။ ထိုသို့ ပစ်ခတ်ခံရခြင်းများကို အကြောင်းပြု၍ ကျွန်ုပ်မှာ အံ့အားတသင့်ဖြစ်နေမိ ပြီး စနိုက်ပါသမားများ၏ ချောင်းမြောင်းပစ်ခတ်မှုကို ခံရလောက်အောင် “ငါ ဘာတွေများ ကြီးထွားလာနေပါ လိမ့်” ဟု တွေးတောမိသည့်အလျောက် မိမိကိုယ်ကိုယ်မိမိ အောက်သို့ပြန်ငုံ့ကြည့်မိသည်တွင် အထင်နှင့်အမြင် တက်တက်စင်အောင် လွဲချော်နေသဖြင့် အတော်ကြီးပင် ရှက်သွေးဖြန်းမိလေတော့၏။

ယခင့်ယခင်အခါများက မိမိ၏ ဘလော့ဂ်စီဘောက်မှတဆင့် အပေါ်မှ စနိုက်ပါသမား ပစ်ခတ်သကဲ့သို့ တ တောင့်ထိုးကျည်များဖြင့် ကြိုကြားကြိုကြား ပစ်ခတ်မှုကိုသာ ခံခဲ့ရဖူးသော်လည်း မကြာသေးမီနေ့ရက်များကမူ တတောင့်ထိုးကျည်ဖြင့်မဟုတ်ပါဘဲ စက်သေနတ်ဖြင့် အတွဲလိုက်ပစ်ခတ်သည့် စနိုက်ပါသမားတဦး၏ ပစ်ခတ် မှုအရေးအသားများကို 8888peoplepower ဂရုမေးလ်တွင် ကျွန်ုပ် ဖတ်ရှုလိုက်ရပေ၏။

အဆိုပါ စနိုက်ပါသမားက ကျွန်ုပ်နှင့်အတူ ကိုထော်ကြီး (ABSDF တပ်ရင်း-၈)၊ နေလင်း (နောင်မှ JACBA အ လုပ်သမားအဖွဲ့ ဥက္ကဌ ကိုမိုးကြိုးကို ပြောမှန်းသိရ) နှင့် ကျွန်ုပ် သိကျွမ်းခြင်းအလျဉ်းမရှိသည့် ကျော်မြထူး၊ အောင်မိုးဝင်း၊ မောင်မောင်စိုး၊ ကျော်သိုက်၊ အတာ၊ ရွှေထီး အမည်ရ လူပုဂ္ဂိုလ်တချို့ကိုပါ အတွဲလိုက် ပစ်ခတ် ထားခြင်းဖြစ်၏။ RFA သတင်းဌာနမှ ကိုခင်မောင်စိုးပင် အဆစ်ပါချေသေး၏။ သူ၏ ပစ်ခတ်ပုံအရေးအသားကို ကြည့်၍ ကျွန်ုပ်၏ မျက်စိထဲတွင် ၀န်ကြီးများရုံး၌ ကျွန်ုပ်တို့၏ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ပုဂ္ဂိုလ်များ ပစ်ခတ်ခံခဲ့ရသည့် မြင်ကွင်းကို (နှိုင်းယှဉ်ရေးသားခြင်းမဟုတ်ရပါ) ပြန်လည် မြင်ယောင်လိုက်မိပေ၏။

ဂဠုန်ဦးစော၏ တပည့်များက ဗိုလ်ချုပ်တို့ကို မသေမချင်း ဒရစပ် ပစ်ခတ်သတ်ဖြတ်နိုင်ခဲ့သော်လည်း ကျွန်ုပ်ပါ မွှား ဒေါက်တာလွဏ်းဆွေမှာကား ဂျာမဏီ မာစီးဒီးဘင့်ဇ်ကားစက်ရုံမှ (ကားဝယ်မစီးနိုင်သော်လည်း) လမ်း ပေါ်တွင် ကျကျန်ခဲ့သည့် ကျည်ကာအင်္ကျီ အကောင်းစားတထည်ကို ကောက်ရ၀တ်ဆင်ထားမိ၍သာ ကျွန်ုပ် ရေးသားနေသည့် ယခုစာစုကို စာရှုသူသို့ ဖတ်ရှုနေရခြင်းဖြစ်ပေတော့၏ဟု အောက်မေ့သမှုပြုမိချေ၏။

ဗိုလ်ချုပ်တို့ ပုဂ္ဂိုလ်ကျော်တစုမှာ ကံမကောင်း အကြောင်းမလှစွာ ချက်ချင်းအသက်ပါသွားကြ၍ မိမိတို့အား ဂ ဠုန်ဦးစောနှင့် တပည့်များ အဘယ်ကြောင့် လုပ်ကြံသတ်ဖြတ်ကြပါလိမ့်ဟု ပြန်လှန်တွေးတောချိန် မရလိုက်သ ကဲ့သို့ ပစ်ခတ်လုပ်ကြံသူများအား ခွင့်လွှတ်ကြေအေးပြီးသကာလ ကြိုးစင်မတက်ရလေအောင် ကယ်တင်နိုင် သည့် အခွင့်အရေးမျိုးလည်း ရရှိခဲ့ခြင်းမရှိခဲ့ပေ။

သို့သော် ကျွန်ုပ်ပါမွှား ဒေါက်တာလွဏ်းဆွေမှာမူကား ယားတယ်လို့ပင် ခါးမတွန့်လိုက်ရဘဲ ပကတိအကောင်း အတိုင်း ကျန်ရစ်ခဲ့သည်ဖြစ်သည့်အတွက် ဤစနိုက်ပါသမားအနေနှင့် ကျွန်ုပ်နှင့် ကျွန်ုပ်လုံးဝသိကျွမ်းခြင်းမရှိ သော လူတချို့အား အဘယ်သို့သော အငြိုးအတေးကြောင့် ယခုကဲ့သို့ တရစပ် ပစ်ခတ်ပါလိမ့်ဟု တွေးတော ချိန် ရတော်မူခဲ့၏။ ထိုသို့ တွေးတောချိန် ရရှိတော်မူခဲ့သည့်အလျောက် အဖြေကိုလည်း တွေ့ရှိခဲ့သည်ဟု ထင် မြင်ယူဆမိသည့်အတွက် အဆိုပါ စနိုက်ပါသမား အမျက်တော် အမုန်းတရားများ ဖိစီးပြီး စိတ်ပင်ပန်းနေမှုဒဏ် လျော့ကျစေရန် ရည်သန်၍ (ထပ်မံပစ်ခတ်ခံရမည်ကို ကြောက်ရွံ့၍မဟုတ်ဘဲ) ယခုကဲ့သို့ စာတတန် ပေတဖွဲ့ ဖြင့် မေတ္တာရှေ့ထား ရေးသားရှင်းလင်းလိုက်ရခြင်း ဖြစ်ပါ၏။

စနိုက်ပါသမား၏ စာထဲတွင် ကျွန်ုပ်အား ထိပ်ဆုံးမှ စတင်ပစ်ခတ်ရေးသားထားပြီး ကျန်လူများနှင့် ကျွန်ုပ်တို့ ပူး ပေါင်း၍ 88 People Power အဖွဲ့ တည်ထောင်ထားသည်ဟုလည်း အခြေအမြစ်မရှိ စွပ်စွဲရေးသားထားလေရာ နောင်တချိန် မြန်မာ့သမိုင်းအမှန်ကို ရေးသားပြုစုကြရာ၌ ဘာမှမဟုတ်သည့် ကျွန်ုပ်ပါမွှားကို ခေါင်းဆောင်အ မှတ်နှင့် ကမ္ပည်းတင်နေမည်စိုးသည့် နောက်အကြောင်းတချက်ကြောင့်လည်း ယခုကဲ့သို့ ရှင်းလင်းရေးသားရ ခြင်း ဖြစ်ချေသည်တမုံ့။

ဦးစွာမဆွ ကျွန်ုပ်၏ ကျည်ကာအင်္ကျီကို တောက်ခနဲ ထိမှန်ပြီး လွင့်စင်သွားသည့် ကျည်ဆံတောင့် အမှတ် (၁) ကို ကောက်ယူစစ်ဆေးတော်မူမိ၏။ အဆိုပါ ကျည်ဆံကို သေချာစွာ စစ်ဆေးကြည့်ရှုမိသည့်အခါကျမှ အဆိုပါ စနိုက်ပါသမားသည် ကျွန်ုပ်၏ ဘလော့တွင် ဖော်ပြပေးခဲ့သော ‘၈၈၈၈ ပြည်သူ့သတင်းစဉ်’ ၏ လေထန်ကုန်း ကဏ္ဍပါ ‘ဟီးဟီးဟားဟား ဆွေးနွေးပွဲ’ ဟူသည့် ခေါင်းစဉ်အောက်မှ အရေးအသားများအပေါ် စိတ်ဆိုးဒေါသ ထွက်ပြီးသကာလ ကျွန်ုပ်နှင့်လူတစုအား ယခုကဲ့သို့ တရပ်စပ် ပစ်ခတ်ခြင်းအမှု ပြုခဲ့ခြင်းဖြစ်သည်ကို သိရှိရပေ တော့၏။

ထိုကိစ္စနှင့် ပတ်သက်၍ စနိုက်ပါသမား ကျွန်ုပ်အပေါ် အထင်အမြင် လွဲတော်မူနေခြင်းကို ကျွန်ုပ်က ရိုးရိုးသား သား ရှင်းလင်းပြလိုပေ၏။ ကျွန်ုပ်သည် အဆိုပါ ‘၈၈၈၈ ပြည်သူ့သတင်းစဉ်’ ဟူသော ပီဒီအက်ဖ်ဖိုင်လေးအား ‘လေထန်ကုန်း’ ဟူသည့် အပတ်စဉ်ကဏ္ဍ မပါဝင်မီ ရှေးပဝေသဏီ ကာလကတည်းပင် အပတ်စဉ် ဖော်ပြပေး ခဲ့ခြင်းဖြစ်ပါ၏။ 8888peoplepower ဂရုမေးလ်တွင် တွေ့ရှိဖတ်ရှုခဲ့ရပြီးနောက် စစ်အာဏာရှင်စနစ်ကို စစ်စစ် မှန်မှန် ဆန့်ကျင်တိုက်ပွဲဝင်နေသည့် စာစဉ်အဖြစ် သဘောကျ နှစ်ခြိုက်တော်မူမိသည့်အတွက် မည်သူမည်ဝါ ထုတ်ဝေနေသည်မှန်း ကျွန်ုပ် အမှန်တကယ် မသိရှိသည့် အဆိုပါ ‘၈၈၈၈ ပြည်သူ့သတင်းစဉ်’ ကို ဂရုမေးလ်မှ ဒေါင်းလုပ်ဆွဲချကာ ကျွန်ုပ်စိတ် ကျွန်ုပ်သဘောနှင့် ဘလော့ဂ်၌ အပတ်စဉ် တင်ပေးခဲ့ခြင်းဖြစ်ပါ၏။ နောင်တွင် လည်း မည်သူတားတား၊ မည်သူမကြိုက်မကြိုက် ကျွန်ုပ်က တင်ဆက်ပေးနေဦးမည်ဖြစ်ပါ၏။

ယခုနောက်ပိုင်းတွင် အဆိုပါ ‘၈၈၈၈ ပြည်သူ့သတင်းစဉ်’ မှ လေထန်ကုန်းဟူသည့် အခန်းကဏ္ဍမှာ တဟုန်ထိုး နာမည်ကြီးလာသည့်အလျောက် ထိုကဏ္ဍနှင့်ပတ်သက်၍ ကျွဲမြီးတိုမိသူများက စနိုက်ပါသမား ထင်မြင်ယူဆ သကဲ့သို့ ကျွန်ုပ် ဒေါက်တာလွဏ်းဆွေ နောက်ကွယ်မှ ပါဝင်ပတ်သက်နေသည်ဟူသည့် အတွေးမျိုး တွေးကြ မည်ကို ကျွန်ုပ်ကလည်း မျှော်လင့်ပြီးသားဖြစ်ပေ၏။ ထိုသို့တွေးတောကြသည်ကို ကျွန်ုပ်အနေနှင့် ဗွေမယူမိ သော်လည်း လုံးဝဆက်စပ်ပတ်သက်မှု အလျဉ်းမရှိကြောင်းကိုတော့ ကျွန်ုပ်က ရိုးသားစွာ ကျိန်တွယ်ပြောဆို လိုပေ၏။

သို့ဖြစ်၍ လေထန်ကုန်းကဏ္ဍနှင့် ပတ်သက်ပြီး စနိုက်ပါသမားကဲ့သို့ ကျွန်ုပ်အပေါ် ကျွဲမြီးတိုသည်ဆိုလျှင် အ ပေါ်တွင် ဒေါက်တာလွဏ်းဆွေ-စင်မ်ပသိုက်ဇာတဦး ပြောခဲ့သလို မရည်ရွယ်ပါဘဲ မတော်တဆ ခုံဖိနပ်နှင့် တက်နင်းခဲ့မိခြင်းမျိုးသာဖြစ်၍ ‘၈၈၈၈ ပြည်သူ့သတင်းစဉ်’ ကို နှစ်ခြိုက်၍ဖော်ပြပေးမိသူ ကျွန်ုပ်အား ခွင့်လွှတ် ပါရန် စနိုက်ပါသမားနှင့်တကွ ကျွဲမြီးတိုသူအားလုံးအား တောင်းပန်သမှုပြုလိုက်ရပေ၏။ ရှေ့လျှောက်တွင် လည်း ကျွန်ုပ်၏ အာဘော် တစိုးတစိမျှ မပါဝင်ကြောင်း ယုံကြည်ကြမည်ဟု မျှော်လင့်ပါ၏။

စနိုက်ပါသမားက ‘၈၈၈၈ ပြည်သူ့သတင်းစဉ်’ အား အခဲမကျေမှုကို အကြောင်းပြုပြီးသကာလ ကျွန်ုပ် ပါဝင် သည်အထင်နှင့် ကျွန်ုပ်အား ပုဂ္ဂိုလ်ရေးထိုးနှက်သည့် ကျည်ဆံတောင့်များနှင့်ပါ သဲကြီးမဲကြီး ပစ်ခတ်တိုက် ခိုက်ခဲ့ပါသေး၏။ ကျွန်ုပ်ကား ယားတယ်လို့ ခါးမတွန့်မိသော်လည်း စနိုက်ပါသမား တိုက်ခိုက်သည့် ပုဂ္ဂိုလ်ရေး ထိုးနှက်ချက်အချို့နှင့် စပ်လျဉ်း၍ ကြုံတုန်း ကျွန်ုပ်၏ အယူအဆ၊ ကျွန်ုပ်၏ ထင်မြင်ချက်လေးတချို့ကို ပြော ကြားလိုက်ချင်မိပေ၏။ ကြုံကြိုက်တုန်းကလေး ပြောကြားခွင့်ရသည့်အတွက်လည်း ၀မ်းသာအယ်လဲဖြစ်မိပေ ၏။

စနိုက်ပါသမား ပစ်ခတ်သည့် “မောင်လွမ်းဆွေဟာ ၈၈ တုံးကဘာမှ ဟုတ်တိပတ်တိမလုပ်ခဲ့ဘဲ ယောင်ခြောက် ဆယ်လုပ်နေသူပါ။ ၈၈ အာဏာသိမ်းပြီးတော့ရော။ ဒီအခါမှာလည်း သူဟာ ယောင်ခြောက်ဆယ်ပဲ” ဟူသည့် ပုဂ္ဂိုလ်ရေးကျည်တောင့်နှင့် ပတ်သက်၍ ကျွန်ုပ်က ပြောကြားရလျှင် ကျွန်ုပ်သည် ဘလော့ဂ်ကို စပြီးတင်ဆက် စဉ်ကတည်းကပင် ပြည်တွင်း၌ရှိစဉ်က ကျွန်ုပ် လုပ်ကိုင်ခဲ့သည့် အလုပ်မှန်သမျှကို ဘလော့ဂ်ရှိ ABOUT ME ၌ ရိုးရိုးသားသား ဖော်ပြထားခဲ့ပြီးဖြစ်လေ၏။ ထိုမျှသော အလုပ်ကလေးများကိုသာ မောင်ရင်လွဏ်းဆွေ လုပ် ကိုင်ခဲ့သည့်အတွက် နိုင်ငံရေးလုပ်ကိုင်ခွင့်မရှိဟူသည့် သတ်မှတ်ပြဌာန်းချက်ကလေးများ ရှိခဲ့လျှင်ဖြင့် စစ်အာ ဏာရှင်စနစ်အောက်မှ လွတ်မြောက်ရန် သန်းခြောက်ဆယ်ပုံ တပုံစာ တာဝန်ရှိသည်ဟု ယူဆလုပ်ကိုင်နေမိ သည့် ကျွန်ုပ်အတွက် အားငယ်စရာဖြစ်ချေတော့မည်တမုံ့။

ထို့ပြင်တ၀ တောခိုမှ၊ ထောင်ကျမှ နိုင်ငံရေးသမားဟူသည့် ဂုဏ်ပုဒ်မျိုးကို ရယူနိုင်အံ့ဟူသည့်သဘောမျိုး ပြော ဆိုသမှုပြုနေကြမှုများကိုလည်း အနှီပြည်ပနိုင်ငံရေးလောကသို့ ရောက်ရှိမှသာ ကြားသိတော်မူရသည့်အတွက် တောမခို၊ ထောင်မကျရှာဘဲ နိုင်ငံ့အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်သွားခဲ့ရှာသည့် ကျွန်ုပ်တို့၏ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်စား အားငယ်သမှုဖြစ်ရဘိသကဲ့သို့ စာနယ်ဇင်းလွတ်လပ်ခွင့် (Freedom of Press) အတွက် တသီးပုဂ္ဂလ လွတ်လွတ်လပ်လပ် (Freelance) နေထိုင်လုပ်ကိုင်မည်ဟု အား ခဲကာ နိုင်ငံရေးနှင့် ဆက်စပ်ပတ်သက်သည့် ဘလော့ဂ်တခုကို တစိုက်မတ်မတ် လုပ်ကိုင်နေမိသည့် ကျွန်ုပ်အ နေနှင့်လည်း နှစ်ထပ်ကွမ်းအားငယ်သမှု ဖြစ်ရချေတော့သည်တမုံ့။

ထို့နောက် စနိုက်ပါသမားက ကျွန်ုပ်အား “ဆရာဝန်ဆိုတာမှ ဟုတ်ပါရဲ့လားဗျာ” ဟူသည့် ကျည်တောင့်ဖြင့် ပစ် ခတ်ပြန်ပါ၏။ အနှီကျည်တောင့် တောက်ခနဲ မှန်လေသည့်အခါ ကျွန်ုပ်မှာ ရုတ်တရက် အားငယ်သွားပြီး အိတ် စုတ်လေးအတွင်း လဲလျောင်းနေသည့် ၀ါကျင့်ကျင့် ဘွဲ့လက်မှတ်လေးကို အပြေးအလွှား ပြန်ထုတ်ကြည့်မိကာ စနိုက်ပါသမား သိစေရန် စကင်ဖတ်၍ ဘလော့ဂ်မှတဆင့် တင်ပြပေးရမည်လား တွေးနေမိပေ၏။ သို့သော် လည်း စနိုက်သမား ထိုကဲ့သို့ ထင်မှတ်လောက်အောင်ပင် ဘွဲ့ရပြီးပြီးချင်း ဆေးကုသခြင်းအမှုကို ဖင်ပူအောင် မပြုဘဲ စာပေလောကအတွင်းသို့ အပြီးတိုင် သက်ဆင်းသွားမိခဲ့သည့် ကျွန်ုပ်က (၁၅) နှစ်နီးပါး အသုံးမပြုဘဲ ပစ်ထားခဲ့သည့် ဆေးကြိမ်လုံးဖြင့် လူနာများအား မဝှေ့ယမ်းမိတော့ရန် သတိထားဆင်ခြင်ခဲ့ပါ၏။

ထို့အတွက် တချို့ တချို့က ကျွန်ုပ်အား ဘာမှမသိတော့သည့် ‘အလကား ဆရာဝန်’ ဟု ထင်မြင်ကြသည်ကို ကျွန်ုပ် ကျွဲမြီးမတိုမိသလို တခါတရံတွင် “ဆရာ .. ကျနော့်တူမလေးပါးမှာ ပွေးပေါက်နေလို့ ဆေးလေး ရေးပေး ပါဦး” ဟုတဖုံ၊ “ဒေါက်တာလွဏ်းရေ အိမ်ကမိန်းမ ညလုံးပေါက် ၀မ်းလျှောနေလို့ ဘာဆေးဝယ်သောက်ရမလဲ” ဟုတနည်း၊ “ဆရာရေ တိုက်ပွဲကျလို့ လုပ်ပါဦး” ဟူသည့် ညီငယ်များက တမျိုး၊ “ဆရာရေ ကျမသူငယ်ချင်းတ ယောက် မိန်းမကိုယ် ယားနေလို့ ဆေးလေးညွှန်ပါဦး” ဆိုသည်က တလမ်း ဆေးပညာနှင့်ပတ်သက်၍ အကဲမ စမ်းချင်တော့ဘဲ ခပ်ကင်းကင်း နေထိုင်လိုသည့် ကျွန်ုပ်အပေါ် ရင်းနှီးသူများက အနို့ကလို သို့ကလို အပူကပ် ကြပြန်လေ၏။ ထိုအခါမျိုးများတွင် ကျွန်ုပ်မှာ ခြေကြွခကို စဉ်းစားဖို့နေနေသာ အိတ်စိုက်ပြီး အလကား ကုသ ပေးလိုက်ရခြင်းမျိုးပင် ရှိတတ်ခဲ့သည့် ‘အလကား ဆရာဝန်’ နောက်တမျိုးလည်း ဖြစ်နေတတ်ပြန်သေး၏။ ဤ လောက်ရှင်းပြလျှင် “ဆရာဝန်ဆိုတာမှ ဟုတ်ပါရဲ့လားဗျာ” ဟု သိချင်တော်မူနေသည့် စနိုက်ပါသမား ကျေနပ် မည်ဟု မျှော်လင့်မိ၏။

စနိုက်ပါသမား ပစ်ခတ်လိုက်သည့် ကျည်တောင့်များထဲမှ ကျွန်ုပ်နောက်ဆုံးဆွေးနွေးလိုသည့် ကျည်တောင့်က တော့ “သူ့အားနည်းချက်ကတော့ သိပ်မရှိပါဘူး။ အရက်၊ မိန်းမ၊ ဘောပွဲနဲ့ ဖာဖြစ်ပါတယ်” ဟူသည့် ကျည် တောင့်ပင် ဖြစ်ပါချေ၏။ အနှီကျည်တောင့်ကား မြန်မာ့လူမှုလောကတွင်လည်းကောင်း၊ ဟိုးယခင် ပါလီမန် ခေတ် နိုင်ငံရေးလောကတွင်လည်းကောင်း၊ ယနေ့ခေတ် အင်တာနက်လောကတွင်လည်းကောင်း လူတ ယောက် သိက္ခာကျသွားလောက်အံ့ဟု တွေးတောကာ အပြန်အလှန် ပစ်ခတ်ခဲ့ကြ၊ ပစ်ခတ်နေကြဆဲ၊ နောင် လည်း ပစ်ခတ်နေကြဦးမည့် သမာရိုးကျ ကျည်တောင့်ပင် ဖြစ်ချေတော့၏။ စနိုက်ပါသမားကလည်း မောင် လွဏ်းဆွေလေးတယောက် သိက္ခာကျစေတော့အံ့ ဟူသည့် ရည်ရွယ်ချက်ဖြင့် ပစ်ခတ်လိုက်ဟန်တူပေ၏။

ကျွန်ုပ်ကား “ပျင်းတောင်ပျင်းသေးတယ်” ဟူသည့် သီချင်းကိုသာ ဆိုညည်းနေမိတော့၏။ အဘယ်ကြောင့် ဆိုသော် ကျွန်ုပ်သည် ပြည်သူကို သစ္စာဖောက်သည့် ကိစ္စ၊ ပြည်သူ့အကျိုးစီးပွားကို ဆန့်ကျင်ထိပါးသည့် ကိစ္စ နှင့် ခိုး၊ ဆိုး၊ လိမ်၊ ညာ၊ လုယက်၊ သူတပါးမယားကို ပြစ်မှားကျူးလွန်သော ကိုယ်ကျင့်သိက္ခာ ပျက်ပြားသည့် ကိစ္စရပ်မျိုးများမဟုတ်လျှင် ဖီလင်ရှိသလို နေထိုင်လုပ်ကိုင်တတ်သည့် အထုံပါရမီ ရှိသည်ကတကြောင်း၊ သူ တပါး စာမူပေါင်းစုံကို တည်းဖြတ်ဖတ်ရှုသမှုပြုရသည့် အယ်ဒီတာဟူသည် ဘ၀စုံအောင် သိထားလျှင် ပို ကောင်းလေစွတကားဟု ယုံကြည်သည်က တနည်း၊ “လူတော်တိုင်းသည် ရှုပ်၏။ သို့သော် လူရှုပ်တိုင်းသည် မတော်” ဟူသည့် ဆောင်ပုဒ်ကို နှစ်နှစ်ကာကာ ကိုင်စွဲထားသောကြောင့်တဖုံ ထိုထိုသော အကြောင်းပြချက် ပေါင်းစုံတို့ဖြင့် ကိုယ်လုပ်ချင်ရာဆိုလျှင် မည်သူ့ကိုမှလှည့်မကြည့်အားဘဲ ကိုယ့်စံ၊ ကိုယ့်ပေတံနှင့် လွတ်လွတ် လပ်လပ် နေထိုင်လုပ်ကိုင်တတ်ခဲ့သူ ဖြစ်ပါချေ၏။

ထို့အပြင် ကျွန်ုပ်သည် လုပ်နိုင်၊ ကိုင်နိုင်၊ စားနိုင်၊ သောက်နိုင်၊ ကန်နိုင်သူများကို မုဒိတာပွား အားကျတတ်သူ တယောက် ဖြစ်သည်နှင့်အညီ ကျွန်ုပ်အား အဆိုပါ ‘အရက်၊ မိန်းမ၊ ဘောပွဲနဲ့ ဖာ’ တည်းဟူသော ဘွဲ့ထူးဂုဏ် ထူးများ အပ်နှင်းသည်ကို အားငယ်ရှက်ရွံ့ခြင်း အလျဉ်းမဖြစ်မိဘဲ ဘလော့ဂ်လုပ်ရင်းတဘက်နှင့် ဤမျှ စားနိုင်၊ သောက်နိုင်၊ လုပ်နိုင်၊ ကိုင်နိုင်၊ ကန်နိုင်နေသေးခြင်းအတွက် မိမိကိုယ်ကိုယ်မိမိ မုဒိတာပြန်ပွားနေမိပြန်လေ၏။

မည်သို့ပင်ဖြစ်စေ ကျွန်ုပ်တို့ မှီတင်းနေထိုင်သော အမိမြန်မာပြည်ကြီးတွင် အရက်သမားလည်း အရက်သမား အလျောက် ကောင်းကွက်ကလေးရှိမည်ဖြစ်၏။ ဖဲသမားလည်း ဖဲသမားအလျောက် တော်သည့်အကွက်က လေး ရှိမည်ဖြစ်၏။ ဖာချသူလည်း ဖာချသူအလျောက် အားသာချက်ကလေး ရှိမည်ဖြစ်၏။ ဘောကန်သူလည်း ဘောကန်သူအလျောက် အားကောင်းချက်ကလေး ရှိမည်ဖြစ်၏။ မြန်မာ့ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေ သည့် လူတဦးချင်းစီမှ ထိုထိုသော ကောင်းကွက်ကလေး အနည်းအကျဉ်းစီကို စုစည်းကာ မျက်ရည်ပင်လယ် ဝေနေသည့် မြန်မာပြည်သူလူထုနှင့် စစ်ဖိနပ်အောက် ရောက်ရှိနေသည့် အမိမြန်မာပြည်ကြီးကို တတ်စွမ်းသမျှ ဆွဲထုတ်ကယ်တင်ကြရမည်ဖြစ်သဖြင့် ဒေါက်တာလွဏ်းဆွေကဲ့သို့ လူရှုပ်လူပွေကြီးများရော၊ ချောင်းမြောင်း ပစ်ခတ်တတ်သည့် စနိုက်ပါသမားများရော၊ ကျွန်ုပ်ကဲ့သို့ပင် မကြာခဏ စနိုက်ပါလက်ချက်မိလေ့ရှိသည့် အိတ်တီအိတ်သူခိုးဆိုသူများရော၊ ဂီးဇောင်ဂျောင်းဆိုသူများရော၊ အလုပ်အကိုင်မရှိ ယောင်ခြောက်ဆယ်များ ရော၊ အော့ကြောလန်မယ်စွာတေးများပါ ယခုအချိန်မှစ၍ “ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင် ရှေး ကထက် ပိုချစ်ကြမည်” ဆိုသည့် သီချင်းစာသားအတိုင်း ကျင့်ကြံကြဖို့လိုမည်ဟု စဉ်းစားမိပေ၏။

ထိုသို့စဉ်းစားမိသည့်အလျောက် ညီညွတ်ရေးတည်ဆောက်ရန် ကျွန်ုပ်စဉ်းစားမိသည့် အကွက်တကွက်ကို တင် ပြလိုပေ၏။ ကျွန်ုပ်ကား အချိန်ကြာကြာ ၀ိုင်းဖွဲ့စားသောက်ရတတ်သည့် မူကထ(အသားကင်)ဆိုင်မျိုးတွင် အား လုံးနှင့် စားရင်းသောက်ရင်း ပျော်ပျော်ပါးပါး စကားလက်ဆုံကျကာ ညီညွတ်ရေးကို တည်ဆောက်ချင်ပါ၏။ သို့တည်းမဟုတ် ခေါင်းချင်းဆိုင် ၀ိုင်းဖွဲ့ကစားရသည့် တချပ်မှောက်ဝိုင်းကလေးတွင် သရီးဆက်ရှင်၊ ဖိုးဆက် ရှင် လူလဲကစားကာ ညီညွတ်ရေးကို သဲကြီးမဲကြီး တည်ဆောက်လိုက်ချင်ပါ၏။ သို့သော် မူကထဆိုင်သို့ လာ ရောက်ပြီး ညီညွတ်ရေးတည်ဆောက်လိုသူများရော၊ တချပ်မှောက်ဝိုင်းဖွဲ့ကစားပြီး ညီညွတ်ရေးတည်ဆောက် လိုသူများပါ ဘတ်ထားသည့် ဘတ်ငွေ အလုံအလောက်မရှိသည့် ကျွန်ုပ်အတွက် အပိုဆောင်း ဘတ်ငွေက လေးများ ဆောင်ကြဉ်းလာကြပါရန် မေတ္တာရပ်ခံရင်း ချစ်သူများနေ့တွင် ရှေ့ပြေးညီညွတ်ရေးလေး စတင် တည်ဆောက်ရန် ဖိတ်မန္တက ပြုလိုက်ရပါ၏။ ဆုံစည်းလိုသူများ ကျွန်ုပ်အား ဖုန်းဆက်ကြပါကုန်။

ဒေါက်တာလွဏ်းဆွေ
(ညီညွတ်ရေးသို့ ရှေးရှုလျက် ချစ်သူများနေ့ အမှတ်တရ ရေးဖွဲ့ပါသည်)

8 comments:

မေငြိမ်း said...

ဟီဟီဟီ.. လွမ်းစရာလေးတွေဖြစ်ကုန်ပြီ ငါ့မောင်.. (မူကထဆိုင်ပြောပါတယ်..)
ဖတ်ပြီးသကာလ ရယ်သွားပြန်သည် တမုံ့...

Unknown said...

လေထန်ကုန်း
၈၈၈၈ ပြည်သူ့ သတင်းစဉ်ကို နာမည်ကြီးအောင်မြေထောင်မြောက်ပေးတဲ့ ဆရာလွဏ်းဝါသနာပါတာတွေအာလုံးလုပ်နိုင်ပါစေ -၀ိုင်းတော်သားအသစ်တွေတိုးလို့ ရဲအဖမ်းမခံရပါစေနဲ့ဗျာ

Zaw Myo Lwin said...

“ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင် လက်ရေတပြင်တည်း ရှေးကထက် ပိုချစ်ကြတယ်။”
ဆရာလွဏ်းဆွေ ချစ်သူတိုးပါစေ။

ယုန်ကလေး said...

`ကိုယ့်ထက်သာ မနာလို´ တတ်တဲ့ လူ့သဘော၊ လူ့မနောလေးတွေပေါ့ဗျာ။ အန်ကယ်ဒေါက်တာလွဏ်းက အခုလို စိတ်သဘောထားကြီးစွာဖြင့် အပြစ်မမြင်ဘဲ ခွင့်လွှတ်လိုက်တဲ့အတွက် အနှီစနိုက်ပါသမားများ ဒီပို့စ်လေးကိုဖတ်မိပြီး နောင်တရပြီးသကာလ လာရောက်တောင်းပန်ခဲ့ရင် ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင် လက်ရည်တပြင်တည်း ရှေးကထက် ပိုချစ်ကြပေါ့ဗျာ။ (ယုန်ကလေး)

အတ္တ said...

ဆာလွဏ်းရဲ့ တုံ့ပြန်ချက် ကောင်းတယ်ဗျာ...

အားလုံးပဲ ညီညွှတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင် လက်ရည်တပြင်တည်း...ရှေးကထက်...???

ပိုချစ်ကြတာပေါ့ဗျာ...

Unknown said...

ဆြာလွဏ်း ရေ..........
ဒူးသာဒူးဗျိုး ။ ယောင်္ကျားဆို ( စုံ ) မှတဲ့ဗျ။
ဆြာဂျီးရွှေဥဒေါင်း ရဲ့ အဘိုး ပြောတာ ။
အနော်လည်း စုံ အောင်ကြိုးစားနေဆဲဖြစ်ချေသည်တမုံ့။

( ဒီ စနိုက်ပါ ဆိုတဲ့ အနူတွေကို ကြိမ်လုံးရေစိမ်ပြီး ခပ်စပ်စပ်လေးတွယ်ပေးစမ်းပါဗျာ။ )

ငမားဆိုး

Unknown said...

Dear Saya, Those sniper people seem to be jealous of you. Your response was so good. All the best and have a nice day!

Unknown said...

ဆ၇ာ ဆ၇ာ့ဝက်ဘဆိုက်ကနာမည်တော်တော် ကြီးနေတာနဲ့ဖတ်ကြည့်တာ ဆ၇ာကတော်တာ ထက်ကျော်တာကနည်းနေပါသေးတယ် ဆ၇ာ့ တုန့်ပြန်ချက်တွေဟာ ဒီလိုကပ်ဖား၇က်ဖားတွေ နဲ့မထိုက်တန်ပါဘူး ဆ၇ာလုပ်မယ့်အလုပ်တွေ သာဆက်လုပ်ပါ ဘာမဟုတ်တဲ့စနိုက်ပါကိုရှင်းပြ နေလို့ဆ၇ာ့အလုက်တွေနောက်ကျပါတယ် ဆ၇ာ့စကားလေးတစ်ခွန်းမှတ်ထားလိုက်ပြီ လူတော်တိုင်းရှုတ်တယ်လူရှုတ်တိုင်းမတော်ဘူး ဆိုတာလေ ဆ၇ာဒီထက်ပိုပြိးအသိတွေပေးနိုင်ပါ စေ