မှန်တာပြောသစ္စာ ... လက်အားလုံးထုတ်ပြကြေးဆိုရင်
မောင်ဝံသ
မောင်ဝံသ
၁၉၇၁-၇၂ လောက်က ရွှေတူဂျာနယ်မှာ ပင်တိုင်ခေါင်းစဉ်နဲ့ အခန်းတခန်း ကျနော်ရေးခဲ့ဖူးတယ်။ ပုံသေခေါင်း စဉ်က ‘မပြောမပြီး မတီးမမြည်’ တဲ့။ နှစ်နှစ်လောက်ပဲကြာပါတယ်။ ပုဂ္ဂလိကဂျာနယ်တွေအားလုံး ပိတ်ကုန် တော့ ရွှေတူလည်းပါသွားတယ်။ ကျနော့်ပင်တိုင်ကဏ္ဍကိုလည်း မြန်မာ့အလင်းသတင်းစာကို ရွှေ့ပြောင်းကာ အလျဉ်းသင့်သလို ဆက်ရေးခဲ့ပါတယ်။
‘မပြောမပြီး မတီးမမြည်’ ဆိုတာ အတော် အဓိပ္ပာယ်တာသွားတဲ့ စကားစုပါ။ ပြောမှဖြစ်တော့မယ်ဆိုတဲ့ အဓိပ္ပာယ်ကိုလည်း ယူလို့ရတယ်ဗျ။ အခုလည်း ကျနော် မပြောချင်လို့ကြည့်နေတာ ကြာပြီ။ ပြောမှဖြစ်တော့ မယ်ဆိုပြီး ကျနော်ဝင်ပြောတော့မယ်ဗျာ။
လူယဉ်ကျေးတွေရဲ့ ကျင့်ဝတ်ထုံးဓလေ့နဲ့ ပတ်သက်လို့ စာအုပ်ကောင်းတချို့ကို ဖတ်မိပြီး တလောတုန်းက ကျနော်ရေးဖြစ်ခဲ့တဲ့ စာတပုဒ်မှာ ထမင်းစားပွဲသွားရင်း စားပွဲပေါ်ကို လက်နှစ်ဖက်လုံးတင်ထားရတဲ့ ထုံးဓလေ့ အကြောင်းပါခဲ့တယ်ဗျ။ အနောက်တိုင်းမှာ အထူးသဖြင့် အမေရိကန်မှာ ရှေးကဆိုရင် သေနတ်သမားတွေ ပေါတယ်မဟုတ်လား။ သည့်တော့ မိတ်ဖြစ်ဆွေဖြစ် ထမင်းအတူစားကြပြီဆိုရင် သူ့ကို ကိုယ်မယုံ၊ ကိုယ့်ကို သူမယုံ မဖြစ်ရလေအောင် လက်တွေကို စားပွဲတင်ပြထားခြင်းဖြင့် နှစ်ဖက်စလုံး စိတ်ချလက်ချ ရှိနိုင်ကြမယ် လို့ ဆိုလိုတာပဲဗျ။
အခုလိုရေးရတဲ့အကြောင်းက Voice ဂျာနယ် ဒီဇင်ဘာ ၁၄၊ ၂၀၊ ၂၀၀၉ ထုတ် စာစောင်ရဲ့ ‘လက်အားလုံး ထုတ်ပြထားခြင်းသည်သာ’ ဆိုတဲ့ အယ်ဒီတာ့အာဘော်မှာ မြန်မာနိုင်ငံရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးမှာ အဓိက ပါဝင်ပတ်သက်သော Stakeholder များဟာ အရာအားလုံးကို ထုတ်ပြထားကြရန် အရေးကြီးတယ်လို့ ရေးထားတာ ဖတ်လိုက်ရလို့ပါဗျ။
“အထူးသဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီရေးကို လိုလားပါသည်ဆိုသော Stakeholder များက မိမိ၏ လက်အားလုံးကိုထုတ်ပြထားကြရန် အရေးကြီးပါသည်။”
ဆိုတဲ့ အရေးအသားကစလို့ ကျနော်ဘ၀င်မကျဘူးဗျ။ ‘လိုလားပါသည်ဆိုသော’ အသုံးအနှုန်းဟာ မယုံသင်္ကာ သဘောပါနေတယ်။ ရိသဲ့သဲ့ မလိုတမာသဘောပါနေတယ်။ သည်လိုသုံးနှုန်းခြင်းဖြင့် ၎င်းအင်အားစုများရဲ့ မေတ္တာကို မရနိုင်ပါ။ စည်းရုံးရာ မရောက် တွန်းထုတ်ရာရောက်သွားတယ်ဗျ။
“လက်အားလုံး ထုတ်ပြခြင်းဆိုသည်မှာ အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်ပါမည်ဟု အတိအကျ ပြော ဆိုခြင်းမျိုးကို ဆိုလိုပါသည်။”
လို့ ရေးလိုက်တာကတော့ မိမိဟာ ဘယ်နေရာ ဘယ်အဆင့် ဘယ်လုပ်ပိုင်ခွင့်ရှိလို့ အခုလိုတောင်းဆိုနိုင်သလဲ လို့ မေးခွန်းထုတ်ရဖွယ်ဖြစ်နေတယ်ဗျာ။ အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်ပါ မယ်လို့ ပြောတာဟာ ပ ထမဆုံး လိုအပ်တဲ့ အတိုင်းအတာကို ပြောလိုက်တာပဲလို့ နားလည်ရမယ်မဟုတ်လားဗျာ။ မည်သို့မည်ပုံ ပူး ပေါင်းဆောင်ရွက်ပါမည်ဆိုတာက မျက်နှာချင်းဆိုင်တွေ့ကြတဲ့အခါ ဆက်ပြောရမယ့် အသေးစိတ်တွေပဲ မ ဟုတ်လားဗျာ။ အတိအကျ ပြောဆိုရမယ်ဆိုတာက ဘယ်လောက်အပေါ်စီးဆန်သလဲ၊ အပြောခံခဲ့ရတဲ့ ဘက် ကိုလည်း ထည့်စဉ်းစားသင့်တယ်ဗျ။
တရုတ်-အမေရိကန် ပုံမှန်ဆက်ဆံရေးထူထောင်ဖို့ ၁၉၇၁-၇၂ က နစ်ဆင်၊ ကစ်ဆင်းဂျားတို့ ကြိုးပမ်းခဲ့ကြတာ သည်အတိုင်းပဲ သွားခဲ့ကြတာပဲ။ ဗီယက်နမ်ငြိမ်းချမ်းရေး ပါရီဆွေးနွေးပွဲတွေမှာလည်း အလားတူပါပဲ။ အသေး စိတ်တွေကို စားပွဲဝိုင်းကြမှ ချပြကြ၊ ညှိနှိုင်းကြတာပါ။
အယ်ဒီတာ့အာဘော်ရဲ့ နောက်ဆုံးအပိုဒ်ကတော့ အဆိုးဆုံးပါပဲ။
“အထူးသဖြင့် အဓိက Stakeholder တဦးဖြစ်သူ တပ်မတော်သည် နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေသော် လည်း တပ်မတော်တို့၏ သဘောသဘာဝအရ စစ်ရေးအမြင်ဖြင့် စဉ်းစားသူဖြစ်ရာ တပ်မတော်နှင့်ဆက်ဆံရာ တွင် လက်အားလုံးထုတ်ပြထားခြင်းသည်သာ အမျိုးသားစည်းလုံးညီညွတ်မှု ရရှိစေခြင်း၏ အကြောင်းတရား ဖြစ်လိမ့်မည်ဟု ထင်မိပါကြောင်း” တဲ့ဗျာ။
အဲ့သလောက် တဖက်စောင်းနင်းရေးတာမျိုးကို တပ်မတော်အပါအ၀င် ဘယ်အင်အားစုကမှ သဘောကျလိမ့် မယ်လို့ ကျနော်မထင်ဘူးဗျ။ သည်လို အရေးအသားတွေကို အရင်ကလည်း တွေ့တော့ တွေ့ဖူးနေတာပါပဲ။ ဒါ ပေမယ့် တပ်မတော်ခေါင်းဆောင်တွေရဲ့ အာဘော်မဟုတ်ဘူးလို့ ကျနော်အလိုလို သိစိတ်နဲ့နားလည်နေတယ် ဗျာ။
အဲသလို ကြားက ၀င်ရေးတာတွေအတွက် မျက်နှာတောင်ပူနေကြမယ်လို့ ကျနော်တော့ ထင်မိတယ်ဗျာ။
မပြောမပြီး ပြောမှဖြစ်တော့မယ်ဆိုပြီး ပြောလက်စနဲ့ ပြောရပါအုံးမယ်။
ကျနော်တို့ စာနယ်ဇင်းမီဒီယာအလုပ်ကို လုပ်ကြရာမှာ ပြည်သူလူထုအကျိုးကို အဓိကထား ပြီးရေးကြ၊ သား ကြ၊ ပြောကြဆိုကြတာ မဟုတ်လား။ ပြည်သူလူထုအကျိုးစီးပွားနဲ့ ဆန့်ကျင်တာကို မတော်မတရား ရေးသား ပြောဆိုရင် စာနယ်ဇင်းပါရာဇိကကျတယ်လို့ ပြောလေ့ရှိတယ်။
မြန်မာ့နိုင်ငံရေးသမိုင်းမှာ စာနယ်ဇင်းတွေရဲ့အခန်းကဏ္ဍဟာလည်း ကြီးမားတဲ့နေရာက ပါခဲ့တာပဲဗျ။ သူရိယ၊ မြန်မာ့အလင်းသတင်းစာကြီးတွေရဲ့ သင်ခန်းစာတွေရှိခဲ့ပြီ။ နိုင်ငံရေးရပ်တည်ချက်မှာ ငါသိ၊ ငါတတ်၊ ငါပြော တာ ငါအမှန်ဆိုပြီး ပြည်သူလူထုအများစုရဲ့ သဘောထားကို ဖီလာကန့်လန့်လုပ်လွန်းလာပြီဆိုရင် ဘယ်သူမှ ဇာတ်သိမ်းမကောင်းနိုင်ပါဘူးဗျ။
မောင်ဝံသ
(စာပေစိစစ်ရေးမှ ပယ်လိုက်သည့်အတွက် True News ဂျာနယ်တွင် ဖော်ပြခွင့်မရခဲ့သည့်
ဆရာမောင်ဝံသ၏ အာဘော်ဖြစ်ပါသည်။ Email မှ ရရှိပါသည်။)
The VOICE ဂျာနယ်၏ အယ်ဒီတာ့အာဘော်
No comments:
Post a Comment