Monday, January 11, 2010

ရှုမ၀ ဦးကျော် နှစ် (၁၀၀) ပြည့် မွေးနေ့ခမ်းအနား (ဂုဏ်ပြုအမှတ်တရ)

သတင်းနှင့် ဓာတ်ပုံ - မိုးမခ၀က်ဘ်ဆိုက်

၁၉၄၇ ခုနှစ် မြန်မာပြည်ရဲ့ လွတ်လပ်ရေးခေတ်ဦးကတည်းက ထုတ်ဝေခဲ့တဲ့ ရှုမ၀ရုပ်စုံမဂ္ဂဇင်း ထူထောင်သူ ရှုမ၀ ဦးကျော်ရဲ့ နှစ် (၁၀၀) ပြည့် မွေးနေ့အထိမ်းအမှတ် အမှတ်တရ အခမ်းအနားကို ဇန်န၀ါရီလ (၁၀) ရက်၊ တနင်္ဂနွေနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ အလံပြဘုရားလမ်းက ယုဇနဂါးဒင်းဟိုတယ်မှာ မိသားစုဝင်များက ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှူးအဖြစ် စာရေးဆရာမ ရွှေကူမေနှင်းက ဆောင်ရွက်ပြီး ရှုမ၀ ဦးကျော်ရဲ့ သမီးကြီး ဒေါ်မြင့်မြင့် သန်းက သူ့ဖခင်ရဲ့ နှစ် (၁၀၀) မြောက် မွေးနေ့သို့ တက်ရောက်လာကြသူများကို ကျေးဇူးတင်စကား ဆိုခဲ့ပါ တယ်။

စာရေးဆရာမ ကြူကြူသင်းက ဆရာကြီး ရှုမ၀ ဦးကျော်ရဲ့ အတ္ထုပ္ပတ္တိအကျဉ်းကို ဖတ်ကြားခဲ့ပြီး ပန်းချီဆရာ မောင်ညိုဝင်းက ဆရာ ရှုမ၀ ဦးကျော် မြေတောင်မြှောက်ပေးခဲ့မှုကြောင့် ရှုမ၀မဂ္ဂဇင်းမှာ ပန်းချီဆရာ ဖြစ်လာခဲ့ ရပုံကို ပြောကြားခဲ့ပါတယ်။

ဆရာကြီး ရှုမ၀ ဦးကျော် ရိုက်ကူးခဲ့တဲ့ “လာလုငေးငေး” ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်မင်းသားအဖြစ် ပါ ၀င်ခဲ့တဲ့ မင်းသားကြီး ဦးမြင့်စိုးက ဆရာ ရှုမ၀ ဦးကျော် အမှတ်တရ တေးထပ်ကဗျာကို ကိုယ်တိုင်ရေးစပ်ပြီး ရွတ်ဆိုခဲ့ပါတယ်။

ရှုမ၀ ဦးကျော် သင်ကြားပို့ချခဲ့တဲ့ ရုပ်ရှင်ပညာသင်တန်းမှာ တက်ရောက်ခဲ့ပြီး နာမည်ကျော် ရုပ်ရှင်မင်းသမီးဖြစ် လာခဲ့သူ အကယ်ဒမီ ဆွေဇင်ထိုက်က ဆရာဦးကျော်ရဲ့ ရုပ်ရှင်သင်တန်းမှ ရရှိခဲ့တဲ့ အနုပညာအတွေးအမြင် အတွေ့အကြုံ အယူအဆများအကြောင်းကို တင်ပြခဲ့ပါတယ်။

ဆရာဦးကျော်ကို တခါမှ မတွေ့ဖူးလိုက်ပေမယ့် ရှုမ၀မဂ္ဂဇင်းမှာ ဆရာမောင်ဆွေတင့် ကိုင်တွယ်စဉ် ၁၉၇၈ ခု နှစ်ကစပြီး ပန်းချီဝသုန်ရဲ့ သရုပ်ဖော်လက်ရာတွေနဲ့ ရုပ်ပြအခန်းဆက်အဖြစ် “လင်္ကာဒီပချစ်သူ” ဇာတ်လမ်းကို (၃) နှစ်နီးပါး အခန်းခွဲရေးသားခဲ့သူ စာရေးဆရာ ချစ်ဦးညိုက ရှုမ၀မဂ္ဂဇင်းမှာ ရေးဖြစ်ခဲ့တဲ့ ရုပ်ပြများ၊ ၀တ္ထုများ နဲ့ ရှုမ၀မဂ္ဂဇင်းရဲ့ စာပေအကျိုးကျေးဇူးများကို တင်ပြသွားခဲ့ပါတယ်။

အခမ်းအနားရဲ့ နောက်ဆုံးအစီအစဉ်အဖြစ် ဆရာဦးကျော်ရဲ့ သမီးလတ် ဒေါ်အေးအေးသန်းက တက်ရောက် လာကြသူများကို ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အကျွေးအမွေး အစီအစဉ်များနဲ့ ဧည့်ခံခဲ့ပါတယ်။

အခမ်းအနားကို ကြွရောက်လာကြတဲ့ ရုပ်ရှင်၊ ဂီတ၊ စာပေနယ်မှ ဧည့်သည်များကို ရှုမ၀ ဦးကျော်ရဲ့ နှစ် (၁၀၀) ပြည့် မွေးနေ့အမှတ်တရ စာအုပ်လက်ဆောင် ပေးအပ်ခဲ့ပါတယ်။

အခမ်းအနားမှာ ဆရာကြီး ဒဂုန်တာရာ၊ ဆရာကြီး ပါရဂူ၊ ဆရာကြီး ဦးဝင်းတင် အစရှိတဲ့ စာနယ်ဇင်းပညာရှင် ကြီးများနဲ့ စာနယ်ဇင်းနယ်ပယ်အသီးသီးက ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြ တာကို တွေ့ရပါတယ်။

No comments: