Sunday, January 24, 2010

၂၁ ရာစုတွင် ကိုရွှေအမေရိကကို ရှာဖွေတွေ့ရှိခြင်း

၂၁ ရာစုတွင် ကိုရွှေအမေရိကကို ရှာဖွေတွေ့ရှိခြင်း
ကမာပုလဲ

၁၅ ရာစုနှစ်ရဲ့ နှောင်းပိုင်းကာလ
ခရစ္စတိုဖာကိုလံဘတ် ဆိုတဲ့
အီတလီနိုင်ငံဖွား
နယ်ချဲ့ကိုလိုနီသမားကြီးဟာ
အမေရိကကို စတင်တွေ့ရှိခဲ့တယ်
အဲဒီကနေ စလို့ပေါ့ ...။

နောက်တော့ …
အမေရိကကို
အင်္ဂလိပ်မြေရှင်ကြီးတွေ ရောက်လာတယ်
(အမှန်က ထွက်ပြေးလာကြတာ)
လူကို သားကောင်လို အမဲလိုက် ဖမ်းဆီးခံခဲ့ရတဲ့
အာဖရိကန်လူမည်းတွေ ရောက်လာကြတယ်
အိန္ဒိယအနောက်ဘက်ခြမ်းက လူမည်းအချို့လည်း ပါမယ်ထင်တယ်
ရောက်လာကြတယ်
အမေရိကကို ရောက်လာကြတယ်။

၁၈၆၁ မှာ
အမေရိကန်တောင်ပိုင်းနဲ့ မြောက်ပိုင်း ပြည်တွင်းစစ်ဖြစ်တယ်
၁၈၆၅ မှာ ပြည်တွင်းစစ်ပြီးဆုံးတယ်
စစ်နိုင် သမ္မတ လင်ကွန်းက
ကျေးကျွန်စနစ်ကို ဥပဒေပြု ဖျက်သိမ်းလိုက်တယ်
ဒီတော့
လူမည်းတွေ ကျေးကျွန်ဘ၀က လွတ်မြောက်ခဲ့ပြီပေါ့။

အဲဒီကစလို့
အမေရိကဟာ
နှစ်လိုဖွယ်ရာ လူ့နတ်ဘုံနတ်နန်းလို့
အံ့မခန်း ပြောပြောနေကြတယ်
အမေရိကဟာ
ခေတ်သစ်နယ်ချဲ့စနစ်နဲ့
မနူးမနပ်တဲ့ ပျိုတိုင်းကြိုက်နှင်းဆီခိုင် ဖြစ်လာတယ်
ဒီကြားထဲ ...
သူ့ကြွယ်ဝမှုကို ပိုမိုဖွံ့ဖြိုးပေးလိုက်တဲ့
ကမ္ဘာစစ်ကြီးနှစ်ခုကလည်း
သူ့အတွက် ပါရမီဖြည့် ဖြစ်ပေးလိုက်ရသေးတယ်
ဘယ်လိုနားလည် မုဒိတာပွားရမှန်း မသိလောက်အောင်
အောင်မြင်ကျော်ကြားလှတဲ့ ကိုရွှေအမေရိကားဟာ
၂၀ ရာစုနှောင်းပိုင်းကာလမှာလည်း
ဆိုဗီယက်ယူနီယံ ကျရှုံးခြင်းနဲ့အတူ
စစ်အေးတိုက်ပွဲကြီးကိုလည်း
ပေါချောင်ကောင်း အနိုင်ရလိုက်သေးရဲ့။

ဒီလိုနဲ့
၂၁ ရာစုဟာ
ကမ္ဘာမြေပေါ် ဆိုက်ရောက်လာတယ်
အသေခံအကြမ်းဖက်မှုတွေ
ခေတ်စားလာတယ်
လက်နက်ကိုင်တော်လှန်ရေးခေတ် ကုန်သွားပြီလို့လည်း
အားတိုင်းယားတိုင်း အမြုပ်ထအောင် ပြောပြောနေကြတယ်
ကမ္ဘာ့စီးပွားပျက်ကပ်ကိုလည်း
အမေရိကန်က ဦးဆောင်ပြီး ဖြစ်ပွားနေဆဲပဲ။

ဗမာပြည်က စစ်အာဏာရှင်ဆီကိုလည်း
ဂျိုကောင် ယက်တော ဖောက်တဲ့ လမ်းကနေ
အမေရိကန်အမတ်တွေ၊ ၀န်ကြီး ၀န်ကလေးတွေ လာလာနေကြတယ်
(ရန်ဖြစ်ချင်ယောင် ဆောင်ခဲ့ရတဲ့ကာလ ကုန်သွားပြီ)
နှစ်ပြည်ထောင် ရွှေလမ်းငွေလမ်းတွေ ဖောက်ဖို့ပြင်ကြတယ်၊
ဒေါ်အောင်ဆန်းစုကြည်ခမျာလည်း
မတရား အကျဉ်းကျခံနေရရာက
အယူခံတင်ရ …
ပါတီအားကောင်းမောင်းသန် ရှင်သန်ရေးအတွက်
ပါတီရဲ့ခေါင်းဆောင်မှုကို ပြင်ဆင်ဖွဲ့စည်းဖို့ ကြိုးစားရနဲ့
ငါတို့အစ်မ
လူထုဘက်ကနေ ခက်ခက်ခဲခဲ ရပ်တည်နေဆဲကို ...။

ဒီကြားထဲ
၂၀၁၂ မှာ ကမ္ဘာကြီးပျက်လိမ့်မယ် ပြောနေကြတယ်
အင်ဒိုနီးရှား ဆူနာမီဖြစ်တယ်
မြစ်ဝကျွန်းပေါ် နာဂစ်မုန်တိုင်းဖြစ်တယ်
မနေ့တနေ့ကမှ
လူနှစ်သိန်းနီးပါးသေဆုံးတဲ့ ဟေတီငလျင်ဖြစ်တယ်
ဗမာပြည်က ဒုက္ခသည်တွေ
(အတုရော၊ အစစ်ရော)
နယ်စပ်ကို အင်နဲ့အားနဲ့ ရောက်ရှိလာနေတယ်
ကိုရွှေအမေရိကကို သွားကြမယ်ပေါ့ …
ကလေးတွေရဲ့အနာဂတ်
မိသားစုရပ်တည်ရေး
ရွေးစရာဆိုလို့ …
ဘ၀နဲ့ရင်းပြီး ဒီလမ်းကို ရွေးချယ်နေကြတာ။

ကံဆိုးမသွားရာ
မိုးလိုက်လို့ရွာတယ် ပြောမလား
မြေနိမ့်ရာကိုမှ လှံက လှလှပပ စိုက်တယ်ပဲပြောမလား
ဒုက္ခသည်စစ်စစ်အချို့ခမျာ
ကိုရွေအမေရိကန်က
မရွေးချယ်၊ အကန့်အသတ်မရှိ ဆိုင်းငံ့ငြင်းပယ်နေသတဲ့။

၂၀၁၂ မှာ ...
ကမ္ဘာကြီး ပျက်မပျက် ဆိုတာထက်
၂၀၁၀ ရွေးကောက်ပွဲသာ ဖြစ်ခဲ့လို့
၂၀၀၈ စစ်အုပ်စုအခြေခံဥပဒေသာ တရားဝင် အသက်ဝင်ခဲ့ရင်
၂၁ ရာစုမှာ ရှာဖွေတွေ့ရှိခဲ့တဲ့
ကိုရွှေအမေရိကန်ခင်ဗျား ...
ဗမာပြည်ဟာ
ရွှေပြည်တော် မျှော်တိုင်းဝေး ဘ၀နဲ့
တော်လှန်ရေးစစ်စစ်ကိုသာ တောင်းဆိုတယ်။ ။

Christopher Columbus (c. 1451 – 20 May 1506) (navigator, colonizer)

ကမာပုလဲ
၂၃၊ ၁၊ ၂၀၁၀

1 comment:

ဂျေဂျူဝိုင် said...

သမိုင်းလည်းရ။ ခံစားမှုလည်းရ