Thursday, January 21, 2010

မန္တလေးမြို့၊ မဏိရတနာရာမ မြတောင်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည့် စာရေးဆရာ၊ သတင်းစာဆရာ လူထုဦးလှ နှစ် (၁၀၀) ပြည့် မွေးနေ့အခမ်းအ နား (ဂုဏ်ပြုအမှတ်တရ)

သတင်းနှင့် ဓာတ်ပုံ (မိုးမခ၀က်ဘ်ဆိုက်)

သတင်းစာဆရာ၊ စာရေးဆရာကြီး လူထုဦးလှ နှစ် (၁၀၀) ပြည့် အခမ်းအနားကို မန္တလေးမြို့ ၈၅ လမ်းနှင့် ၃၅ လမ်းထောင့် မဏိရတနာရာမ မြတောင်ကျောင်းတိုက်၊ မြတောင်သာသနာ နှစ် (၁၀၀) ပြည့် ဗိမာန်တော်ကြီး မှာ ၂၀၁၀ ဇန်န၀ါရီလ (၁၉) ရက် နံနက်ပိုင်းက လူထုဦးလှ + လူထုဒေါ်အမာ၏ မိသားစုဝင်များက ကျင်းပခဲ့ပါ တယ်။

နံနက်ပိုင်းမှာ မြတောင်ကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များကို ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဆရာကြီး လူထုဦးလှအား ရည်စူး၍ ရေစက်ချ အမျှဝေခဲ့ပါတယ်။ အနယ်နယ်အရပ်ရပ်က ကြွရောက်လာကြတဲ့ စာပေ၊ အ နုပညာ၊ နိုင်ငံရေးအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များကို နံနက်စာနဲ့ တည်ခင်းဧည့်ခံခဲ့ပါတယ်။ နံနက်စာသုံးဆောင်ပြီး ကြတဲ့အခါ ဆရာကြီး လူထုဦးလှ အမှတ်တရ သ၀ဏ်လွှာများ၊ စာတမ်းများ ဖတ်ကြားခဲ့ကြပါတယ်။

စာရေးဆရာကြီး ဆရာဒဂုန်တာရာရဲ့သ၀ဏ်လွှာကို စာရေးဆရာ ထက်မြက် ကလည်းကောင်း၊ သတင်းစာဆ ရာ၊ စာရေးဆရာ ဦးဝင်းတင်ရဲ့ သ၀ဏ်လွှာကို စာရေးဆရာ ညီစေမင်း ကလည်းကောင်း၊ ဆရာလူထုစိန်ဝင်းရဲ့ စာတမ်းကို စာရေးဆရာ ကျော်ရင်မြင့် ကလည်းကောင်း၊ စာရေးဆရာမ ဒေါ်ကလျာရဲ့ စာတမ်းကို ဆရာမ ၀င်း ၀င်းမြင့် (နန်းတော်ရှေ့) ကလည်းကောင်း ဖတ်ကြားခဲ့ကြပါတယ်။ အခမ်းအနားကို ပရိသတ် (၃၀၀) ကျော် တက်ရောက်ခဲ့ကြပါတယ်။

“ဦးလေးလှလို ကိုယ်ကျင့်တည်ကြည်ပြီး အလုပ်အများကြီးလုပ်ကိုင်ခဲ့တဲ့ မျိုးချစ်ပုဂ္ဂိုလ်ကြီးမျိုးကို နောက်လူ ငယ်တွေ စံပြုနိုင်အောင် ဒီလိုအခမ်းအနားမျိုးကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်သင့် တယ်” လို့ သတင်းစာဆရာဟောင်းတဦးက ပြောခဲ့ပါတယ်။

နိုင်ငံပိုင်သတင်းစာရဲ့ မျက်နှာဖုံးမှာ ပူဇာစ ပူဇာနေယံ “ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည် မင်္ဂလာတပါး” ဆိုပြီး မကြာခဏ ရိုက်နှိပ်ဖော်ပြထားပေမယ့် ဆရာကြီး လူထုဦးလှရဲ့ နှစ် (၁၀၀) ပြည့် အခမ်းအနားကို မူလကစီစဉ် ထားတဲ့ မန္တလေးမြို့၊ အိုရီယန်တယ်ဟောက်စ် စားသောက်ဆိုင်မှာ ကျင်းပဖို့ သက်ဆိုင်ရာက ခွင့်မပြုခဲ့တာ ကြောင့် မြတောင်ကျောင်းတိုက်မှာ ကျင်းပခဲ့ရတာဖြစ်တယ်လို့ ဒေသခံ စာရေးဆရာတဦးက ပြောပါတယ်။

အခမ်းအနားကို နေ့လည် (၃) နာရီမှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။

No comments: