ဘိန်းစိုက်ပျိုးမှုနဲ့ နိုင်ငံရေး
ဒေါက်တာလွဏ်းဆွေ
ရုရှားပြည်ထောင်စုအတွက် အိပ်ခ်ျအိုင်ဗွီ ကူးစက်ပြန့်ပွားမှုဟာ စိန်ခေါ်မှုအသစ်တရပ် ဖြစ်နေချိန်မှာ ရွှေလခြမ်းဒေသမှာ ရှိနေတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကတော့ အသစ်အဆန်း မဟုတ်တော့ပါဘူး။ ဆိုဗီယက်ဆိုရှယ်လစ်ပြည်ထောင်စုသမ္မတနိုင်ငံဟောင်းနဲ့ အာဖဂန်နစ္စတန်နိုင်ငံတို့ နှစ်ရှည်စစ်ပွဲ ဖြစ်ပွားစဉ်ကတည်းက ရှိခဲ့တာပါ။ ဆိုဗီယက်ဆန့်ကျင်ရေးတပ်တွေအတွက် တန်ဖိုးအရရော သယ်ယူပို့ဆောင်ဖို့ လွယ်ကူတဲ့အပေါ်မှာပါ ဟီးရိုးအင်းကို ယှဉ်နိုင်တဲ့ တခြားပို့ကုန်ရယ်လို့ မရှိတဲ့အတွက်ကြောင့် မူဂျာဟစ်ဒင်သူပုန်တွေ ဘိန်းစိုက်ပျိုးတာကို အနောက်အုပ်စုနိုင်ငံတွေက သည်းခံလိုက်လျောနေခဲ့ရတဲ့အချိန်မှာ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။
အဲဒါရဲ့ အကျိုးဆက်အနေနဲ့ အာဖဂန်နစ္စတန်စစ်ပွဲအတွင်း တိုက်ပွဲဝင်နေတဲ့ ဆိုဗီယက်တပ်သားတွေကြားမှာ ဟီးရိုးအင်းသုံးစွဲမှုနဲ့ ဆေးစွဲတဲ့ နှုန်းထားတွေ မြင့်တက်လာမှုဟာ ကြိုတင်ခန့်မှန်းထားတဲ့အတိုင်း ဖြစ်လာခဲ့တဲ့အပြင် အဲဒီဟီးရိုးအင်းပို့ကုန်က ဆိုဗီယက်စစ်သားတွေ၊ သူတို့ရဲ့မိသားစုတွေနဲ့ ဆိုဗီယက်နိုင်ငံသားတွေကို စစ်ပွဲအတွက် ထောက်ပံ့ရသက်သာအောင် အကူအညီဖြစ်စေခဲ့ပါတယ်။
အာဖဂန်နစ္စတန် ဘိန်းစိုက်ပျိုးသူတွေဟာ နည်းပါးလှတဲ့ သူတို့ရဲ့ဝင်ငွေတွေကို ကာမိစေဖို့ စီးပွားဖြစ်စိုက်ပျိုးတဲ့ သီးနှံတမျိုးဖြစ်တဲ့ ဘိန်းကို ရောင်းစားပြီး အဓိကအားဖြင့် အသက်ရှင်နေထိုင်ကြတာ ဖြစ်ပါတယ်။ အာဖဂန်နစ္စတန်မှာ ဟီးရိုးအင်းရဲ့ တကယ့်အကျိုးအမြတ်ဟာ ရွှေတြိဂံဒေသမှာလို စိုက်ပျိုးမှုက ရတာမဟုတ်ဘဲ ရောင်းဝယ်ဖောက်ကားမှုက ရတာဖြစ်ပါတယ်။ အခွန်ဘဏ္ဍာတွေ အမှန်တကယ် တိုးပွားလာဖို့ဆိုတာ ရောင်းဝယ်ဖောက်ကားမှု ကွန်ရက်တွေအတွင်းမှာပဲရှိတယ်။
“မြန်မာလိုနိုင်ငံမျိုးမှာတော့ ဟီးရိုးအင်းက ရတဲ့ အခွန်ဘဏ္ဍာတွေဟာ မူးယစ်ရာဇာတွေနဲ့ အကျင့်ပျက် စစ်ခေါင်းဆောင်တွေရဲ့ အကျိုးစီးပွားတွေ ဖြစ်တယ်။ မြို့ပြလူ့အဖွဲ့အစည်းတွေကို ပျက်သုဉ်းစေပြီး ကျောချမ်းစရာကောင်းတဲ့ အနိဌာရုံတွေကို ဖန်တီးနေတဲ့ သူတို့တတွေအတွက် ကြွယ်ဝချမ်းသာမှုနဲ့ အာဏာကို ဖန်တီးပေးတဲ့အရာ ဖြစ်ပါတယ်။”
ဒါပေမယ့် စစ်ပွဲရဲ့အမွေအနှစ် တစိတ်တပိုင်းအနေနဲ့ ဘိန်းစိုက်ပျိုးမှု၊ ထုတ်လုပ်မှုနဲ့ မူးယစ်ဆေးဝါးရောင်းချမှုတွေဟာ ဒေသဆိုင်ရာ စီးပွားရေးလုပ်ငန်းကြီးတခု ဖြစ်လာခဲ့တယ်။ အာဖဂန်နစ္စတန်စစ်ပွဲမှာ ဆိုဗီယက်တွေ ရှုံးနိမ့်ခဲ့ပြီးနောက် ပထမဆုံး အကျိုးဆက်အနေနဲ့ စိတ်ဓာတ်ကျနေတဲ့ ဆိုဗီယက်စစ်သားတွေ လက်ထဲကို ဟီးရိုးအင်းတွေ ရောက်ရှိလာပြီး အဲဒီနောက် မော်စကိုအထိကို ဟီးရိုးအင်းတွေ ပျံ့နှံ့ခဲ့တယ်လို့ ထင်မြင်ယူဆကြပါတယ်။ အဲဒီလို ထင်မြင်ကြပေမယ့် ရောင်းဝယ်ဖောက်ကားမှု အဆက်အသွယ်တွေဟာ အာဖဂန်နစ္စတန်ပြည်သူတွေရဲ့ ရေရှည်စစ်ပွဲကြောင့် ကျန်ရစ်ခဲ့တဲ့ အမွေအနှစ်တခုလည်း ဖြစ်နိုင်ပါတယ်။
နောက်ထပ် ဟီးရိုးအင်းနဲ့ ဆက်နွယ်နေတဲ့ ပြန့်ပွားမှုတခုကို လောလောဆယ်မှာ တရုတ်နိုင်ငံက တွေ့ကြုံခံစားနေရပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတခုဖြစ်တဲ့ Xinjiang Uighur ဟာ တရုတ်ပြည်ရဲ့တခုတည်းသော မူဆလင်အများစု နေထိုင်ရာဒေသဖြစ်တယ်။ Xinjiang ဒေသဟာ အာဖန်ဂနစ္စတန်၊ ကာဇက်စ္စတန်၊ ရုရှားပြည်ထောင်စု (ဆိုက်ဗေးရီးယား) တို့နဲ့ နယ်နမိတ်ချင်း ထိစပ်နေပြီး တရုတ်ပြည်ရဲ့ ကျန်ဒေသတွေဆီကို ပိုးလမ်းမကြီးက ဆက်သွယ်ပေးထားတယ်။ တောင်ဘက်အစွန်ဆုံး ယူနန်ပြည်နယ်ပြီးနောက် တရုတ်ပြည်ရဲ့ အိပ်ခ်ျအိုင်ဗွီကူးစက်မှုနှုန်း ဒုတိယအများဆုံး ပြည်နယ်လည်းဖြစ်တယ်။
Xinjiang ဒေသမှာ အိပ်ခ်ျအိုင်ဗွီကူးစက်မှုရဲ့ ၇၈ ရာခိုင်နှုန်းကျော်ဟာ ဟီးရိုးအင်း အပါအ၀င် မူးယစ်ဆေးကို အကြောထဲသွင်းပြီး သုံးစွဲတဲ့အတွက်ကြောင့်ဖြစ်တယ်။ ၀မ်းနည်းစရာကောင်းတာက Xinjiang ပြည်နယ်ထဲက မြို့ကြီးနှစ်မြို့မှာ မူးယစ်ဆေးကို အကြောထဲသွင်းပြီး သုံးစွဲသူတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ တိုင်းရင်းသား Uighur လူမျိုးတွေ ဖြစ်တယ်။ ဆိုလိုတာကတော့ ဒီလို အကြီးဆုံးပြည်နယ်ထဲမှာ အိပ်ခ်ျအိုင်ဗီကူးစက်မှုတွေဟာ မူဆလင်လူငယ်တွေကြားမှာ အဓိကဖြစ်ပွားနေတယ် ဆိုတာကို ရည်ညွှန်းလိုတာ ဖြစ်တယ်။
ဘီလာရပ်စ်၊ တရုတ်၊ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ၊ ကာဇက်စတန်၊ ပါကစ္စတန်၊ ရုရှားပြည်ထောင်စုနဲ့ ယူကရိန်းနိုင်ငံတွေ အားလုံးမှာဆိုရင် လူငယ်တွေကြားမှာ ဟီးရိုးအင်းသုံးစွဲမှု ကြီးထွားနေတဲ့ ပြဿနာတွေနဲ့ တွေ့ကြုံခံစားနေရပြီး အခုအခါမှာ ဟီးရိုးအင်းသုံးစွဲမှုနဲ့ ဆက်နွယ်တဲ့ အိပ်ခ်ျအိုင်ဗွီရောဂါ ကူးစက်ပျံ့ပွားမှုတွေပါ အဲဒီနိုင်ငံတွေအားလုံးမှာ ဖြစ်ပေါ်နေတယ်။ ရွှေလခြမ်းဒေသကနေ ဟီးရိုးအင်းတင်ပို့မှုတွေဟာ အဲဒီရှုပ်ထွေးလှတဲ့ ပြဿနာတွေရဲ့ အရင်းအမြစ်ဖြစ်တယ်။ အဲဒီပြဿနာတွေဟာ ဒေသဆိုင်ရာ စိန်ခေါ်မှုတွေလည်းဖြစ်တယ်။ ဒါ့အပြင် အဲဒီစိန်ခေါ်မှုတွေဟာ တရားမ၀င် ဟီးရိုးအင်းရောင်းဝယ်မှုက အခွန်ဘဏ္ဍာတွေရနေတဲ့ ရွှေလခြမ်းဒေသကနေ ရွှေတြိဂံနယ်မြေအထိ ဆက်နွယ်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ ပြဿနာအဖြစ်လည်း ညွှန်ပြနေတယ်။
၂၀၀၀ ပြည့်နှစ်မှာ အာဖဂန်နစ္စတန်ဟာ စာရွက်ပေါ်မှာတော့ ကမ္ဘာ့အဆင်းရဲဆုံး တိုင်းပြည်ဖြစ်တယ်။ မြန်မာနိုင်ငံကိုတော့ ကုလသမဂ္ဂက ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံး နိုင်ငံအနေနဲ့ ဖော်ပြတယ်။ အာဖဂန်နစ္စတန်နိုင်ငံဟာ ၂၀၀၂ ခုနှစ်မှာ အလှူရှင်နိုင်ငံတွေရဲ့ အကူအညီအပေါ် လုံးဝနီးပါး မှီခိုနေပြီး အရန်နိုင်ငံခြားငွေ လုံးဝမရှိဘူး။ ချွတ်ခြုံကျနေတဲ့ ဘဏ္ဍာတိုက်ပဲရှိပြီး တရားဝင်ပို့ကုန်တွေကိုလည်း ကန့်သတ်ထားခဲ့တယ်။ ရွှေလခြမ်းဒေသမှာ အခြေစိုက်တဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု ကွန်ရက်တွေရဲ့ စီးပွားရေးအနေအထားကိုလည်း မသိနိုင်ခဲ့ဘူး။
ဒါပေမယ့် ဟာမစ်ကာဇိုင်း ကြားဖြတ်အစိုးရကို ဦးမဆောင်ခင်က ဘိန်းစိုက်ပျိုးတဲ့ တောင်သူတွေ ပေးဆောင်ရတဲ့ အခွန်အတုတ်တွေနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားတဲ့ သူတွေကို အကာအကွယ်ပေးလို့ရတဲ့ အခွန်ဘဏ္ဍာငွေတွေဟာ အဓိကအားဖြင့် တာလီဘန်တွေနဲ့ မြောက်ပိုင်းမဟာမိတ်တွေဆီက ရတာဖြစ်တယ်လို့ သိရတယ်။ အာဖန်ဂနစ္စတန်နဲ့ မြန်မာနှစ်နိုင်ငံစလုံးမှာ ဟီးရိုးအင်းဟာ တရားမ၀င်အုပ်ချုပ်နေတဲ့ စစ်ခေါင်းဆောင်တွေ၊ သောင်းကျန်းသူတွေနဲ့ ရာဇ၀တ်ဂိုဏ်းခေါင်းဆောင်တွေကို ၀င်ငွေရအောင် စွမ်းဆောင်ပေးတယ်။ အာဖန်ဂနစ္စတန်နိုင်ငံမှာ ဂျုံနဲ့ သစ်သီးဝလံတွေ အပါအ၀င် အခြားကောက်ပဲသီးနှံတွေ စိုက်ပျိုးနိုင်ပေမယ့် ရေသွင်းစိုက်ပျိုးဖို့ ဆည်မြောင်းတွေ လိုအပ်တယ်။ နိုင်ငံအတွင်းမှာရှိတဲ့ ဒေသအသီးသီးအတွက်လည်း ဈေးကွက်ရှာဖို့ဆိုတာ အဓိက စိန်ခေါ်မှုတရပ် ဖြစ်နေတယ်။
မြန်မာနိုင်ငံမှာတော့ ဘိန်းစိုက်ပျိုးတဲ့ ဒေသတွေဟာ ဒုတိယကမ္ဘာစစ်အပြီး အင်္ဂလိပ်တွေ ဆုတ်ခွာသွားကတည်းက ဗဟိုအစိုးရနဲ့ စစ်မက်ဖြစ်ပွားနေတဲ့ ဒေသတွေမှာ ရှိခဲ့တာဖြစ်တယ်။ အဆိုပါဒေသတွေက ဘိန်းတင်ပို့မှု လျော့ကျစေဖို့ဆိုရင် ကျေးလက်နေပြည်သူတွေအတွက် ဘိန်းအစားထိုး စီးပွားရေးလုပ်ငန်းတွေ ထူထောင်ပေးဖို့ လိုအပ်တယ်။ အဲဒီအတွက် အလှူရှင်နိုင်ငံတွေရဲ့ ရေရှည်ထောက်ပံ့မှုရဖို့၊ တည်တည်ငြိမ်ငြိမ်နဲ့ လည်ပတ်နေတဲ့ မြို့ပြလူမှုအဖွဲ့အစည်းတွေဖြစ်အောင် ပြုစုပျိုးထောင်ပေးဖို့ အချိန်ယူရမယ်။
အာဖန်ဂနစ္စတန်နိုင်ငံဟာ မြို့ပြပဋိပက္ခတွေနဲ့ စစ်နယ်ရှင်တွေ မင်းမူတဲ့ခေတ်ကို နောက်တကြိမ် သက်ဆင်းခဲ့ရင် ဟီးရိုးအင်းထုတ်လုပ်မှုတွေ ပြန်ပြီး ခေါင်းထောင်ကောင်းထောင်လာနိုင်ပါတယ်။ မြန်မာလိုနိုင်ငံမျိုးမှာတော့ ဟီးရိုးအင်းက ရတဲ့ အခွန်ဘဏ္ဍာတွေဟာ မူးယစ်ရာဇာတွေနဲ့ အကျင့်ပျက် စစ်ခေါင်းဆောင်တွေရဲ့ အကျိုးစီးပွားတွေ ဖြစ်တယ်။ မြို့ပြလူ့အဖွဲ့အစည်းတွေကို ပျက်သုဉ်းစေပြီး ကျောချမ်းစရာကောင်းတဲ့ အနိဌာရုံတွေကို ဖန်တီးနေတဲ့ သူတို့တတွေအတွက် ကြွယ်ဝချမ်းသာမှုနဲ့ အာဏာကို ဖန်တီးပေးတဲ့အရာ ဖြစ်ပါတယ်။
(C.Beyrer ရဲ့ Poppy Cultivation & Politics ကို မြန်မာပြန်ဆိုပါသည်။)
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာမှ ...)
No comments:
Post a Comment