Thursday, December 3, 2009

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ (၉၀) ပြည့်မွေးနေ့ အမှတ် တရ (၃-၁၂-၀၉)

ရိုးဖြောင့်တည်ကြည်သော စစ်သားကောင်းတဦး၏ မှတ်တမ်းမှတ်ချက်များ
ဒေါက်တာလွဏ်းဆွေ

စာအုပ်အမည် - ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ (ပထမတွဲ)
စာရေးသူအမည် - ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော
ထုတ်ဝေသည့်အကြိမ် - ပထမအကြိမ်
ထုတ်ဝေသည့်ခုနှစ် - ၂၀၀၆ ခုနှစ်
ထုတ်ဝေသူ - ပြည်သူ့ဘက်တော်သားများ
ဖြန့်ချိရေး - ဓူဝံစာပေ၊ အမေရိကန်နိုင်ငံ

စာရေးသူအနေနဲ့ ထင်ရှားကျော်ကြားပြီး သြဇာတက္ကိမကြီးမားတဲ့ နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေအကြောင်း ရေးသားထားတဲ့ အတ္ထုပ္ပတ္တိဆိုင်ရာ စာအုပ်စာတမ်းတွေ တော်တော်များများ ဖတ်ရှုဖြစ် ခဲ့ပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စာပေယဉ်ကျေးမှု၊ အားကစား … စတဲ့ နယ်ပယ်အသီးသီးမှာ ရှိကြတဲ့ မြန်မာပြည်က ပုဂ္ဂိုလ်ကျော်တွေ ကိုယ်တိုင်ရေးသားတဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိ စာအုပ်တွေ၊ အခြားသူတွေ ရေး သားပြုစုတင်ပြကြတဲ့ မြန်မာပုဂ္ဂိုလ်ကျော်တွေရဲ့ အတ္ထုပ္ပတ္တိစာအုပ်တွေ၊ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေကိုယ်တိုင် ရေးသားတဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိ (ဘာသာပြန်) စာအုပ်တွေ၊ အခြားသူတွေ ရေးသားပြုစုတင်ပြကြတဲ့ ကမ္ဘာ ကျော်ပုဂ္ဂိုလ်တွေရဲ့ အတ္ထုပ္ပတ္တိ (ဘာသာပြန်) စာအုပ်တွေကို ဖတ်ရတဲ့အခါ စိတ်ဝင်စားဖွယ် အတုယူ အားကျ ဖွယ်ရာတွေ အများအပြား တွေ့ရသလို ဆင်ခြင်စရာ သံဝေဂရစရာတွေလည်း အများကြီး တွေ့ရပါတယ်။

စာပေ၀ါသနာပါကာစ တက်ကြွတဲ့ အရွယ်တုန်းကဆို အတ္ထုပ္ပတ္တိစာအုပ်တွေဖတ်ပြီး ကူးယူမှတ်သားထားခဲ့တဲ့ မှတ်စုတွေ၊ အဆိုအမိန့်တွေ တပုံတပင်ပါပဲ။ ငယ်ရွယ်တုန်းဆိုတော့ လေးစားအားကျတဲ့ စိတ်တခုတည်းနဲ့ ဘာ ကိုမှ အပြစ်မမြင်ဘဲ အကုန်လုံးကို မှတ်ယူနေတော့တာကိုး။ စာဖတ်သက် နည်းနည်းရလာပြီး ဝေဖန်ပိုင်းခြား ကြည့်မြင်တတ်တဲ့အရွယ် ရောက်လာတဲ့အခါကျတော့ သမိုင်းဆိုင်ရာရှုထောင့်အရ အချက်အလက် အကိုးအ ကား အထောက်အထား မှန်ကန်မှုရှိမရှိ၊ အလွန်အကျွံ ချီးမြှောက်ဖွဲ့နွဲ့ထားခြင်းရှိမရှိ၊ အားသာချက် အားနည်း ချက်တွေကို တင်ပြရာမှာ တဖက်စောင်းနင်း ဖြစ်မဖြစ်ဆိုတဲ့ အချက်တွေကို ဆင်ခြင်သုံးသပ်လိုတဲ့ စိတ်နဲ့ ဖတ် ရှုတာက ပိုများလာပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကဆို နိုင်ငံတကာ သတင်းတပုဒ်ဖတ်ပြီး တော်တော်တုန်လှုပ်သွားမိတယ်။ သတင်း က ဒေ၀ူးကုမ္ပဏီ တည်ထောင်သူ ဥက္ကဌ ကင်ဝူချွန်းကို ခြစားမှုနဲ့ ထောင်ဒဏ်(၈) နှစ်ခွဲ ချမှတ်လိုက်တဲ့ သတင်း ပါ။ မြန်မာပြည်မှာ ဒေါက်တာတင်မောင်သန်း ဘာသာပြန်ခဲ့တဲ့ ‘ဒေ၀ူးကုမ္ပဏီဥက္ကဌ ကင်ဝူချွန်း (သို့မဟုတ်) လမ်းတိုင်းကို ရွှေခင်းထားတယ်’ ဆိုတဲ့ စာအုပ်က လူကြိုက်အရမ်းများပြီး ဘက်ဆဲလား စာရင်းဝင်တဲ့ စာအုပ် ဖြစ်ခဲ့တာကိုး။ အဲဒီလို အနေအထားမှာ ဒီသတင်းကို ကြားလိုက်ရတော့ အနည်းနဲ့အများဆိုသလို အံ့သြမိတာ ပေါ့။ ဒါပေမယ့် ဆရာဇော်ဂျီရဲ့ ‘သူလည်းလေ လောကီသားပေမို့’ ဆိုတဲ့ ကဗျာစာသားလေးနဲ့ ဆင်ခြင်ကြည့် လိုက်တဲ့အခါကျတော့လည်း ဘာမှမဟုတ်တဲ့ သတင်းတပုဒ်လို ဖြစ်သွားပြန်ပါတယ်။

အာဏာရှင် ဗိုလ်နေ၀င်း ဘုန်းမီးနေလတောက်စဉ် ကာလက နိုင်ငံတော်သမ္မတဟောင်း ဒေါက်တာမောင် မောင် ရေးသားပြုစုခဲ့တဲ့ ‘ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် မြန်မာ့နိုင်ငံရေးခရီးစဉ်’ ဆိုတဲ့ စာအုပ်ကလည်း သူ့ခေတ် သူ့ အခါတုန်းကတော့ ဟုတ်သယောင်ယောင်ပါပဲ။ ဒါပေမယ့် ဗိုလ်နေ၀င်းလည်း ရာဇာပလ္လင်ပေါ်ကကျရော အဲဒီ စာအုပ်လည်း မြောင်းထဲရောက်ရော ဆိုတဲ့အဖြစ်ကို ဆိုက်တော့တာပါပဲ။ အဲဒါကြောင့် အတ္ထုပ္ပတ္တိ စာပေတွေ ဟာ အချိန်ကာလရဲ့ စမ်းသပ်မှုကို မှတ်ကျောက်တင်ခံနိုင်ဖို့ လိုတယ်လို့ ထင်မိပါတယ်။ အရှိန်အ၀ါကြီးတုန်း အာဏာရှိတုန်းမှာ မဟုတ်တန်းတရားတွေ နင်းကန်ရေးသွားလို့ မရဘူးဆိုတာကို ဒေါက်တာမောင်မောင်ရဲ့ စာအုပ်က သက်သေပြနေပါတယ်။ သမိုင်းဆိုင်ရာ အချက်အလက်တွေဆိုတာက ကိုယ်တယောက်တည်းဖြတ် သန်းခဲ့ သိခဲ့တဲ့ အရာတွေ မဟုတ်လေတော့ ရေးကောင်းကောင်းနဲ့ ရေးချင်တိုင်း လျှောက်ရေးလို့ မရပေဘူး။ ကိုယ်နဲ့အတူ ဖြတ်သန်းခဲ့တဲ့ ခေတ်ပြိုင်ပုဂ္ဂိုလ်တွေရော၊ သမိုင်းဆိုင်ရာ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေရော လက်ခံ နိုင်လောက်တဲ့ အနေအထားမျိုးရှိမှလည်း တင်ကျန်နိုင်မယ်လို့ ထင်မိပါတယ်။ စာရေးဆရာကြီး ဒဂုန်တာရာ ကတော့ ဗိုလ်နေ၀င်း အာဏာရှိစဉ်မှာပဲ ဒေါက်တာမောင်မောင်ရဲ့ စာအုပ်ကို ‘မှန်နန်းဆောင်မှ ဒဂုံရိပ်သာသို့’ ဆိုတဲ့ ခေါင်းစီးတပ်ပြီး ဝေဖန်ချက်ရေးသားခဲ့ပါတယ်။ အဲဒီစာအုပ်ဟာ ဗိုလ်နေ၀င်း ဘုန်းတော်ဘွဲ့ပဲဆိုတဲ့ သ ဘောပေါ်လွင်အောင် ပညာသားပါပါ ခေါင်းစီးပေးပြီး လှလှပပ သိမ်သိမ်မွေ့မွေ့ ဝေဖန်ရေးသားသွားခဲ့တာဖြစ် ပါတယ်။

အာဏာရှင်ဗိုလ်နေ၀င်းဟာ ၂၀ ရာစုမြန်မာ့သမိုင်းမှာ အူတိုင်ကျောရိုးသဖွယ် အရေးပါခဲ့တဲ့ ရဲဘော်သုံးကျိပ် အဖွဲ့ကြီးရဲ့ အဖွဲ့ဝင်တဦးလည်း ဖြစ်ပါတယ်။ သူအာဏာမရခင် ပါလီမန်ခေတ်တုန်းကရော၊ သူ အာဏာရှိစဉ် ကာလတလျှောက်မှာရော ရဲဘော်သုံးကျိပ်နဲ့ပတ်သက်တဲ့ သမိုင်းဆိုင်ရာ စာအုပ်စာတမ်းတွေ၊ ရဲဘော်သုံးကျိပ် ၀င်တွေ ကိုယ်တိုင်ကိုယ်ကျ ရေးသားခဲ့တဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်တွေ၊ မှတ်တမ်းစာအုပ်တွေ အတော်များ များ ထွက်ခဲ့ပါတယ်။ ဒါပေမယ့် ဗိုလ်နေ၀င်းရဲ့ အာဏာစက်အောက်မှာ ရေးသားခဲ့တဲ့ စာအုပ်တွေဆိုတော့ သေသေချာချာ ဆင်ခြင်သုံးသပ်ဖို့ လိုမယ်လို့ ထင်ပါတယ်။ ဗိုလ်နေ၀င်းရဲ့ အာဏာအရှိန်အ၀ါကြောင့်ရယ်၊ ပုဂ္ဂိုလ်ရေးအရ မျက်နှာနာမှုကြောင့်ရယ်၊ မြန်မာလူမျိုးတို့ရဲ့ အားနာတတ်တဲ့ စိတ်ကြောင့်ရယ် ရေးချင်ပေမယ့် မရေးရဲ မရေးဖြစ်ခဲ့တဲ့ အကြောင်းအရာတွေ ရဲဘော်သုံးကျိပ်ဝင် အတော်များများမှာ ရှိခဲ့ကောင်းရှိခဲ့နိုင်ပါ တယ်။ ဒီဘက် နအဖခေတ်မှာလည်း သမိုင်းဌာနက သုတေသနအရာရှိ ဦးကျော်ငြိမ်း ရေးသားပြုစုတဲ့ ‘ရဲဘော် သုံးကျိပ်’ ဆိုတဲ့ စာအုပ်လည်း ထွက်လာတာကို တွေ့ရပါတယ်။

ဒါပေမယ့် ထွက်ရှိပြီးသား ရဲဘော်သုံးကျိပ်နဲ့ ပတ်သက်တဲ့ စာအုပ်တွေနဲ့ တမူကွဲပြီး သမိုင်းအရ ကျနော်တို့ မသိ ရသေးတဲ့ အကြောင်းအရာတွေ၊ သုံးသပ်ချက်တွေ၊ လူပုဂ္ဂိုလ်ဆိုင်ရာ မှတ်ချက်တွေ တော်တော်များများ ပါဝင် တဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိ စာအုပ်တအုပ် ဒီနှစ်ထဲမှာ ထွက်ရှိလာပါတယ်။ ထူးခြားချက်တွေ အနေနဲ့ကတော့ နအ ဖရဲ့ စာပေစိစစ်ရေးလက်အောက်မှာ ထွက်ရှိရတဲ့ စာအုပ်မဟုတ်တာရယ်၊ ဗိုလ်နေ၀င်းရဲ့ လောင်းရိပ် အာဏာ စက်တွေနဲ့ ကင်းတဲ့အချိန်၊ နေရာမှာ ရေးသားထုတ်ဝေခဲ့တဲ့ စာအုပ်ဖြစ်နေတာရယ်ပါ။ အဲဒီစာအုပ်ကတော့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ (ပထမတွဲ) ပဲ ဖြစ်ပါတယ်။

စာအုပ်ကို အမေရိကန်အခြေစိုက် ပြည်သူ့ဘက်တော်သားများ (ဓူဝံစာပေ) က ထုတ်ဝေခဲ့တာဖြစ်ပြီး ‘ထုတ်ဝေ သူရဲ့အမှာ’ မှာ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောနဲ့ ပတ်သက်ပြီး အခုလို မိတ်ဆက် ပေးထားပါတယ်။

“ဗိုလ်မှူးချုပ်ကျော်ဇောဟာ ဗမာ့တပ်မတော်ကို စတင်ဖွဲ့စည်းခဲ့စဉ်ကစပြီး ပါဝင်ခဲ့တဲ့၊ တပ်မတော်သမိုင်းမှာ အ စဉ်အလာကြီးလှတဲ့ ရဲဘော်သုံးကျိပ်ဝင် ပုဂ္ဂိုလ်ကြီးတဦးဖြစ်ပါတယ်။ တပ်မတော်အကြောင်း၊ ဗိုလ်ချုပ်အောင် ဆန်း၊ ဗိုလ်နေ၀င်းတို့အကြောင်း၊ နောက် အာဏာရနိုင်ငံရေးပါတီက ခေါင်းဆောင်များအကြောင်း၊ ကောင်း ကောင်းသိခဲ့သူလည်းဖြစ်ပါတယ်။ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောလို သမိုင်းဝင်ပုဂ္ဂိုလ်မျိုးတို့ရဲ့ တဦးချင်းဆိုင် ရာ မှတ်တမ်းမှတ်ရာ၊ ဆောင်းပါး၊ စာတမ်း၊ သဘောထားအမြင်တို့ဟာ ဗမာ့သမိုင်းအတွက် အရေးပါလှပါ တယ်။ သမိုင်းမှန်ပေါ်ပေါက် ရေးအတွက်လည်း အမှန်ပင် လိုအပ်လှပါတယ်” (စာ-၅)

မြန်မာပြည်တွင်းမှာက မဆလ လက်ထက်ကရော အခု နအဖလက်ထက်မှာပါ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ရဲ့သမိုင်းကြောင်းကို တော်တော်လေးမှိန်ထားပြီး သာမန်လောက်သာ ရေးသားထုတ်ဝေခွင့်ပြုတာကို တွေ့ရပါ တယ်။ ထင်ရှားတဲ့ ရဲဘော်သုံးကျိပ်ဝင်မို့ လုံးဝဖျောက်ဖျက်ထားလို့ မရလို့သာ ရေးခွင့်ပြုတဲ့ အနေအထားမျိုးကို တွေ့ရပါတယ်။ ဒါပေမယ့် ရှေ့မီနောက်မီ နိုင်ငံရေးသမားကြီးတွေ၊ တဆင့်စကား တဆင့်နားနဲ့ ကြားရတဲ့ ဗိုလ် မှူးချုပ်ဟောင်း ကျော်ဇောနဲ့ ခေတ်ပြိုင်ပုဂ္ဂိုလ်တွေရဲ့ အလွတ်သဘော ပြောဆိုချက်တွေကို ထောက်ရှုဆင်ခြင် ပြီး နိုင်ငံရေးစိတ်ဝင်စားသူ နောက်မျိုးဆက်တွေက ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို စစ်တပ်အတွင်းမှာ တာ ၀န်ထမ်းဆောင်ခဲ့စဉ်ကရော အငြိမ်းစားယူပြီး နိုင်ငံရေးနယ်ပယ်ထဲရှိစဉ်မှာပါ သမိုင်းကျောင်း ကောင်းမွန်ပြီး တိုက်ရည်ခိုက်ရည် ပြည့်ဝထူးချွန်တဲ့ စစ်သားကောင်းတယောက်၊ ရိုးဖြောင့်တည်ကြည်ပြီး မျိုးချစ်စိတ် ထက် သန်တဲ့ နိုင်ငံရေးသမားတယောက်အနေနဲ့ သိထားကြပါတယ်။

အဲဒီလို ထင်မြင်ထားချက်တွေနဲ့ ကိုက်ညီမှု ရှိမရှိကို ဒီကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်ပါ အချက်အလက်၊ အရေးအ သား၊ မှတ်ချက်ပြုမှုတွေနဲ့ ယှဉ်ထိုးပြီး သုံးသပ်ဆင်ခြင်ကြည့်နိုင်မှာ ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ဗိုလ်မှူးချုပ် ဟောင်း ကျော်ဇောက ပထမပိုင်းအနေနဲ့ သူရဲ့ အတ္ထုပ္ပတ္တိ၊ ဒုတိယပိုင်းအနေနဲ့ ဖက်ဆစ်ဂျပန် တော်လှန်ရေး၊ တတိယပိုင်းအနေနဲ့ ပြည်တွင်းစစ်၊ စတုတ္ထပိုင်းအနေနဲ့ နိုင်ငံခြားခရီးများ၊ တရုတ်ဖြူ ပြဿနာဆိုပြီး လေးပိုင်း ခွဲကာ တင်ဆက်ထားပါတယ်။

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို စာရေးကောင်းသူတဦးလို့ မှတ်ချက်မပြုမိပေမယ့် စိတ်ဝင်စားဖွယ် အ ကြောင်းအရာတွေနဲ့ ပြည့်နှက်နေတဲ့ သူ့ရဲ့ ဘ၀ဖြတ်သန်းမှု အတွေ့အကြုံတွေကို ရိုးရိုးရှင်းရှင်း ပွင့်ပွင့်လင်း လင်းမကွယ်မ၀ှက် ရေးသားတင်ပြသွားတာကို ဖတ်ပြီး ပင်ကျရည်စစ်စစ်ကို သောက်ရသလို ခံစားလိုက်ရပါ တယ်။ သမိုင်းအချက်အလက်တွေကို တင်ပြတဲ့အခါမှာ မကွန့်မညွန့်ဘဲ ရိုးရှင်းတဲ့ အရေးအသား တင်ဆက်မှု ဟာ အမှန်နဲ့ ပိုနီးစပ်စေမှာ ဖြစ်ပါတယ်။ ဂျပန်မှာ စစ်ပညာသင်ကြားခဲ့ရပုံတွေ၊ သူဦးဆောင်ပြီး တိုက်ခဲ့ရတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ရေးသားတင်ပြထားပုံတွေကို ဖတ်ရတဲ့အခါမှာလည်း ရိုးရိုးရှင်းရှင်းလေး ရေးသား ထားပေမယ့် နောက်ခံသမိုင်း ကားချပ်တွေက အရေးပါ အားကောင်းလွန်းနေတော့ ဂန္ထ္ထ၀င်စစ်ကားကောင်း တွေ ကြည့်ရသလို သည်းထိတ်ရင်ဖိုစရာကောင်းလှပါတယ်။ တိုက်ပွဲတွေအကြောင်းဖတ်ပြီး တိုင်းပြည်နဲ့လူမျိုး အတွက် အသက်စွန့်တိုက်ပွဲဝင်သွားခဲ့ကြတဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေရဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံမှုတွေ၊ တာဝန်ကျေ ပွန်ခဲ့ပုံတွေကို မျက်စိထဲ မြင်ယောင်လာစေပါတယ်။

ဒါ့အပြင် သူတာဝန်ထမ်းဆောင်ခဲ့စဉ်ကာလအတွင်းက တွေ့ကြုံခဲ့တဲ့အမှားတွေ၊ စစ်တပ်အတွင်းမှာ အမှုထမ်း နေစဉ် ကာလက ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ လျှို့ဝှက်ဆက်သွယ်ခဲ့ပုံတွေကို မကွယ်မ၀ှက် ၀န်ခံရေးသားထား သလို၊ မြန်မာ့နိုင်ငံရေးကို ကြိုးကိုင်ခဲ့ကြတဲ့ အထင်ကရခေါင်းဆောင်တွေအပေါ် သူမြင်တဲ့အမြင်တွေကိုလည်း ဘယ်သူ့မျက်နှာမှ မထောက်ဘဲ ပွင့်ပွင့်လင်းလင်း ရေးသားသွားတာကို ဖတ်ရှုရမှာဖြစ်ပါတယ်။

ပုဂ္ဂိုလ်ရေးဆိုင်ရာ မှတ်ချက်တွေဟာ သူ့ဘက်ကိုယ့်ဘက် နှစ်ဘက်အမြင်နဲ့ ကြည့်ရင် ၀ိဝါဒကွဲစရာရှိပေမယ့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကတော့ သူရဲ့ အမြင်တွေကို ရှင်းရှင်းပြတ်ပြတ်ပဲ ရေးသားထားတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ထုတ်နှုတ်ပြရရင် ဆိုရှယ်လစ်ပါတီခေါင်းဆောင်ဟောင်း ဦးကျော်ငြိမ်းနဲ့ပတ်သက် ပြီး အခုလို မှတ်ချက်ပြုရေးသားထားတာကို တွေ့ရပါတယ်။

“(၃) ဆိုရှယ်လစ်ပါတီခေါင်းဆောင် ဦးကျော်ငြိမ်းမှာ ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် ဘယ်စစ်တိုင်း ဘယ်နေ ရာကိုမှ တာဝန်မယူခဲ့၊ ပထမတိုင်း(၄) နိုင်ငံရေးမှူးတာဝန် ရာထားရာကိုလည်း မသွား၊ နောက်တိုင်း (၆) နိုင်ငံ ရေးမှူးတာဝန်ကိုလည်း သွားမယူဘဲ၊ တနေရာ လုံခြုံရာတွင် မိမိဘာသာ ပုန်းခိုနေပြီး ရန်ကုန်မှ ဂျပန်တပ်များ ဆုတ်ခွာပြီးတော့မှ ရန်ကုန်တိုင်း ကိုဗဆွေထံသွား၍ ပူးပေါင်းနေခဲ့သူ ဖြစ်သည်။

(၄) ၁၉၅၂ ခုနှစ်တွင် ဆိုရှယ်လစ်ပါတီခေါင်းဆောင် ၀န်ကြီးအဖြစ် ဦးကျော်ငြိမ်းသည် အနောက်နိုင်ငံအချို့သို့ လှည့်လည်လေ့လာကြည့်ရှုရေး အဖွဲ့ခေါင်းဆောင်အဖြစ် သွားရောက်ရာတွင် ကျနော်လည်း ထိုအဖွဲ့တွင် ပါဝင် လိုက်ပါသွားရာ အင်္ဂလန်၊ လန်ဒန်မြို့တွင် ကျနော်တို့ လူချင်းလည်းရင်းနှီးနေ၍ ကျနော်က ဖက်ဆစ်တော်လှန် ရေးတွင် ကျနော်ဦးစီးသော တိုင်း (၄) တွင် ခင်ဗျား ပထမ နိုင်ငံရေးမှူး တာဝန်ကျရာသို့ မလာဘဲ ဘာကြောင့် သခင်ချစ်ကို လွှတ်ရသလဲဟု မေးရာ ဦးကျော်ငြိမ်းက ခပ်ပြောင်ပြောင်ပင် ခင်ဗျားကြီးကို ကြောက်လို့ မလာ တာဟု ပြောသည်။ အဓိပ္ပါယ်မှာ ကျနော်တို့က ဂျပန်ကို ဖိတိုက်ရင် ဂျပန်က ကျနော်တို့ကို ပြန်တိုက်မည်။ ထို ဒဏ်ကို သူ မခံနိုင်လို့ မလာသည့်သဘောဖြစ်သည်။ ဦးကျော်ငြိမ်းမှာ အနာမခံလိုသော နိုင်ငံရေးအချောင်သ မားကြီးဖြစ်သည်ကို သိနိုင်ပေသည်။” (စာ-၁၂၅)

အာဏာရှင် ဗိုလ်နေ၀င်းနဲ့ ပတ်သက်လို့လည်း သူ့ရဲ့အမြင်တွေကို အခုလို ဖတ်ရှုရမှာ ဖြစ်ပါတယ်။

“နောက်မှ ကျနော်သတိထားမိသည့် ထူးခြားချက်တခုမှာ ဗိုလ်နေ၀င်းသည် အစိုးရအမှုထမ်းတဦးဖြစ်ခဲ့ပြီး လူ့ ဘ၀ဖြတ်သန်းမှုလည်း အတော်ရှိသူဖြစ်သဖြင့် မိမိအထက်လူကြီးကို မည်သို့ချဉ်းကပ်ဆက်ဆံရမည်ကို လည်း ကောင်း၊ ပတ်ဝန်းကျင်နှင့်ဆက်ဆံရေးကိုလည်းကောင်း အထိုက်အလျောက် ဆက်ဆံတတ်သည်။ ကျနော်တို့ ကျောင်းသားများလို ရိုးရိုးစင်းစင်းကြီး မဟုတ်ပေ။ ထို့ကြောင့် သူသည် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် လေးလေး စားစား ရင်းနှီးလာပြီး ကျန်သူများနှင့်လည်း ဆက်ဆံရေးကောင်းလာသည်။” (စာ-၅၁)

“နောင် ဗိုလ်လက်ျာ၏ ပြောပြချက်အရ ထိုစဉ်ကတည်းက ဗိုလ်နေ၀င်းဟာ စစ်ဦးစီးအဖြစ် ဗိုလ်လက်ျာက ပေး တဲ့ အမိန့်တွေကို မနာခံမှုတွေလုပ်လာပြီး နောက်လည်း ဤအတိုင်း တလျှောက်လုံးဖြစ်ခဲ့တယ်လို့ ပြောပြပါ သည်။ ဤတွင် သူ့ (ဗိုလ်နေ၀င်း) စိတ်တွင် အနာဂတ်၌ ဗိုလ်ချုပ်အောင်ဆန်းပြီးလျှင် သူသာ ဒုတိယ ဖြစ်လာရ မည်ဟု ကိုယ်ရေးကြီးပွားရေးစိတ်သို့ ပြောင်းလာပြီဖြစ်သည်။” (စာ-၅၂)

“သို့သော်လည်း ၁-၈-၄၃ ခုနှစ်တွင် ဂျပန်က လွတ်လပ်ရေးပေးပြီးနောက် သီးခြားစစ်ဦးစီးဌာနချုပ်ဖွဲ့ရာတွင် သူ့ကို ဗိုလ်မှူးကြီးရာထူးဖြင့် စစ်ဦးစီးချုပ်ရာထူးကို စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ခန့်ထားလိုက်သည်။ ၎င်းမှာ ထိုရာထူးအတွက် အရည်အချင်းမရှိလှသော်လည်း သခင်နှစ်ပါတီညီညွတ်ရေးအတွက် သဘောတူကြ သည်။ အထက်တွင် ဗိုလ်ချုပ်အောင်ဆန်း ရှိနေသောကြောင့်လည်းဖြစ်သည်။ ” (စာ-၅၂)

“ယင်းကာလနောက်တွင် ထူးခြားချက် တွေ့မြင်လာရသည်။ ပထမထူးခြားချက်က သူ (ဗိုလ်နေ၀င်း) အပျော် အပါး လိုက်စားလာပြီး စာရိတ္တ ယိမ်းယိုင်ချို့တဲ့မှုတွေ တွေ့သိလာကြရသည်။ နောက်ပိုင်း စစ်ဦးစီးချုပ်ရုံးပင် မှန်မှန်မတက်ဘဲ နေတတ်လာသည်။ အပျော်အပါးနှင့် လောင်းကစားဘက် အာရုံစိုက်လာသည်။ နည်းနည်း တည်ငြိမ်အေးချမ်းပြီး ရာထူးဌာနန္တရ ခိုင်မြဲလာသောအခါ သူ၏ မူရင်းဇာတိစရိုက်တွေ ပေါ်လာတော့တာဖြစ် သည်။” (စာ-၅၂)

ဗိုလ်ချုပ်အောင်ကြီးတို့အုပ်စုနဲ့ အာဏာရှင်ဗိုလ်နေ၀င်းတို့ ဆရာမွေးတပည့်မွေး လုပ်ခဲ့ကြပုံတွေကိုလည်း ဗိုလ် ချုပ်ကျော်ဇောက အခုလို ရေးသားခဲ့ပါတယ်။

“နောက်ကျမှ ကျနော်တို့ စဉ်းစားမိကြသည်မှာ ဗိုလ်အောင်ကြီးတို့ ဂိုဏ်းသည် တပ်တွင်းအာဏာကို ကျော် လွှား တက်လှမ်းယူလိုကြသည်။ သို့ရာတွင် သူတို့အပေါ်က ထင်ရှားသည့် ခေါင်းဆောင်တယောက်ကို မှီခိုဖို့လို ရာ ဗိုလ်နေ၀င်းကို ရှာဖွေတွေ့ရှိပြီးနောက် ၎င်းတို့သည် တလျှောက်လုံး ဗိုလ်နေ၀င်းကို တဘက်က မြေတောင် မြှောက်ပေးပြီး တဘက်ကလည်း သူ့အရိပ်ခိုကာ တပ်တွင်းဗိုလ်ကျလာကြသည် မဟုတ်ပါလား။ ဤတွင် ဗိုလ် နေ၀င်းကလည်း ပထမ ဗိုလ်ချုပ်အောင်ဆန်းအောက် ဒုတိယအဆင့် လူဖြစ်ရန် ဗိုလ်လက်ျာကို ဆန့်ကျင်အာခံ ပြီး ကျော်တက်နိုင်ရန် အားထုတ်ခဲ့သည်။

နောက် ဗိုလ်နေ၀င်းသည် ဗိုလ်ချုပ်အောင်ဆန်းကိုပါ ဝေဖန်လာသော ဗိုလ်အောင်ကြီးတို့ လူငယ်ဂိုဏ်းနှင့် ပေါင်းဖက် ဂိုဏ်းဖွဲ့လာသည်။ နောက် သူဟာ သူ့ရဲ့အရည်အချင်းမရှိမှုနှင့် အကျင့်စာရိတ္တ အားနည်းချို့တဲ့မှုတို့ ကြောင့် ရဲဘော်သုံးကျိပ်နှင့် တပ်တွင်းအများစုရဲ့ လေးစားခြင်းမခံရလို့ မိမိရပ်တည်တိုးတက်ရေးအတွက် ဒီလူ တွေကို မှီခိုအားထားဖို့ လိုအပ်သည်ဟုလည်း ထင်ပုံရပါသည်။” (စာ-၅၃၊ ၅၄)

ဖက်ဆစ်တော်လှန်ရေးအတွက် နောက်ဆုံးပိတ် ဆွေးနွေးဆုံးဖြတ်ချက်တွေ ချဖို့အတွက် ၁၉၄၅ ခုနှစ် မတ်လ ဆန်း (၁) ရက်ကနေ (၇) ရက်လောက်အထိ ပတ်လမ်းမှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းအိမ်မှာ တော်လှန်ရေး ခေါင်းဆောင်တွေ ဆွေးနွေးကြတဲ့ပွဲမှာ ဗိုလ်နေ၀င်းက ဗိုလ်ချုပ်အောင်ဆန်းအပေါ် အများရှေ့မှာ ဗြောင်ရန် တွေ့စကား ပြောကြားပုံကို အခုလို ရေးသားခဲ့ပါတယ်။

“ဤတွင် ဗိုလ်နေ၀င်းမှာ ဖျာပေါ်ထိုင်နေရာမှ ရုတ်တရက် ၀ုန်းခနဲ မတ်တတ်ရပ်လိုက်ပြီး ကျနော့်ကို ယုံကြည်မှ တာဝန်ပေးပါ။ မယုံကြည်က တာဝန်မပေးပါနဲ့ဟု သဘောပါသည့် ရန်တွေ့စကားကို ဗိုလ်ချုပ်အောင်ဆန်းရော အားလုံးကိုပါကြည့်ပြီး ပြောပါသည်။ အစည်းအဝေး တက်ကြသူအားလုံး အံ့သြပြီး ဗိုလ်နေ၀င်းကို စိုက်ကြည့် နေကြသည်။ သူက စောစောကတည်းက ရာထူးပြောင်းရွေ့ချထား ခံရတာရော အခြားအကြောင်းတွေပါ မ ကျေနပ်မှုတွေပါ ရည်ရွယ်ပြီး ပြောလိုက်ပုံရသည်။ ဗိုလ်ချုပ်အောင်ဆန်းက ခေတ္တစိုက်ကြည့်ပြီး နောက်ဘာမှ ထပ်မပြောတော့ဘဲ အစည်းအဝေးပြီးပြီဟုသာပြောပြီး အားလုံးအခန်းမှ ထွက်ခွာကြသည်။” (စာ-၅၅)

ဗိုလ်ချုပ်အောင်ဆန်းတို့က ဗိုလ်နေ၀င်းကို စစ်တပ်ကနေထုတ်ပစ်ဖို့ စီစဉ်ခဲ့ပေမယ့် မထုတ်ဖြစ်ခဲ့ခြင်းအပေါ် သူ့ ရဲ့အမြင်ကိုလည်း ဗိုလ်ချုပ်ကျော်ဇောက အခုလို ရေးသားခဲ့ပါတယ်။

“ဒီလိုထုတ်ပစ်လိုက်ဖို့ စိုင်းပြင်းနေရင်း နောက်ပိုင်း မထုတ်ပစ်ခဲ့ချေ။ ယင်းတွင် အကြောင်းအရင်း နှစ်ခုရှိသည် ဟုထင်ရသည်။ ပထမအကြောင်းက ဗိုလ်နေ၀င်းရဲ့အကင်းပါးပြီး ကောက်ကျစ်လှည့်စားနိုင်မှုဖြစ်သည်။ ဘယ် အချိန် ဘယ်သူတွေနှင့်ပေါင်းပြီး ဘယ်သူတွေကို ခွာရမည်။ ဘယ်သူတွေကို ကန်ထုတ် နင်းချေရမည်တို့ကို နားလည်ကျင့်သုံးတတ်သူ ဖြစ်ခြင်းတို့ကြောင့်ဖြစ်သည်။” (စာ-၅၇)

အထက်ပါ ထုတ်နှုတ်တင်ပြချက်များဟာ အနည်းအကျဉ်းမျှသာဖြစ်ပါတယ်။ တအုပ်လုံးကို စေ့စေ့စပ်စပ် ဖတ် ရှုလေ့လာကြည့်ပါက ဆင်ခြင်စရာ သမိုင်းသင်ခန်းစာတွေ၊ တန်ဖိုးရှိတဲ့ စိတ်ဝင်စားဖွယ် သမိုင်းဆိုင်ရာအချက် အလက်တွေကို တပုံတပင် တွေ့ရမှာဖြစ်ပါတယ်။ စာရေးသူအနေနဲ့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ရေးသား တဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ (ပထမတွဲ) ကို ဖတ်ရှုပြီး ‘ရိုးဖြောင့်တည်ကြည်သော စစ်သားကောင်းတဦး၏ မှတ် တမ်း၊ မှတ်ချက်များ’ လို့ မှတ်ချက်ပြုလိုက်မိပါတယ်။ သဘောတူတဲ့သူ ရှိသလို သဘောမတူတဲ့ သူတွေလည်း ရှိနိုင်ပါတယ်။ သဘောတူတူ မတူတူ မြန်မာ့သမိုင်းမှာ အရေးပါခဲ့တဲ့ အထင်ကရ ရဲဘော်သုံးကျိပ်ဝင်တဦး ရေး သားတဲ့ အတ္ထုပ္ပတ္တိစာအုပ်ဖြစ်လို့ နိုင်ငံရေးကို စိတ်ဝင်စားသူ၊ သမိုင်းကို စိတ်ဝင်စားတဲ့သူတွေအနေနဲ့ ကျော် လွှားသွားလို့ မရတဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်ဖြစ်ပါတယ်။ ဖတ်ဖြစ်အောင်ဖတ်ပြီး ဆင်ခြင်ကြည့်ကြဖို့ တိုက် တွန်းလိုက်ရပါတယ်။ စာလုံးပေါင်းသတ်ပုံ အကျအပေါက် များလွန်းတဲ့အတွက် ဖတ်တဲ့အခါ ကသိကအောက် ဖြစ်ရတာကလွဲလို့ ထုတ်ဝေဖို့ ကြိုးစားခဲ့ကြသူတွေနဲ့ ရေးသားသူ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို အထူး ကျေးဇူးတင်ကြောင်း ပြောကြားလိုက်ရပါတယ်။ ဒုတိယတွဲကို အမှားအယွင်းကင်းကင်းနဲ့ ဖတ်ရှုရဖို့လည်း စောင့်မျှော်နေပါတယ်။

ဒေါက်တာလွဏ်းဆွေ
(ခေတ်ပြိုင်အင်တာနက် စာမျက်နှာတွင် ‘၀င့်ထည်’ ကလောင်အမည်ဖြင့် ရေးသားခဲ့သည့် ဆောင်းပါးကို ပြန်လည်တင်ဆက်ခြင်း ဖြစ်ပါသည်)

1 comment:

Unknown said...

အသက်၇ှည်ပြီးကျန်းမာစွာ၇ှိနေတာဝမ်းသာမိပါတယ်
ကျေးဇူးပြုပြီးစာအုပ်ဘယ်မှာ၇နိုင်မယ်ဆိုတာပြောပြပေး
ပါ။