(မြန်မာအွန်လိုင်းစွယ်စုံကျမ်းမှ ...)
၁၉၃၈ ခုနှစ်တွင် ဓနုဖြူမြို့၊ မင်းပိုင်ရပ်၌ မွေးဖွားသည်။ အဖ ဦးမောင်နှစ်၊ အမိ ဒေါ်ညွှန့်မေတို့၏ တဦးတည်း သော သားဖြစ်သည်။ အမည်ရင်းမှာ ကိုကျော်ထွန်းဖြစ်၍ မူလကလောင်အမည် (ဓနုဖြူ)ကျော်ထွန်း ဖြစ်သည်။ ၁၉၅၄ ခုနှစ်၊ ဇန်နဝါရီလတွင် စာစရေး၍ ယနေ့အထိ စဉ်ဆက်မပြတ် ရေးသာရာ စာရေးသက် အနှစ်ငါးဆယ် ရှိခဲ့ပြီဖြစ်သည်။ ၁၉၅၇ ခုနှစ်တွင် ‘အီကြာကွေး’ ကလောင်အမည်ကို ထပ်ပွားသည်။
ဓနုဖြူ အစိုးရအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ကြားခဲ့သည်။ ၁၉၅၃ - ၁၉၅၄ ခု နှစ်တွင် စာပေဝါသနာရှင်များအသင်း(ဓနုဖြူ)၏ စာပေတာဝန်မှူးနှင့် စာကြည့်တိုက်မှူး တာဝန်ယူ၍ မုန်တိုင်း စာစောင် အမှတ် (၁) နှင့် အမှတ် (၂) တို့ကို ထုတ်ဝေခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် ပြည်သူ့လူငယ်အဖွဲ့ (ဓနုဖြူ) တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ပြည်သူ့လူငယ်အဖွဲ့ (ဓနုဖြူ) တွင် ဥက္ကဋ္ဌနှင့် ကမ္ဘာ့ငြိမ်း ချမ်းရေးကွန်ဂရက်(ဓနုဖြူ)တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ရန်ကုန်မှ စာရေးဆရာကြီးများ အား ဖိတ်ကြား၍ စာဆိုတော်နေ့ စာပေဟောပြောပွဲကို စတင်ကျင်းပပေးခဲ့သည်။ ဓနုဖြူတွင် စာပေဟောပြော ပွဲကို မျိုးစေ့ချပေးခဲ့ခြင်းဖြစ်သည်။
၁၉၆၉ ခုနှစ်တွင် တောင်ဥက္ကလာ ကဗျာ့ကလာပ်စည်း၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ ပစ္စက္ခကဗျာများနှင့် ပဲ့တင် သံကဗျာများ စုပေါင်းကဗျာစာအုပ် နှစ်အုပ် ထုတ်ခဲ့သည်။ အီကြာကွေး အမည်ဖြင့် ရေးခဲ့သော (နောင်တခါ မေးရင် ဖြေလိုက်မယ်) ဝတ္ထုတိုကို ရုရှဘာသာသို့ ပြန်ဆိုခြင်းခံခဲ့ရသည်။
(ဓနုဖြူ) ကျော်ထွန်း အမည်ဖြင့် ကဗျာ (၁၂ဝဝ) ကျော်၊ ဝတ္ထုတို (၈ဝ) ကျော်၊ မဂ္ဂဇင်းဝတ္ထုရှည် (၃) ပုဒ်နှင့် ပီ မိုးနင်း၏ ဝတ္ထတိုအတတ်ပညာ စာပေကျမ်း (၁) ကျမ်းကိုပြုစုခဲ့သည်။ လက်သင်စ ကဗျာရှင်များအတွက် လမ်း ညွှန်နည်းပြမဂ္ဂဇင်းတွင် ‘ကဗျာ့ပွဲခင်းသာ’ ကဏ္ဍကို နှစ်ပေါင်းသုံးဆယ်ကျော် လစဉ်မပျက် တာဝန်ယူရေးသား ခဲ့သည်။ ယခုအခါ သောကြာစာစောင်တွေင် ‘ကဗျာ့ပွဲခင်းသာ’ ကဏ္ဍကို ဆက်လက်ရေးသားခဲ့ရာ သုံးနှစ်သက် တမ်း ရှိခဲ့ပြီဖြစ်၏။ (ဓနုဖြူ) ကျော်ထွန်း အမည်ဖြင့် ရေးသားခဲ့သော ‘ခွပ်လိုက်ကြစို့ သူငယ်ချင်း’ ကဏ္ဍအ ကြောင်းများနှင့် လက်ရှိရေးသားနေသော ‘သက်ရှိထင်ရှား ရေးဖော်များ’ စသော ဆောင်းပါးများဖြင့် ဘ၀တူ စာပေလောကသားအချို့အကြောင်း တစေ့တစောင်း ပုံဖော်ခဲ့သည်။ ဓန/မြန်မာ့ဓန မဂ္ဂဇင်းများတွင် ရယ်စရာ တွေးစရာအဖြစ် ၀တ္တုဆိုရမည့် စာများ ပင်တိုင်ရေးသားခဲ့သည်။ မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်းတွင် “တ၀ဲလည် လည် စာပေနယ်” ဆိုသည့် ပင်တိုင်ကဏ္ဍဖြင့် စာပေဘ၀ဖြတ်သန်းမှုအဖုံဖုံကို ၂၀၀၅ ခုနှစ် ဇွန်လအထိ လစဉ် ရေးသားခဲ့သည်။
အီကြာကွေး အမည်ဖြင့် လုံးချင်း အုပ် (၂ဝ) ရေးသားခဲ့ပြီး သောကြာစာစောင်တွင် အယ်ဒီတာချုပ်အဖြစ် တာ ဝန်ယူဆောင်ရွက်ခဲ့သည်။
ဆရာ ဓနုဖြူ ကျော်ထွန်း (ခ) အီကြာကွေးသည် စာစတင် ရေးသားလာစဉ်မှစ၍ စာပေလုပ်ငန်းများတွင်သာ အခြေချလုပ်ကိုင်ပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာ ထဲကပင် စာရေးခြင်းသက်သက်ဖြင့် ဘ၀ရပ်တည်ခဲ့သည်။ အိမ်ထောင်မပြု လူပျိုကြီးဘ၀ဖြင့်သာ နေထိုင်ခဲ့ပြီး တောင်ဥက္ကလာပရှိ နေအိမ်နှင့် ခြံဝင်းကို မကွယ်လွန်မီက တည်းက ကြိုတင်လှူဒါန်းထားခဲ့သည်။
၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာ (၁၅) ရက်နေ့ အင်္ဂါနေ့တွင် ကွယ်လွန်သည်။
Wednesday, December 16, 2009
ဒီဇင်ဘာလ (၁၅) ရက်နေ့က ကွယ်လွန်ခဲ့သည့် စာရေးဆရာ ဓနုဖြူ-ကျော်ထွန်း (ခ) အီကြာကွေး (၁၉၃၈-၂၀၀၉) ၏ အတ္ထုပ္ပတ္တိအကျဉ်း
Subscribe to:
Post Comments (Atom)
1 comment:
It is with deep sadness to read this news.
The characters in his stories such as Guru Kwe, Herculie Ng Pyot, Trishaw-master Sargalay will stay in our memory for now and many years to come.
May our 1000-year-old Guru Kwe rest in peace!
Post a Comment