Friday, December 25, 2009
ရေခဲဖုတ်ကောင်
ပိုးဖလံတွေ မီးထဲ အပျံသင်သလို
ငါးမန်းတွေ သွေးညှီနံ့နောက်လိုက်သလို
နုံးတိုးငါးတွေ အေးရာအေးကြောင်း ရှာသလို။
အပျော်ကြီးပျော်နေတဲ့ အပျော်ကြီးထဲမှာ
ပျော်သွားတဲ့ အပျော်တွေကို ပြန်ရေ။
ဖြတ်ခဲ့တဲ့ အဖြတ်တွေ
ဖြစ်ခဲ့တဲ့ အဖြစ်တွေ
တကယ်က
အဖြတ်ခံခဲ့ရတဲ့ အဖြတ်တွေ
အဖြစ်ခံခဲ့ရတဲ့ အဖြစ်တွေ။
ပျော်ပါတယ်
ပျော်စရာဆိုလို့
အရည်မပျော်အောင် တောင့်ခဲ
နေရောင်မလာအောင် ကျိန်ဆဲနေမိတဲ့
ကိုယ်က ရေခဲဖုတ်ကောင်
နှင်းတစပြင်မှာ
ဆောင်းမီးလောင်ရင်း
ကျနော် ပျော်ပါတယ်။
လူ့သမိုင်းထဲ ငိုက်မြည်းသူ
ကျိုးလွယ်ဆတ်လွယ် မကောင်းမြင်ဝါဒီစကားဝါကိုင်း
ကျနော်။
အကောင်းမြင်ပါတယ်
အကောင်း ပြည်ကြီးကို ပြန်သွားတယ်
အကောင်း ပြည်ကြီးက ပြန်လာတယ်။
လှလှ
ဒုက္ခနဲ့တွေ့မှ ပိုလှမယ့်
ကျမနာမည် လှလှ။ ။
သစ်ကောင်းအိမ်
(၂၄၊ ဒီဇင်ဘာ၊ ၂၀၀၉)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment