Thursday, December 17, 2009

မြန်မာ-တရုတ်ဆက်ဆံရေးရဲ့ ရှေ့အလားအလာများ

မြန်မာ-တရုတ်ဆက်ဆံရေးရဲ့ ရှေ့အလားအလာများ
ဒေါက်တာလွဏ်းဆွေ

၂၁ ရာစုအတွင်း မြန်မာ-တရုတ်ဆက်ဆံရေးမှာ ရှေ့အလားအလာတွေအနေနဲ့ ဘာတွေဖြစ်မလဲဆိုတဲ့ ဖြစ်နိုင် ခြေတွေကို ခန့်မှန်းတွက်ချက်သူတွေထဲမှာ တပ်လှန့်ရေးသမားရယ်၊ အဆိုးမြင်ဝါဒီရယ်၊ သတိနဲ့ချင့်ချင့်ချိန်ချိန် စောင့်ကြည့်တဲ့ အကောင်းမြင်သမားရယ်ဆိုပြီး (၃) မျိုးရှိတယ်လို့ ဆိုတယ်။ တပ်လှန့်ရေး သမားတွေကတော့ မြန်မာစစ်အစိုးရအနေနဲ့ တရုတ်အစိုးရနဲ့ စစ်တပ်၊ စစ်မဟာဗျူဟာနဲ့ စီးပွားရေးရာတွေမှာ နီးနီးကပ်ကပ် ဆက် သွယ်ဆောင်ရွက်ဖို့ ကြိုးပမ်းအားထုတ်နေတာဟာ မီးနဲ့ကစားနေတာပဲလို့ ဆိုတယ်။

တပ်လှန့်ရေးသမားတွေရဲ့ တွေးခေါ်မှုက အချက် (၃) ချက်အပေါ်အခြေခံတယ်။ ပထမအချက်က အဲဒီလို နီးနီး ကပ်ကပ်ဆက်ဆံမှုကြောင့် တရုတ်လူမျိုးတွေအနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးအရသြဇာလွှမ်းမိုးမှု ပိုမိုမြင့်မား လာမယ်။ အဲဒီအခါမှာ တရုတ်လူမျိုးတွေနဲ့ မြန်မာလူမျိုးတွေကြားမှာ တင်းမာမှုတွေ ကြီးထွားလာပြီး အဲဒီတင်း မာမှုတွေကနေ အနာဂတ်မှာ (၁၉၆၇ ခုနှစ်က ရန်ကုန်မြို့မှာ ဖြစ်ခဲ့သလို) တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်း တွေ ဖြစ်လာလိမ့်မယ်လို့ဆိုတယ်။ ဒုတိယအချက်က မြန်မာနိုင်ငံမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် လိုအပ်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ စစ်အာဏာရှင်တွေက ၀န်လေးနေပါတယ်။ အဲဒီလို အချိန်မှာ တရုတ်အစိုးရရဲ့ လက်နက်ထောက်ပံ့မှုကြောင့် မြန်မာစစ်ဗိုလ်ချုပ်တွေဟာ နိုင်ငံရေး ပြုပြင်ပြောင်း လဲမှုတွေ မလုပ်တော့ဘဲ တိုင်းပြည်ကို စစ်တပ်ပုံစံသွင်းပြီး အုပ်ချုပ်မှုဆီ ဦးတည်လုပ်ဆောင်သွားစေနိုင်တယ် လို့ဆိုတယ်။ တတိယအချက်က တရုတ်ရဲ့ ကျူးကျော်ထိုးဖောက်မှုတွေဟာ ၎င်းရဲ့အိမ်နီးချင်းနိုင်ငံတွေနဲ့ ပဋိ ပက္ခဖြစ်မှုတွေဆီ ဦးတည်စေနိုင်တယ်လို့ ဆိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်အစိုးရအနေနဲ့ မြန်မာစစ်အ စိုးရကို အကာအကွယ်ပေးပြီးဆက်ဆံနေပုံဟာ သူရဲ့အစဉ်အလာ ကြားနေရေးမူဝါဒကို ပစ်ပယ်ရာရောက်တဲ့ အတွက်ကြောင့်လို့ ဆိုပါတယ်။

အဆိုးမြင်ဝါဒီတွေကတော့ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရ သြဇာလွှမ်းမိုးမှု၊ စီးပွားရေးအ ရစိုးမိုးခြယ်လှယ်မှုတွေ တစတစ ကြီးထွားလာနေတာရယ်၊ မြန်မာနိုင်ငံအတွင်းထဲကို တရုတ်လူမျိုးတွေ အခြေ ချနေထိုင်မှု တနေ့တခြား များပြားလာတာတွေရယ်ကြောင့် မြန်မာနိုင်ငံဟာ တရုတ်ရဲ့ကိုလိုနီနယ်တခုဖြစ်လာ လိမ့်မယ်လို့ ယုံကြည်နေပါသတဲ့။

သတိနဲ့ ချင့်ချင့်ချိန်ချိန် စောင့်ကြည့်တဲ့ အကောင်းမြင်သမားတွေကတော့ တရုတ်နိုင်ငံဟာ နူးညံ့ပျော့ပျောင်း တဲ့၊ အိမ်နီးချင်းနိုင်ငံတွေကို ဒုက္ခမပေးတဲ့ အင်အားကြီးနိုင်ငံတခု ဖြစ်လာလိမ့်မယ်။ နောက်ပြီး စစ်မှန်ရိုးသားတဲ့ မိတ်ဆွေဖွဲ့မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့ ကြိုးပမ်းလိမ့်မယ်လို့ ဆိုပါတယ်။

အထက်ပါ ခန့်မှန်းခြေ (၃) မျိုးနဲ့ ချိန်ထိုးစဉ်းစားခြင်းမပြုမီ မြန်မာပြည်မှာ လက်ရှိအမှန်တကယ် ဖြစ်တည်နေ တဲ့ အနေအထားတွေအကြောင်းကို အရင်ဆွေးနွေးကြည့်ချင်ပါတယ်။ ဒီကနေ့ နအဖလက်ထက်မှာ နေထိုင်တဲ့ တရုတ်လူမျိုးတွေကို အမျိုးအစားခွဲကြည့်မယ်ဆိုရင် မြန်မာစကား ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တဲ့ တရုတ် လူမျိုးနဲ့ မြန်မာစကား လုံးဝမပြောတတ်တဲ့ တရုတ်လူမျိုးဆိုပြီး နှစ်မျိုးရှိတယ်လို့ ပြောရမယ်ထင်ပါတယ်။ မြန် မာစကား ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တဲ့ တရုတ်လူမျိုးတွေကတော့ နအဖလက်ထက်မတိုင်ခင်ကတည်း က မြန်မာပြည်မှာ ဘိုးစဉ်ဘောင်ဆက်အနေကြာလာခဲ့ပြီး နောက်မျိုးဆက်တွေဆိုရင် မြန်မာလူမျိုးတွေနဲ့ သွေး နှောလာတဲ့သူတွေတောင် တော်တော်များနေပါပြီ။ ဒီလိုလူမျိုးတွေကတော့ ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း လူ နည်းစုတွေအနေနဲ့ ရှိကြတာဖြစ်ပါတယ်။ နအဖလက်ထက်မှာတော့ နယ်စပ်ကနေ တရားမ၀င် ၀င်ရောက်အ ခြေချနေထိုင်လာတဲ့ မြန်မာစကား လုံးဝမပြောတတ်တဲ့ တရုတ်လူမျိုးတွေ တဖြည်းဖြည်းများများလာပါတယ်။ အထူးသဖြင့် အသိသာအထင်ရှားဆုံးကတော့ မြန်မာနိုင်ငံ အထက်ပိုင်းက ဒုတိယမြို့တော်ဖြစ်တဲ့ မန္တလေးမြို့ မှာဖြစ်ပါတယ်။

မန္တလေးမြို့ရဲ့ အနေအထားဟာ ၁၉၈၈ ခုနှစ် အရေးအခင်းဖြစ်ပြီးနောက်ပိုင်း (န၀တ စစ်အစိုးရ တက်လာပြီး နောက်ပိုင်း) သိသိသာသာပြောင်းလဲလာပါတယ်။ မြို့ရဲ့အချက်အချာကျတဲ့ နေရာအတော်များများကို မြန်မာ စကားမတတ်တဲ့ တရုတ်လူမျိုးတွေက အဆမတန် ဈေးပေးပြီး ၀ယ်ယူကြလို့ စီးပွားရေးနိမ့်ပါးနေတဲ့ မြန်မာအ များစုဟာ တောင့်မခံနိုင်တော့ဘဲ ဘိုးစဉ်ဘောင်ဆက်နေထိုင်ခဲ့တဲ့ နေအိမ်၊ ခြံဝင်းတွေကို ရောင်းချပြီး မြို့သစ် တွေကို ပြောင်းရွှေ့ပြီး အခြေချနေထိုင်ခဲ့ကြရပါတယ်။ အဲဒီလိုနဲ့ မန္တလေးမြို့လယ်ခေါင်ဟာ တစတစ လူစိမ်း တရုတ်အိမ်တွေ၊ ဆိုင်တွေများပြားလာပြီး တရုတ်မြို့လို့တောင် လူတွေက တီးတိုးပြောကြတဲ့ အနေအထားအ ထိဖြစ်လာပါတယ်။ အဲဒီလို လူစိမ်းတရုတ်တွေ တရားမ၀င် ၀င်ရောက်အခြေချနေထိုင်လာတာကိုကြည့်ရင် မြန် မာ-တရုတ်နယ်စပ်ဒေသမှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက အရာရှိတွေ၊ ၀န်ထမ်းတွေဟာ ဘယ်လောက် တောင် လာဘ်စားပြီး လူစိမ်းတရုတ်တွေကို ပေးဝင်နေတယ်ဆိုတာ ထင်းထင်းကြီး မြင်နေရပါတယ်။ ဒါဟာ နယ်စပ်ဒေသက လူဝင်မှုကြီးကြပ်ရေး အရာရှိတွေနဲ့ နအဖစစ်အရာရှိတွေ ပူးပေါင်းရိုက်စားနေတဲ့ ခွင်ကြီးတခု လည်း ဖြစ်နိုင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ မြန်မာနအဖစစ်အစိုးရအနေနဲ့ တရုတ်အစိုးရကို စစ်ရေးအရရော စီးပွားရေးအရပါ အ ကြီးအကျယ် မှီခိုနေရတဲ့အတွက် အခုလို လူစိမ်းတရုတ်တွေ စီးပွားရေးလုပ်ကိုင်ဖို့ တရားမ၀င် ၀င်ရောက်လာ တာကို တားဆီးနိုင်တဲ့ အင်အားမရှိတော့တာဖြစ်တယ်။ တားဆီးနိုင်စွမ်း မရှိတော့တဲ့ အတူတူ ၀င်လာတဲ့ တ ရုတ်တွေဆီက ရသလောက်ယူမယ်ဆိုတဲ့သဘောနဲ့ နအဖ စစ်ခေါင်းဆောင်တွေက မသိကျိုးကျွံပြုပြီး လူဝင်မှု ကြီးကြပ်ရေးဌာနကို ငွေမတန်တဆ တောင်းခိုင်းကာ တရားမ၀င် အခြေချခွင့်ပေးပုံပေါ်တယ်။ နအဖလက် ထက်မှာ လူစိမ်းတရုတ်တွေကို တရားမ၀င် အခြေချနေထိုင်ခွင့်ပေးပြီး ရတဲ့လာဘ်ငွေနဲ့ ချမ်းသာကုန်တဲ့ စစ် တိုင်းမှူးတွေ တော်တော်များများ ရှိပါတယ်။ အထူးသဖြင့် တရုတ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဒေသမှာ တာ ၀န်ယူရတဲ့ စစ်တိုင်းမှူးတွေ ဖြစ်ပါတယ်။

မန္တလေးမြို့ကို လူစိမ်းတရုတ်တွေ တစတစ ၀ါးမြိုလာတာကို သတိထားစိုးရိမ်မိတဲ့ မန္တလေးမြို့ခံ စာရေးဆရာ တွေက ‘၀သုနြေ္ဒလက်ရေးနဲ့ အခြားဝတ္ထုတိုများ’ ဆိုတဲ့ ၀တ္ထုတိုပေါင်းချုပ် စာအုပ်ထုတ်ဝေပြီး တပ်လှန့်သ တိပေးခဲ့ပါသေးတယ်။ အခုအခါမှာတော့ မန္တလေးမြို့မှာတင်မကတော့ဘဲ အောက်မြန်မာပြည်မှာရှိတဲ့ မြို့ကြီး တွေကို ဦးတည်အခြေချလာနေပါပြီ။ ရန်ကုန်မြို့ပေါ်မှာလည်း အိမ်တွေ၊ ခြံတွေကို အဆမတန်ပေးပြီး ၀ယ်ယူမှု တွေ ၂၀၀၀ပြည့်နှစ်တ၀ိုက်မှာ အထူးများပြားလာပါတယ်။ အခုအချိန်မှာဆိုရင် မန္တလေးမြို့က လူစိမ်းတရုတ် တွေ လုပ်ကိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အလုပ်ရချင်တဲ့ သူတွေဆိုရင် တရုတ်စကားကို မဖြစ်မနေ ပြော တတ်ရမယ့် အနေအထားကို ရောက်နေပြီလို့ဆိုပါတယ်။ ဒါဟာ မြန်မာပြည်ကို လူစိမ်းတရုတ်တွေ တမဟုတ် ချင်း ၀ါးမြိုတာကိုပြတဲ့ လက္ခဏာပဲလို့ အမျိုးသားရေးအတွက် စိုးရိမ်ပူပန်စိတ်ကြီးသူတွေက ဆိုပါတယ်။

နောက်တချက်က နအဖစစ်အုပ်စုအနေနဲ့ နိုင်ငံတကာရဲ့ဖိအားကို အန်တုဖို့အတွက် တရုတ်အစိုးရကို မျက်စိစုံ မှိတ် အားကိုးနေရတဲ့ အခြေအနေမှာ လူစိမ်းတရုတ်တွေ တစတစ ကျူးကျော် အခြေချလာတာကို တားဆီးဖို့ ခက်ခဲလိမ့်ဦးမယ်လို့ နိုင်ငံရေးလေ့လာသူတွေကဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နအဖကိုယ်တိုင်က အခုလို ကျူးကျော်အခြေချလာတဲ့ လုပ်ရပ်မှာ အလိုတူအလိုပါ ဖြစ်နေလို့ပဲလို့ဆိုတယ်။ အခုဆိုရင် နအဖစစ်အစိုးရအ နေနဲ့ တရုတ်ကို သဘာဝဓာတ်ငွေ့တွေရောင်းဖို့ စာချုပ်လိုက်တာရယ်၊ အိန္ဒိယသမုဒ္ဒရာကို စစ်မဟာဗျူဟာအရ တရုတ်က စိုးမိုးနိုင်ဖို့အတွက် မြန်မာနိုင်ငံမှာ ရေတပ်စစ်စခန်းတွေ တည်ဆောက်ဖို့ ဟိုင်းကြီးကျွန်းဘက်မှာ တိတ်တဆိတ် လုပ်ကိုင်ခွင့် ပြုနေတာရယ် … စတဲ့ စစ်ရေး၊ စီးပွားရေးအရ တရုတ်အစိုးရကို အမှီသဟဲ ပြုနေ တာတွေကြောင့် လူစိမ်းတရုတ်တွေ အခြေချလာနေမှုကို နအဖက တားဆီးနိုင်မှာ မဟုတ်ဘူးလို့ နိုင်ငံရေး အ ကဲခတ်သူတွေက သုံးသပ်နေကြပါတယ်။

အဲဒီလို မြန်မာနိုင်ငံအတွင်း အခြေချနေထိုင်မှု များပြားလာတဲ့ တရုတ်လူမျိုးတွေအတွက် တရုတ်အစိုးရ ကိုယ် တိုင်ကလည်း စိုးရိမ်ပူပန်မှု ဖြစ်ပေါ်နေပုံရပါတယ်။ ဘာကြောင့်လဲဆိုတော့ ၁၉၆၇ ခုနှစ်က ဖြစ်ပေါ်ခဲ့ဖူးတဲ့ တ ရုတ်-မြန်မာအရေးအခင်း သမိုင်းကြောင်းကြောင့်ပါပဲ။ အခုလည်း နိုင်ငံရေးအရ ထွက်ပေါက်ပိတ်နေတဲ့ မြန်မာ စစ်အစိုးရအနေနဲ့ ပြည်သူလူထုရဲ့ ဒေါသကို လမ်းကြောင်းလွှဲပေးဖို့အတွက် တရုတ်-မြန်မာအရေးအခင်းမျိုး ထပ်မံဖန်တီးမှာကို တရုတ်အစိုးရက စိုးရိမ်ပူပန်နေတာပဲဖြစ်ပါတယ်။ အဲဒါကြောင့်မို့ အခုနောက်ဆုံး နအဖ၀န် ကြီးချုပ် တရုတ်ပြည်ကိုသွားတဲ့ ခရီးစဉ်မှာ တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်က မြန်မာစစ်အစိုးရအနေနဲ့ မြန် မာနိုင်ငံမှာရှိတဲ့ တရုတ်လူမျိုးတွေအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံဖို့ လူသိရှင်ကြား သတိပေးခဲ့ပုံ ပေါ်ပါ တယ်။

နောက်ပြီး အတည်ပြုချက်မရသေးတဲ့ နောက်ဆုံးသတင်းတွေအရ ကြပ်ပြေးကို ပြောင်းသွားလို့ ရန်ကုန်မြို့မှာ အခွံချည်းကျန်ခဲ့တဲ့ အစိုးရရုံးအဆောက်အဦတွေကို တရုတ်စီးပွားရေးလုပ်ငန်ရှင်တွေက ၀ယ်ယူတော့မယ်ဆို တဲ့ အသံတွေလည်း ပျံ့လွင့်နေပါတယ်။ အဲဒီသတင်းတွေသာ မှန်ကန်ခဲ့ရင် တရုတ်-မြန်မာ ဆက်ဆံရေးရဲ့ ရှေ့ အလားအလာဟာ စိုးရိမ်ဖွယ်ရာအနေအထား ဖြစ်လာနိုင်တယ်လို့ အမျိုးသားရေးကို ရှေ့တန်းတင် စဉ်းစားတဲ့ မြန်မာ့နိုင်ငံရေးသုံးသပ်သူတွေက ဆိုပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အဲဒီလို ရောင်းချမယ်လို့ သတင်းထွက်ပေါ်နေတဲ့ အဆောက်အဦးတွေထဲမှာ သမိုင်းအ စဉ်အလာကြီးမားတဲ့ အဆောက်အဦးတွေ၊ အမျိုးသားရေးလက္ခဏာတွေ ပြည့်လျှမ်းနေတဲ့ အဆောက်အဦး တွေ ပါဝင်နေတဲ့အတွက် တကယ်လို့သာ နအဖစစ်အစိုးရက ရောင်းချခဲ့ရိုးမှန်ရင် ၀ယ်ယူတဲ့ တရုတ်စီးပွားရေး လုပ်ငန်းရှင်တွေဟာ နောင်တချိန်မှာ မြန်မာလူထုရဲ့ဒေါသနဲ့ အကြီးအကျယ် ရင်ဆိုင်ရနိုင်တယ်လို့ အဆိုပါ အ ကဲခတ်တွေက သုံးသပ်ကြပါတယ်။ အဲဒီလိုဝယ်ယူမှုတွေဟာ တရုတ်အစိုးရအနေနဲ့ ရန်ကုန်မြို့ကို စီးပွားရေးနဲ့ စစ်ရေးအရ မဟာဗျူဟာကျတဲ့ ဆိမ်းကမ်းမြို့တမြို့အဖြစ် မလိမ့်တပတ်လုပ်ပြီး တည်ဆောက်ချင်လို့လားဆို တဲ့ သုံးသပ်မှုတွေလည်း ထွက်ပေါ်လာနေပါတယ်။ အဲဒီသုံးသပ်မှုတွေအတိုင်း မှန်ကန်တယ်ဆိုရင် နအဖကို ကြပ်ပြေးပြောင်းခိုင်းတဲ့အထဲမှာ တရုတ်အစိုးရရဲ့စနက်လည်း ပါနိုင်တယ်လို့ သုံးသပ်လာပြန်ပါတယ်။

မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့လည်း တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီအသွင်ကူးပြောင်း စေချင်သလား၊ မကူးပြောင်းစေချင်ဘူးလားဆိုတဲ့ မေးခွန်းတွေအပေါ် ခန့်မှန်းချက်တွေ အမျိုးမျိုး ထွက်ပေါ်နေ ပါတယ်။ ပထမတမျိုးကတော့ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပြီးမှာ မဲအပြတ် အသတ်နဲ့အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပထမဦးဆုံးလာရောက်ပြီး အသိအမှတ်ပြု နှုတ်ဆက် တာဟာ တရုတ်သံအမတ်ဖြစ်တဲ့အတွက် တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီအစိုးရဖြစ်မှာကို စိုး ရိမ်ပူပန်တဲ့ပုံမပေါ်ဘူးလို့ ဆိုပါတယ်။ တက်လာတဲ့အစိုးရနဲ့သာ အဆင်ပြေအောင် ဆက်ဆံပြီး ကိုယ်ကျိုးစီးပွား ရှာဖို့ လက်ဦးမှုရယူလို့တဲ့ အနေအထားနဲ့သာ နေလိုတာလို့ ဆိုပါတယ်။ အဲဒီအတွက် တရုတ်အစိုးရဟာ မြန်မာ ပြည် ဒီမိုကရေစီရရှိရေးအတွက် ကန့်ကွက်မှာမဟုတ်သလို အားပေးအားမြှောက်ပြုမှာလည်း မဟုတ်ဘူးလို့ဆို ပါတယ်။ အခုမြန်မာစစ်အစိုးရနဲ့ နီးနီးကပ်ကပ်ဆက်ဆံနေတာလည်း စစ်အစိုးရကို ကျားကန်ပေးချင်တာထက် ကိုယ်ကျိုးစီးပွားအတွက် လက်ဦးမှုရယူထားချင်လို့ ဖြစ်တယ်လို့ဆိုပါတယ်။ ဒါမှလည်း နောင်ဒီမိုကရေစီအစိုးရ တက်လာတဲ့အခါမှာ တရုတ်ရဲ့ အကျိုးစီးပွားအတွက် စိုးရိမ်စရာမလိုတဲ့ အနေအထားကို ရနိုင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

ဒုတိယ ခန့်မှန်းချက်ကတော့ တရုတ်အစိုးရဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် ပြောင်းလဲမှာကို လုံးဝ မလိုလားဘူးလို့ သုံးသပ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံအဖြစ် ပြောင်းလဲ သွားမယ်ဆိုရင် အမေရိကန်နဲ့ အနောက်အုပ်စုနိုင်ငံတွေကို နီးနီးကပ်ကပ် ဆက်ဆံလာဖို့ များတဲ့အတွက် တ ရုတ်ရဲ့ ကိုယ်ကျိုးစီးပွားအတွက်ရော လုံခြုံရေးအတွက်ပါ စိုးရိမ်ရတဲ့ အနေအထားကို ရောက်လာနိုင်တဲ့ အ တွက်ကြောင့်လို့ ဆိုပါ တယ်။ အဲဒါကြောင့်မို့ အခုကတည်းက တရုတ်အစိုးရဟာ သူ့ရဲ့ တောင်ဘက်ခြံစည်းရိုး ကို လုံခြုံအောင် ကာဖို့အတွက် မြန်မာပြည် ဒီမိုကရေစီပြောင်းလဲရေးကို မျက်ကွယ်ပြုပြီး နအဖစစ်အစိုးရနဲ့ နီး နီးကပ်ကပ် ဆက်ဆံလုပ်ဆောင်နေတာလို့လည်း သုံးသပ်နေကြပါတယ်။

အချုပ်အားဖြင့် ဆိုရရင်တော့ တပ်လှန့်ရေးသမားရယ်၊ အဆိုးမြင်ဝါဒီရယ်၊ အကောင်းမြင်သမားတွေရယ် တ မျိုးစီ ခန့်မှန်းနေကြတဲ့ မြန်မာ-တရုတ်ဆက်ဆံရေးရဲ့ ရှေ့အလားအလာတွေထဲမှာ ဘယ်ဟာကိုမှ ဖြစ်လာမယ် ဖြစ်မလာဘူးလို့ ယတိပြတ်ပြောလို့ မရတာကတော့ သေချာပါတယ်။ အဲဒီအတွက် အနာဂတ် မြန်မာ့နိုင်ငံရေး မှာထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ဖို့ စိတ်စေတနာကောင်း မွေးမြူနေသူတွေအနေနဲ့ ပစ္စက္ခဖြစ်တည်နေတဲ့ အ နေအထားတွေအားလုံးကို အပြန်ပြန် အလှန်လှန် သုံးသပ်ပြီး လိမ္မာပါးနပ်စွာ ကိုင်တွယ်ဆောင်ရွက်နိုင်ရေးအ တွက် ပြင်ဆင်ထားဖို့ လိုမယ်လို့ ထင်ပါတယ်။ အဲသလို စဉ်းစားပြင်ဆင် ထားရမှာတွေထဲမှာ နအဖစစ်အစိုးရ အနေနဲ့ တရုတ်နဲ့ဆက်ဆံရေးမှာ တပ်လှန့်ရေးသမားတွေ ခန့်မှန်းသလို မီးနဲ့ကစားတဲ့ အနေအထားမျိုးဖြစ်လာ ခဲ့ရင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ ကိစ္စနဲ့ အဲဒီလို အခြေအနေမျိုး မရောက်အောင် နအဖလက်ထဲက အာဏာကို အမြန်ဆုံးလွှဲပြောင်းရယူနိုင်ဖို့ ဘယ်လိုနည်းနဲ့ ဆောင်ရွက်ကြမလဲဆိုတဲ့ ကိစ္စတွေဟာ ထိပ်တန်းဦးစားပေး စဉ်း စားရမယ့် ကိစ္စတွေအဖြစ် ထင်မြင်မိကြောင်း ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

ဒေါက်တာလွဏ်းဆွေ

ကိုးကား - Poon Kim Shee ရဲ့ Myanmar - China Relations မှ အချက်အလက်အချို့ကို အခြေခံပြီး ရေးသား ပါတယ်။
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာမှ ...)

No comments: