Friday, December 11, 2009

အမတ်သစ်များ၊ အမတ်ဟောင်းများနှင့် ဤလောက

အမတ်သစ်များ၊ အမတ်ဟောင်းများနှင့် ဤလောက
စိုင်းအိမ်မွဲ

အချိန်ကား ၂၀၁၁ ခုနှစ်။ စစ်အစိုးရပြုလုပ်ပေးခဲ့သော၂၀၁၀ ရွေးကောက်ပွဲကြီး ပြီးဆုံး၍ တနှစ်အကြာကာလ။

လွှတ်တော်အတွင်းနှင့် လွှတ်တော်ပြင်ပတွင် အတော်များများသော အမတ်မင်းများ တိုးတိုးတဖုံ ကျယ်ကျယ် တမျိုး ကြွက်စီကြွက်စီ ဖြစ်နေကြသည်။ လွှတ်တော်အတွင်း အရပ်သားအမတ်မင်းများ၏ တင်ပြချက်များ မ ကြာခဏ ပယ်ချခံနေရ၍ ဖြစ်သည်။

၂၀၀၈ အခြေခံဥပဒေစည်းမျဉ်းအရ တိုက်ရိုက်ခန့်ထားခံရသော စစ်ဗိုလ်အမတ်များ၊ စစ်အစိုးရစီမံချက်ဖြင့် ယူ နီဖေါင်းမှ အရပ်ဝတ်လဲ၍ အမတ်ဖြစ်လာသူများ၊ အမတ်ဖြစ်ချင်လွန်း၍ စစ်တပ်၏ အကူအညီ အကြံအဖန်ဖြင့် အရပ်သားဘ၀မှ အမတ်ဖြစ်လာသူများ၊ ပညာရှင်များပါဝင်သော တတိယလှိုင်းဟုဆိုသောအုပ်စုမှ စစ်တပ်ဖြင့် လက်ဝါးရိုက်ပေး၍ အမတ်တဖြစ်လဲ သွင်းကုန်ထုတ်ကုန် ကုန်သည်ကြီးများ၊ ကံကောင်းထောက်မ၍ အရပ် သားဘ၀မှ အမတ်ဖြစ်လာပြီးနောက် စစ်တပ်က အခွင့်အရေးများပေးကာ ၀ယ်ထားသောကြောင့် စစ်တပ်ကို မလွန်ဆန်နိုင်သော အမတ်များ၊ နည်းနည်းလှုပ်ရင် နည်းနည်းဝေဖန်ရင် စစ်တပ်က ဖမ်း၍ထောင်ချမလားဟု ယုန်သူငယ်လို ကြောက်နေရှာသော အမတ်မင်းများ ... အစရှိသူတို့က လွှတ်တော်တွင် အင်အားကောင်းနေ သည်။ ဤအစုကို လူတွေက “ကြောက်စိမ်း” အုပ်စုဟု ကွယ်ရာတွင် ခေါ်ကြသည်။ ထိုအမတ်များ ကျောက်စိမ်း အရောင်းအ၀ယ်လုပ်သောကြောင့်ဟု မထင်ပါနှင့်။ ရှင်းပါအံ့။ စစ်တပ်ကို ကြောက်ရသူ အရပ်သား အမတ်များ နှင့် အစိမ်းရောင် ယူနီဖောင်းဝတ် စစ်ဗိုလ်အမတ်များ ပေါင်းစုထားသော အုပ်စုဖြစ်နေသောကြောင့် “ကြောက် စိမ်း” အုပ်စုဟု ခေါ်ကြခြင်းဖြစ်သည်။ ကြောက်စိမ်းအုပ်စုသည် လွှတ်တော်ထဲတွင် အင်အားအကောင်းဆုံးအုပ် စုဖြစ်သည်။

နောက်အုပ်စုတခုကတော့ စစ်တပ်နှင့် မည်သို့မျှမပတ်သက်သော အရပ်သားစစ်စစ် အမတ်များဖြစ်သည်။ စစ် တပ်ကို မကြိုက်သော်လည်း နိုင်ငံရေးဆိုင်းသံဗုံသံ ကြားပါက ကချင်နေသော နိုင်ငံရေးလက်ဟောင်းကြီးတွေ လည်း အမတ်များ ဖြစ်လာခဲ့သည်။ ထို့အပြင် အရပ်သားများ အမတ်ဝင်မရွေးပါက စစ်တပ်ကလူတွေချည်းပဲ နေရာယူကုန်မည်ကို အလွန်အမင်းစိုးရိမ်၍ ရွေးကောက်ပွဲဝင်ရင်း အမတ်ဖြစ်လာသူများကလည်း မနည်း။ တ ချို့ကတော့ စည်းဝိုင်းအတွင်းမှာ နေရာရအောင်ယူထား၊ ၂၀၀၈ အခြေခံဥပဒေကို နောင်မှာ တဖြည်းဖြည်း ချင်း ပြန်ပြင်ယူမည်ဆိုသော အဆိုပြုချက်များဖြင့် အမတ်ဖြစ်လာသူများဖြစ်သည်။ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ဝင်ဟောင်းများနှင့် လက်နက်မကိုင်ခဲ့သော တိုင်းရင်းသားအုပ်စုများလည်း ထိုနည်းနှင်နှင်ဖြင့် အရပ် သားပါတီများဖွဲ့ကာ အထွေထွေနိမ့်ကျနေသော ၎င်းတို့၏ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးရေးအတွက် လုပ် ဆောင်အံ့ဟု ရည်ရွယ်ချက်ဖြင့် ကြွေးကြော်ရင်း ရွေးကောက်ပွဲမှတဆင့် လွှတ်တော်အတွင်း အမတ်များဖြစ် လာကြသည်။ အချို့သော လူအနည်းစုကတော့ ခေါင်းပေါင်းစ တကားကားနှင့် အမတ်အရသာကို မြည်းစမ်းလို ၍ အမတ်ဖြစ်လာသူတွေဖြစ်သည်။ ဘာရေးညာရေး နားလည်လို့တော့မဟုတ်။ ဤအုပ်စုကို လူအများက “ရပ် မွှေ” အုပ်စုဟု ခေါ်ကြသည်။ မတ်တပ်ရပ်ရင်း တခုခုကို မွှေနေသည်ဟု အထင်မမှားပါနှင့်။ ကိုယ့်တွက်ကိန်းနှင့် ကိုယ် မတူသော အကျိုးစီးပွားရည်ရွယ်ချက် ရည်မှန်းချက်နှင့် စိတ်ကူးစိတ်သန်း မျိုးစုံရှိသော အရပ်သားအ မတ်များ အသုတ်စုံလို ရောသမမွှေကာ ပေါင်းစုထားသည်ဖြစ်၍ “ရပ်မွှေ” အုပ်စုဟု ခေါ်ကြခြင်း ဖြစ်သည်။ ရပ် မွှေတို့ကား အင်အား အတန်အသင့်ရှိသော်လည်း ကြောက်စိမ်းများ၏ အင်အားကို မကျော်နိုင်။

တတိယမြောက် အမတ်အုပ်စုမှာတော့ အမတ်အရေအတွက်က လောက်လောက်လားလား မရှိ။ နှစ်ဆယ် တောင် မပြည့်တတ်။ သူတို့ကတော့ သိပ်ပြီး အာမချောင်လှ။ သူတို့လုပ်တာ လူအများသိမှာကိုလည်း စိုးရိမ် ဟန်ရှိသည်။ ထိုကြောင့် သွားတာလာတာ ပြောတာကအစ ကုတ်ချောင်းချောင်း နိုင်လှသည်။ ကုတ်ချောင်း ချောင်းဆိုသော်လည်း သူတို့တွင် ကြီးမားသော နိုင်ငံရေးဝှက်ဖဲများ ရှိလေဟန်နှင့် ကြုံရင်ကြုံသလို နှစ်ကိုယ် ကြား ရှင်းပြလေ့ရှိသည်။ ထိုသူများ အမတ်ဖြစ်လာပုံက ဒီလို။ နိုင်ငံခြားအလှူရှင်များ၏ ငွေကြေးထောက်ပံ့မှု နှင့် ပြည်ပတွင် အခြေစိုက်သော မြန်မာအပါအ၀င် တိုင်းရင်းသားအဖွဲ့အစည်းများက သူတို့ကိုကြိတ်၍ ပံ့ပိုးပေး နေသည်။ ထိုငွေများကိုသုံး၍ ရွေးကောက်ပွဲ ၀င်ပြိုင်ရင်း အမတ်ဖြစ်လာသူများ ဖြစ်သည်။ ပြည်ပရောက် အဖွဲ့ အစည်းများထံမှ ငွေကြေးအထောက်အပံ့ ယူနေခြင်းသည် ဥပဒေအရ တရားမ၀င်သောကြောင့် လျှို့ဝှက်ရေး မူအရ လူသူမရိပ်မိရန် ခပ်ကုပ်ကုပ်နေကြခြင်းလည်း ဖြစ်တန်ရာသည်။ ပြည်ပရောက်လူများကလည်း သူတို့ ကိုယ်တိုင် မြန်မာပြည်ပြန်၍ ရွေးကောက်ပွဲဝင်ချင်သည်မှာ နန့်နန့်တက်နေသော်လည်း အကြောင်းကြောင်း ကြောင့် မဖြစ်နိုင်။ ထို့ကြောင့် အထဲကလူများကို ငွေပေး၍ ပါတီထောင်ခိုင်းကာ သူတို့ကိုယ်စား အမတ်ဝင်ရွေး ခိုင်းခြင်းဖြစ်သည်။ ထိုသို့ ပြည်ပရောက် အဖွဲ့အစည်းများနှင့် ဆက်သွယ်လုပ်ကိုင်၍ ငွေလက်ခံယူနေသည်မှာ ပိပိရိရိ ရှိသောကြောင့် သူတို့လုပ်နေသည်ကို ဘယ်သူမှမရိပ်မိဟုလည်း ထိုအမတ်များက အထင်ရှိနေသည်။ သို့သော် ထိုအမတ်အုပ်စုကလေးကို လူအများက နောက်ကွယ်တွင် “ပရောက်ဆီ” အုပ်စုဟု ခေါ်ကြသည်။ ဤ စကားကိုကြည့်၍ မြန်မာနိုင်ငံသားတို့ ကွန်ပြူတာကို ဒိုးလိုမွှေရေလိုနှောက်အောင် သုံးတတ်နေကြပြီဆိုတာ တွက်နိုင်သည်။

လွှတ်တော်ကြီးသည် သက်တမ်းတနှစ် ရှိပြီဖြစ်သော်လည်း ရပ်မွှေနှင့် ပရောက်ဆီ အရပ်သားအမတ်များဘက် မှ အဆိုတခုခု တင်လိုက်တိုင်း ကြောက်စိမ်းအုပ်စုမှ စက္ကန့်ပင်မခြား ပယ်ချလေ့ရှိသည်။ ကြာလာတော့ ရပ်မွှေ နှင့် ပရောက်ဆီ အမတ်များအတွင်း စိတ်ဓာတ်ကျသူကျ၊ အားငယ်သူငယ်၊ ဒေါသထွက်သူထွက် ဖြစ်လာကြ သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသော အချက်များကို ပြင်ဆင်ဖို့အသာထား လွန်ခဲ့သည့် ခြောက်လက လူထုကျန်းမာရေး စောင့်ရှောက်မှုအတွက် ဘတ်ဂျက်တိုးဖို့ ပြောတာကိုပင် ပယ်ချခံရသည်။ ကြောက်စိမ်းအုပ် စု အဆိုက ခေတ်မီနိုင်ငံတော်ကြီးတွင် ခေတ်မီလက်နက်များ ထပ်မံဝယ်ယူဖို့လိုသည်ဟု အကြောင်းပြသည်။ အိမ်နီးချင်းနိုင်ငံများ အကျင့်မကောင်းတာကြောင့် ဒီလိုစဉ်းစားရတာလည်း ဖြစ်သည်ဟု လက်ညှိုးထိုးပြကြ သည်။ ကျန်းမာရေးဆိုသည်မှာ လူတွေကိုယ်တိုင်က ဆရာဝန်တွေပြောတာကို မလိုက်နာ၍ဖြစ်သည်။ အိမ်သာ တက်ပြီးတိုင်း လက်ဆေးရမည်ဆိုသည့် ကိစ္စတွေအထိပါ လွှတ်တော်ကနေ လိုက်၍ပြောမနေနိုင်။ သင်းတို့ ထိုက်နဲ့ သင်းတို့ကံ ထားလိုက်တော့ဟု ဆိုသည်။

ပညာရေးအဆင့်အတန်း မြင့်မားဖို့ ဘတ်ဂျက်တိုးပေးရန် တောင်းဆိုစဉ်ကလည်း ထိုကိစ္စအတွက် လွှတ်တော် အတွင်း မဲခွဲရာ ကြောက်စိမ်းအုပ်စုက မထောက်ခံသောကြောင့် ရပ်မွှေတို့၊ ပရောက်ဆီတို့ အရှုံးကြီး ရှုံးခဲ့ရ သည်။ကြောက်စိမ်းတို့ အဆိုအရ စက်မှုနိုင်ငံတော်ကြီး ထူထောင်နေစဉ်အတွင်း ဘတ်ဂျက်ငွေများကို စက်မှု လုပ်ငန်းများအတွက်သာ ပုံအော၍ သုံးရမည်ဟူ၍ဖစ်သည်။ ရပ်မွှေတို့၊ ပရောက်ဆီတို့သည် ရေရှည်အမြင်မ ရှိဟုပင် လွှတ်တော်တွင်း အတီးခံလိုက်ရသည်။ သတင်းစာများကလည်း ကြောက်စိမ်းတို့ အယူအဆမှန်ကန် ကြောင်း ထောက်ခံရေးသားကြသည်။

ဒီကြားထဲမှာ အမတ်ချင်းအတူတူ ခွဲခြားခံရတာတွေကလည်း ရှိနေသေးသည်။ ကြောက်စိမ်းအုပ်စုဝင် အမတ် များအတွက် တဦးလျှင် မော်တော်ကားအသစ် တစီးစီ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးသည်။ ခေတ်မီ တိုက်ခန်းတခန်းစီလည်း အရစ်ကျစနစ်ဖြင့် ရောင်းပေးနေသည်။ သို့သော် ရပ်မွှေအမတ်များကြတော့ တပတ် ရစ်ကားများကို ဈေးကြီးကြီးနှင့် ရောင်းချပေးသည်။ ပရောက်ဆီအမတ်တဦး ဖြစ်ပုံကိုလည်းပြောရဦးမည်။ တ ပတ်ရစ်ကား သွားဝယ်ရာတွင် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ကားဝယ်သည့်ငွေ ဘယ်ကရသနည်း၊ တရား ၀င်ငွေဟုတ်ရဲ့လား၊ နိုင်ငံခြားမှ တိတ်တဆိတ် လက်ဝေခံယူထားသော ငွေလား ဘာလားညာလား စစ်ဆေး သောကြောင့် တပတ်ရစ်ကားပင် မ၀ယ်ရဲတော့ဘဲ တပ်ခေါက်လာခဲ့ရသည်။ ရပ်မွှေနှင့် ပရောက်ဆီများအ တွက် ခေတ်မီတိုက်ခန်းများ ရောင်းချပေးဖို့ လွှတ်တော်တွင် တောင်းဆိုရာ ဆောက်နေဆဲဖြစ်ကြောင်း ဆောက်လုပ်ပြီးစီးပါက ရောင်းချပေးမည်ဖြစ်ကြောင်း ပျားရည်နှင့်ဝမ်းချလိုက်သည်။

နိုင်ငံခြားလေ့လာရေးခရီးစဉ်များ၊ ကွန်ဖရင့်များသို့ သွားရာတွင်လည်း ကြောက်စိမ်းတို့ဘက်ကသာ ပို၍ အ သွားများသည်။ ရပ်မွှေတို့၊ ပရောက်ဆီတို့ဖက်မှ ဤတနှစ်အတွင်း နိုင်ငံခြားရောက်ဖူးသူ အမတ်ဆို၍ နှစ်ဦး လောက်သာရှိသည်။ ထို့အတွက်လည်း ရပ်မွှေတို့ ပရောက်ဆီတို့ ခံစားချက်မကောင်း။

ရပ်မွှေနှင့် ပရောက်ဆီ အမတ်များမှာ လွှတ်တော်တွင်းမှာလည်း ဘာမှမပြောနိုင်၊ လွှတ်တော်ပြင်ပတွင်လည်း ဘာမှ မယ်မယ်ရရ မလုပ်နိုင်၊ ဒီကြားထဲ အမတ်ချင်းအတူတူ အခွင့်အရေးကမရ၊ ကြာတော့ အမတ်ခွေးဝင်စား များလို ဖြစ်လာတော့သည်။ ဒါ့အပြင် ပရောက်ဆီများအတွက် နောက်ထပ် ရတက်မအေးစရာတခု ဖြစ်လာပြန် သည်။ စစ်ထောက်လှမ်းရေးများက နိုင်ငံခြားမှငွေလက်ခံယူနေသည့် အမတ်များကို ဖမ်းတော့ဆီးတော့မည်ဟု သတင်းဖြစ်လာသည်။ ပရောက်ဆီအမတ်များ ထောင်ကျမှာကို စိုးရိမ်သည်။ ကိုယ်ချင်းစာပါသည် ဘယ်သူက ထောင်ထဲနေချင်ပါ့မလဲ။ ဟုတ်မလားလို့ အမတ်ဝင်ရွေးခံတာ ထောင်နန်းစံရမည်ဆိုတော့ မကိုက်လှ။

နောက်ဆုံးတော့ နံမည်ထွက်နေသည့် ပရောက်ဆီအမတ်တချို့ နယ်စပ်ထွက်ဖို့ ဆုံးဖြတ်လိုက်ကြသည်။ ကြောက်စိမ်းတို့ ဗိုလ်ကျနေသည်ကို မခံနိုင်တော့သော ရပ်မွှေအမတ်တချို့ကလည်း နယ်စပ်သို့ အတူလိုက် မည်ဟု ဆိုလာသည်။ သို့နှင့် ပရောက်ဆီတို့လည်း သူတို့ငွေယူနေသော ပြည်ပအဖွဲ့များကို ဆက်သွယ်၍ အ ကျိုးအကြောင်းတင်ပြရသည်။ ဟိုကအဖွဲ့အစည်းများက တတ်နိုင်သလောက် အထဲမှာရပ်ခံပါဦးဟု အကြောင်း ပြန်သည်။ ပရောက်ဆီတို့ ဘာလုပ်ရမည်နည်း။ အကြံအိုက်နေသည်။

နောက်ဆုံးတွင် ဂယ်ပေါက်တခု တွေ့လာသည်။ တခြားမဟုတ် လွန်ခဲ့သော နှစ်ဆယ့်တနှစ်က ပြည်ပသို့ ထွက် ပြေးတိမ်းရှောင်သွားသော အမတ်များနှင့်ဖွဲ့ထားသည့် အဝေးရောက်ညွန့်ပေါင်းအစိုးရဆိုတာနှင့်ဆက်မိသည်။ သို့သော် အဝေးရောက်အစိုးရကိုယ်တိုင်က အားမရှိ။ ထို့ကြောင့် ပရောက်ဆီများကို ဤသို့အကြောင်းပြန်ကြား သည်။ လေးငါးယောက်နဲ့တော့ ထွက်မလာပါနဲ့ဟုဆိုသည်။ လာခြင်းလာ အမတ်နှစ်ဆယ်အစိတ်လောက်တော့ လာမှ ဖြစ်မည်ဟုဆိုသည်။ အကြောင်းပြချက်ကတော့ အမတ်များများထွက်လာမှ ကြောက်စိမ်းတို့အုပ်စု ဘယ် လောက် ဖိနှိပ်နေသည်ဆိုသည်ကို နိုင်ငံတကာက ပို၍သတိထားမိမည်။ ထို့အတွက် နှစ်ဆယ်အစိတ်မှ မရှိရင် မလာပါနဲ့ဦးဟု ပြောခြင်းဖြစ်သည်။

အဝေးရောက်အစိုးရဘက်မှ ကြည့်ပါက အဆိုးမဆိုသာ။ နိုင်ငံခြားအလှူရှင်တွေကို ပြဖို့ အမတ်ဦးရေများများ လိုသည်မဟုတ်လော။ ရွေးကောက်ပွဲကြီးဖြစ်၍ အစိုးရအသစ် ပေါ်ပေါက်လာသော်လည်း မြန်မာပြည်တွင် ဖိ နှိပ်မှုများ အားကြီးနေဆဲဖြစ်သည်ကို လက်ဆုပ်လက်ကိုင်ပြဖို့လိုသည်ကိုး။ သို့သော် ပြည်တွင်းက အမတ်အ သစ်စက်စက်များ နယ်စပ်ထွက်လာတော့မည့် ကိစ္စနှင့်ပတ်သက်၍ နိုင်ငံခြားအလှူရှင်များထံသို့ ပရောဂျက် များတစောင်ပြီးတစောင် အမြန်တင်လိုက်သည်။ ဟုတ်သည်။ ငွေမရှိပါက ထွက်လာသော ထိုအမတ်အုပ်ကြီး ကို မည်သို့ ကျွေးမွေးထားမည်နည်း။

တကယ်တန်း နယ်စပ်သို့ ထွက်လာသောအခါ အမတ်ဦးရေသည် ထင်ထားသည်ထက်ပင် များနေသည်။ အ မတ်ဦးရေ ငါးဆယ်ကျော် တပြိုင်နက်ထွက်လာခြင်းကြောင့် ဖြစ်သည်။ နောက်ထပ်လည်း လာဦးမည်တဲ့။ ထင် ထာထက် အမတ်ဦးရေများနေသောကြောင့် အဝေးရောက်အစိုးရအနေဖြင့် ကမန်းကတန်း အရေးပေါ် ပရော ဂျက်များ ထပ်၍တင်ရသည်။ တော်နေ ဆင့်ပါးစပ်နှမ်းပက် ဖြစ်နေမှအခက်ကိုး။

ဇတ်ပေါင်းသောအခါ ဤသို့ဖြစ်လာသည်။ ထွက်လာသော အမတ်ငါးဆယ်ကျော်အနက် အဝေးရောက်အစိုးရ နှင့် လက်တွဲလုပ်ရန် သုံးလေးဦးသာရှိသည်။ အများစုက တတိယနိုင်ငံသို့ သွားမည်ဟုသာ ယတိပြတ်ပြောကြ သည်။ တခြားတော့မဟုတ် အဝေးရောက်အစိုးရတွင် ပါမည်ဆိုပါက ထိုင်းနိုင်ငံတွင်သာ နေရမည်။ ဘယ်သူမှ ထိုင်းနိုင်ငံတွင် သောင်မတင်လို။ ဟိုးအရင်က အနှစ်နှစ်ဆယ်တုန်းက အမတ်တွေလည်း အနောက်နိုင်ငံများမှာ အခြေချသည် မဟုတ်လော။ ကိုယ့်ကျမှ ထိုင်းမှာပဲနေဆိုတာ ဘယ်တရားမည်နည်း။

ဤအတိုင်းဆိုပါက မှန်းချက်နှင့် နှမ်းထွက်မကိုက်တော့မည်ကို ရိပ်မိသောကြောင့် အဝေးရောက်အစိုးရက နောက်ထပ်အမတ်များ နယ်စပ်သို့ ထပ်မထွက်ရန် အတွင်းသို့ အကြောင်းကြားသည်။ သို့သော် ထိုအကြောင်း ကြားသည့်နေ့မှာပင် ပြည်တွင်းမှ အမတ်များ စုစုပေါင်း နောက်ထပ်တရာကျော် နယ်စပ်သို့ ဆိုက်ရောက်လာ သည်တဲ့။ နိုင်ငံခြားမှာနေရမည်ဆိုသော မက်လုံးကြောင့် ကြောက်စိမ်းအုပ်စုမှ အမတ်နှစ်ဆယ်ကျော်ပင် သူတို့ အုပ်စုကို သစ္စာဖောက်၍ ပါလာသည်ဟုသိရသည်။ နောက်ထပ်လည်း ထွက်လာဦးမည့် အမတ်များ ရှိနေသေး သည်ဟု သတင်းများအရ သိရသည်။

အမတ်အသစ် တရာ့ငါးဆယ်ကျော်နှင့် အမတ်ဟောင်းများ ဘယ်လိုဆက်၍ စခန်းသွားမည်ဆိုတာတော့ ငွေ ရောင်ပိတ်ကားကြီးတွင် ဆက်၍ ရှု့စားအားပေးကြပါခင်ဗျား။

စိုင်းအိမ်မွဲ

1 comment:

Anonymous said...

ဖြစ်နိုင်ခြေ အများကြီးရှိနေတယ်