Thursday, November 19, 2009

ပြည်တင်းလျှင် မင်းမခံနိုင် မကြောက်တရားဖြင့် ၂၀၀၈ ကို ဖျက်သိမ်းပစ်ကြမယ်

မင်းဆွေ (ပေါက်)

နိုင်ငံရေးဆိုတာဟာ အလွန်ကျယ်ပြန့် နက်ရှိုင်းလွန်းလှပါတယ်။ အရိုးရှင်းဆုံးပြောနိုင်တာကတော့ မိမိမွေးဖွား ကြီးပြင်းနေထိုင်ရတဲ့ တိုင်းပြည်နိုင်ငံတခုရဲ့ အရေးကိစ္စအားလုံးပါပဲ။ နိုင်ငံတည်ဆောက်ရေး၊ ခေတ်မီဖွံ့ဖြိုးတိုး တက် ရင်ဘောင်တန်းနိုင်ရေး၊ နိုင်ငံတော်ကာကွယ်ရေး၊ တည်တံ့ခိုင်မြဲရေး အစရှိသဖြင့် တိုင်းပြည်နိုင်ငံတခုရဲ့ နိုင်ငံသူနိုင်ငံသားအားလုံးနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ လူမှုအရေးအရာ ကိစ္စအားလုံးပါပဲ။ ပညာရေး၊ ကျန်းမာ ရေး၊ စီးပွားရေး၊ ဘာသာရေး၊ လူမှုရေး အစရှိတဲ့ လူနဲ့လူ့ပတ်ဝန်းကျင် ဆက်ဆံရေး၊ ကုန်လုပ်ဆက်ဆံရေး စ တာတွေအားလုံးဟာ တိုင်းပြည်နိုင်ငံတခုရဲ့ နိုင်ငံရေးတွေပါပဲ။ အင်မတန်မှကို ကျယ်ပြန့်လွန်း အားကြီးလှပါ တယ်။ ဒါကြောင့်ပဲ ကျနော်တို့အားလုံးဟာ ဘ၀အရကို နိုင်ငံရေးသတ္တ၀ါတွေ ဖြစ်မှန်းမသိ ဖြစ်နေတာပါ။

ဗိုလ်ချုပ်အောင်ဆန်းကတော့ နိုင်ငံရေးဆိုတာ နေ့တဓူဝ ရင်ဆိုင်တွေ့ကြုံနေရတဲ့ လူမှုရေးရာ ကိစ္စအ၀၀ ဖြစ် တယ်လို့ မိန့်ဆိုခဲ့ဖူးတာကို သတိရမိပါတယ်။ ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်လို့ အဆိုစ ကားလည်း ရှိပါတယ်။ ဘယ်ကလောက် နက်ရှိုင်း ရှုပ်ထွေး ကျယ်ပြောလဲဆိုတာကို ခိုင်းနှိုင်းတင်စား ပြောဆို ကြတာပါ။ ဘယ်လောက်ပဲ နက်ရှိုင်း ရှုပ်ထွေး ကျယ်ပြောပါစေ၊ ကိုယ့်နိုင်ငံ ကိုယ့်အရေးဆိုတော့ လူတိုင်းအား လုံးမှာ ခေတ်ကြီးကပေးလာတဲ့ သမိုင်းတာဝန်ကို လုပ်ဆောင်ကြဖို့ဟာ ဖွားဘက်တော်အနေနဲ့ ပါလာပြီးသားပါ။

အမှန်တရားအတွက်၊ တရားမျှတမှုအတွက်၊ ကိုယ်ကျင့်သိက္ခာပိုင်းအတွက် လူတိုင်းအားလုံးမှာ တာဝန်ရှိကြပါ တယ်။ မမှန်တာ မတရားတာတွေအတွက် ရင်ဆိုင်အံတုရဲတာဟာ မွေးရာပါ တာဝန်ဝတ္တရားတခုကို လုပ် ဆောင်ခြင်းသာ ဖြစ်ပါတယ်။ သတ္တိကို ပျိုးထောင်မွေးမြူခြင်းလည်းပဲ မည်ပါတယ်။ ဒီကနေမှ အလေ့အကျင့်အ ဖြစ် ရောက်ရှိသွားပြီး သတ္တိစိတ် ဖြစ်ပေါ်လာတာပါ။ ထပ်ခါထပ်ခါ အပြန်ပြန်လေ့ကျင့်တည်ဆောက်ခြင်းကနေ သတ္တိစိတ်ကို မွေးမြူကြရမှာပါ။ အဲဒီကမှ ဆက်ကာဆက်ကာ အဆင့်ဆင့်ကနေ မကြောက်တရား ဖြစ်ပေါ်လာ မှာပါ။

အမှန်တရားအတွက်၊ တရားမျှတမှုအတွက် မကြောက်တရားရှိခြင်း ဖြစ်ပေါ်လာခြင်းဟာ မိမိတို့ရောက်ချင်တဲ့၊ သွားချင်တဲ့ ပန်းတိုင်ကို ဆွဲခေါ် တွန်းတင်ပေးသွားမယ့် စွမ်းအင်တမျိုး ရရှိလာတာပါပဲ။ ဘာမှမလုပ်ဘဲနဲ့တော့ ဘာမှကို ဖြစ်လာစရာအကြောင်းမရှိပါဘူး။ မိမိကိုယ်တိုင်ကကို မကြောက်တရားကို လေ့ကျင့်ပျိုးထောင် တည် ဆောက်သွားမယ်ဆိုတဲ့ ပြင်းပြတဲ့ ဆန္ဒ၊ အာသီသရှိဖို့က အဓိက အခရာကျပါတယ်။ ကိုယ့်ဟာကိုယ် လုပ်ယူရ မှာသာ ဖြစ်ပါတယ်။ ကိုယ့်ဟာကိုယ် သံဓိဌာန်ချ ပိုင်းဖြတ်ချက်ချရမှာဖြစ်ပါတယ်။ အကြိမ်ကြိမ် လေ့ကျင့်တည် ဆောက်ယူခြင်းကသာ အကြောက်တရားစိတ်ကို အောင်မြင်ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ ခိုင်ခံ့တည်ကြည်မှု ကို ဖြစ်ပေါ်လာစေမှာ ဖြစ်ပါတယ်။ အစဉ်အမြဲ ဓားလို သွေးနေဖို့ ဖြစ်ပါတယ်။ ဒါမှသာ လိုအပ်လာရင် အဆင် သင့် ထက်ရှချွန်မြနေမှာ ဖြစ်ပါတယ်။

ဘာလို့ ဒါကို ဆွေးနွေးတင်ပြနေရတာလဲဆိုရင်တော့ ကျနော်အပါအ၀င် အားလုံးသော သက်ရှိသတ္တ၀ါမှန်သမျှ ဟာ မွေးလာကတည်းက အကြောက်တရားဆိုတဲ့စိတ်ကို သဘာဝတရားကြီးက လက်ဆောင်အဖြစ် ထည့်ပေး လိုက်လို့ပါ။ ကြောက်စရာရှိရင် ကြောက်ဖို့ကို မိခင်သဘာဝတရားကြီးက သင်ပေးလိုက်တာပါ။ ဒါပေမယ့် အဲဒီ လက်ဆောင်ကို တလွဲဆံပင်ကောင်း အသုံးချဖို့ ထည့်ပေးလိုက်တာမဟုတ်ပါဘူး။ လူတဦးကဖြစ်ဖြစ်၊ လူအုပ်စု တစုကဖြစ်ဖြစ် လူအများစုကြီးကို မတော်မတရား အနိုင်ကျင့်ဗိုလ်ကျ ရမ်းကားနေတယ်ဆိုရင်တော့ ဘယ်သူ ကမှ လက်ခံလိမ့်မယ်မဟုတ်ပါဘူး။ မိမိမှာ ခွန်အားစွမ်းအားရှိသမျှနဲ့ ဒီိလို မတော်မတရားလုပ်နေတာကို ပြန် လည်ကာကွယ် တွန်းလှန်ဖို့ လိုပါလိမ့်မယ်။ ခေါင်းငုံ့မခံဖို့ လိုပါလိမ့်မယ်။ ခေါင်းငုံ့မခံဘူးဆိုတဲ့ စိတ်ဓာတ်မျိုး၊ သတ္တိမျိုးကိုလည်း မွေးမြူရပါလိမ့်မယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြောသလို “ကိုယ့်ကို မထိသေးလို့ရှိရင် ဘာသိဘာသာနေမယ်၊ ကိုယ်ဝိုင်းပြီးကူညီလိုက်လို့ ကိုယ့်ဘက်လှည့်လာမယ်ဆိုတဲ့ စိတ်ထားမျိုးမထားပါနဲ့။ လူများရဲ့ အခွင့်အရေးတွေ ကို ကိုယ်ကကြည့်နေရင် တနေ့ကျရင် ကိုယ်ဘက်လှည့်လာမှာပဲ။ ကိုယ့်အလှည့်ကျရင် ကိုယ့်လိုပဲ ဘယ်သူမှ ၀ိုင်းပြီးကူပေးမှာ မဟုတ်ပါဘူး။ ကူမယ့်သူ ရှိမှာမဟုတ်ပါဘူး”

“သတ္တိရှိရှိနဲ့ လုပ်သင့်တာကိုလုပ်ကြပါ။ ကြောက်နေမယ်ဆိုရင် တသက်လုံးကြောက်နေကြရမှာပါ။ အကြောက် တရားအောက်မှာ မပိနေပါစေနဲ့။ ဒီအချိန်မှာ ကြောက်ပြီးတော့ လုပ်သင့်သလောက် မလုပ်ခဲ့လို့ရှိရင် နောက် ဆက်ပြီးတော့ ကြောက်နေရတဲ့စနစ်ကို ရှင်သန်အောင် လုပ်ပေးသလို ဖြစ်သွားပါမယ်” ဆိုတာမျိုးပေါ့။ အခြေ အနေအရ ကြောက်ပေးနေရသေးတယ်ဆိုရင်လည်းပဲ ကျနော်တို့တွေဟာ မျက်စိပိတ်ပြီး မကြောက်ဘဲ မျက်စိ ဖွင့်ပြီး ကြောက်ကြဖို့ ဖြစ်ပါတယ်။ သဘာဝတရားက ပေးလာတဲ့ အကြောက်တရားကို မှန်ကန်စွာ ကိုင်တွယ်အ သုံးချတတ်/နိုင်ဖို့ ဖြစ်ပါတယ်။

မိမိတို့ အယောက်စီတိုင်းမှာ မူပိုင်ပါဝါစွမ်းအားတွေရှိကြပါတယ်။ ပါဝါရှိပုံချင်းသာ ကွဲပြားကြတာပါ။ ဥပမာပေး ပြောရရင် လူတယောက်ဟာ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ပန်းချီဆွဲတတ်တယ် ဆိုကြပါစို့။ ဒါဆိုရင် အဲ ဒီပန်းချီဆွဲတတ်တာကိုက သူ့ရဲ့ပါဝါစွမ်းအားပါပဲ။ ဘာဖြစ်ဆို ကိုယ်မှ ပန်းချီမဆွဲတတ်ပဲကိုး။ ဒီလိုပဲ တခြားသူ တွေက ကိုယ်မတတ်တာကို လုပ်တတ်တယ်၊ ကိုယ်က သူတို့မလုပ်တတ်တာ မလုပ်နိုင်တာကို လုပ်တတ် တယ်။ ပါဝါစွမ်းအားချင်းသာ မတူညီကြတာပါ။ လူတဦးချင်းစီတိုင်းမှာ ကိုယ်ပိုင်စွမ်းအင်တွေ ရှိပါတယ်။ အဲဒီ ဟာကိုလည်း ဘယ်သူကမှ အတင်းအကျပ် ယူဆောင်သွားလို့ မရပါဘူး။ ဖျက်ဆီးပစ်လို့လည်း မရပါဘူး။ မိမိ ဆီမှာသာ မူပိုင်အဖြစ် ကျန်ရှိနေတာပါ။

အဲဒီကိုယ်ပိုင်စွမ်းအားတွေကို အပြန်အလှန် သင်ယူလေ့လာသွားကြရင် ကျနော်တို့ တဦးချင်းစီတိုင်းမှာ ပါဝါ တွေတိုးများလာမှာပေါ့။ အပြန်အလှန် လည်း သင်ယူလေ့လာ ဖလှယ်သင့်ပါတယ်။ ဒါဆိုရင် ကျနော်အပေါ်မှာ ပြောခဲ့သလို တရားလက်လွတ် ထင်ရာစိုင်း ရုပ်ဝတ္ထုအင်အားအရ အနိုင်ကျင့် ရမ်းကား ဗိုလ်ကျနေတဲ့သူတွေကို ပြန်လည်ရင်ဆိုင် အံတုနိုင်တဲ့ ကိုယ်ပိုင်စွမ်းအားတွေ မိမိတို့ဆီမှာ အရင်ကထက် ပိုရှိနေမှာသေချာတာပေါ့။ နှလုံးရည်နဲ့ မိမိဦးနှောက်ကိုသုံးပြီး လိမ်မာပါးနပ်စွာ ခေါင်းငုံ့မခံခြင်းဟာ နိုင်ငံရေးအံတုဖီဆန်လိုက်တာပါပဲ။ အဲဒါ မကြောက်တရားပါပဲ။

အမှန်တရား၊ တရားမျှတမှု၊ တန်းတူညီမျှမှု အစရှိတဲ့ လူသားအားလုံးရဲ့ အရေးအရာကိစ္စတွေကို မျက်ကွယ်ပြု လစ်လျူရူပြီး မိမိတို့ လက်တဆုပ်စာ တအုပ်စုအတွက် ရုပ်ဝတ္ထုအင်အား အရင်းအမြစ်တွေကို တရားလက် လွတ်အသုံးပြုပြီး စည်းမဲ့ကမ်းမဲ့ ထင်ရာစိုင်းလုပ်နေမယ်ဆိုရင်တော့ ကျနော်တို့အားလုံးနဲ့ ပတ်သက်ဆက်စပ် နေတဲ့ စကြာဝဋာ ကမ္ဘာလောကကြီးရဲ့ ငြိမ်းအေးချမ်းမြေ့မှု၊ နက်ရှိုင်းတည်ငြိမ်မှု၊ တောတောင်ရေမြေ ဖြစ် တည်နေမှု၊ မြစ်ချောင်း အင်းအိုင် စိမ့်စမ်းတွေရဲ့ အေးမြသာယာစွာနဲ့ ဆွတ်ပျံ့ဖွယ်ရာ စီးဆင်းနေမှုတွေ အစရှိ တဲ့ သဘာဝအလှတရားတွေဟာ ပျက်စီးဆိတ်သုဉ်း ပျောက်ကွယ်သွားမှာဖြစ်လို့ လောကနီတိ သဘာဝတရား အရကို မိမိတို့ တတ်နိုင်သလောက် ဖြစ်နိုင်တဲ့အနေအထားကနေ တားဆီးကာကွယ် သွားရမှာပါ။

သက်ဆိုင်ရာ ဘာသာတရား ကိုးကွယ်ယုံကြည်မှုတွေကလည်း သဘာဝတရားကြီးကို ကာကွယ်စောင့်ရှောက် ကြဖို့ ဆုံးမသင်ကြားပေးခဲ့ပါတယ်။ တရားတော်တွေကို ပြဌာန်းပေးထားခဲ့တဲ့ တရားရှင်သူတော်စင်တွေရဲ့ ဆုံး မသြ၀ါဒတွေနဲ့လည်း အင်မတန်မှ ကိုက်ညီဆီလျော်လှပါတယ်။ အဲဒါကြောင့်မို့ ကျနော်တို့ လူမျိုးစုံပြည်သူတ ရပ်လုံးက ကြောက်ရွံ့မှုကို ကင်းဝေးလျော့ပါးစေတဲ့ ဓမ္မတရားတော်နဲ့အညီ အဓမ္မ၀ါဒီ လူဆိုးလူညစ် လူမိုက် တွေကို မကြောက်ခြင်းတရား ဓမ္မခွန်အားစွမ်းပကားနဲ့ မောင်းထုတ်သုတ်သင်ပစ်ကြဖို့ဟာ မွန်မြတ်သန့်စင်တဲ့ အထူးတာဝန်တရပ်အဖြစ် ရောက်ရှိလာပါတယ်။

ကျနော်တို့တိုင်းပြည်ကို လွတ်လပ်ရေးရယူပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကလည်း မကြောက်တရားနဲ့ ပတ် သက်လို့ ပြောဘူးပါတယ်။ အဲဒါကတော့ “မမှန်တာလုပ်ဖို့ကို ကြောက်ရမယ်၊ မတရားတာလုပ်ဖို့ကို ကြောက်ရ မယ်” ဒီ (၂) ခုကလွဲရင် လောကမှာ ကြောက်စရာဘာမှမရှိဘူး ”လို့ သွန်သင်မှာကြားဖူးပါတယ်။ ပြောချင်တာ ကတော့ မှန်တဲ့ကိစ္စ၊ တရားတဲ့ကိစ္စ မှန်သမျှအားလုံးကို ကြောက်စရာကို မလိုဘူး၊ ရဲရဲသာလုပ်ကြလို့ ဆိုတာပဲ မဟုတ်ဘူးလား။

ခွဲခြမ်းစိတ်ဖြာ သုံးသပ်ကြည့်ရင် မကြောက်တရားဟာ ပရဟိတလုပ်ငန်းဖြစ်ပြီး ကြောက်ရွံ့ခြင်းကတော့ အတ္တ ဟိတလုပ်ငန်းလို့ ပြောနိုင်မယ်ထင်ပါ တယ်။ ပရဟိတလုပ်ငန်းဟာ မိမိအတွက်မဟုတ်ဘဲ အများသော လူအစု အဝေးကြီးအတွက် အကျိုးတရား ဖြစ်ထွန်းပေါ်ပေါက်ခံစားစေဖို့ ရင်းနှီးပေးဆပ်ခြင်းဖြစ်ပြီး အတ္တဟိတလုပ်ငန်း ကတော့ ပရဟိတလုပ်ငန်းနဲ့ ဆန့်ကျင်ဘက်သဘောမှာ ရှိပါတယ်။ တနည်း မိမိကိုယ်ကို၊ မိမိနဲ့ပတ်သက်ဆက် နွယ်တဲ့ အသိုက်အ၀န်းကိုသာ ဦးစားပေး အရာထားခြင်းဖြစ်ပါတယ်။ လုပ်ကိုင်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။

ဒီကနေ့ ကျနော်တို့နိုင်ငံဟာ လက်တဆုပ်စာ စစ်ဝါဒီတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖခင် ဗိုလ်ချုပ်အောင် ဆန်းတည်ထောင်ပေးခဲ့တဲ့ မျိုးချစ်ပြည်ချစ်တပ်မတော်ကြီးကို ခုတုံးလုပ်အသုံးချပြီး စစ်အာဏာရှင်စနစ်ကို ဆက်လက်အသက်သွင်းဖို့ လုံးပမ်းအားထုတ်နေပါတယ်။ အဲလို စစ်ပဒေသရာဇ်စနစ်ကို အသက်ဝင်စေတဲ့နည်း လမ်းအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာဟာကြီးကို မကြာခင် ကျင်းပပြုလုပ်မယ်လို့ ကြေညာထုတ်လွှင့်ထား ပါတယ်။ နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေလို့ သိကြတဲ့ တဖက်သတ်ရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေ အတည် ပြုရေးကို ဒီတရားမ၀င်တဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ အသက်သွင်းဖို့ပါ။ ဒါဆိုရင် သူတို့ဟာ ဥပဒေကြောင်းအရ တရားဝင်မှု (legitimacy) ဖြစ်သွားပြီဆိုပြီး ဗိုလ်ချုပ်မှူးကြီးက ရာသက်ပန် ဘုရင်မင်းမြတ်ကြီး လုပ်သွားနိုင် တော့မယ်လို့ သူတို့စစ်ရေပေါ်ဆီ တအုပ်စုရဲ့ စိတ်ကူးယဉ် အထင်ရောက်နေတာ ဖြစ်ပါလိမ့်မယ်။ တံလျှပ်ကို ရေထင် ရွှေသမင်အလိုက်မှားသလိုမျိုး ဖြစ်မှာကို မသိရင်တော့ ကိုယ့်ရှုးကိုယ်ပတ်ဖြစ်ဖို့သာ ရှိပါတယ်။

၁၉၉၀ ရွေးကောက်ပွဲရလဒ်အရ အနိုင်ရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တဦးလည်း ဖြစ် တိုင်းရင်းသားလူမျိုးစုတွေရဲ့ အသိအမှတ်ပြု ထောက်ခံမှုကိုရထားတဲ့ ဒေါ်အောင်ဆန်းစုကြည်မပါဘဲနဲ့ အခြားသော လူမျိုးစုခေါင်းဆောင်တွေမပါဘဲနဲ့ ဒီ ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်သူမှအသိအမှတ်ပြုမှာမဟုတ် ပါဘူး။ နိုင်ငံတကာ တိုက်တွန်းတောင်းဆိုချက်နဲ့လည်း မကိုက်ညီတဲ့အတွက် လက်ခံအသိအမှတ်ပြုလိမ့်မယ် မထင်ပါဘူး။

အဲဒီမှာ ကျနော်တို့က ဘာလုပ်ရမှာလဲလို့ပြောရင် မကြောက်တရားကို မွေးမြူကြဖို့၊ ကိုင်စွဲကြဖို့ ဖြစ်ပါတယ်။ ဒီ မှာဒေါ်အောင်ဆန်းစုကြည် အသက် (၆၄) နှစ်ပြည့်တဲ့ မွေးနေ့အခါသမယမှာ ဟံသာဝတီသတင်းစာ အယ်ဒီ တာချုပ်ဟောင်း ဆရာကြီးဦးဝင်းတင်က စာလေးတစောင် ဂုဏ်ပြုရေးဖွဲ့ထားပါတယ်။ ဘာလဲဆိုတော့ ဆရာ ကြီး ဦးဝင်းတင် ပြောတာက ...

“ဒေါ်စုရဲ့ စိတ်ဓာတ်အရည်အချင်းဟာ မကြောက်တရားဆိုတာ ဒါ အဓိကတခု ဖြစ်ပါတယ်။ ဒါ ထိပ်ဆုံးကနေ ရှိတဲ့တရားပဲ။ မကြောက်တရားကို ဒေါ်စုက ကိုင်ဆွဲတဲ့နေရာမှာ ရိုးရိုးနိုင်ငံရေးဆောင်ပုဒ်လို၊ ကြွေးကြော်သံလို ဒီလိုမဟုတ်ဘူး။ ရင်ထဲအသည်းထဲမှာ စွဲပြီးတော့ ဦးနှောက်ထဲမှာ စွဲသွားအောင်ရှိစေတဲ့၊ ရသသဘောဆောင် တဲ့၊ အလင်္ကာသဘောဆောင်တဲ့ တေးကဗျာတပုဒ်ပဲ။ ဒေါ်စုရဲ့ မကြောက်တရားဆိုတာ ကျနော်တို့ လူတိုင်းရဲ့ ရင်ထဲအသည်းထဲမှာ စွဲသွားစေတဲ့ တရားမျိုးကို သူကပြောတာ။ နိုင်ငံရေးဆောင်ပုဒ်ကို ပြောတာမဟုတ်ဘူး။ မကြောက်တရားဟာ ဒေါ်စုရဲ့ တကယ့်အရေးအကြီးဆုံး ဘ၀လောကအမြင်ပါပဲ။ သို့မဟုတ်ရင်လည်း ဘ၀ဒ ဿနပါပဲလို့ ကျနော်ပြောချင်တယ်။

မကြောက်တရားကို ဖော်ထုတ်ကြပါ။ ကျနော်တို့ နိုင်ငံရေးအတွက်တင် ပြောတာမဟုတ်ပါဘူး။ လူ့ဘ၀တခုလုံး မှာ ကျင့်သုံးတဲ့ နေရာမှာလည်း ကျနော်တို့တွေဟာ အားနာတယ်ဆိုတဲ့ စကားကို အကြောင်းပြုပြီးတော့ ကြောက်တဲ့ဘက်ကို ရွေ့ရွေ့သွားတယ်။ အဲဒီတော့ ကျနော်တို့ကတော့ မကြောက်ပါနဲ့၊ ဘာဖြစ်ဖြစ် အကုန်လုံး ကို။

ကျနော်တို့ ပြောပြောနေတဲ့ စကားရှိပါတယ်။ ဘာလဲဆိုတော့ ဒီမိုကရေစီလုပ်တဲ့နေရာမှာ သည်းခံရမယ်၊ စိတ် ရှည်ရမယ်၊ ခွင့်လွှတ်ရမယ်၊ လိုက်လျောရမယ်ဆိုတာတွေဟာ ကျနော်တို့ရဲ့ သည်းခံခြင်းတရားတွေပဲ။ ဒါ ဒီမို ကရေစီ ပါရမီဖြည့်တာပဲ။ သို့သော် ခေါင်းငုံတော့မခံဘူး။ အဲဒါက ဘာလဲဆိုတော့ “မကြောက်တရား” ပါပဲ။ ဒီ တော့ ကျနော်တို့ ဒီမိုကရေစီကျင့်သုံးတဲ့နေရာမှာပဲ တဘက်ကနေပြီးတော့ ကျနော်တို့လိုအပ်တဲ့ စွမ်းရည်တခု လက်နက်တခုက ဘာလဲဆိုရင် မကြောက်တရားပါပဲ။ မဟုတ်လျှင် ခေါင်းငုံမခံခြင်းပါပဲ။ အဲဒီနှစ်ခုစလုံးကို ပေါင်းစည်းလိုက်ရင် ခုနကလို ဒီမိုကရေစီခန္တီတရားနဲ့ တိုက်ပွဲဝင်တဲ့ ခေါင်းငုံမခံတဲ့တရား နှစ်ခုပေါင်းလိုက်လျှင် ဒါ မကြောက်တရားရဲ့ လက္ခဏာတွေပဲဖြစ်လာပါလိမ့်မယ်” လို့ မွေးနေ့ဂုဏ်ပြုမှာ ရေးဖွဲ့ထားတာပါ။ အဲဒါကြောင့် မို့ ကျနော်တို့တွေဟာ မကြောက်တရားကို လေ့ကျင့်တည်ဆောက် မွေးမြူကြပါ။ ကိုင်စွဲကြရမှာဖြစ်ပါတယ်။

ဒီနေရာမှာ မကြောက်တရားဖြစ်ပေါ်လာစေဖို့် လှုံ့ဆော်စည်းရုံးရေးလုပ်ငန်းတွေအတွက် နိုင်ငံရေးပါတီတွေမှာ အဓိက တာဝန်ရှိတယ်လို့ ထင်ပါတယ်။ နိုင်ငံရေးပါတီတရပ်ရဲ့ မရှိမဖြစ်လို့ ပြောရမယ့် လုပ်ငန်းစဉ်တွေထဲမှာ လူထုစည်းရုံးရေးလုပ်ငန်းဟာ အခရာအကျဆုံးလို့ ယူဆပါတယ်။ လူထုဆီသွား၊ လူထုနဲ့ ထိတွေ့၊ လူထုနဲ့ စ ကားပြော။ ဒါမှသာ လူထုရဲ့အသံ၊ လူထုရဲ့မျှော်လင့်ချက် ဆန္ဒတွေဟာ ဘာလဲဆိုတာကို အမှန်တကယ် သိနိုင် မှာပါ။ တနည်း လူထုကြားထဲ တသားတည်းကျ ဖြစ်နိုင်အောင် လူထုဘက်ကို ဗဟိုပြုကြဖို့ဖြစ်ပါတယ်။ လူထု ဘက်ကို မျက်နှာမူကြဖို့ဖြစ်ပါတယ်။

ဒီတော့ ကျနော်တို့မှာ မေးခွန်း ရှိလာပါတယ်။ အတိုက်အခံနိုင်ငံရေးပါတီတွေ ဘာတွေ လုပ်ကိုင်ဆောင်ရွက် လှုပ်ရှားနေကြပါသလဲ။ လူထုရဲ့အသံနဲ့ကော ဘယ်လောက်နီးစပ်နေပါပြီလဲ။ လူထုနဲ့များ ပိုအလှမ်းကွာဝေး သွားသလား။ လူထုရဲ့တောင်းဆိုမှုတွေအပေါ်မှာကော ဘယ်လောက်ဖြည့်ဆည်းပေးနေနိုင်ပါပြီလဲ ... စတဲ့ ... စတဲ့ vision တွေကို နိဂုံးချုပ် ပြန်လည်သုံးသပ်ဆန်းစစ်ဖို့နဲ့ မိမိဟာ လူထုနဲ့ပိုလို့ အလှမ်းကွာဝေးသွားတယ်ဆို ရင်တော့ သေချာတယ်၊ မိမိတို့ရဲ့ ပေါ်လစီမူဝါဒတွေကို အမှားအမှန် ရဲဝံ့စွာ စိစစ်ရမယ့်အချိန်၊ ကေဒါပိုင်းရွေး ချယ်ရေးဘက်ကို ဦးလှည့်ရမယ့်အချိန်ပဲလို့ ယူဆပါတယ်။

စစ်အာဏာရှင်စနစ်အောက်က လူမျိုးစုံပြည်သူလူထုတရပ်လုံးရဲ့ ဘ၀လွတ်မြောက်ရေးအတွက် ၂၀၁၀ မတိုင် မီ လူထုတိုက်ပွဲစဉ်တွေ ဖော်ဆောင်နိုင်ရေးအတွက် စနစ်တကျစီမံချက်ရှိရှိ မဟာဗျူဟာမြောက်ရေးဆွဲထားတဲ့ တိုက်ပွဲစီမံချက်တွေနဲ့ ရဲရင့်ပြတ်သားစွာ ပိုင်းဖြတ်ချက်ရှိရှိ ညီညွတ်စည်းလုံးမှုအစွမ်းဖြင့် ၂၀၀၈ အခြေခံဥပဒေ တိုက်ဖျက်ပစ်ရေးကို အလျင်အမြန်ဖော်ဆောင်သွားဖို့ဟာ ယနေ့ကာလ လက်ငင်းလိုအပ်ချက်ဖြစ်ပါတယ်။

သမိုင်းခေတ်အဆက်ဆက်တိုင်းမှာ လူထုမပါဘဲ ခေတ်စနစ်ကို ပြောင်းလဲနိုင်ခဲ့တဲ့ သာဓကမရှိပါဘူး။ ရှိခဲ့တယ် ဆိုရင်လည်း တာရှည်ခံမယ့်အောင်ပွဲ ဖြစ်နိုင်မှာမဟုတ်ပါဘူး၊ ဖြစ်လိမ့်မှာမဟုတ်ပါဘူး။ ပြည်သူလူထုကသာ အ ရာရာကို အဆုံးအဖြတ်ပေးခဲ့တာပါ။ ပြည်သူ့စွမ်းပကားနဲ့သာလျှင် အရာရာကို ပြောင်းလဲစေနိုင်မှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

“ပြည်သူသာ အမိ၊ ပြည်သူသာ အဖ၊ ပြည်သူသည်သာ အခရာပါ”

မင်းဆွေ(ပေါက်)
၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်

No comments: