မောင်ဂဒိုး
စစ်အစိုးရအုပ်ချုပ်တဲ့ ၁၉၆၂ ခုနှစ်ကစလို့ ပြည်သူများက အကြိမ်ကြိမ် ဆန့်ကျင်ဆန္ဒပြခဲ့ကြတာကို ထောက်ရှု ရင် လက်နက်နဲ့ ထိန်းသိမ်းအုပ်ချုပ်တာကို မကျေနပ်ဘူးဆိုတာ ထင်ရှားပါတယ်။ တခါ ၁၉၈၈ ခုနှစ် တတိုင်း ပြည်လုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန်ဆိုသလို လမ်းမပေါ်ထွက်ပြီး အစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့ကြ တာက ဒါကို ထပ်လောင်းသက်သေပြခဲ့ပြန်ပါတယ်။ ၁၉၉၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရလဒ်က ပြည်သူလူထုဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီရဲ့ ဦးဆောင်မှုကိုခံယူပြီး ဒီမိုက ရေစီစံနစ်ကို လိုလားကြောင်း ဖော်ပြနေပါတယ်။ ဒါပေမယ့် လိုချင်ပင်လိုချင်ငြားသော်လည်း စစ်အုပ်ချုပ်ရေး လည်းမပြိုလဲ၊ ဒီမိုကရေစီလည်း နှောင့်နှေးဆဲပဲရှိနေသေးတယ်။
ပြည်သူလူထုရဲ့ နိုင်ငံရေးအသိနိုးကြားမှုကတော့ ဒေသတွင်းမှာသာမဟုတ်၊ ကမ္ဘာမှာတောင် ရှေ့တန်းရောက် တယ်လို့ ပြောရမှာပါ။ မြန်မာနိုင်ငံက ၁၉၈၈ ခုနှစ်မှာ ဒီမိုကရေစီစံနစ်ကို တောင်းဆိုပြီး အိမ်နီးချင်းတရုတ်ပြည် မှာ ဒီမိုကရေစီရေးလှုပ်ရှားမှု ၁၉၈၉ ခုနှစ်မှ ဖြစ်ပွားပါတယ်။ ဘာလင်တံတိုင်းပြိုလဲပြီး ဂျာမဏီနှစ်နိုင်ငံပေါင်း စည်းရေးစတင်တာ၊ ဆိုဗီယက်ရုရှား ပြိုကွဲတာတို့ကလည်း ၁၉၈၉မှာပါ။ အရှေ့ဥရောပနိုင်ငံများမှာက ၁၉၉၀ ခုနှစ်ကျော်လွန်မှပါ။
ဒါဟာ ဆိုဗီယက်ရုရှားပြိုကွဲခြင်းရဲ့ နောက်ဆက်တွဲအကျိုးဆက် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် မြန်မာနိုင်ငံရဲ့ ဒီမို ကရေစီပေါ်ထွန်းရေး ကြိုးပမ်းမှုကတော့ ပြည်တွင်းမဆလအစိုးရအုပ်ချုပ်မှုကို မကျေနပ်လို့ ဆန့်ကျင်ရာကနေ ပေါ်ထွက်လာခဲ့တဲ့ နိုင်ငံရေးဦးတည်ချက်ပါ။ အင်ဒိုနီးရှားမှာက ၁၉၉၈ ခုနှစ်ကျမှ ဒီမိုကရေစီရေးလှုပ်ရှားမှု ဖြစ် ပွားပါတယ်။ ဒါကြောင့် ၂၀ ရာစုနှစ်နှောင်းပိုင်း ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ မြန်မာနိုင်ငံက အဦးအစဆုံးလို့ ဆို ရင်တောင် ရနိုင်မယ်ထင်ပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံမှအပ အားလုံးဟာ ဒီမိုကရေစီစနစ်ဆီကို လျှောက်လှမ်းနေကြပြီလို့ ပြောလို့ရပါတယ်။ ရက်စက်ရာမှာ မြန်မာနဲ့ တတန်းတည်းထားရမယ့် တရုတ်နိုင်ငံအစိုးရအနေနဲ့ ပြည်သူတွေအတွက် ဒီမိုကရေစီ ဖော်ဆောင်မပေးနိုင်ပေမယ့် တိုင်းပြည်အတွက် စီးပွားရေးထိပ်တန်းရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါ တယ်။ ရက်စက်မှုအပြင် ယုတ်မာရာမှာလည်း သရဖူဆောင်းတဲ့ မြန်မာစစ်အစိုးရကတော့ ရွေးကောက်ပွဲပြီး တာတောင် အနိုင်ရတဲ့ NLD ပါတီကို အာဏာလွှဲမပေးပါဘူး။ ဒါမျိုးဘယ်နိုင်ငံမှာမှဖြစ်ခဲ့ဖူးတာမရှိဘူး။ ဒီတော့ မြန်မာပြည် ဒီမိုကရေစီစနစ်ဆီ မရောက်သေးတာဟာ စစ်အစိုးရအဆက်ဆက်မှအပ လက်ညှိုးထိုးအပစ်ဆိုစ ရာ မရှိဘူးလို့ဘဲ ယူဆမိပါတယ်။
၉၀ ခုနှစ်ရွေးကောက်ပွဲရလဒ်အရ မဲပေးပိုင်ခွင့်ရှိသူ ပြည်သူ (၈၀) ရာခိုင်နှုန်းကျော်က ဒီမိုကရေစီကို လိုချင်ကြ တယ်ဆိုတော့ ပြည်သူတွေလက်ထဲ ဒီမိုကရေစီရောက်အောင် ကိုယ်ကျိုးစွန့်အနစ်နာခံဆောင်ရွက်တဲ့ ခေါင်း ဆောင်များ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများနဲ့အတူ (၈၀) ရာခိုင်နှုန်းကျော်သော ပြည်သူတွေကိုယ်တိုင် ပါဝင်လုပ်ကိုင်ဆောင်ရွက်ဖို့ လိုအပ်ပါလိမ့်မယ်။ စွန့်လွှတ်စွန့်စားတဲ့ခေါင်းဆောင်များကို ကိုယ်စားလှယ်အငှား သဘောထားပြီး ကိုယ်ကိုတိုင်ကတော့ မဆိုင်သလို ခပ်လျှိုလျှိုသာနေမယ်ဆိုရင် တာဝန်ကျေပြွန်လိမ့်မယ်မ ဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ်လည်း သစ္စာဖောက်ရာကျပါတယ်။ ဘသူမပြုမိမိမှုလို့ဆိုထားလေတော့ ဒီလိုအစိုးရ မျိုးရထား တာကိုက ကိုယ့်အကြောင်းတရားနဲ့ ကိုယ်၊ ပြည်သူလူထုရဲ့ အကြောင်းတရားနဲ့ ပြည်သူလို့ပဲပြောရ မလိုပါ။
ဘဝတခုဖြစ်လာရမှုရဲ့အကြောင်းပေါင်းအစုစုတို့မှာ ကိုယ်သာတရားခံလို့ဆိုပါတယ်။ စေတနာကို ကံလို့လည်း ဘုရားက ဟောထားပါတယ်။ ပြည်သူများဟာ မိမိအယူအဆ သဘောထား ခံယူချက်များ အပေါ်မူတည်ပြီး စေ တနာလို့ခေါ်တဲ့ စေ့ဆော်မှုများ၊ ပြောဆိုလုပ်ကိုင်မှုများ စတာတွေ ဖြစ်ပေါ်လာရပါတယ်။ ပြည်သူလူထုရဲ့ ကံ သုံးပါး အစုစုတို့ကို သဘာဝတရားက ပေါင်းစုအဖြေပေးလိုက်တော့ မင်းနဲ့ပြည်သူအဖြစ် အခုကိုယ်မကြည်ဖြူ တဲ့စစ်အစိုးရနဲ့ ကျနော်တို့တတွေ ဖြစ်လာရတာပေါ့။ ဒီတော့ဒီလိုအစိုးရမျိုးရဲ့လက်ထဲက လွတ်မြောက်ဖို့ဆိုရင် လည်း ဥစ္စာရင်လိုဥစ္စာရင်ခဲ မိမိကိုယ်သာအားကိုးပြီး လုပ်ကိုင်ရပါလိမ့်မယ်။ ဒါမှမဟုတ် ကံသုံးပါးအစုအဝေး ဖြစ်တဲ့ မိမိတို့ရဲ့ခံယူချက်သဘောထား ပြောဆိုလုပ်ကိုင်မှုစတာတွေ ပြင်ဆင်ပြီး ကြိုစားရပါလိမ့်မယ်။ တကယ် ကို ရွံရှာမုန်းတီးတဲ့စိတ်ဓာတ်နဲ့ အရေးအခင်းဖြစ်ခဲ့တုန်းက လူထုလှိုင်းပမာ ချီတက်ဆန္ဒပြခဲ့ကြသလိုမျိုး၊ နေ့စဉ် ပုံမှန်လှုပ်ရှားရုန်းကန်နေရတဲ့ အချိန်အခါမှာလည်း အမှန်တရားကို မြတ်နိုးတဲ့စိတ်နဲ့ ဒီမိုကရေစီတကယ်လိုချင် တဲ့ စိတ်ဓာတ်နဲ့ နအဖဗိုလ်ချုပ်တို့ကို စက်ဆုတ်စရာ သတ္တဝါအဖြစ် မချဉ်းကပ် မပူးပေါင်း မပတ်သက် အားမ ပေးဘဲ အမြဲကြိုးစားဆန့်ကျင်နေဖို့ လိုပါတယ်။
နအဖအစွယ်အပွားများရဲ့ ကုမ္ပဏီများမှာလည်း အလုပ်ရှာဖွေလုပ်ကိုင်တာမျိုး မလုပ်သင့်တော့ပါ။ ဒါမှသာ ဆက်ခါဆက်ခါ ပတ်သက်နေရမယ့် အခြေအနေ အဖြစ်ပျက်မျိုးတွေ ထပ်တိုးမလာမှာဖြစ်ပါတယ်။ ခုအချိန်ထိ ဆက်စပ်ပတ်သက်နေရတာတွေကိုက အရင်အချိန်တွေတုန်းက မလွှဲမကင်းသာလို့ဖြစ်စေ မလွန်ဆန်နိုင်လို့ ဖြစ်စေ ကိုယ့်အကျိုးထိခိုက်မှာစိုးလို့ဖြစ်စေ မချစ်သော်လည်း အောင်ကာနမ်းဆိုသလို ရစ်ပတ်ငြိတွယ် လုံးချာ လည်နေကြလို့သာ သူတို့တည်မြဲရာတည်မြဲကြောင်း ဖြစ်နေတာပါ။
သာမန်ပြည်သူတွေအနေနဲ့ နအဖနဲ့ဖြစ်စေ သူတို့ရဲ့လက်ကတုံးတောင်ဝှေး စီးပွားရေးသမားကြီးများနဲ့ဖြစ်စေ ထိထိရောက်ရောက် ပတ်သက်စရာမရှိပေမယ့် လူလတ်တန်းစား၊ ပညာတတ်ဝန်ထမ်း၊ ကုန်သည်ပွဲစား စတာ တွေကတော့ ဆက်စပ်ပတ်သက်မှုတွေရှိနေကြမှာပါ။ အဲဒီနေရာမှာတတ်နိုင်သမျှ သူတို့ကိုပံ့ပိုးမှုမဖြစ်ရအောင် ကြိုးစားဆန့်ကျင်ပါမှ နအဖကို ထိုးနှက်ဖြိုလှဲရာကျမှာပါ။ နအဖနဲ့ အကြောင်းဆက် ပတ်သက်လာရမယ့် “သင်္ခါ ရ” တွေကို ရှင်းဖြတ်စေတဲ့သဘောပါ။
အရေအတွက် ကန့်သတ်ချုပ်ချယ်တဲ့နည်းနဲ့ သူတို့ကို ချဉ်းကပ်လာစေမယ့်၊ သူတို့လူတစုသာ အကျိုးရှိစေမယ့် လုပ်ငန်းမျိုးတွေကိုလည်း ကိုယ့်လိုအင်မပြည့်ချင်နေပါစေ ရှောင်ကြဉ်သင့်ပါတယ်။ ဥပမာ-တယ်လီဖုန်းအမျိုး မျိုးရအောင် ကြိုးစားကြတာမျိုးတွေကအစပေါ့။ မရှိမဖြစ်လိုအပ်သူများအတွက် မပြောလိုလှပေမယ့် ရုံးဆင်းရုံး ပြန် ၁၀၀-၁၅၀ ကျပ်တန် ဘတ်စကားမျိုးကို တိုးစီးနေရတဲ့သူများအဖို့တော့ ၁၅သိန်း၊ သိန်း၂၀၊ ၂၀၀၃ ခုနှစ် လောက်ကဆိုရင် သိန်း၄၀ကျော်တောင် တန်ဘိုးရှိတဲ့ လက်ကိုင်ဖုန်းဆိုတာမျိုးဟာ မလျှော်ကန်တဲ့ ပစ္စည်းမျိုး ပါ။ သတင်းခေတ်၊ ဆက်သွယ်ရေးခေတ်ဖြစ်နေတဲ့ ဒီနေ့ဒီအချိန်အခါမှာ ဒီပစ္စည်းမျိုးလိုအပ်တာ မှန်ပါတယ်။ ဒါ ကြောင့်လည်း ဒီလောက်ဈေးမကြီးသင့်ဘဲ လမ်းဘေးမှာ ဘန်းကလေးနဲ့ ထည့်ရောင်းနေရလောက်အောင်ကို ပေါနေသင့်တာပေါ့။
ဒါပေမယ့် အခုဖြစ်ပုံကတော့ ‘ငါးပွက်ရာငါးစာချ’ ‘လက်သင့်ရာစားတော်ခေါ်’ တဲ့ စနစ်ကိုသုံးပြီး သူတို့ကို ချဉ်း ကပ်အောင်၊ သူတို့အကျိုးရှိအောင် လုပ်နေသလိုဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း ဒါကို အောင်မြင်အောင်ပံ့ပိုး ဖြည့်ဆည်းပေးနေသလိုပါပဲ။ အသိ၊ သတိတို့နဲ့ထိန်းပြီး ဆင်ခြင်ဖို့လိုပါတယ်။ မြန်မာပြည်လိုပဲ လူထုကတခဲနက် ဆန္ဒပြတောင်းဆိုခဲ့တဲ့ အရှေ့ဥရောပနိုင်ငံတွေမှာ နှစ်ကာလသိပ်မရှည်ကြာလှဘဲ ပြည်သူ့လက်ထဲ ဒီမိုကရေစီ ရောက်လာနိုင်ခဲ့ပေမယ့် ဒီမိုကရေစီအရေးတော်ပုံမှာ ရှေ့တန်းကစခဲ့တဲ့ မြန်မာနိုင်ငံမှာ အခုထိ ပန်းတိုင်ကို မ ရောက်သေးရတာဟာ ဒီလိုအကြောင်းချင်းရာတွေက အချက်တချက်အနေနဲ့ ပါမှာဖြစ်တဲ့အပြင် ပြည်သူလူထု ချင်းရဲ့ ဒီမိုကရေစီနဲ့ ယဉ်ပါးမှုချင်းလည်း ကွာခြားလို့ဖြစ်တယ်လို့ ပြောချင်ပါတယ်။
အစိုးရချင်းရဲ့ အရည်အချင်းနဲ့ စိတ်နေသဘောထား ကွာခြားတာကတော့ ပြောစရာမလိုတော့ပါဘူး။ ပြည်သူ လူထုအတွင်း ဒီမိုကရေစီနဲ့ယဉ်ပါးမျှုခင်း ကွာခြားတာကတော့ အခုနတင်ပြခဲ့တဲ့ လူတဦးချင်းစီရဲ့ခံယူချက်၊ အ ရည်အချင်းနဲ့ အခြေအနေကြောင့်ဖြစ်နိုင်သလို အိမ်နီးချင်း ပတ်ဝန်းကျင်နိုင်ငံများရဲ့ ရိုက်ခတ်မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီမိုကရေစီနဲ့ယဉ်ပါးပြီး ဒီမိုကရေစီပါးဝနေသူများအဖို့ ဒီမိုကရေစီရဖို့ဆိုတာမခဲယဉ်းတော့ဘူး။ အနောက်ဥရောပတခုလုံးက ရင့်ကျက်တဲ့ ဒီမိုကရေစီနိုင်ငံများပါ။ မြန်မာပြည်ရဲ့အိမ်နီးချင်းတွေထဲမှာ ဒီမိုက ရေစီနိုင်ငံတွေရှိပေမယ့် အနောက်နဲ့တူနိုင်မယ်လို့တော့ မထင်ပါဘူး။
နအဖကို တော်လှန်ဆန့်ကျင်ဖို့ တင်ပြတဲ့နေရာမှာ ဒေါသတကြီး လက်ရုံးဆန့်တန်းပြတာလည်းမပါ၊ နည်းလမ်း အသွယ်သွယ်နဲ့ ပရိယာယ်ကြွယ်တာလည်းမရှိ၊ အပစ်အခတ်လည်းမပါ (ကိုယ်နဲ့မတန်မရာ) စကားနဲ့ တရားပြ နေတာပါလို့ အပြစ်ဆိုရင်လည်းခံရမှပါ။ တော်လှန်ဆန့်ကျင်ရာမှာ အကြမ်းဖက်တဲ့နည်း၊ မဖက်တဲ့နည်း အမျိုး မျိုးရှိကြပါတယ်။ အကြမ်းမဖက်တဲ့နည်းကတော့ ချွေးမထွက်၊ သွေးမထွက်နဲ့ ဘေးထွက်ဆိုးကျိုးလည်းမရှိတဲ့ ကောင်းကျိုးအတိနဲ့ပြည့်တဲ့နည်းပါ။ အခြေအနေအဖြစ်သနစ်ကို ဂနသေချာစိစစ်ပြီး အကြောင်းတရားအစစ်ကို အမြစ်က ပယ်လှန်နှုတ်ပစ်တာမို့ သင့်တင့်တဲ့အချိန်ပေးဖို့လိုအပ်ပေမယ့် ရေရှည်တည်တန့်တဲ့ အကျိုးကျေးဇူး ကို ရစေပါတယ်။
ဗြိတိသျှနယ်ချဲ့ကို တော်လှန်ဆန့်ကျင်ခဲ့ကြတုန်းက ဝံသာနုရက္ခိတတရားလက်ကိုင်ထားတဲ့ မျိုးချစ်ပုဂ္ဂိုလ်များ၊ သံဃာတော်များဟာ ကိုယ့်အမျိုးကိုယ့်စာကို ချစ်ဖို့၊ ပြည်တွင်းဖြစ်ကို အားပေးဖို့၊ ဗြိတိသျှပေးတဲ့ ရာထူးကို မယူ ဖို့စသဖြင့် စည်းရုံးဆန္ဒပြခဲ့ကြတာဟာ အကြမ်းမဖက်တဲ့ နည်းတွေပါ။ အခုလည်း နအဖကို ရှောင်ကြဉ်ဖို့၊ မ ပေါင်းဖို့၊ ပြည်သူချင်းစာနာဖို့၊ သူတို့သတင်းပလင်းတွေသာပါတဲ့ သတင်းစာ တီဗွီမကြည့်ဖို့၊ သူတို့ဝါဒဖြန့်တဲ့ ဂျာ နယ်တွေ ဝယ်မဖတ်၊ သူတို့ဘောပွဲမသွား၊ ပြည်သူလူထုပိုင်ဆိုင်တဲ့ငွေကို ဘုံးပြီးတည်ထောင်ထားတဲ့ သူတို့ စွယ်အပွားများရဲ့ကုမ္ပဏီတွေမှာ ဝင်ရောက်လုပ်ကိုင်ရင်း သူတို့လည်ပတ်လို့ရအောင် လုပ်သလိုမျိုးမဖြစ်စေဖို့၊ နအဖချပေးမှရတဲ့ ပစ္စည်းအမျိုးမျိုးကို မမက်မောဖို့၊ အစရှိသဖြင့် အကြမ်းမဖက်တဲ့ နည်းများနဲ့ ဆန့်ကျင်နိုင်ပါ တယ်။ နအဖဟာ တိုင်းတပါးသားမဟုတ်လို့များ မဆန့်ကျင်ချင်တာလား၊ ဒါမှမဟုတ် ကိုယ့်အကျိုးစီးပွား အထိ မခံချင်သေးလို့လား၊ ဒီလိုကိစ္စမျိုးဟာ ဘာမှအရာမထင်လာနိုင်တဲ့ အသေးအမွှားလို့ထင်လို့များလား။ သေးမွှား ပေမယ့် နအဖနဲ့ တဖန်ပြန်တွေ့လာနိုင်တဲ့ ကံမျိုးစေ့တွေသာဖြစ်တယ်။ သေးဖွဲတဲ့ ဘဝတဏှာကပ်ငြိလာရာက ဘဝဘဝတွေ ဖြစ်ပေါ်လာရတာပဲမဟုတ်ပါလား။ ဆန့်ကျင်နေတဲ့သူတွေလည်း ရှိသင့်သလောက်ရှိမှာပါ။ ပိုပြီး များပြားလာရင် အောင်မြင်မှုမြန်မြန်ရမယ်လို့ ယုံကြည်မိလို့ တင်ပြခြင်းဖြစ်ပါတယ်။
ဘက်ပေါင်းစုံက နည်းမျိုးစုံသုံးပြီး ကြိုးစားဆန့်ကျင်မှ နအဖမြန်မြန်ကျဆုံးရမှာပါ။ အဲဒီအခါ ဒီမိုကရေစီလည်းရ ပြီပဲ။ တကယ်တော့ ဒီမိုကရေစီဆိုတာ အထူးအဆန်းမဟုတ်၊ မိမိစိတ်ထဲရှိတဲ့အတိုင်း၊ ခံစားရတဲ့အတိုင်း လွတ် လွတ်လပ်လပ် ပြောဆိုလုပ်ကိုင်ရေးသားခွင့်ရှိတာ၊ စည်းရုံးလှုပ်ရှား စီတန်းဆန္ဒပြပိုင်ခွင့်ရှိတာ၊ ဘာသာတရား လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိတာကို ဆိုလိုတာပါ။ မိမိစိတ်ထဲမှာရှိတဲ့အတိုင်းသာ အထိန်းအကွပ်မရှိ လွတ်လွတ် လပ်လပ် ပြောဆိုလုပ်ကိုင် ရေးသားကြမယ်ဆိုရင် သူတပါးကို ထိခိုက်ကုန်ကြ ခိုက်ရန်ဖြစ်ကြ ထိန်းမနိုင်သိန်းမ ရနဲ့ မင်းမဲ့စရိုက်မျိုးဖြစ်ကုန်ကြမှာပါ။ ဒီလွတ်လပ်မှုကို တရားဥပဒေ၊ အမှန်တရားကို မြတ်နိုးမှု စတာတို့နဲ့ ထိန်း ချုပ်ဘောင်ကွပ်ပေးရမှာပါ။ ဒါ့ကြောင့် ဒီမိုကရေစီရဲ့ အနှစ်သာရဟာ တရားဥပဒေစိုးမိုးမှုနဲ့ အမှန်တရားကို မြတ်နိုးမှုပါ။ ဒါမှ တန်ဘိုးရှိတဲ့ အနှစ်သာရပြည့်ဝတဲ့ ဒီမိုကရေစီဖြစ်ပြီး ရေရှည်လည်း တည်တံ့မှာဖြစ်ပါတယ်။ ဒီမိုကရေစီကို အနှစ်ချုပ်လိုက်ရင် သူတပါးရဲ့အခွင့်အရေး လေးစားတန်ဖိုးထားဖို့ပါ၊ မဟုတ်မမှန်တာ မလုပ်ကြံ ဖို့ပါ။ ယဉ်ကျေးပြီး အဆင့်မြင့်တဲ့ ဆင်ခြင်တုံတရားနဲ့ပြည်ဝတဲ့ လူ့အဖွဲ့အစည်းတည်ဆောက်တာပါ။
နအဖဟာ တရားဥပဒေစိုးမိုးမှုလည်းမရှိ အမှန်တရားကိုမြတ်နိုးမှုလည်းမရှိပါဘဲနဲ့ “စည်းကမ်းကျနသော ဒီမိုက ရေစီစနစ်ဆီကို ချီတက်နေပါတယ်” ဆိုတာ မရယ်ရတဲ့ အပေါစားပျက်လုံးတခုသာပဲဖြစ်တယ်။ ဒီမိုကရေစီအ ခွင့်အရေးဆိုတာ တောင်းယူ(မရရင် တိုက်ယူ)မှ ရမှာဖြစ်ပေမယ့် ဒီမိုကရေစီရဲ့ အထိန်းအကွပ်နဲ့ အနှစ်သာရ ဖြစ်တဲ့ တရားဥပဒေစိုးမိုးမှုနဲ့ အမှန်တရားကို မြတ်နိုးမှုကတော့ ပြည်သူတွေကိုယ်တိုင် တည်ဆောက်ယူလို့ရပါ တယ်။ ပြည်သူတိုင်းက တတ်နိုင်မယ် မဟုတ်ပေမယ့် အသိဉာဏ်နဲ့ ဆင်ခြင်တုံတရားပြည့်ဝကြတဲ့ ပြည်သူအ များက ဖန်တီးတည်ဆောက်ကြရင် မဖြစ်နိုင်စရာမရှိပါဘူး။
တကယ်တော့ စစ်အုပ်စုကြီးစိုးတဲ့ နိုင်ငံဖြစ်လို့ ဒီမိုကရေစီနဲ့မယဉ်ပါး အသားမကျသလိုဖြစ်နေပေမယ့် ထေရဝါ ဒဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံမို့ ဒီမိုကရေစီအုတ်မြစ်ကတော့ ရှိနှင့်နေပြီးသားပါ။ သူများအပြောအဆို အရေး အသားနဲ့တင် အဟုတ်ထင် အမှန်လို့မြင်မနေဘဲ မိမိကိုယ်တိုင် လိုက်နာကျင့်ကြံလို့ ကျိုးကြောင်းဆင်ခြင်မှုနဲ့ ပြည့်စုံ၊ အမှန်တကယ် ကိုယ့်အတွက် အများအတွက် အကျိုးရှိမှသာ အမှန်တရားအစစ်လို့ လက်ခံယုံကြည် လိုက်နာကျင့်သုံးဖို့ မြတ်စွာဘုရားက ကာလာမသုတ္တံဒေသနာမှာ ဆုံးမထားတာဟာ လက်တွေ့ကျတဲ့၊ ဆင်ခြင် တုံတရားရင့်သန်ပွားများစေတဲ့ အဆုံးအမဖြစ်တဲ့အပြင် သူများရဲ့ယုံကြည်မှုနဲ့အလိုဆန္ဒကိုလည်း နှိမ်ချပစ်ပယ် တာမဟုတ်လို့ မြင့်မြတ်တဲ့ ဒီမိုကရေစီအစစ်ပါ။ အသွေးအသားထဲ စွဲနစ်နေတဲ့ ဗုဒ္ဓရဲ့အဆုံးအမအရ အမှန်တ ရားမဟုတ်တာမလုပ် အမှန်တရားမရှိသူကို မချဉ်းကပ် မပူးပေါင်း၊ မလိုက်လျောဘဲ၊ ဗြဟ္မစိုရ်တရားလက်ကိုင် ထားလို့ ပြည်သူအချင်းချင်းလည်း စာနာမှုနဲ့ ရိုင်းပင်းကြမယ်ဆိုရင် ရှေ့ပိုင်းမှာ တင်ပြခဲ့တဲ့ ဒီမိုကရေစီအတွက် ရှောင်ကြဉ်သင့်တဲ့လုပ်ရပ်များကို အလိုလိုရှောင်ကြဉ်ပြီးသား ဖြစ်သွားမှာမို့ ဒီမိုကရေစီမရှိ ညစ်ပတ်စုတ်ပဲ့တဲ့ နအဖဟာလည်း ရပ်တည်လို့မရနိုင်ဘဲ အလိုလို ပျက်စီးပြီးသားဖြစ်သွားမှာပါ။
တကယ်တော့ ပြည်သူလူထုရဲ့ အသိဉာဏ်အဆင့်အတန်း၊ ခံယူချက် မြင့်မားလာအောင် ဆောင်ရွက်ပေးဖို့အ ရေးဟာ အစိုးရရဲ့တာဝန်ပါ။ ဒါပေမယ့် နအဖအစိုးရဟာ ပြည်သူလူထုအတွက် ဘာမှအားကိုးအားထားပြု၊ သုံး စားလို့ရတာမဟုတ်ပါဘူး။ ဒါကြောင့် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများနဲ့ ပြည်သူများကိုယ်တိုင် အားထုတ် ကြိုးပမ်းဖို့ လိုအပ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတခုရဲ့ ပြည်သူများထံက အကောင်းဆုံးဆိုတဲ့ ဒီစိတ်ဓာတ်မျိုးကို မျှော် ကိုး တိုက်တွန်းအကြံပေးနေတာတွေဟာ လက်တွေ့မကျ ထိရောက်မှုလည်းမရှိနိုင်တဲ့ အကြံပေးချက်လို့ ယူဆ နိုင်ပါတယ်။ ပြည်သူတွေလိုချင်တဲ့ အရည်အချင်းရှိတဲ့ အစိုးရမျိုးရလာပြီဆိုတဲ့အခါကျရင် ပြည်သူတွေကို လိုသ လိုပုံသွင်းနိုင်တာမို့ အရေးကြီးနေတဲ့ ဒီအချိန်အခါမှာ ဒီအကြံပေးတင်ပြချက်တွေဟာ အရေးမကြီးတဲ့ အာပလာ တွေပါလို့ ယူဆချင်ရင်လည်း ယူဆနိုင်ပါတယ်။
ဒါပေမယ့် ဒီမိုကရေစီရရမယ်ဆိုတာ ယုံကြည်ပေမယ့် ဘယ်နေ့၊ ဘယ်အခါဆိုတာ သိနိုင်တာမဟုတ်လို့ ဒီမိုက ရေစီရပြီးမှ ပြုပြင်ယူမယ်ဆိုတာ အသိဉာဏ်နဲ့ ဝိရိယနည်းတဲ့သူရဲ့ အယူအဆပဲဖြစ်ပါလိမ့်မယ်။ ပြည်သူလူထု အသိဉာဏ်အဆင့်အတန်း၊ ခံယူချက်၊ မြင့်မားပါမှ ဒီမိုကရေစီရရှိရေးမှာ အထောက်အကူပြု မြန်ဆန်မှာဖြစ်ပါ တယ်။ ပြည်သူလူထုရဲ့ အသိဉာဏ်အဆင့်အတန်း နိမ့်ကျပြီး နိုင်ငံရေးအသိနည်းပါးလို့ တာဝန်ရှိသလောက်မ ထမ်းဆောင်ကြဘူးဆိုရင် ဒီမိုကရေစီအရေးနှောင့်နှေးမှာဖြစ်သလို ခေါင်းဆောင်များနဲ့ ဒီမိုကရေစီရေးတက် ကြွလှုပ်ရှားသူများရဲ့ ပေးဆပ်ရမှုဟာလည်း အဆမတန် များနေဦးမှာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူခေါင်းဆောင်များနဲ့ ဒီမိုကရေစီအင်အားစုများက သင့်တော်တဲ့နည်းလမ်းများနဲ့ နိုင်ငံရေးဇာတ်ခုံပေါ် လှုပ်ရှားနေတဲ့အချိန်မှာ ပြည်သူတွေအနေနဲ့လည်း ကိုယ်နိုင်ရာအခန်းက ဖြည့်စွက်ပံ့ပိုးနေဖို့ လိုအပ်ပါတယ်။
အခုဆိုရင် နအဖရဲ့ ရက်စက်ယုတ်မာလွန်းမှု အိမ်နီးချင်းနိုင်ငံများရဲ့ အဆင့်အတန်းမရှိ ကိုယ်ကျိုးရှေ့တန်း တင်လွန်းမှုတွေကြောင့် မြန်မာ့နိုင်ငံရေး ရှေ့မတိုးနိုင်ဘဲ အီနေရာကနေ ပြည်သူများရဲ့ နအဖအောက်ခေါင်း မလျှိုလိုမှု၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့လှုပ်ရှားလို့ရနိုင်တဲ့ မူဘောင်အတွင်းကနေ အမျှော်အမြင်ရှိရှိ တောင်းဆို ဆောင်ရွက်နိုင်မှု၊ NLD ပါတီရဲ့ရပ်တည်ချက်ရဲရင့်ပြတ်သားမှု၊ ခေါင်းဆောင်အားလုံးတို့ရဲ့ကိုယ်ကျိုးစွန့်ဆောင် ရွက်နိုင်မှု၊ တိုင်းရင်းသားအပစ်ရပ်အဖွဲ့များရဲ့ သတ္တိရှိရှိ ဆန့်ကျင်အာခံမှု၊ ပြည်တွင်းပြည်ပဒီမိုကရေစီအင်အား စုများ၊ ကျောင်းသား၊ သံဃာတော်များရဲ့ စည်းလုံးညီညွတ်မှု၊ နိုင်ငံတကာရဲ့သိုင်းဝိုင်းမှု စတာတို့ကြောင့် ရှေ့ ကိုရွေ့ရှားဖို့ အားယူနေပါပြီ။ တပြည်လုံးက အကြမ်းမဖက်အနုနည်းနဲ့ ဆန့်ကျင်ဆန္ဒပြခဲ့ကြတာတွေကို နအဖ က လက်နက်နဲ့ ရက်ရက်စက်စက်ခြေမှုန်းနှိပ်စက်မှု၊ အရွေးကောက်ခံထားရတဲ့ အစိုးရရှိပါလျက်နဲ့ အာဏာမလွှဲ ဘဲကာလရှည်ကြာအုပ်ချုပ်နေမှု .. စတာတွေဟာ အချိန်ကာလကြာလာတာနဲ့အမျှ နိုင်ငံတကာအဖို့ လစ်လျူရှု လို့မရနိုင်တဲ့ အချက်တွေဖြစ်နေပါတယ်။ ဒါ့အပြင် လောလောဆယ် ငြိမ်းချမ်းရေးနိုဘယ်ဆုရပုဂ္ဂိုလ်များက တောင်းဆိုနေမှု၊ အမေရိကန်သမ္မတ မစ္စတာ အိုဘားမားကို အနာဂတ် ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေး ဆောင်ရွက်နိုင်မှု မျှော်လင့်ချက်အနေနဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုပေးအပ်မှု ... စတာတွေဟာ မြန်မာ့ဒီမိုကရေစီ အရေးအတွက်လည်း တွန်းအားပေးချက်ဖြစ်တယ်လို့ ယူဆမိပါတယ်။
အခုဆိုရင် အမေရိကန်အစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့အသီးသီးနဲ့ နအဖတို့ တွေ့ဆုံဆွေးနွေးတာတွေအပြင် ဒေါ် အောင်ဆန်းစုကြည်၊ NLD ပါတီနဲ့ တိုင်းရင်းသားအဖွဲ့ကိုယ်စားလှယ်တို့နဲ့ပါ ဆွေးနွေးမှုများပြုလုပ်နေပါပြီ။ သ မိုင်းဘီးဟာ နောက်ပြန်မလည်ပါဘူး။ နအဖ ထပ်ပြီးအုပ်ချုပ်ဖို့ မဖြစ်နိုင်ပါဘူး။ နအဖဗိုလ်ချုပ်များဟာ နည်း နည်းလေးပဲဖြစ်ဖြစ် ကောင်းကွက်ကျန်ပြီး အသက်ရှင်သန်ချင်သေးသပဆိုရင်တော့ တောင်းဆိုထားတာတွေ အားလုံး လိုက်လျောရမှာပဲဖြစ်ပါတယ်။ တယောက်နဲ့အများ၊ အများကပဲ အားလုံးကို လိုက်ရောပေးနေရတယ် ဆိုတာ သဘာဝမဟုတ်ပါဘူး။ ဒီမိုကရေစီအင်အားစုများဘက်က ယုံကြည်ချက်ပိုမိုထားပြီး ပြည်သူတွေအနေနဲ့ ကိုယ်နိုင်ရာအခန်းက ဒီ့ထက်ပိုပြီး ပါဝင်ထမ်းရွက်ကြမယ်ဆိုရင် အများရဲ့ဆန္ဒကို လိုက်လျောလာရမှာပါ။ နအ ဖဟာ ထင်းအစည်းပြေသလို ပြေနေပါပြီ။ မကြာခင် ရေစုန်မျောတော့မှာပါ။ တိုင်းပြည်နဲ့ ဒီမိုကရေစီအရေးအ တွက် လူထုအားကို အလေးထားပါတယ်။ ကိုယ်ကျိုးစွန့်အနစ်နာခံဆောင်ရွက်သူများ၊ တက်ကြွလှုပ်ရှားသူများ ကို အရေးထားလေးစားပါတယ်။
မောင်ဂဒိုး
၉၊ နိုဝင်ဘာ၊ ၂၀၀၉
Thursday, November 12, 2009
ဒီမိုကရေစီလမ်း၊ ပြည်သူများအခန်းကဏ္ဍ
Subscribe to:
Post Comments (Atom)
2 comments:
မောင်ဂဒိုး လို ကွန်မြူနစ်လေသံ မပျောက်သေးသူတွေ ကြီးစိုးနေသေ၇ွ့  အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ကို လူထုကလဲ အမြင်ကြည်လင်မှာမဟုတ်။ ဒီမိုကရေစီ အော်ပြီး ကွန်မြူနစ်လေသံ ကွန်မြူနစ်လမ်းစဉ် အတိုင်းဘဲ လုပ်တတ်တယ် ဆိုတာ လူတိုင်းအသိ။ ၁၉၃၉ ခုနှစ်ထဲက အခုထိ ဘာကြောင့် မအောင်မြင်တယ်ဆိုတာ ဆန်းစစ်လေ။ လူထုကို လမ်းမပေါ်ထွက် သေခိုင်းပြီး အာဏာကို ဖြတ်လမ်းကယူချင်တဲ့ အကျင့်ကိုဖျောက်။ ရွေးကောက်ပွဲမှာ သတ္တိရှိရှိ ၀င်ပြိုင်၊ ပြည်သူက အဆုံးအဖြတ်ပေးလိမ့်မယ်။
လွတ်လပ်စွာသဘောကွဲလွဲခွင့်ရှိတဲ့အတွက် အများကိုမထိ
ခိုက်ဘဲ ကိုယ့်အယူအဆနဲ့ကိုယ် သဘောကွဲလွဲနိုင်ပါတယ်။
သို့သော် ရေးထားပြောထားတဲ့အချက်တွေဟာ တကယ်လက်တွေ့မှာ အကျိုးဖြစ်ထွန်းမှုရှိနိုင် မရှိနိုင်ဆိုတာကို လက်သင့်ခံရမှာဖြစ်သလို နိုင်ငံသားတယောက်အနေနဲ့ မိမိကိုယ်တိုင်ဘယ်လောက်
လုပ်ပေးနိုင်မလဲ ဘယ်လောက်လုပ်ပေးချင်စိတ်ရှိသလဲဆို
တာမျိုးကိုစဉ်းစားပြီး လုပ်နိုင်သလောက်လုပ်ဖို့ ပူးပေါင်း
ပါဝင်စေချင်ပါတယ်။ ဒါကြောင့် ဘယ်သူ့ရဲ့ စကား ဘယ်သူ့ရဲ့လမ်းစဉ်ဆိုတာထက် အကျိုးဖြစ်ထွန်းမှုဟုတ်မဟုတ်ဆိုတာကိုသာဆင်ခြင်ဖို့ကောင်းတယ်လို့ထင်ပါတယ်။
Post a Comment