Sunday, November 8, 2009

ဆပ်ကပ်

ဆပ်ကပ်
အဲချို

ဓားသွေးထားတဲ့ စိတ်တွေက
ကိုယ့်လက်ကိုယ် ဆာလောင်တယ်။

ခေတ်ရဲ့နံရံပေါ်မှာ အချက်တိုင်း စိုက်ဝင်ဖို့
ကိုယ့်ကိုယ်ကိုယ် ပစ်ပေါက်တယ်။

ပြန်ကျလာတဲ့ မှားယွင်းမှုတွေ
အဆံကျွတ်ဓားတွေ
နောက်ထပ်ဆန့်တန်းမှုတွေနဲ့
သွေးအန်တဲ့အထိ ဆက်ပေါက်တယ်။

စိတ်ကို ရေတွက်ခြင်းက
အဆုံးသတ်ဆီ
လည်နေတဲ့ စက်ဝိုင်းဆီ
နာကျင်မှုဆီ
ကိုယ့်ကိုယ်ကိုယ် ဖဲ့ခြွေခြင်းဆီ ...။

ယုံကြည်ချက်တွေက
ကိုယ့်ကို ပြန်လောင်ကျွမ်းတဲ့အထိ
ဆက်ပေါက်တယ်။

ကဲ ... ကံကြမ္မာတရား
အခု ခင်ဗျားအလှည့်ရောက်ပြီ ...။ ။

အဲချို
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ ဧပြီလ၊ ၂၀၀၃ ခုနှစ်)

1 comment:

Anonymous said...

အရမ်းပြောင်မြောက်လွန်းတဲ့ကဗျာပါ။ ဒီကဗျာပါတဲ့ စာအုပ် ကျနော့်မှာရှိခဲ့ဖူးလို့  မှတ်မိနေတယ်။ လမ်းအိုလေးက (အဲချို) ၂ ပုဒ်တင်ထားပေးတယ်။ ကြုံရင်သွားကြည့်လိုက်ပါဦး။